Go to full page →

လွတ်လပ်ခွင့်ကိုပေးသောပညတ်တော် HFB 500

ခရစ်တော်သည် အသေခံခြင်းအားဖြင့် ပညတ်တော်ကို ဖျက်သိမ်းခဲ့ကြောင်း ဘာသာရေးဆရာများစွာတို့က ဖွင့်ဆိုကြသည်။ တချို့ကလည်း ပညတ်တော်ကို ဝမ်းနည်ဖွယ်ရာထမ်းပိုးတစ်ခုအဖြစ် ပုံဆောင် ဟောကြားကြသည်။ ထိုပညတ်တော်၏ အနှောင်အဖွဲ့နှင့် ဆန့်ကျင်ကာ ဧဝံဂေလိတရား၏အောက်တွင် လွတ်ခြင်းအခွင့်ကို ခံစားကြရန် သူတို့တင်ပြကြသည်။ HFB 500.1

သို့သော်ပုရောဖက်များနှင့် တမန်တော်ကြီးများသည် သန့်ရှင်းသော ထိုပညတ်တော်ကို ဤသို့သဘောမထားခဲ့ကြပါ။ ‘‘ပေးတော်မူသောဩဝါဒ များကို အကျွန်ုပ်ရှာဖွေမေးမြန်းသည်ဖြစ်၍ အဆီးအတားမရှိဘဲ သွားလာရပါ၏’’ ဟု ဆာလံ ၁၁၉:၄၅ တွင် ဖေါ်ပြထားပါသည်။ တမန်တော်ရှင်ယာကုပ်ကလည်း ပညတ်တော်ဆယ်ပါးကိုရည်ညွှန်းလျက် ‘‘လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား’’ ဟု ရှင်ယာကုပ်ဩဝါဒစာ ၁:၂၅ တွင် ဖွင့်ဆိုထားသည်။ ဗျာဒိတ်ဆရာကလည်း ‘‘အသက်ပင်နှင့်ဆိုင်၍ မြို့တ့ခါးအတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကိုကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏’’ ဟု ဗျာ၊ ၂၂:၁၄ တွင် ဖွင့်ဆိုထားပါသည်။ HFB 500.2

အကယ်၍သာ ပညတ်တော်ကို ပြောင်းလဲပစ်လို့ရမည်ဆိုလျှင် လည်းကောင်း၊ ပညတ်တော်ကို ဘေးဖယ်ထားလို့ရမည် ဆိုလျှင်သော် လည်းကောင်း၊ ခရစ်တော်သည် အပြစ်၏ပြစ်ဒဏ်စီရင်ချက်မှ လူသားများကို ကယ်တင်ရန် အသေခံစရာလိုမည်မဟုတ်ချေ။ ဘုရားသခင်၏သားတော်သည် ‘‘တရားတော်ကိုချီးမြှောက်၍ ဂုဏ်အသရေ နှင့်ပြည့်စုံစေ’’ ခြင်းငှာ ကြွလာတော်မူခဲ့ရပါသည်။ ထို့ပြင် ကိုယ်တော်က ‘‘ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။’’ ‘‘ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတစ်လုံးမျှ ပြည့်စုံခြင်းသို့မရောက်မီ မပျက်စီးရ။’’ ‘‘အကျွန်ုပ်၏ဘုရားသခင်ကိုယ်တော်၏ အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးသားထဲမှာရှိပါ၏’’ ဟု မိန့်မြွက်တော် မူခဲ့ပါသည်။ မဿဲ ၅:၁၇-၁၈။ ဆာလံ ၄၀:၈။ HFB 500.3

ပညတ်တော်သည် ဘုရားသခင်၏စာရိတ္တတော်ကိုဖေါ်ပြသည့် အရာတစ်ခုဖြစ်ရာ ပြောင်းလဲပစ်ရန် မဖြစ်နိုင်ပါ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ကိုယ်တော်၏ ပညတ်တော်သည်လည်း ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ‘‘ချစ်ခြင်းမေတ္တာသည် အကျင့်တရား ပြည့်စုံရာ ဖြစ်သတည်း။’’ ‘‘ကိုယ်တော်၏တရားသည် သစ္စာတရား ဖြစ်ပါ၏။’’ ‘‘အလုံးစုံသောပညတ်တော်တို့သည် ဖြောင့်မတ်ပါသည်။’’ ‘‘တရားတော်သည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။’’ ရောမ ၁၃:၁၀။ ဆာလံ ၁၁၉:၁၄၂။ ရောမ ၇:၁၂။ ထိုကဲ့သို့သော ပညတ်တော်သည် ထာဝရဘုရားကဲ့သို့ပင် ထာဝရတည်ရှိ နေပါမည်။ HFB 501.1

ကိုယ်တော့်ပညတ်တော်၏စည်းမျဉ်းများနှင့်ညီသော အသက်တာသို့ ပို့ဆောင်ကာ လူနှင့်ဘုရားသခင်တို့အား ပြန်လည်သင့်မြတ်စေရန်မှာ စိတ်နှလုံး ပြောင်းလဲခြင်းနှင့် သန့်ရှင်းခြင်းတို့သည် အဓိကကျလှပါသည်။ အစဦးတွင် လူသည် ဘုရားသခင် ပတ်တော်နှင့်ကိုက်ညီသည့် စုံလင်သူတစ်ဦးဖြစ်သည်။ သို့ရာတွင် အပြစ် ဒုစရိုက်သည် လူအားဖန်ဆင်းရှင်နှင့် စိမ်းကားသွားစေခဲ့သည်။ လူ၏စိတ်နှလုံး သည် ဘုရားသခင်၏အမိန့်တော် (ပညတ်တော်) ကိုအန်တုလာသည်။ ‘‘ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော်အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက်နိုင်။’’ ရောမ ၈:၁၇။ သို့ရာတွင် ‘‘လူသားများသည် ဘုရားသခင်နှင့် ပြန်လည် သင့်မြတ်ကာ ဖန်ဆင်းရှင်နှင့် အဆင်ပြေချောမောစွာ အသက်ရှင်နိုင်ရန် ‘‘ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ သည့်တိုင် လောကီသားများကို ချစ်တော်မူ၏။’’ ဤပြောင်းလဲမှုကို အသစ်မွေးဖွားခြင်းဟုခေါ်ပြီး ‘‘အသစ်မွေးဖွားခြင်း မခံရသေးသူများသည် ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်ကြရချေ။ ယောဟန် ၃:၁၆၊ ၃။ HFB 501.2