Go to full page →

သတ္တိပြောင်သောဘာကင်း HFB 221

ဘာကင်းသည် ယခင်ကထက်ပို၍ စိတ်အားထက်သန်လာခဲ့ပါသည်။ ထိုကြောင့် အမှန်တရားကိုကာကွယ်ရုံသာမက အမှားများကိုပါထောက်ပြကာ ပို၍ရဲတင်းစွာလှုပ်ရှားလုပ်ဆောင်လာခဲ့ပါသည်။ သူနှင့်အတိုက်အခံအပြုဆုံး ပုဂ္ဂိုလ်များမှာ ပဲရစ်တက္ကသိုလ်ဘာသာရေးဌာနမှ ပညာတတ်ရဟန်းပျိုများ ဖြစ်ကြပါသည်။ ထိုတက္ကသိုလ်သည် ထိုခေတ်ထိုအခါကပြင်သစ်ရှိ အသင်းတော်ဆိုင်ရာ အဆင့်အမြင့်ဆုံးတက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ သို့စေကာမူ ဘာကင်းသည် ထိုပါရဂူများရေးသားထုတ်ဝေသည့်စာအုပ်များမှ ‘‘သမ္မာကျမ်းစာနှင့် ဆန့်ကျင်ဘက်’’ ဟု လူသိရှင်ကြား သူကြွေးကြော်သည့် အချက် (၁၂) ချက်ကိုဆွဲထုတ်ကာ ဧကရာဇ်မင်းကိုယ်တိုင် တရားသူကြီး အနေဖြင့် မိမိတို့၏တိုက်လှန်ပွဲတွင် အဆုံးအဖြတ်ပေးပါရန် သူအသနားခံ ခဲ့သည်။ HFB 221.1

ရိုင်းစိုးသော ထိုရဟန်းပျိုများ၏ မာနကိုချိုးပစ်ရန် အခွင့်အရေး ပေါ်လာသဖြင့် ဝမ်းမြောက်နေသော ဧကရာဇ်မင်းသည် မိမိတို့၏ လုပ်ဆောင်မှုကို သမ္မာကျမ်းစာအားဖြင့် ကာကွယ်ပြောဆိုရန် ရောမဘက်တော်သားများကို ဆင့်ခေါ်ခဲ့သည်။ ထိုသူတို့သည် သမ္မာကျမ်းစာတည်းဟူသောလက်နက်ကို ထိရောက်စွာအသုံးမပြုနိုင်ကြချေ။ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ကပ်တိုင်များသည်သာ ၎င်းတို့ကောင်းမွန်စွာ အသုံးပြုတတ်သည့် လက်နက်များဖြစ်လေရာ ယခုတွင် ဘာကင်းအတွက် ထောင်ထားသောတွင်းထဲသို့ မိမိတို့ကိုယ်တိုင်ကျတော့မလို ဖြစ်နေသည်ကို သူတို့တွေ့မြင်ကြရပါသည်။ သို့နှင့် လွတ်လမ်းကို တွေ့လိုတွေ့ငြား သူတို့ရှာခဲ့ကြပါသည်။ HFB 221.2

ထိုအချိန်လောက်တွင် လမ်းဆုံတစ်ခု၌ တည်ဆောက်ထားသည့် မယ်တော်မာရိ၏ရုပ်တုကြီးသည် ချိုးဖျက်ခြင်းခံလိုက်ရသည်။ လူအုပ်ကြီးသည် ဝမ်းနည်းသောစိတ်၊ ဒေါသထွက်သောစိတ်နှင့် ထိုနေရာသို့ စုရုံးလာကြပါသည်။ ဧကရာဇ်မင်းလည်း အတော်တုန်လှုပ်သွားပါသည်။ ‘‘ဒါတွေဟာ ဘာကင်းသွန်သင်တဲ့ယုံကြည်ချက်တွေရဲ့ အသီးအပွင့်တွေပေါ့။ ဘာသာရေးမှာကော၊ တိုင်းပြည်ဥပဒေမှာကော၊ ဧကရာဇ်ကိုယ်တိုင်ကော လူးသာနောက်လိုက်တွေရဲ့ ပူးပေါင်းကြံစည်တာကိုခံကြရတော့မယ်’’ ဟု ရဟန်းပျိုများက ငိုကြွေးဟစ်အော်ကြပါသည်။ HFB 222.1

ဧကရာဇ်မင်းသည် ပဲရစ်မှထွက်ခွာပျောက်ကွယ်သွားရာ ထိုရဟန်းပျို များသည် မိမိတို့သဘောအတိုင်း ကြိုက်သလိုလုပ်နိုင်ကြချေပြီ။ ဘာကင်းအား ဖမ်းဆီးကာ သေဒဏ်ပေးလိုက်ကြသည်။ ဖရန်စစ်က ဝင်ရောက်ကယ်ဆယ် နေမည်စိုးသဖြင့် သေဒဏ်စီရင်ချက်ချသည့်နေ့မှာပင် ကွပ်မျက်လိုက်ဖို့ လုပ်ဆောင်ကြပါသည်။ များပြားလှသော လူအုပ်ကြီးသည် ကွပ်မျက်သည်ကို ကြည့်ရန်မွန်းတည့်အချိန်တွင် စုရုံးလာကြပါသည်။ အကွပ်မျက်ခံရမည့်သူမှာ ပြင်သစ်ပြည်ရှိ မြင့်မြတ်သောမိသားစုများမှ အတော်ဆုံးနှင့် သတ္တိအပြောင် ဆုံးသူတစ်ဦးဖြစ်နေသည်ကို အံ့အားသင့်စရာ သူတို့မြင်တွေ့ခဲ့ရသည်။ ပွက်လောရိုက်နေသော လူအုပ်ထဲမှ မျက်နှာများတွင် အံ့ဩမှုများ၊ ဒေါသများ၊ မထီလေးစားသည့်သဘောများ၊ ခါးသီးသောအမုန်းများနှင့် မှောင်မည်း နေသော်လည်း တစ်ယောက်သောသူ၏မျက်နှာမှာမူ ကြည်လင်တောက်ပ နေပါသည်။ ထိုအာဇာနည်ကြီးသိမြင်ခံစားနေရသည်မှာ ခရစ်တော်၏ ရှေ့မှောက်တွင် မိမိရောက်နေပြီဟူသော အချက်ဖြစ်သည်။ HFB 222.2

ဘာကင်း၏မျက်နှာသည် ဘုရားသခင်ထံမှ ကျရောက်နေသော အလင်းကြောင့် ထွန်းတောက်နေသည်။ သူသည် ကတ္တီပါဝတ်ရုံ၊ ဖဲပွင့်ထိုးထားသည့် ကိုယ်ကျပ်အင်္ကျီ၊ ရွှေရောင်ကိုယ်ကျပ်ဘောင်းဘီကို ဝတ်ဆင်ထားသည်။ ဘုရင်တကာတို့၏ ဘုရင်ရှေ့တွင် မိမိ၏ယုံကြည်ခြင်း အကြောင်း သက်သေခံရတော့မည်ဖြစ်ရာ မည်သည့်ဝမ်းနည်းသည့် အရိပ်အယောင်ကမှ သူ၏ဝမ်းမြောက်ခြင်းကို ထင်ယောင်ထင်မှားမဖြစ်စေခဲ့ပါ။ HFB 223.1

ထိုလူတန်းကြီးသည် လူစည်ကားရာလမ်းတစ်လျှောက် ဖြည်းညင်းစွာရွေ့လျားလာကြရာ သူ၏အောင်ပွဲဆင်သည့် ဟန်အမူအရာများကို ကြည့်ကာ ‘‘ဒီလူဟာ ဗိမာန်တော်ထဲမှာထိုင်ပြီး သန့်ရှင်းသော အရာများကို အာရုံပြုနေတဲ့လူနဲ့ တူနေပါကလား’’ ဟု လူအုပ်ကြီးက မှတ်ချက်ချခဲ့ပါသည်။ HFB 223.2