မိမိတို့၏ သားသမီးများအား စိတ်နှလုံး ပြောင်းလဲစေရန်အတွက် မိခင်၊ ဖခင်တို့သည် ဆရာ၊ ဆရာမများ နှင့်အတူ လက်တွဲ၍ စိတ်အားထက်သန်စွာ ကြိုးစား ဆောင်ရွက်ရကြမည်။ အိမ်ထောင်၌ ဝိညာဉ်ရေးနှင့် စပ်ဆိုင်၍ အကျိုးခံစားခွင့်များကို အမြဲ အသစ် ဖြစ်လျက် သင့်တော်စွာ ရှိစေရန် နှင့် သားသမီးများအား ထာဝရဘုရား၌ ကြီးပွား၍ ဆုံးမသွန်သင်ခြင်း ခံရစေခြင်းငှါ စောင့်ရှောက် ပြုစုရန် မိဘတို့သည် ကြိုးစား အားထုတ်ကြပါစေ။ သူတို့သည် နေ့စဉ် မိမိတို့၏ သားသမီးများ နှင့်အတူ လေ့လာ သင်ကြား၍ နည်းနာခံယူသော သူများ ဖြစ်လာရန် အချိန် အနည်းငယ် ကန့်သတ်ထားပါစေ။ ထိုသို့အားဖြင့် ပညာ သင်ကြား လေ့လာရန် အချိန်သည် ပျော်မွေ့ဖွယ် ဖြစ်၍ အကျိုး ဖြစ်ထွန်းစေလိမ့်မည်။ ၎င်းပြင် မိမိတို့ သားသမီးများ၏ ကယ်တင်ရေးအဖို့ ဤကဲ့သို့ နည်းလမ်း ရှာဖွေရာတွင် သူတို့၌ ယုံကြည် အားထားမှုသည် တိုးပွားလာလိမ့်မည်။126T 199; CCB2 200.1
အချို့သော တပည့်များသည် ညည်းညူခြင်း၊ အပြစ်တင်ခြင်း နှင့် အိမ်သို့ ပြန်သွားကြရာ၊ မိဘများ နှင့် အသင်းတော်ဝင် သူတို့သည် အကျယ်ချဲ့၍ တစ်ဖက်သက် ပြောဆိုသော စကားများကို ဂရုစိုက် နားထောင်ကြ၏။ သူတို့သည် နှစ်ဦး နှစ်ဖက်၏ စကားကို ဆင်ခြင်း စဉ်းစားသော် သူတို့အဖို့ သာ၍ ကောင်းလိမ့်မည်။ သို့ရာတွင် ထိုသို့ ပြုရမည် အစား သူတို့သည် မိမိတို့ နှင့် ကောလိပ် ကျောင်းစပ်ကြားတွင် ဤကဲ့သို့ အလွဲ ကိုးကား ပြောသော သတင်းစကားတို့ကို အကာအဆီး ဖြစ်စေကြပြီ။ ထိုနောက် သူတို့သည် ကောလိပ်ကျောင်း၌ ပြုမူသော နည်းလမ်းများနှင့် စပ်ဆိုင်၍ စိုးရိမ် ကြောက်လန့်ခြင်း၊ မယုံသင်္ကာဖြစ်ခြင်း ရှိလာလျက် မေးမြန်း စုံစမ်းခြင်း ပြုလာကြ၏။ ထိုသို့သော အပြုအမူတို့ကို သြဇာညောင်းစေခြင်းဖြင့် များစွာ ဘေးဒုက္ခရောက်စေ၏။ စိတ်မကျေနပ် သော စကားများသည် ကူးစက်တတ်သော ရောဂါကဲ့သို့ နှံ့ပြားသွား၍ စိတ်ထဲ၌ စွဲနေသော ထင်မြင်ချက်များကို ဖျောက်ဖျက်ရန် ခက်ခဲနေလေ၏။ တစ်ဦး မှ တစ်ဦး ထပ်ခါထပ်ခါ ဆက်လက်၍ သတင်းစကားကို ချဲ့ထွင်၍ ပြောဆိုကြရာ၊ ၎င်းသည် အလွန် ကြီးကျယ်လာသည် တိုင်အောင် ဖြစ်လာ၏။ သို့သော် သေချာစွာ စုံစမ်းစစ်ဆေး ကြည့်ကြသောအခါ၊ ဆရာ၊ ဆရာမများ၊ ပါမောက္ခများတို့၌ အပြစ်အနာ အဆာ မရှိကြောင်း ထင်ရှားလာ၏။ ဤ ဆရာများသည် ကျောင်း၏ စည်းကမ်း ဥပဒေများကို အတည် ဖြစ်စေရန် မိမိတို့၏ တာဝန်ကို ထမ်းဆောင် နေကြခြင်းမျှသာ ဖြစ်သည်။ ဤ စည်းကမ်း ဥပဒေများကို လိုက်နာ စောင့်ရှောက်ရမည် သို့မဟုတ် ကျောင်းသည် အကျင့်စာရိတ္တ၌ ပျက်စီးယိုယွင်းလာလိမ့်မည်။ CCB2 200.2
မိဘများတို့သည် မိမိတို့ ကိုယ်ကို ဆရာ ဆရာမများ နေရာ၌ နေကြည့်ပြီး၊ အတန်းတိုင်းမှ သဘော အမျိုးမျိုး ရှိသော တပည့်ပေါင်းများစွာ ပါဝင်သော ကျောင်းတစ်ကျောင်းကို အုပ်ချုပ်၍ စည်းကမ်း စနစ်ထားပေးခြင်း အမှုသည် မည်မျှ ခက်ခဲသည်ကို သိမြင်လျှင်၊ သူတို့သည် အကြောင်းအရာ အဖြစ်အပျက် အမှန်ကို ခြားနားစွာ တွေ့ရှိရလိမ့်မည်။ အချို့သော ကလေးသူငယ်တို့သည် အိမ်၌ ဘယ်သောအခါမျှ စည်းစနစ် မရ၊ သွန်သင်ဆုံးမခြင်း မခံရကြကြောင်းကို သူတို့သည် ဆင်ခြင် စဉ်းစားရကြမည်။ သစ္စာမရှိသော မိဘတို့က အလွန် ဝမ်းနည်းဖွယ် ဂရုမစိုက် အမှုမထားခဲ့သော ဤ ကလေးသူငယ်များအတွက် တစ်စုံတစ်ခု မပြုလုပ်လျှင်၊ သူတို့ကို သခင်ယေရှုသည် လက်ခံတော်မူမည် မဟုတ်။ သူတို့အား နိုင်နင်းအောင် အုပ်ချုပ်ခြင်း အမှု တစ်စုံတစ်ခုကို မပြုခဲ့လျှင်၊ သူတို့သည် အသက်တာ၌ အသုံးမကျ ဖြစ်နေ၍ နောင်ဘဝ၌ ကောင်းကျိုးချမ်းသာကို ဝင်စားခွင့်ရကြမည် မဟုတ်။134T 428, 429; CCB2 201.1
များစွာသော မိခင် ဖခင်တို့သည် သစ္စာ ရှိသော ဆရာ ဆရာမများ၏ ကြိုးစား အားထုတ်မှုကို ထောက်ခံ အားပေးခြင်း မပြုကြသဖြင့် မှားတတ်ကြသည်။ နားလည်မှု၌ မစုံလင်၍ ဝေဖန်ပိုင်းခြားမှုတွင် မတိုးပွားသေးသော ပျိုရွယ်သူ နှင့် ကလေးသူငယ်တို့သည် ဆရာများ၏ အကြံအစည် နှင့် နည်းနာနိသျများကို အမြဲသဖြင့် နားမလည်နိုင်ကြ၊ သို့ရာတွင် သူတို့က ကျောင်း၌ ပြောဆို၊ ပြုလုပ်သမျှ အကြောင်းကို အိမ်သို့ သတင်းပေးသောအခါ၊ ဤ အ ကြောင်းအရာများကို မိဘတို့သည် အိမ်သားများ နှင့် ဆွေးနွေး ပြောဆိုကြပြီးလျှင်၊ ဆရာ၊ ဆရာမတို့၏ ပြုမူပုံတို့ကို အတားအဆီး မရှိဘဲ ဝေဖန် ပြစ်တင်တတ်ကြသည်။ ဤ နေရာ၌ သားသမီးတို့သည် အလွယ်တကူ နှင့် မေ့ပျောက် မရနိုင်သော အရာများကို သင်ကြားရကြ၏။ သူတို့သည် အကျင့် မရှိသေးသော တားမြစ် ပိတ်ပင်ခြင်းကို ခံရသော အခါတိုင်း သို့မဟုတ် မိမိတို့ ကိုယ်တိုင် ခက်ခဲစွာ စာကျက်ဖို့ လိုလာသောအခါတိုင်း၊ ဆင်ခြင်ဉာဏ် မရှိသော မိဘတို့၏ စာနာမှု နှင့် အလိုလိုက်မှုကို အသနားခံလာကြ၏။ အကျင့်ယုတ်စေသော သြဇာညောင်းမှုကြောင်း ကျောင်းသည် ဒုက္ခရောက်သွား၍ ဆရာ၊ ဆရာမတို့၏ တာဝန်သည် သာ၍ များစွာ လေးလံလာ၏။ သို့ရာတွင် ကြီးစွာ ဆုံးရှုံးခြင်း ခံရသူမှာ မိဘတို့က ကောင်းစွာ မအုပ်ချုပ်ဘဲ ထားသော သားသမီးများ ဖြစ်ပေသည်။ မှန်ကန်စွာ သွန်သင် လေ့လာပေးခြင်းဖြင့် ပြုပြင်ပေးနိုင်သော အကျင့်စာရိတ္တ ချို့ယွင်းမှုသည် နှစ်များစွာ ကြာသောအခါ တိုး၍ ခိုင်မာလာလျက် ထိုအကျင့် ရှိသူအား အသုံးမကျသော သူ ဖြစ်လာစေအောင် ပျက်စီး ဆုံးပါးစေလိမ့်မည်။14FE 64, 65; CCB2 201.2