Go to full page →

သန့်ရှင်းသောအခန်းနှင့်အသန့်ရှင်းဆုံးအခန်း HFB 437

သန့်ရှင်းရာဌာနတော်၏တောင်ဘက်ခြမ်းတွင် နေ့ညမပြတ် အလင်းပေးနေသော မီးတိုင်ခုနစ်တိုင်နှင့်ပြီးသည့် ဆီမီးခုံရှိသည်။ မြောက်ဘက် ခြမ်းတွင်မူ ပွဲတော်မုန့်တင်ထားသောစားပွဲရှိသည်။ သန့်ရှင်းရာအခန်းနှင့် အသန့်ရှင်းဆုံးအခန်းနှစ်ခန်းကြားရှိ ကန့်လန့်ကာရှေ့တွင်မူ ရွှေဖြင့်မွမ်းမံ ထားသော နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်ရှိ၏။ ဣသရေလများ၏ဆုတောင်း သံများနှင့်အတူ ထိုပလ္လင်မှမွှေးရနံ့များသည် ဘုရားသခင်ထံတော်သို့ နေ့စဉ်တက်လျက်ရှိပါသည်။ HFB 437.1

အသန့်ရှင်းဆုံးအခန်းထဲ၌မူ ပညတ်တော် (၁၀) ပါး ကျောက်ပြား ထည့်ထားသည့် ရွှေဖြင့်မွမ်းမံထားသော ပဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာ တော်ကို ကရုဏာပလ္လင်ဖြင့် ဖုံးအုပ်ထားပြီး ထိုအပေါ် တွင် ရွှေသားအစစ်ဖြင့်ပြီးသော ခေရုဗိမ်နှစ်ပါးကလွှမ်းမိုးထားသည်။ ထိုခေရုဗိမ်နှစ်ပါးအလယ်ရှိ ဘုန်းတိမ်တော်အားဖြင့် ဤအခန်းထဲတွင် ဘုရားသခင်စံပယ်တော်မူကြောင်း ထင်ရှားစေပါသည်။ HFB 437.2

ခါနန်ပြည်တွင် ဟေဗြဲလူတို့အခြေတကျနေထိုင်ခဲ့သည့် နောက်ပိုင်းတွင် ထိုတဲတော်ကို ရှောလမုန်၏ဗိမာန်တော်ဖြင့် အစားထိုးခဲ့ပါသည်။ ထိုဗိမာန်တော်သည် တဲတော်ထက်ကြာရှည်ခံပြီး ပို၍ကြီးသော်လည်း အတိုင်း အထွာအချိုးအဆနှင့် ပါဝင်သောအရာများမှာ အတူတူပင်ဖြစ်ပါသည်။ ထိုဗိမာန်တော်သည် ဤပုံစံဖြင့် ရောမများမဖျက်ဆီးမီ အေဒီ ၇၀ အထိ တည်ရှိခဲ့ပါသည်။ ပထမပဋိညာဉ်နှင့်စပ်ဆိုင်သည့် ဤသန့်ရှင်းရာ ဌာနတော်သည် သမ္မာကျမ်းစာတွင်ဖေါ်ပြထားသည့် လောကနှင့်စပ်ဆိုင်သည့် တစ်ခုတည်းသောသန့်ရှင်းရာဌာနတော်ဖြစ်သည်။ သို့ရာတွင် ပဋိညာဉ်သစ်တွင် သန့်ရှင်းရာဌာနတော်မရှိပါသလား။ HFB 438.1

သမ္မာတရားတော်ကိုရှာဖွေနေသူများသည် ဟေဗြဲဩဝါဒစာကို ပြန်လည်လေ့လာခဲ့ကြရာ ‘‘တစ်နည်းကား၊ ပထမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်လည်းကောင်း၊ လောကီသန့်ရှင်းရာ ဌာနတော်နှင့် လည်းကောင်း စပ်ဆိုင်သည်’’ ဟူသောစကားလုံးများဖြင့် ရည်ညွှန်းထားသည့် ပဋိညာဉ်သစ်ဆိုင်ရာ သန့်ရှင်းရာဌာနတော်ကိုတွေ့ခဲ့ပါသည်။ ကနဦးအခန်း ကြီး၏ ပထမပိုင်းကိုဖတ်ကြည့်ရာ ‘‘ယခုဆိုခဲ့ပြီးသောအကြောင်းအရာတို့၏ အချုပ်အခြာဟူမူကား ထိုသို့သောယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လက်ယာဘက်မှာ ထိုင်နေ တော်မူ၏။ လူမဆောက်ဘဲ ထာဝရဘုရားဆောက်တော်မူသော တဲတော်စစ် တည်းဟူသော သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကိုပြုသောသူ ဖြစ်တော်မူ၏’’ ဟူ၍တွေ့ရ၏။ ဟေဗြဲ ၈:၁-၂။ HFB 438.2

ဤတွင် ပဋိညာဉ်သစ်၏သန့်ရှင်းရာဌာနတော်ကိုဖေါ်ပြနေပါသည်။ ပထမပဋိညာဉ်ဆိုင်ရာတဲတော်ကို မောရှေကတည်ဆောက်ခဲ့သည်။ ဤသန့်ရှင်းရာဌာနကိုမူ ဘုရားသခင်တည်ဆောက်တော်မူ၏။ ထိုတဲတော်တွင် လောကယဇ်ပုရောဟိတ်များ အမှုတော်ဆောင်ကြပြီး ဤသန့်ရှင်းရာဌာနတွင်မူ ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည် ဘုရားသခင်၏ လက်ယာဘက်တွင်ထိုင်လျက် အမှုတော်ဆောင်သည်။ ထိုတဲတော်သည် မြေကြီးပေါ်တွင် ရှိ၍ သန့်ရှင်းရာဌာနတော်မှာမူ ကောင်းကင်ဘုံတွင်ရှိ၏။ HFB 439.1

မောရှေတည်ဆောက်ခဲ့သောတဲတော်မှာ ပုံစံတစ်ခုကို အမှီပြု၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ‘‘ငါပြသမျှသောတဲတော်ပုံ၊ တဲတော်တန်ဆာ ပုံနှင့်အညီလုပ်ရမည်။’’ ‘‘တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ လုပ်ခြင်းငှာ သတိပြုရမည်။’’ ‘‘ထိုတဲတော်ကား ပူဇော်သကာနှင့်ယဇ်များကို ပူဇော်သောကာလတည်းဟူသော မျက်မှောက်ကာလပတ်လုံး ပုံပမာဖြစ်၏။’’ သန့်ရှင်းရာအခန်းများသည်လည်း ‘‘ကောင်းကင်ဘုံ၌ရှိသောအရာများ၏ပုံ’’ များဖြစ်၏။ ‘‘ထိုယဇစ်ပုရောဟိတ်တို့သည် ကောင်းကင်အရာတို့၏ ပုံပမာ အရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏။’’ ‘‘ထိုသို့နှင့်အညီ မှန်သောသန့်ရှင်းရာဌာနတော်၏ပုံဖြစ်သော လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာနတော်ထဲသို့ ခရစ်တော်သည်မဝင်ဘဲ ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ရှေ့တော်၌ ကိုယ်ကိုပြုခြင်းငှာ ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူပြီ။’’ ထွက် ၂၅:၉၊ ၄၀။ ဟေဗြဲ ၉:၉၊ ၂၃။ ၈:၅။ ၉:၂၄။ HFB 439.2

ကောင်းကင်၌ရှိသော သန့်ရှင်းရာဌာနတော်သည် မောရှေ တည်ဆာက်ခဲ့သည့် တဲတော်၏မူရင်းပုံစံနမူနာဖြစ်၏။ လောကတဲတော်၏ ကြီးကျယ်ခမ်းနားမှုများသည် ဘုရားသခင်၏ရှေ့တော်တွင် ကျွန်ုပ်တို့အတွက် ခရစ်တော်အမှုတော်ဆောင်နေသည့် ကောင်းကင်သန့်ရှင်းရာဌာနတော်၏ ဘုန်းများကို ရောင်ပြန်ဟပ်နေပါသည်။ ကောင်းကင်သန့်ရှင်းရာဌာနနှင့် ပတ်သက်သော အရေးကြီးသည့် အမှန်တရားများနှင့် လူသားများ၏ ကယ်တင်ခြင်းဆိုင်ရာအရေးပါသည့် အချက်များကို လောကတဲတော်နှင့် ၎င်း၌ကျင်းပသော အခမ်းအနားများအားဖြင့် ထာဝရဘုရားသွန်သင်တော် မူခဲ့သည်။ HFB 440.1