Go to full page →

အခန်း ၂၆။—သခင်ဘုရား၏ ပွဲတော်မင်္ဂလာ။ CCB1 339

ထာဝရဘုရား၏ အိမ်တော်နှင့် သက်ဆိုင်သော ပုံပမာများသည် လွယ်ကူ၍ ထင်ရှားစွာ နားလည်နိုင်၏။ ၎င်းပြင် ၎င်းတို့အားဖြင့် ပုံဆောင်ထားသော သမ္မာတရားများသည် ကျွန်ုပ်တို့အဖို့ အလွန်ပင် အဓိပ္ပါယ် လေးနက်ပေသည်။1Ev 276; CCB1 339.1

သခင်ခရစ်တော်သည် ယုဒလူတို့၏ ဘာသာတရားတွင် စီမံထားသော အမှု နှစ်ခု နှင့် ၎င်းတို့၏ ကြီးကျယ်သော ပွဲကြီး နှစ်ခု စပ်ကြားတွင် ကူးပြောင်းခြင်း အခြေအနေ တည်ရှိတော်မူ၏။ စွန်းကွက်ခြင်း ကင်းသော ဘုရားသခင်၏ သိုးသငယ် ဖြစ်သော ကိုယ်တော်သည် မိမိ ကိုယ်ကို အပြစ်ဖြေရာ ယဇ် အဖြစ် ပေးအပ် ဆက်ကပ်ရတော့မည်။ ၎င်းပြင် နှစ်ပေါင်း လေးထောင်ကြာ ကာလ မိမိ အသေခံတော်မူခြင်းကို ညွှန်းပြနေသော ပုံပမာများ နှင့် ဘာသာရေး အခမ်းအနား ပွဲများတို့သည် အဆုံးသို့ ရောက်တော့မည်။ ကိုယ်တော်သည် မိမိ၏ တပည့်တော်တို့ နှင့်အတူ ပသခါပွဲကို သုံးဆောင်နေတော်မူစဉ်၊ ၎င်း၏ နေရာ၌ မိမိ၏ ကြီးကျယ်သော ဆက်ကပ်ပူဇော်ခြင်း အမှု၏ အထိမ်းအမှတ် ဖြစ်ရမည့် ပွဲကို ကိုယ်တော်သည် စီမံခန့်ထားတော်မူ၏။ ယုဒလူမျိုးတို့၏ လူမျိုးရေး ထုံးစံ အခမ်းအနားပွဲသည် အစဉ်ပပျောက်သွားရလိမ့်မည်။ သခင်ခရစ်တော် တည်ထောင်ခဲ့သော ပွဲကို အရပ်ရပ်တိုင်း၌ ရှိသော ကိုယ်တော်၏ တပည့်တော်တို့သည် ကာလ အဆက်ဆက် လိုက်နာ စောင့်ရှောက်ရကြမည်။ CCB1 339.2

ပသခါပွဲကို အဲဂုတ္တုပြည်၌ ကျွန်ခံရာမှ ဣသရေလ လူမျိုးတို့သည် လွတ်မြောက်လာခြင်း၏ အထိမ်းအမှတ်ပွဲ အဖြစ် ကျင်းပရန် စီမံခန့်ထား၏။ တစ်နှစ်ပြီး တစ်နှစ် ဤအခမ်းအနားပွဲကို ကျင်းပစဉ်၊ သားသမီးများက ၎င်း၏ အဓိပ္ပါယ်ကို မေးကြသောအခါ၊ ဖြစ်ပျက်ခဲ့သော အကြောင်းအရာကို ပြန်ပြောရမည်ဟု ဘုရားသခင်က မိန့်မှာထားတော်မူ၏။ ထိုနည်းအားဖြင့် အံ့သြဖွယ် ကယ်နှုတ်ခြင်း အကြောင်းကို လူအပေါင်း တို့သည် စိတ်ထဲ၌ အစဉ်အမြဲ သတိရနေရကြလိမ့်မည်။ သခင်ဘုရား၏ ပွဲတော်မင်္ဂလာကို သခင်ခရစ်တော် အသေခံတော်မူခြင်းကြောင့် ကြီးကျယ်စွာ ကယ်နှုတ်ခံရခြင်း အကြောင်း အထိမ်းအ မှတ်ဖြစ်စေခြင်းငှါ ပေးထားတော်မူ၏။ ကိုယ်တော်သည် ဘုန်းတန်ခိုးတော် နှင့် ဒုတိယအကြိမ် ကြွလာတော်မူသည် တိုင်အောင် ဤပွဲတော်ကို ကျင်းပရကြမည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့အတွက် ကိုယ်တော် ပြုတော်မူသော အမှုကြီးကို ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်ထဲ၌ အမြဲ သတိရစေဖို့ ဖြစ်၏။ CCB1 339.3

သခင်ခရစ်တော်သည် ပုံသက်သေအားဖြင့်၊ သခင်ဘုရား၏ ပွဲတော်မင်္ဂလာကို မဝင်ဘဲနေခြင်းကို တားမြစ်တော်မူ၏။ ထင်ရှားစွာ ပြုကျင့်သော အပြစ်ကြောင့် အပြစ်ရှိသော သူသည် မပါမဝင်သည်မှာ မှန်ပေသည်။ ဤအရာကို သန့်ရှင်းသော ဝိညာဉ်တော်က ထင်ရှားစွာ သွန်သင်ထားတော်မူ၏။ (၁ ကော၊ ၅: ၁၁။) သို့ရာတွင် ဤမျှထက် ကျော်လွန်၍ မည်သူမျှ စစ်ကြော်စီရင်ခြင်း မပြုအပ်။ မည်သူတို့သည် ဤအချိန်အခါများတွင် မိမိတို့ ကိုယ်တိုင် ပါဝင်ရမည်ကို ဘုရားသခင်က လူများအား ပြောစေခြင်းငှါ အခွင့်ပေးထားတော်မမူ။ အကြောင်းမူကား မည်သူသည် စိတ်နှလုံးကို သိရှိနိုင်သနည်း။ မည်သူသည် တောပင်တို့ကို စပါးပင်တို့မှ ခွဲခြား သိရှိနိုင်သနည်း။ “လူတိုင်း ကိုယ်ကိုကိုယ် စစ်ကြောပြီးမှ မုန့်ကို စားစေ။ ထိုနည်းတူ ခွက်ကိုလည်း သောက်စေ။” အကြောင်းမူကား၊ သခင်ဘုရား၏ မုန့် နှင့် ခွက်ကို မထိုက်မတန်ဘဲ စားသောက်သော သူ မည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော် နှင့် သွေးတော်ကို ပြစ်မှားရာ ရောက်၏။” မထိုက်မတန်ဘဲ စားသောက်သော သူသည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိ အပေါ်သို့ အပြစ်ရောက်စေခြင်းငှါ စားသောက်သော သူ ဖြစ်၏။ (၁ ကော၊ ၁၁: ၂၈၊ ၂၇၊ ၂၉။) CCB1 340.1

မထိုက်မတန်သော သူများ ပါဝင်ကောင်း ပါဝင်မည် ဖြစ်သောကြောင့်၊ မည်သူမျှ ပွဲတော်မင်္ဂလာတွင် မိမိတို့ ကိုယ်တိုင် မပါမဝင်ဘဲ မနေရကြ။ တပည့်တော်တိုင်းသည် လူအများ နှင့်အတူ ပါဝင်ရန် ခေါ်ဖိတ်ခြင်း ခံရကြသည်။ ထိုသို့အားဖြင့် သူသည် သခင်ခရစ်တော်ကို မိမိ ကိုယ်တိုင်၏ ကယ်တင်ရှင် အဖြစ် လက်ခံကြောင်း သက်သေခံ၏။ CCB1 340.2

မိမိ၏ တပည့်တော်တို့ နှင့်အတူ မုန့် နှင့် စပျစ်ရည်ကို သုံးဆောင်တော်မူရာ၌၊ သခင်ခရစ်တော် ကိုယ်တော်တိုင် သူတို့၏ ရွေးနှုတ်ရှင် ဖြစ်တော်မူကြောင်း သူတို့အား ဂတိဝန်ခံချက်ကို ပြုတော်မူ၏။ ကိုယ်တော်သည် သူတို့ အား ပဋိညာဉ်သစ်ကို ပေးတော်မူသဖြင့်၊ ၎င်းအားဖြင့် ကိုယ်တော်ကို လက်ခံသော သူအပေါင်းတို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်လာကြလျက် သခင်ခရစ်တော် နှင့်အတူ အမွေခံရသော သူများ ဖြစ်ကြ၏။ ဤပဋိညာဉ်အားဖြင့် ဤအသက်တာ ဘဝ နှင့် နောင်ကာလ အသက်တာအတွက် ကောင်းကင်မှ ချပေးနိုင်သော ကောင်းကြီးမင်္ဂလာတိုင်းသည် သူတို့အဖို့ ဖြစ်ကြ၏။ ဤပဋိညာဉ်စာချုပ်ကို သခင်ခရစ်တော်၏ အသွေးတော် အားဖြင့် အတည်ဖြစ်စေရမည်။ ဤစာချုပ်ကို စီမံ ပြုလုပ်ခြင်းမှာ တပည့်တော်တို့ ရှေ့၌၊ ကျဆုံးသော လူသတ္တဝါ အားလုံးအတွက် အနန္တပူဇော်ခြင်း အမှုကြီးကို အသီးအသီးအတွက် ခွဲခြား ပြုမူတော်မူသကဲ့သို့ ထင်ရှားစေရန် စီမံထားခြင်း ဖြစ်ပေသည်။ CCB1 340.3