Go to full page →

နောက်ဆုံးသော ကာလတွင် COLB 326

ဤ ကမ္ဘာလောကကြီး၏ ရာဇဝင် နောက်ဆုံးပိုင်း မြင်ကွင်းများကို သူဌေးကြီး၏ အတ္ထုပ္ပတ္တိ အဆုံးတွင် သရုပ်ဖေါ်ထားပါသည်။ သူဌေးကြီးက သူ့ကိုယ်သူ အာဗြဟံ၏ သား တစ်ယောက် ဖြစ်သည်ဟု ဆိုပါသည်။ သို့သော် အာဗြဟံနှင့် သူ၏ စပ်ကြားတွင် မှားသော အကျင့်စာရိတ္တ တည်ဆောက်မှုတည်းဟူသော မဖြတ်မကူး မဆက်မသွယ်နိုင်သည့် ချောက်ကြီး ကာဆီးနေပါသည်။ အာဗြဟံသည် ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို ယုံကြည် နားထောင်၍ ကိုယ်တော်၏ အမှုတော်ကို ထမ်းဆောင်ခဲ့၏။ သို့သော် သူဌေးကြီးမှာမူကား ဘုရားသခင်ကို အာရုံ မပြု ဒုက္ခဆင်းရဲရောက်၍ ကူညီထောက်ပံ့မှု လိုအပ်သူ လူသားများကိုလည်း ဥပေက္ခာပြုခဲ့၏။ အာဗြဟံနှင့် သူ့အား ခွဲခြားထားသည့် ချောက်ကြီးမှာ နားမထောင်သည့် ချောက်ကြီးပင် ဖြစ်ပါသည်။ ယနေ့ လောကတွင်လည်း ယင်း လမ်းစဉ်ကို လိုက်လျှောက်နေသူ အများအပြား ရှိပါသည်။ အသင်းဝင်သူများပင် ဖြစ်စေကာမူ အသင်းတော်၌ အမှုတော် ဆောင်ရွက်နေကြသူများပင် ဖြစ်စေကာမူ မပြောင်းလဲသူများ ရှိနေပါသည်။ “သမင်ဒရယ် သည် ရေစီးသော ချောင်းကို တောင်းတသကဲ့သို့ အကျွန်ုပ် ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည် ဘုရား” ဟု ဆာလံသီချင်းကိုလည်း ရွတ်ဆိုကောင်း ရွတ်ဆိုနေကြပေလိမ့်မည်။ (ဆာ၊ ၄၂:၁)။ သို့သော် မုသားစကားဖြင့် သက်သေခံနေသူများ ဖြစ်ကြ၏။ သူတို့သည် ဘုရားသခင်၏ ရှေ့တော်၌ အပြစ် အကြီးဆုံးသော သူထက် မို၍ ဖြောင့်မတ်သည် မဟုတ်ပါ။ လောကီ ပျော်မွေ့ခြင်း၌ စိတ်အားကြီးသူ၊ ဟိတ်ဟန်ထုတ်ခြင်းကို နှစ်သက်သူသည် ဘုရားသခင်၏ အမှုတော်ကို မဆောင်ရွက်နိုင်။ ဥပမာတွင် ဖေါ်ပြထားသော သူဌေးကြီးကဲ့သို့ ထိုသူသည် ဇာတိပကတိစိတ်ဆိုင်ရာ တပ်မက်စွဲလမ်းခြင်းကို တိုက်ဖျက်လိုစိတ် မရှိ။ အရသာခံလိုစိတ် ပြင်းထန်၏။ အပြစ်ဒုစရိုက်နှင့် ပြည့်ဝသော ဝန်းကျင်ကို ရွေးချယ်၏။ ရုတ်တရက် သေခြင်းတရား ခေါ်သဖြင့် အသက်ရှင်စဉ်က စာတန်၏ ကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ တည်ဆောက်ခဲ့သည့် စာရိတ္တနှင့်ပင် သင်္ချိုင်းတွင်းသို့ ဆင်းရလေ၏။ သူသည် သင်္ချိုင်းတွင်း၌ မှားသည် မှန်သည်၊ ကောင်းသည် မကောင်းသည်ကို ရွေးချယ်ခွင့် မရှိတော့။ လူသည် အသက်ကုန်ဆုံးသော နေ့တွင် သူ၏ အကြံအစည်များ ပျက်စီးလေ၏။ (ဆာ၊ ၁၄၆:၄။ ဒေ၊ ၉:၅၊၆)။ COLB 326.3

ဘုရားသခင်၏ အသံတော်သည် သေသော သူတို့ကို နိုးထစေသောအခါ သူသည် အသက်ရှင်စဉ်က နှစ်ခြိုက်မြတ်နိုးခဲ့သည့် အရသာ ခံလိုစိတ်၊ တပ်မက်သော စိတ်၊ ကြိုက်နှစ်သက်တတ်သော စိတ်၊ မကြိုက်မနှစ်သက်တတ်သော စိတ်များ ရှိခဲ့သည့်အတိုင်းပင် နိုးထလိမ့်မည်။ လူသည် အသစ် ပြုပြင်၍ ပုံသဏ္ဌာန် ပြောင်းလဲရန်အတွက်အချိန်အခါ နှင့် အခွင့်အရေး အပြည့်အစုံ ပေးထားပါလျက် မပြုပြင် မပြောင်းလဲလိုသော သူအတွက် အံ့သြဖွယ်ရာ နိမိတ်လက္ခဏာဖြင့် ဘုရားကိုယ်တော်ရှင်က ပုံသဏ္ဌာန် ပြောင်းလဲပေးတော်မူလိမ့်မည် မဟုတ်ပါ။ သူသည် အသက်ရှင်စဉ်က ဘုရားဝတ်ပြုရာ၌ လည်းကောင်း၊ အမှုတော်ဆောင်ရွက်ရန်အတွက် လည်းကောင်း မွေ့လျောခြင်း၊ ဝမ်းမြောက်ခြင်း မရှိ။ သူ၏ အကျင့်စာရိတ္တသည် ဘုရားသခင်နှင့် သင့်မြတ်ခြင်း မရှိသောကြောင့် ကောင်းကင်မိသားစုတွင်လည်း သူသည် ပျော်မွေ့လိမ့်မည် မဟုတ်ပါ။ COLB 327.1

မျက်မှောက်ကာလတွင် ကိုယ်တိုင် ဖြောင့်မတ်သည့် လူတန်းစား တစ်ရပ် ရှိနေပါသည်။ သူတို့သည် စားကြူးသူများ မဟုတ်၊ သေသောက်ကြူးသူများ မဟုတ်၊ ဘုရားတရားကို မယုံကြည်သော သူများလည်း မဟုတ်၊ သို့သော် ဘုရားသခင်အတွက် အသက် မရှင် အတ္တ ကောင်းကျိုးအတွက်သာ အသက်ရှင်သော သူများ ဖြစ်ကြ၏။ သူတို့သည် ကိုယ်တော်ကို နှလုံးသွင်းသူများ မဟုတ်သောကြောင့် မယုံကြည်သော သူတို့တွင် ရေတွက်ဝင်၏။ အကယ်၍ သူတို့သည် ဘုရားသခင်၏ မြို့တော် တံတိုင်းတွင်းသို့ ဝင်ရောက်ရန် ဖြစ်နိုင်မည် ဆိုပါက အသက်ပင်၏ အသီးကို ရယူနိုင်ခွင့် ရှိလိမ့်မည် မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ပညတ်တော်များ နှင့် ကတိတော်များ ပါဝင်သည့် ကျင့်ဝတ်ကျင့်စဉ်များကို သူတို့အား ပေးအပ်စဉ်က ငြင်းပယ်ကြသောကြောင့် ဖြစ်ပါသည်။ ဤ လောကတွင် သူတို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း မပြုကြသောကြောင့် တမလွန်ဘဝတွင်လည်း ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြလိမ့်မည် မဟုတ်ပါ။ ဘုရား၏ ရှေ့တော်မှောက်တွင် သူတို့ မနေနိုင်သောကြောင့် ကောင်းကင်နိုင်ငံတော်မှ အပ အခြား မည်သည့် နေရာကိုပင် ဖြစ်စေ သူတို့ ရွေးချယ်ကြလိမ့်မည်။ COLB 328.1

ခရစ်တော်၏ အကြောင်းကို သင်ကြားနာယူသည် ဆိုသည်မှာ ကိုယ်တော်၏ ဂုဏ်အင်္ဂါတော် တည်းဟူသော ကျေးဇူးတော်ကို လက်ခံယူရခြင်း ဖြစ်ပါသည်။ သို့သော် ဤ လောကတွင် ပေးအပ်ထားသည့် အဖိုးတန် အခွင့်အရေးများ နှင့် ကောင်းမြတ်သော အကျိုးသက်ရောက်မှုများကု အသုံးမချသော သူတို့သည် ကောင်းကင်နိုင်ငံတော်တွင် သန့်ရှင်းသော ဘုရားဝတ်ပြုကိုးကွယ်ခြင်း၌ ပါဝင်ရန် သင့်လျော်လိမ့်မည် မဟုတ်ပါ။ သူတို့၏ အကျင့်စာရိတ္တများသည် ကိုယ်တော်နှင့် ပုံသဏ္ဌာန် တူအောင် ပုံသွန်းထားခြင်း မရှိ။ သူတို့ ကိုယ်တိုင် ဂရုမစိုက်၊ အလေးမထားသဖြင့် မဖြတ်မကူးနိုင်သော ချောက်ကြီးကို ဖန်တီးကြ၏။ သူတို့ နှင့် ဖြောင့်မတ်သူတို့ စပ်ကြားတွင် အလွန် နက်လှသော ချောက်ကြီး တည်လျက်ရှိ၏။ COLB 328.2

* * * * *