Go to full page →

ရှာဖွေခြင်း၏ ဆုကျေးဇူး COLB 121

ပို၍ တတ်မြောက်စရာ အတတ်ပညာ မရှိတော့ပါဟု မည်သူမျှ မထင် မမှတ်ပါစေနှင့်။ လူသားနှင့် ဆိုင်သော ပိုင်းခြားဝေဖန် သိမြင်တတ်သည့် ပင်ကို ဉာဏ်၏ အတိမ်အနက်ကို တိုင်းတာ၍ ရနိုင်ပေလိမ့်မည်။ လူသား စာရေးဆရာတို့၏ စာပေများကိုလည်း ကုန်စင်အောင် တတ်ကျွမ်းနိုင်ပေလိမ့်မည်။ သို့သော် အမြင့်ဆုံး၊ အနက်ရှိုင်းဆုံးဦ အကျယ်ဝန်းဆုံးသော စိတ်ကူးဉာဏ်ဖြင့် ဘုရားသခင်ကို မတွေ့မမြင်နိုင်။ ကိုယ်တော်ရှင်၌ ကျွန်ုပ်တို့ နားလည် သိမြင်နိုင်သည်ထက် ပိုသော အနန္တတန်ခိုး ရှိတော်မူ၏။ တူးယူသော သူအတွက် အကျိုးကျေးဇူး ခံစားရမည့် ရွှေငွေ သတ္တုရတနာများသည် သတ္တုတွင်းအောက် နက်ရှိုင်းသည့် မြေလွှာ၌သာ ရှိပါလျက် ကျွန်ုပ်တို့သည် အပေါ်ယံ မြေလွှာကိုသာ တူးဆွရှာဖွေ၍ နေသကဲ့သို့ အတိုင်းအတာ မရှိသော ဘုရားသခင်၏ အနန္တဉာဏ်တော် နှင့် ဘုန်းအာနုဘော်ကို ကျွန်ုပ်တို့သည် မှိန်မှိန်ကလေးသာ တွေ့မြင်နိုင်လိမ့်မည်။ သတ္တုတွင်းပြွန်ကို မြေအောက်သို့ ပို၍ နက်ရှိုင်းစွဦ တူးသွင်းပါမှ မွန်မြတ်သော ဘဏ္ဍာရတနာကို တွေ့မြင်ရပါလိမ့်မည်။ မှန်သော ယုံကြည်ခြင်းဖြင့်သာလျှင် ဘုရားရှင်နှင့် ဆိုင်သော ပညာဉာဏ်တော်သည် လူသား၏ ပညာဉာဏ် ဖြစ်လာလိမ့်မည်။ COLB 121.3

ခရစ်တော်၏ ဝိညာဉ်တော်အားဖြင့် ကျမ်းစာကို လေ့လာရှာဖွေသူတိုင်း အကျိုးကျေးဇူး မခံစားရဘဲနေလိမ့်မည် မဟုတ်ပါ။ လူသည် သွန်သင်မှုကို သူငယ်ကဲ့သို့ ခံယူမည်ဆိုပါက လည်းကောင်း၊ ဘုရားသခင်အား ကိုယ်ကိုကိုယ် လုံးလုံးလျားလျား ဆက်ကပ်ထားမည် ဆိုပါက လည်းကောင်း ကိုယ်တော်၏ နှုတ်ကပါတ် တရားတော်တွင် သမ္မာတရားတော်ကို တွေ့သိနိုင်လိမ့်မည်။ လူတို့တွင် နားထောင်ခြင်း ရှိပါက ဘုရားကိုယ်တော်ရှင် စိုးမိုး အုပ်ချုပ်တော်မူပုံကို နားလည် သဘောပေါက်ကြ လိမ့်မည်။ သူတို့ စူးစမ်းရှာဖွေရေးအတွက် ကောင်းကင်လောကကြီး၏ ကျေးဇူးတော် နှင့် ဘုန်းတော် တံခါးများကို ဖွင့်၍ ပေးတော်မူလိမ့်မည်။ သမ္မာတရား သတ္တုတွင်းများကို နှံ့စပ်အောင် စူးစမ်း ရှာဖွေခြင်းအားဖြင့် လူတို့သည် ဂုဏ်အသရေ တိုးတက်မြင့်မြတ်၍ ယနေ့ လူသားများနှင့် လုံးဝ ခြားနားလိမ့်မည်။ ရွေးနုတ်ခြင်း စီမံကိန်း၏ နက်နဲမှုသည် လည်းကောင်း၊ ခရစ်တော်သည် လူဇာတိ၌ ဖွားမြင်တော်မူခြင်းသည် လည်းကောင်း၊ ကိုယ်တော်၏ ကိုယ်စားပြု အသေခံတော်မူခြင်းသည် လည်းကောင်း ယခုကဲ့သို့ ကျွန်ုပ်တို့၏ ဉာဏ်မျက်စိတွင် မထင်မရှား မှုန်ဝါးဝါး ဖြစ်နေလိမ့်မည် မဟုတ်ပါ။ ယင်းအကြောင်းများကို ပိုမို နားလည် သဘောပေါက်လိမ့်မည် သာမက ယင်း ကျေးဇူးတော်ကိုလည်း ကောင်းစွာ နားလည်ကြပေးလိမ့်မည်။ COLB 122.1

“ထာဝရအသက်ဟူမူကား၊ မှန်သော ဘုရားသခင် တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကို လည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်တော်ကို လည်းကောင်း သိကျွမ်းခြင်းတည်း” ဟု ခရစ်တော် ဆုတောင်းတော်မူ၏။ ယော၊ ၁၇:၃။ ယင်း ပတ္ထနာတော်ကို ဤ လောကအတွက် သင်ခန်းစာ တစ်ရပ် ဖြစ်စေရန် ခရစ်တော်သည် ခမည်းတော်ထံမှ တောင်းခံတော်မူသည် ဖြစ်၍ ကျွန်ုပ်တို့၏ ကိုယ် နှင့် စိတ်နှလုံးပေါ်တွင် စာထွင်းထားသင့်ပါသည်။ ယင်းသည် စစ်မှန်သော ပညာ ဖြစ်၏၊ တန်ခိုးအာနိသင်ကိုလည်း ပေး၏။ ဘုရားသခင် နှင့် စေလွှတ်တော်မူသော ခရစ်တော်ကို ကိုယ်တိုင်သိသော အသိပညာသည် လူ၏ ပုံသဏ္ဌာန်ကို ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် တညီတစ်သဏ္ဌာန်တည်း ဖြစ်အောင် ပြောင်းလဲစေပါသည်။ ယင်း ပညာအားဖြင့် လူသည် တပ်မက်ခြင်း နှင့် ကိုယ်စိတ်အလိုသို့ လိုက်တတ်သည့် ယုတ်နိမ့်သော ဇာတိစိတ်ကို သာ၍ မြင့်မြတ်သော ဉာဏ်မျက်စိ၏ အာနိသင်ဖြင့် ချုပ်ထိန်းနိုင်ပါလိမ့်မည်။ ယင်း ပညာကို ပိုင်ဆိုင်သော သူသည် ဘုရားသခင်၏ သား ဖြစ်၍ ကောင်းကင်နိုင်ငံတော်ကို အမွေခံရလိမ့်မည်။ ယင်း ပညာအားဖြင့် သူသည် အနန္တတန်ခိုးရှင်၏ စိတ်တော်နှင့် ညှိနှိုင်းခွင့်ရသည် ဖြစ်၍ စကြဝဠာ၏ ကြွယ်ဝသော ဘဏ္ဍာရတနာများကို သူ့အား ဖွင့်ပြတော်မူလိမ့်မည်။ COLB 123.1

ယင်း ပညာသည် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို ရှာဖွေဆည်းပူးခြင်းအားဖြင့် ရရှိသော ပညာ ဖြစ်၏။ ၎င်းအပြင် ရှိသမျှကို စွန့်လွှတ်၍ နှံ့စပ်အောင် ရှာဖွေသူတိုင်း ယင်း ပညာ ရတနာကို တွေ့လိမ့်မည်။ COLB 123.2

“သိပ္ပံအတတ်ကို ခေါ်၍ ဉာဏ်နောက်သို့ အသံကို လွှင့်လျှင်လည်းကောင်း၊ ငွေကို ရှာတတ်သကဲ့သို့ ပညာကို ရှာ၍ ဝှက်ထားသော ဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့ ဉာဏ်ကို စူးစမ်းလျှင် လည်းကောင်း ထာဝရဘုရားကို ကြောက်သော သဘော၌ ကျင်လည်၍ ဘုရားသခင်ကို သိသော ဉာဏ်နှင့် ပြည့်စုံလိမ့်မည်။” သု၊ ၂:၃-၅။ COLB 123.3

* * * * *