နယ်သာလင်နိုင်ငံတွင် ရဟန်းမင်း၏ ရက်စက်ယုတ်မာမှုများကို ရှေးမဆွကပင် ကန့်ကွက်ဆန္ဒပြခဲ့ပါသည်။ လူးသာအချိန်မတိုင်မီ နှစ်ပေါင်း (၇၀၀) ကတည်းက ရောမသို့ သံတမန်များအဖြစ် စေလွှတ်ခြင်းခံရသည့် ဂိုဏ်းအုပ်နှစ်ယောက်က ဟိုးလီးဆီးဟုခေါ်သည့် ရဟန်းမင်းကြီးတို့ရုံးတော်၏ ဇာတိရုပ်မှန်ကို သိရှိလာကာ ရောမအသင်းတော်အား ရာဇဝတ်မှုကျူးလွန် နေကြောင်း မကြောက်မရွံ့စွပ်စွဲခဲ့ပါသည်။ ‘‘သင်တို့ဟာ ဘုရားသခင်ရဲ့ ဗိမာန်တော်မှာ ကိုယ့်ကိုကိုယ်ဂုဏ်တင်နေကြပေမယ့် သိုးထိန်းတွေဖြစ်ရမယ့် အစား သိုးတွေကိုစားမယ့် ဝံပုလွေတွေဖြစ်နေကြပြီ။ သင်တို့ဟာ ကျွန်တကာတို့ရဲ့ ကျွန်ဖြစ်သင့်ကြသော်လည်း သခင်တကာတို့ရဲ့သခင် ဖြစ်အောင် ကြိုးစားနေကြတယ်။ သင်တို့ဟာ ဘုရားသခင်ရဲ့ပညတ်တော် များကို အထင်အမြင်သေးစရာဖြစ်အောင် လုပ်နေကြတယ်’’ ဟုလည်း ရောမအသင်းတော်ကိုအပြစ်ဆိုခဲ့ပါသည်။ HFB 246.1
လူအပေါင်းတို့သည် ဤကန့်ကွက်မှုမျိုးကို ခေတ်အဆက်ဆက် ထပ်ခါတလဲလုပ်ဆောင်ခဲ့ကြပါသည်။ ဝေါလ်ဒင်းဆီး သမ္မာကျမ်းစာကို ဒပ်ခ်ဘာသာသို့ သူတို့ဘာသာပြန်ခဲ့ကြသည်။ ‘‘ကျမ်းစာထဲမှာ ကပြက်ကချော် စကားတွေ၊ ယုံတမ်းစကားတွေ၊ သေးသိမ်တဲ့စကားတွေ၊ လိမ်ညာလှည့်ဖြားတဲ့ စကားတွေလုံးဝမပါဘဲ အမှန်တရားတွေသက်သက်ပဲ’’ ဟု ရှေးခေတ်ယုံကြည် ခြင်း၏ မိတ်ဆွေများက ၁၂ ရာစုတွင် မှတ်တမ်းတင်ခဲ့ကြပါသည်။ HFB 246.2
ယခုတွင် ရောမအသင်းတော်၏ နှိပ်စက်ညှဉ်းပန်းခြင်းအစီအစဉ်သည် နယ်သာလင်တွင်အစပြုခဲ့ချေပြီ။ သို့သော် ယုံကြည်သူများက သမ္မာကျမ်းစာသည်သာ အမှားအယွင်းကင်းမဲ့သည့် ဘာသာရေးဆိုင်ရာ တန်ခိုးဖြစ်ကြောင်း မည်သူ့ကိုမှ အဓမ္မအယုံမခိုင်းဘဲ တရားချခြင်းအားဖြင့် သာလျှင် ယုံကြည်စေသင့်ကြောင်း ကြွေးကြော်ကာ ဆက်လက်ကြိုးစား လုပ်ဆောင်ကြပါသည်။ HFB 247.1
နယ်သာလင်မှ သစ္စာရှိစိတ်အားထက်သန်သူများသည် လူးသာ၏ သွန်သင်ချက်များကို ကြိုဆိုလက်ခံကာ ဧဝံဂေလိတရားတော်ကို ဟောကြားခဲ့ကြပါသည်။ ရောမအသင်းတော်ကျောင်းမှ ပညာရခဲ့ပြီး ဂိုဏ်းအုပ်တစ်ဦးအဖြစ် ဘိသိတ်ပေးခြင်းခံရသည့် မင်နိုဆိုင်မွန်သည် သမ္မာကျမ်းစာကို လုံးဝနားလည်ခဲ့သော်လည်း ဘာသာရေးဖေါက်ပြန်ရေး သမားဟု အခေါ်ခံရမှာစိုးသဖြင့် ကျမ်းစာကို တစ်ခါမျှမဖတ်ခဲ့ချေ။ သူသည် ဩတ္တပ္ပစိတ်၏ လှုံ့ဆော်မှုကို မသိကျိုးကျွန်ပြုရန် ကြိုးစားသော်လည်း အချည်းနှီးသာဖြစ်ခဲ့၏။ မကြာမီမှာပင် သူသည် ဓမ္မသစ်ကျမ်းကိုလေ့လာရာမှ လူးသာ၏ စာပေများကိုလေ့လာခဲ့ရာ ဘာသာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ ယုံကြည်ချက်များကို သူလက်ခံလာပါသည်။ HFB 247.2
ဒုတိယအကြိမ်ထပ်၍ နှစ်ခြင်းမင်္ဂလာခံသည့်လူတစ်ယောက်အား ကွပ်မျက်သည့်ရှုခင်းကို မကြာမီတွင်သူမြင်တွေ့ရပြန်သည်။ ထိုမြင်ကွင်းကြောင့် နို့စို့သူငယ်များကို နှစ်ခြင်းပေးသည့်အကြောင်းများကို သမ္မာကျမ်းစာတွင် လေ့လာရန် သူစိတ်ဝင်စားလာသည်။ နှစ်ခြင်းမင်္ဂလာခံယူရန် နောင်တရဖို့ လိုကြောင်း၊ ယုံကြည်ခြင်းရှိဖို့လိုကြောင်းများကို သူနားလည်လာပါသည်။ HFB 247.3
မင်နို့သည် ကာတိုလိတ်အသင်းတော်မှထွက်လိုက်ကာ မိမိရရှိ ထားသည့်အမှန်တရားများကို သွန်သင်ခြင်း၌ အသက်တာကို ဆက်ကပ်လိုက် ပါသည်။ ဂျာမနီနှင့် နယ်သာလင်နှစ်နိုင်ငံလုံးတွင် စည်းမဲ့ကမ်းမဲ့ သင့်တင့် လျောက်ပတ်မှုမရှိသော အယူသီးသည့် အဖွဲ့များပေါ်ထွန်းလာကာ ထကြွပုန်ကန်ဖို့ လုပ်ဆောင်နေကြသည်။ ထိုအဖွဲ့များ၏ မှားယွင်းသောသွန်သင် ချက်များနှင့် ရိုင်းစိုင်းသော အကြံအစည်များကို လုံ့လဥဿဟဖြင့် သူဆန့်ကျင်ခဲ့သည်။ သူသည် နယ်သာလင်နှင့် ဂျာမနီမြောက်ပိုင်းတို့တွင် မိမိသွန်သင်ခဲ့သော အရာများကို မိမိအသက်တာအားဖြင့် သက်သေပြ ရှင်းလင်းရင်း ကျယ်ပြန့်သောဩဇာသက်ရောက်မှုများရစေရန် နှစ်ဆယ့်ငါးနှစ် လုံးလုံးသွားလာလုပ်ဆောင်ခဲ့ပါသည်။ သူသည် သမာဓိရှိခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ရိုးသားကြိုးစားခြင်းနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပြီး လူပေါင်းများစွာကိုလည်း ခရစ်တော်ထံသို့ ပို့ဆောင်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။ HFB 248.1
ပဉ္စမမြောက်ချားစ်ဧကရာဇ်သည် ဂျာမနီ၌ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမလုပ်ရန် တားမြစ်ပိတ်ပင်ထားသော်လည်း မင်းညီမင်းသားများက ကန့်လန့်ကန့်လန့်လုပ်နေသည်။ နယ်သာလင်တွင် ဩဇာပိုရှိရာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ ထုတ်ပြန်ခဲ့သောအမိန့်သည် ထိုနိုင်ငံတွင် အောင်မြင်မှုရခဲ့သည်။ ကျမ်းစာဖတ်ခြင်း၊ တရားဟောခြင်း၊ တရားနာခြင်း၊ ဘုရားသခင်ထံတွင် လျှို့ဝှက်စွာ ဆုတောင်းခြင်း၊ ရုပ်တုများကို ရှိမခိုးခြင်းနှင့် ဆာလံသီချင်းဆိုခြင်းများသည် သေဒဏ်အထိ အပြစ်ပေးနိုင် သောပြစ်မှုများဖြစ်ခဲ့ရာ ပဉ္စမမြောက်ချားစ်နှင့် ဒုတိယမြောက်ဖိလစ်တို့ လက်ထက်တွင် ထောင်နှင့်ချီသောယုံကြည်သူများ အကွပ်မျက်ခံခဲ့ကြရသည်။ HFB 248.2
တစ်ခါတွင် မိသားစုတစ်စုသည် ပွဲတော်မဝင်ဘဲနေခြင်း၊ နေအိမ်၌ ဘုရားဝတ်ပြုခြင်းများကြောင့် ဖမ်းဆီးအရေးယူခြင်းခံခဲ့ရသည်။ ‘‘ဘုရားသခင်က ကျွန်တော်တို့ကို အလင်းတရားပေးဖို့၊ အပြစ်တွေကို ခွင့်လွှတ်ဖို့ ကျွန်တော်တို့ဒူးထောက်ပြီး ဆုတောင်းခဲ့တယ်။ ဧကရာဇ်ဘုရင်ကြီး ကျန်းမာဖို့၊ နိုင်ငံတော်ကြီး သာယာဝပြောဖို့ ဆုတောင်းခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ တရားသူကြီးများကို ဘုရားသခင်မစဖို့ ဆုတောင်းခဲ့ပါတယ်’’ ဟု ထိုမိသားစုမှ သားငယ်တစ်ယောက်က ဖြေဆိုလိုက်ရာ ဖခင်ရော ထိုသားငယ်ကိုပါ ကွပ်မျက်ပစ်လိုက်ကြပါသည်။ HFB 249.1
အမျိုးသားများကသာမက အမျိုးသမီးကြီးငယ်အားလုံးကလည်း မဆုတ်မနစ်သော ဇွဲသတ္တိများကို ထုတ်ဖေါ်ပြသခဲ့ကြပါသည်။ ‘‘ဇနီးသည်များသည် မိမိတို့ခင်ပွန်းများ၏ ကပ်တိုင်နံဘေးတွင်ရပ်ကာ မီးအရှိန်ကိုကြံ့ကြံ့ခံနေသူ ခင်ပွန်းများအား နှစ်သိမ့်စကားများကို ပြောနေကြပါသည်။ ဆာလံသီချင်းများကိုဆိုပြီး အားပေးနေကြပါသည်။’’ ‘‘အမျိုးသမီးငယ်များသည် အိပ်ခန်းထဲသို့ဝင်၍ အိပ်သည့်အလား သင်္ချိုင်းဂူများထဲသို့ သွားရောက်အသေခံခဲ့ကြပါသည်။ မင်္ဂလာဆောင်သွားမည့် အလား ဝတ်ကောင်းစားလှဆင်မြန်းလျက် ကပ်တိုင်တက်ခဲ့ကြပါသည်။’’ နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် သမ္မာတရားကိုသက်သေခံမည့်သူ ဦးရေ တိုးပွားလာခဲ့ပါသည်။ ဧကရာဇ်မင်းသည် ရက်စက်သော နှိပ်စက်ညှဉ်းပန်းမှုများကို တစ်နှစ်ထက်တစ်နှစ် တိုး၍လုပ်ဆောင်ခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့ရာ ဧကရာဇ်ဝီလီယံ (William of Orange) သည် အဆုံးတွင် ဟော်လန်နိုင်ငံအား လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးလိုက်ပါသည်။ HFB 249.2