Go to full page →

အခန်း ၂၅။—နှစ်ခြင်းမင်္ဂလာ။ CCB1 333

နှစ်ခြင်းမင်္ဂလာ နှင့် သခင်ဘုရား၏ ပွဲတော်မင်္ဂလာတို့သည် အောက်မေ့ဖို့ရာ အထိမ်းအမှတ် တိုင်ကြီး နှစ်ခု ဖြစ်ကြသည်။ တစ်ခုမှာ အသင်းတော်၏ အပြင်ဘက်၊ အခြား တစ်ခုမှာ အတွင်းဘက်နှင့် သက်ဆိုင်ကြ၏။ ဤမင်္ဂလာ အဖွဲ့အစည်း နှစ်ပါးပေါ်၌ မှန်သော ဘုရား၏ နာမတော်ကို အက္ခရာတင်ထားတော်မူ၏။ CCB1 333.1

နှစ်ခြင်းမင်္ဂလာကို သခင်ခရစ်တော်က မိမိ၏ ဝိညာဉ် နိုင်ငံတော်ထဲသို့ ဝင်ရန် အမှတ်လက္ခဏာ ဖြစ်စေတော်မူ၏။ ခမည်းတော်၊ သားတော် နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့၏ အာဏာစက် အောက်၌ အသိအမှတ်ပြုခြင်းကို ခံလိုသော သူအပေါင်းတို့ လိုက်နာရန် သေချာသော စည်းကမ်းချက် အဖြစ် ကိုယ်တော်က ဤအမှုကို စီမံထားတော်မူ၏။ လူသည် အသင်းတော်၌ နေစရာ အိမ်ကို မရမီ၊ ဘုရားသခင်၏ ဝိညာဉ်တော် နိုင်ငံ၏ တံခါးဝကို မကျော်ဖြတ်မီ၊ သူသည် ယေဟောဝါဇေဒကနူ (ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း အရှင်) ဟူသော ဘွဲ့နာမကို ခံယူရမည်။ (ယေ၊ ၂၃: ၆။) CCB1 333.2

နှစ်ခြင်းမင်္ဂလာသည် အလွန် ကြည်ညိုဖွယ်၊ လောကကို စွန့်ပယ်ခြင်း အမှု ဖြစ်သည်။ ခရစ်ယာန် အသက်တာ၏ တံခါးဝ၌ပင် ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်၏ နာမ သုံးပါး၌ နှစ်ခြင်းကို ခံသော သူတို့သည် စာတန်၏ လက်အောက်မှ ထွက်လာကြပြီး၊ မင်းစည်းစိမ် ရှိသော အိမ်ထောင်သားများ၊ ကောင်းကင်ရှင်ဘုရင်၏ သားသမီးများ ဖြစ်လာကြသည်ကို ဖော်ပြကြ၏။ “ထိုသူတို့အထဲမှ ထွက်၍ အသီးအခြား နေကြလော့။ မစင်ကြယ်သော အရာကို လက်နှင့်မျှ မတို့ကြနှင့်” ဟူသော အမိန့်တော်ကို သူတို့သည် လိုက်နာကြပြီ။ “သင်တို့ကို ငါသည် လက်ခံမည်။ သင်တို့၏ အဘ ဖြစ်မည်။ သင်တို့သည်လည်း ငါ၏ သားသမီး ဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့် ပြည့်စုံသော ထာဝရဘုရား မိန့်တော်မူ၏” ဟူသော ဂတိတော်ကို သူတို့၌ ပြည့်စုံစေလိမ့်မည်။ ၂ ကော၊ ၆: ၁၇၊ ၁၈။ CCB1 333.3

နှစ်ခြင်းခံယူရာ၌ ကျွန်ုပ်တို့ ကိုယ်တိုင် ဝန်ခံကြသော ဂတိသစ္စာတို့သည် များစွာသော အမှုကိစ္စတို့ကို ပါဝင်ကြသည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမတော်၌ ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏ နည်းတူ သေခြင်း၌ မြှပ်နှံခြင်းကို ခံ၍ ကိုယ်တော် နည်းတူ သေခြင်းမှ ထမြောက်လျက် အသစ်သော အသက်တာ၌ နေထိုင်ရကြမည်။ ကျွန်ုပ်တို့၏ အသက်တာသည် သခင်ခရစ်တော်၏ အသက်တာ်နှင့် နှောင်ဖွဲ့လျက် ရှိရမည်။ ထိုအခါမှ စ၍ ယုံကြည်သော သူသည် မိမိ ကိုယ်ကို ဘုရားသခင်အား လည်းကောင်း၊ သခင်ခရစ်တော်အား လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အား လည်းကောင်း ဆက်ကပ်ပူဇော်ထားသည်ဟု စိတ်ထဲ၌ အမြဲ စွဲမှတ်ထားရမည်။ သူသည် ဤကဲ့သို့ အသစ်သော ဆက်သွယ်မှုတွင် လောကနှင့် စပ်ဆိုင်သော အရာအပေါင်းကို ဒုတိယ နေရာ၌ ထားတတ်သည်။ သူသည် ကြွားဝါခြင်း၌ လည်းကောင်း၊ ကိုယ့်အလိုသို့ လိုက်ခြင်း၌ လည်းကောင်း အသက်ရှင်မနေတော့ကြောင်းကို လူအများ ရှေ့၌ ဝန်ခံ ဖော်ပြလေပြီ။ သူသည် သတိ မရှိ၊ အမှုမဲ့ အမှတ်မဲ့ အသက်တာမျိုး၌ တည်ရှိမနေတော့ချေ။ သူသည် ဘုရားသခင်နှင့် ပဋိညာဉ်ပြုထားလေပြီ။ သူသည် လောကအဖို့ အသေခံခဲ့ပြီ။ သူသည် မိမိအား ပေးအပ်ထားသော အစွမ်းသတ္တိများကို သခင်ဘုရားအဖို့ အသုံးပြုရန် ကိုယ်တော် အသက်ရှင်လျက်၊ သူသည် ဘုရားသခင်၏ တံဆိပ်တော်ကို ခံယူကြောင်းကို လည်းကောင်း၊ သခင်ခရစ်တော်၏ နိုင်ငံတော်သား၊ ဘုရားဇာတိ သဘောကို ခံယူသော သူ ဖြစ်ကြောင်းကို လည်းကောင်း မည်သည့်အခါမျှ မမေ့အပ်ပေ။ မိမိသည် ယခု မိမိ၌ ဖြစ်သမျှ၊ လွန်ခဲ့သော ကာလ၌ ဖြစ်ခဲ့သမျှအတိုင်း မိမိ ကိုယ်ကို ဘုရားသခင်အား အပ်နှံပေးလျက် မိမိ၏ ဆုကျေးဇူးအပေါင်းကို ဘုရားသခင်၏ ဘုန်းတော်အတွက် အသုံးပြုရမည်။ CCB1 334.1