Go to full page →

သခင်ခရစ်တော်သည် လူတို့အား ဘုရားသခင်၏ သား ဖြစ်ရသော အခွင့် တန်ခိုးကို ပေးတော်မူ၏။ CCB1 273

သခင်ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်းကို ခံတော်မမူမီ ည၌ အထက်ခန်းတွင် မိန့်တော်မူသော စကားတော်တို့ကို ကျွန်ုပ်တို့ လေ့လာ ဆင်ခြင်ကြည့်ကြစို့။ ကိုယ်တော်သည် ပြင်းထန်စွာ စုံစမ်း စစ်ဆေးခြင်း ခံရမည့် အချိန်နှင့် နီးကပ်လာတော်မူသဖြင့်၊ ပြင်းထန်စွာ စုံစမ်း သွေးဆောင်ခြင်း ခံရမည့် မိမိ၏ တပည့်တော်များအား စိတ်သက်သာစေရန် ပြုဖို့ ရှာကြံကြိုးစားတော်မူ၏။ CCB1 273.1

မိမိသည် ဘုရားသခင်နှင့် မည်ကဲ့သို့ ဆက်သွယ် တော်စပ်လျက် ရှိကြောင်း သခင်ခရစ်တော် မိန့်တော်မူသော စကားတော်များကို တပည့်တော်တို့သည် နားမလည်ကြသေးပါ။ ကိုယ်တော် သွန်သင်တော်မူသော သြဝါဒ အများသည် သူတို့အဖို့ မှောင်မိုက်ကဲ့သို့ ဖြစ်နေသေး၏။ ဘုရားသခင်သည် သူတို့နှင့် မည်ကဲ့သို့ ဆက်သွယ်တော်မူကြောင်းကို လည်းကောင်း၊ သူတို့၏ ပစ္စုပ္ပန် နှင့် အနာဂတ် အကျိုးအတွက် ဘုရားသခင်သည် သူတို့နှင့် မည်ကဲ့သို့ သက်ဆိုင်တော်မူကြောင်းကို လည်းကောင်း သူတို့သည် နားမလည်သေးကြောင်း ဖော်ပြသော မေးခွန်းများစွာကို သူတို့သည် မေးမြန်းကြလေ၏။ သခင်ခရစ်တော်သည် သူတို့အား ဘုရားသခင်၏ အကြောင်းကို သာ၍ ထင်ရှားကွဲပြားစွာ သိနားလည်စေခြင်းငှါ အလိုရှိတော်မူ၏။ CCB1 273.2

ပင်တေကုတ္တေပွဲနေ့၌ တပည့်တော်တို့ အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်ကို သွန်းလောင်းတော်မူသော အခါ၊ သူတို့သည် သခင်ခရစ်တော်က ဥပမာများတွင် မိန့်တော်မူသော မှန်ကန်သော တရားများကို သိရှိ နားလည်လာကြ၏။သူတို့အဖို့ နက်နဲရာများ ဖြစ်နေသော သြဝါဒများသည် သာ၍ ထင်ရှားစွာ သိနားလည်ဖွယ် ဖြစ်လာကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို သွန်းလောင်းခြင်းဖြင့် နားလည်လာသော အသိဉာဏ်သည် သူတို့၏ ထင်မြင်ချက် များအတွက် သူတို့အား အရှက်ရစေ၏။ ယခု သူသည် ကောင်းကင်အရာတို့ကို သိကျွမ်းလာရသော ဉာဏ်ပညာနှင့် နှိုင်းယှဉ်သောအခါ၊ သူတို့၏ တွေးဆ ထင်မြင်ချက်များ နှင့် အနက်အဓိပ္ပါယ် ကောက်ချက်တို့သည် မိုက်မဲသော အရာများ ဖြစ်လာကြ၏။ သူတို့သည် ဝိညာဉ်တော်အားဖြင့် လမ်းပြခြင်း ခံရလျက် တစ်ခါက မှောင်မိုက်နေသော သူတို့၏ အသိဉာဏ်ထဲသို့ အလင်းရောင်ခြည် ထွန်းတောက်လာလေ၏။ CCB1 273.3

သို့ရာတွင် တပည့်တော်တို့၌ သခင်ခရစ်တော်၏ ဂတိတော်သည် လုံးလုံး ပြည့်စုံခြင်းသို့ မရောက်သေး။ သူတို့သည် ခံယူနိုင်သမျှ ဘုရားသခင်၏ အကြောင်းအရာ အားလုံးကို သိရှိကြပြီ၊ သို့ရာတွင် သခင်ခရစ်တော်သည် သူတို့အား ခမည်းတော်ကို ထင်ရှား၍ ပြတော်မူမည်ဟူသော ဂတိတော်မှာ လုံးလုံး ပြည့်စုံလာဖို့ လိုသေးသည်။ ထိုအတူ ယခုခေတ်၌လည်း ဖြစ်ပေသည်။ ဘုရားသခင် အကြောင်း ကျွန်ုပ်တို့ သိရှိချက်မှာ တစ်ပိုင်းတစ်စသာ ဖြစ်၍ မစုံလင်သေး။ တိုက်လှန်ပွဲကြီးသည် ပြီးဆုံးသွား၍၊ အပြစ်နှင့် ပြည့်ဝသော လောကတွင် ကိုယ်တော်အတွက် မှန်ကန်စွာ သက်သေခံခဲ့ကြလျက် သစ္စာရှိသော မိမိ၏ အမှုဆောင်တို့ကို လူသား ဖြစ်သော သခင်ယေရှုခရစ်က ခမည်းတော် ရှေ့၌ ဝန်ခံတော်မူသောအခါ၊ ယခု သူတို့အတွက် နက်နဲသော အရာများ ဖြစ်ကြသော အရာတို့ကို သူတို့သည် ထင်ရှား သေချာစွာ သိနားလည်လာကြလိမ့်မည်။ CCB1 274.1

သခင်ခရစ်တော်သည် ကောင်းကင် ဗိမာန်တော်သို့ မိမိ နှင့်အတူ မိမိ၏ ဘုန်းရှိသော လူဇာတိ အဖြစ်ကို ယူဆောင်သွားတော်မူ၏။ ကိုယ်တော်ကို လက်ခံသော သူတို့အား ဘုရားသခင် နှင့်အတူ ထာဝရ ကာလ အဆက်ဆက် နေထိုင်ရန် ဘုရားသခင်သည် မိမိ၏ သားသမီးများ အဖြစ် နောက်ဆုံး၌ လက်ခံတော်မူမည် အကြောင်း၊ ထိုသူတို့အား ဘုရားသခင်၏ သားသမီး ဖြစ်လာရန် ကိုယ်တော်သည် သူတို့အား တန်ခိုးကို ပေးတော်မူ၏။ ဤအသက်တာတွင် သူတို့သည် ဘုရားသခင် ဘက်၌ သစ္စာစောင့်ကြလျှင်၊ သူတို့သည် အဆုံး၌ “ဘုရားသခင်၏ မျက်နှာတော်ကို ဖူးမြင်” ရကြလိမ့်မည်။ ၎င်းပြင် ကိုယ်တော်၏ နာမတော်ကို သူတို့၏ နဖူးပေါ်တွင် ရေးထားလိမ့်မည်။ (ဗျာ၊ ၂၂: ၄။) ဘုရားသခင်ကို မြင်ရခြင်းထက် ကောင်းကင်၌ အဘယ်အရာသည် ဝမ်းမြောက်ခြင်းကို ဖြစ်စေလိမ့်မည်နည်း။ ဘုရားသခင်၏ မျက်နှာတော်ကို ဖူးမြင်၍ ဘုရား သခင်အား ခမည်းတော် အဖြစ်နှင့် သိကျွမ်းရခြင်းထက် သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ခံရသော အပြစ်သားအဖို့ သာ၍ ကြီးသော ဝမ်းမြောက်စေသော အရာ ရှိနိုင်ဦးမည်လော။ CCB1 274.2