Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မိဘမဲ့များကို စောင့်ရှောက်ခြင်း။

    ကျွန်ုပ်တို့ စိတ်ဝင်စားဖို့ သင့်သော ဒုက္ခရောက်သူ အပေါင်းတို့တွင်၊ မုဆိုးမများ နှင့် မိဘမဲ့သော ကလေးများကို ကျွန်ုပ်တို့သည် အထူးသဖြင့် ကြင်နာထောက်ထားခြင်း ရှိအပ်ကြသည်။ သခင်ဘုရားသည် သူတို့ကို အထူး အရေးယူ ပြုစုတော်မူ၏။ သူတို့ကို ဘုရားသခင်အတွက် ခရစ်ယာန်များထံ ချေးငှါး အပ်နှံထားတော်မူ၏။ “ခမည်းတော် ဘုရားသခင် ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလ ဟူမူကား၊ မိဘ မရှိသော သူငယ်တို့ နှင့် မုဆိုးမသည် ဆင်းရဲခံသောအခါ၊ သူတို့ကို ကြည့်ရှု ပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကီ အညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်းပေတည်း။” ယာကုပ်၊ ၁: ၂၇။CCB1 257.1

    ဘုရားသခင်၏ ထာဝရ ဂတိတော်များကို အားကိုးလျက် ယုံကြည်ခြင်းတရားတွင် သေဆုံးခဲ့ပြီးသော ဖခင် အများသည် မိမိတို့၏ ချစ်ခင်သော သူတို့အား သခင်ဘုရား၏ စောင့်ရှောက် ပြုစုခြင်း ခံစေခြင်းငှါ လုံးလုံး အပ်နှံထားခဲ့ကြသည်။ ထိုကြောင့် ယခု သခင်ဘုရားသည် ဤကဲ့သို့ ဝမ်းနည်းခြင်း ရောက်နေသော သူတို့ကို မည်ကဲ့သို့ မစကူညီ စောင့်ရှောက်တော်မူသနည်း။ ကောင်းကင်မှ မန္နမုန်းကို ချပေးခြင်းဖြင့် ကိုယ်တော်သည် နိမိတ်လက္ခဏာကို ပြတော်မမူ။ သူတို့ထံ အစာ ပို့ပေးရန် ကျီးအများကို စေလွှတ်တော်မမူ။ သို့သော် ကိုယ်တော်သည် စိတ်ဝိညာဉ်ထဲမှ ကိုယ်ကျိုးရှာသော သဘောကို ပယ်ရှား၍ ရက်ရောစွာ ပေးကမ်း စွန့်ကြဲသော သဘောကို ထွက်ပေါ်လာစေတော်မူခြင်းဖြင့်၊ လူတို့၏ စိတ်နှလုံးပေါ်၌ အံ့ဖွယ်သော အမှုတို့ကို ပြတော်မူ၏။ မိမိ၏ တပည့်တော်များဟု ခေါ်ဆိုနေသော သူတို့အား ညှင်းဆဲခံရသူ နှင့် ဝမ်းနည်းခြင်းရောက်နေ သူတို့ကို ကြင်နာစွာ ကရုဏာပြရန် တာဝန်ကို ပေးအပ်ထားခြင်းဖြင့် သူတို့၏ မေတ္တာကို ကိုယ်တော်သည် စစ်ဆေးစုံစမ်းတော်မူ၏။CCB1 257.2

    ဘုရားသခင်၏ မေတ္တာတော်မျိုး ရှိသော သူတို့သည် ဤကဲ့သို့သော ကလေးများကို ဂရုစိုက်လျက် မိမိတို့၏ အိမ်တွင် လက်ခံထားကြပါစေ။ အဖွဲ့အစည်းကြီးများတွင် မိဘမဲ့များကို စောင့်ရှောက်ပြုစုခြင်းသည် အကောင်းဆုံး စီမံကိန်း မဟုတ်ပါ။ သူတို့အား ပြုစု ကြည့်ရှုရန် ဆွေမျိုး မရှိလျှင်၊ ကျွန်ုပ်တို့၏ အသင်းသားများက ဤကလေးများကို မွေးစားရကြမည်။ သို့မဟုတ် သူတို့အတွက် အခြား သင့်တော်သော အိမ်ထောင်တွင် နေရာ ရှာပေးရကြမည်။CCB1 257.3

    ဤကလေးများကို သခင်ခရစ်တော်သည် အထူး ဂရုစိုက် ကြည့်ရှုတော်မူ၏။ သူတို့ကို ဂရုမစိုက်ဘဲ နေခြင်းသည် ကိုယ်တော်ကို ပြစ်မှားရာ ရောက်ပေသည်။ သခင်ယေရှု၏ နာမတော်၌ သူတို့အား ကျေးဇူးပြုသော အမှု ရှိသမျှကို မိမိ ကိုယ်တော်တိုင်အား ပြုသကဲ့သို့ လက်ခံ သဘောထားတော်မူ၏။116T 281.CCB1 258.1