Go to full page →

အခန်း ၆။—အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ။ CCB1 128

သူခိုးသည် ညအခါ တိတ်ဆိတ်စွာ လာသကဲ့သို့၊ အဆုံးကာလသည် လျှို့ဝှက်စွာ မသိမမြင်ရဘဲ ကျွန်ုပ်တို့ အပေါ်သို့ ရောက်လာလု နီးပြီ။ အခြားသူတို့သည် အိပ်ပျော်နေသကဲ့သို့ ကျွန်ုပ်တို့သည် မအိပ်ဘဲ၊ စောင့်လျက် တည်ကြည်စွာ နေကြမည် အကြောင်း ထာဝရဘုရားသည် ကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူပါစေ။ သမ္မာတရားသည် မကြာမီ ဘုန်းတန်ခိုး ကြီးစွာနှင့် အောင်မြင်၍ ဘုရားသခင် နှင့်အတူ၊ လုပ်ဖော်ဆောင်ဖက် ဖြစ်သော သူအပေါင်းတို့သည်လည်း သမ္မာတရား နှင့်အတူ အောင်မြင်ကြလိမ့်မည်။ အချိန်ကာလသည် တိုတောင်း၏။ လူတို့ အလုပ် မလုပ်နိုင်သော ညအချိန် မကြာမီ ရောက်လာတော့မည်။ ခေတ်ကာလနှင့် ဆိုင်သော သမ္မာတရား၏ အလင်းတွင် ဝမ်းမြောက်လျက် ရှိကြသော သူတို့၊ ယခု သမ္မာတရားကို အခြားသော သူအား ဝေငှခြင်းငှါ အလျင်အမြန် ပြုကြလော့။ ထာဝရဘုရားက၊ “မည်သူကို စေလွှတ်ရမည်နည်း” ဟု မေးမြန်းတော်မူလျက် ရှိ၏။ သမ္မာတရားအတွက် ဆက်ကပ်ပူဇော် လိုသော သူတို့က “အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဟု ယခု ပြန်ပြောရကြမည်။ CCB1 128.1

ကျွန်ုပ်တို့သည် မိမိတို့၏ အိမ်နီးချင်းများ နှင့် မိတ်ဆွေများထဲတွင် ဆောင်ရွက်ဖို့ရန် ဘုရားသခင် အလိုရှိတော်မူသော ဧဝံဂေလိ အမှုဆောင်လုပ်ငန်းတွင် အနည်းငယ်လောက်သာ ပြုလုပ်ပြီးစီးခဲ့ကြပါသေးသည်။ ကျွန်ုပ်တို့ တိုင်းပြည်ရှိ မြို့ကြီးတိုင်းတွင် သမ္မာတရားကို မသိသေးသော သူများ ရှိကြသည်။ ၎င်းပြင် ပင်လယ်ရပ်ခြားရှိ အလွန် ကျယ်ပြန့်သော လောကကြီးတွင် ကျွန်ုပ်တို့သည် မြေကြီးကို ထွန်ယက်၍ မျိုးစေ့ကို ကြဲပေးဖို့ နေရာသစ်များစွာ ရှိသေး၏။1An Appeal to Ministers and Church Officers, CCB1 128.2

ကျွန်ုပ်တို့သည် ဒုက္ခဆင်းရဲခြင်း ကာလ နှင့် အလွန် နီးကပ်နေကြပြီ။ ၎င်းပြင် မထင်မမှတ်သော ရှုပ်ထွေးခြင်း အမှုများသည် ကျွန်ုပ်တို့ ရှေ့၌ ရှိနေကြပြီ။ အောက်အရပ်မှ တန်ခိုး အာဏာ တစ်ခုသည် လူတို့အား ကောင်းကင် နှင့် စစ်တိုက်ရန် လမ်းပြလျက် ရှိ၏။ လူသတ္တဝါတို့သည် ဘုရားသခင်၏ ပညတ်တရားတော်ကို ဖျက်ဆီးရန် စာတန်၏ ကိုယ်စားလှယ်များ နှင့် အပေါင်းအသင်း ဖွဲ့ကြပြီ။ လောကီသားများတို့သည် နောဧလက်ထက်၌ ရေလွှမ်းမိုးခြင်းအားဖြင့် ပယ်ဖျက်ခြင်း ခံရသော လူများကဲ့သို့ လည်းကောင်း၊ ကောင်းကင်မှ မီးအားဖြင့် လောင်ကျွမ်းခြင်း ခံရကြသည့် သောဒုံမြို့သားတို့ကဲ့သို့ လည်းကောင်း လျင်မြန်စွာ ဖြစ်လာကြလေပြီ။ စာတန်၏ တန်ခိုးများသည် ထာဝရကာလ အကယ်ပင် တည်ရှိမည့် အရာများမှ လူတို့၏ စိတ်ကို လွှဲဖယ်သွားစေရန် ကြံစည် ပြုလုပ်လျက် ရှိကြသည်။ ရန်သူသည် မိမိ၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီစေရန် အရာဝတ္ထုများကို စီမံ ဖန်တီးထားလေပြီ။ လောကီ အလုပ်အကိုင်၊ အားကစားမှု၊ ခေတ်ဆန်မှုမှ စသော ဤအရာတို့သည် ယောက်ျား၊ မိန်းမတို့၏ စိတ်တွင် ပြည့်လျက် ရှိကြပြီ။ ကာမဂုဏ် ပျော်မွေ့ခြင်း နှင့် အကျိုးမရှိသော စာပေများကို ဖတ်ခြင်း အမှုတို့သည် ဝေဖန်ပိုင်းခြားတတ်သော ဉာဏ်ကို ဖျက်ဆီးလေပြီ။ ထာဝရ ပျက်စီးခြင်းသို့ ညွှန်သော ကျယ်သော လမ်းတွင် လူပေါင်းများစွာ လျှောက်သွားနေကြသည်။ ရာဇဝတ်မှု အမျိုးမျိုး၊ ကာမဂုဏ် ပျော်မွေ့ခြင်း အမျိုးမျိုး၊ သေအရက် သောက်စား ယစ်မူးခြင်းတို့ဖြင့် ပြည့်ဝနေသော လောကသည် အသင်းတော်ကို ပြောင်းလဲသွားစေလျက် ရှိ၏။ ဘုရားသခင်၏ ပညတ်တော် တည်းဟူသော ဖြောင့်မတ်ခြင်းအတွက် ဘုရားသခင် ထားတော်မူသော စံနမူနာကိုကား အကျိုးမရှိသော အရာကဲ့သို့ ထင်မှတ်ကြပြီ။29T 42, 43; CCB1 128.3

အဆုံးကာလနှင့် ဆိုင်သော အနာဂတ္တိစကားများ အကြောင်းနှင့် စပ်ဆိုင်၍ ကျွန်ုပ်တို့သည် တစ်စုံတစ်ခုကို မပြောမီ၊ ထိုစကားများ ပြည့်စုံလာသည်တိုင်အောင် စောင့်ဆိုင်းနေရကြဦးမည်လော။ ထိုအခါ ကျွန်ုပ်တို့၏ စကားများသည် အဖိုးတန်ဦးမည်လော။ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုမှ မည်ကဲ့သို့ ကင်းလွတ်ဖို့ရန် အပြစ်ကျူးလွန်သူအား ကျွန်ုပ်တို့က ပြောမပြမီ၊ ထိုကျူးလွန်သူ အပေါ်၌ ဘုရားသခင်က တရားစီရင်တော်မူသော အချိန်တိုင်အောင် ကျွန်ုပ်တို့သည် စောင့်ဆိုင်းနေရကြမည်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အဘယ်မှာ ရှိသနည်း။ ဘုရားသခင် မိန့်တော်မူခဲ့ပြီးသော အရာများကို ကျွန်ုပ်တို့သည် မယုံကြည်သေးမီကပင် ကြိုတင် ဟောပြောထားတော်မူသော အရာများ ဖြစ်ပေါ်လာသည်ကို ကျွန်ုပ်တို့ မြင်ရကြမည်လော။ ထင်ရှားကွဲပြားသော ရောင်ခြည်များတွင် အလင်းတရားသည် ကျွန်ုပ်တို့ထံသို့ ရောက်ရှိလာလျက်၊ ထာဝရဘုရား၏ နေ့ရက်ကြီးသည် တံခါးဝတိုင်အောင် ရောက်လုနီးနေသည်ကို ကျွန်ုပ်တို့အား ဖော်ပြလျက် ရှိ၏။ အလွန် နောက်မကျမီ ကျွန်ုပ်တို့သည် ၎င်းအကြောင်းကို ဖတ်ရှု နားလည်ကြစို့။39T 20; CCB1 129.1