Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မစ္စစ်ဝှိုက်အကြောင်း အခြားသူများ သိမြင်ချက်။

    မစ္စစ်ဝှိုက်သည် ထာဝရဘုရား၏ စေတမန် ဖြစ်သည်အလျောက် သူမ၏ တွေ့ကြုံခံစားရသော ဗဟုသုတတို့ အကြောင်းကို ကြားသိရပြီးသဖြင့်၊ အချို့ က သူမသည် မည်ကဲ့သို့သော ပုဂ္ဂိုလ် ဖြစ်ပါသနည်းဟု မေးတတ်ကြသည်။ သူမသည် ကျွန်ုပ်တို့မှာကဲ့သို့ အလားတူ ပြဿနာများနှင့် ကြုံတွေ့ရပါသလော။ သူမသည် ချမ်းသာသလော၊ ဆင်းရဲသလော၊ တစ်ခါတစ်ရံမျှ ပြုံရယ်ဖူးသလော။CCB1 35.3

    မစ္စစ်ဝှိုက်သည် ဆင်ခြင်စဉ်းစားတတ်သော မိခင် ဖြစ်၏။ သူမသည် သေချာသတိရှိသော အိမ်ရှင်မ ဖြစ်၏။ သူမသည် ရက်ရောသော အိမ်ထောင်ရှင်မ ဖြစ်လျက် ကျွန်ုပ်တို့၏ လူများကို သူမ၏ အိမ်တွင် မကြာခဏ ဧည့်ခံကျွေးမွေးခဲ့ပါ၏။ သူမသည် အိမ်နီးချင်းတို့ကို ကူညီမစတတ်သော သူ ဖြစ်၏။ သူမသည် အမှားကို ပိုင်းခြား သိမြင်တတ်သော မိန်းမ ဖြစ်လျက် စိတ်သဘော ကောင်း၍ အပြောအဆို အပြုအမူတို့တွင် ယဉ်ကျေးသိမ်မွေ့၏။ သူမ၏ အသက်တာ ဗဟုသုတတွင် သူမ၌ မည်သည့်အခါမျှ မသာယာသော မျက်နှာ၊ ပြုံးရွှင်ခြင်းမဲ့သော လက္ခဏာ၊ ဘာသာတရား၌ ပျော်မွေ့ခြင်း ကင်းမဲ့သော အခြေအနေမျိုးကို မတွေ့ရ။ သူမ၏ ရှေ့တွင် တစ်စုံတစ်ယောက်သည် လုံးလုံး စိတ်အေးချမ်း သာယာမှုကို ရရှိ၏။ မစ္စစ်ဝှိုက်အကြောင်းကို ကောင်းစွာ သိကျွမ်းဖို့ အကောင်းဆုံး နည်းမှာ၊ ၁၈၅၉ ခုနှစ်တွင် သူမ၏ အိမ်သို့ သွားရောက်လည်ပတ်ခြင်း ဖြစ်သည်။ ထိုနှစ်မှစ၍ သူမသည် တစ်နေ့ပြီး တစ်နေ့၊ ရက်ဆက်နေ့စဉ် မှတ်တမ်းများကို ရေးထားခဲ့၏။CCB1 36.1

    ဝှိုက်တို့ လူစုသည် ဘက်ဘလ်ကရီ (ခ) မြို့ပြင်တွင် အတော် ကျယ်ဝန်း၍ ဥယျာဉ် တစ်ခု ပြုလုပ်ထားနိုင်ခွင့် ရရှိသော မြေကွက် တစ်ခုပေါ်တွင် ရှိသော အိမ်ကလေး တစ်ဆောင်တွင် နေထိုင်ကြသည်။ ထိုဥယျာဉ်တွင် သစ်သီးပင် အချို့၊ နွားမ တစ်ကောင်၊ ကြက် အနည်းငယ် ရှိ၍ သားငယ်များ ကစားဖို့ရန် အလုပ်လုပ်ဖို့ရန် နေရာ တစ်ခုလည်း ရှိ၏။ မစ္စစ်ဝှိုက်သည် ထိုအခါက အသက် သုံးဆယ်တစ်နှစ် ရှိပြီ။ ဆရာကြီးဝှိုက်သည် သုံးဆယ်ခြောက်နှစ် ရှိပြီ။ ထိုအချိန်၌ အသက် လေးနှစ်၊ ကိုးနှစ်၊ ဆယ့်နှစ်နှစ်ရှိ သားကလေး သုံးယောက် ထိုအိမ်တွင် ရှိကြသည်။CCB1 36.2

    မစ္စစ်ဝှိုက်သည် မကြာခဏ အိမ်မှ ထွက်ခွါသွား၍ တရားဟောပြောရေး၊ မိမိ၏ စာပေ ရေးသားရေးတို့နှင့် အလွန် အလုပ်များနေတတ်သဖြင့်၊ အိမ်မှုကိစ္စတွင် ကူညီရန်အတွက် ကောင်းသော ခရစ်ယာန် မိန်းမငယ် တစ်ယောက်ကိုလည်း ထိုအိမ်တွင် ကျွန်ုပ်တို့ တွေ့ရှိလိမ့်မည်။ သို့ရာတွင် မစ္စစ်ဝှိုက်သည် အိမ် ထောင်၏ တာဝန်များကို ကိုယ်တိုင် ထမ်းဆောင်လျက် ထမင်းချက်ခြင်း၊ အိမ်ရှင်းလင်းခြင်း၊ အဝတ်လျှော်ခြင်း နှင့် အဝတ်ချုပ်ခြင်း အမှုများကို ပြုတတ်၏။ အချို့သော နေ့များတွင် စာပုံနှိပ်တိုက်သို့ သွား၍ စာရေးရန် တိတ်ဆိတ်သော နေရာမှာ ရှိနေတတ်၏။ အခြားသော နေ့များတွင် သူမသည် ဥယျာဉ်ထဲ၌ ပန်းပင်၊ သစ်ပင်များကို စိုက်ပျိုးနေလျက် တစ်ခါတစ်ရံ အိမ်နီးချင်းမိတ်ဆွေများမှ ပန်းပင်ချင်း လဲလှယ်နေသည်ကို တွေ့ရတတ်သည်။ သားသမီးများသည် အိမ်ကို အလွန် နှစ်သက်ဖွယ်သော နေရာအဖြစ် သဘောထားကြမည် အကြောင်း၊ သူမသည် အိမ်ကို မိမိ၏ အိမ်ထောင်သားများအတွက် ပျော်မွေ့ဖွယ် ကောင်းနိုင်သမျှ ကောင်းအောင် ပြုလုပ်ဖို့ စိတ်ပြဋ္ဌာန်း၏။CCB1 36.3

    မစ္စစ်ဝှိုက်သည် ဈေးဝယ်ရာတွင် စေ့စပ်သေချာသူ ဖြစ်၍ ဈေးနှုန်းကို သိရှိနေတတ်သဖြင့်၊ အိမ်နီးချင်း ဖြစ်သော သတ္တမနေ့ ဥပုသ်အသင်းသားတို့သည် သူမနှင့် ဈေးဝယ်သွားရသည်ကို သဘောကျ နှစ်သက်ကြသည်။ သူမ၏ မိခင်သည် မည်သည့်အရာမဆို အလွန်ပင် ကိုယ်တိုင် လက်တွေ့ လုပ်ကိုင်တတ်၍ သမီးများအား များစွာ အဖိုးတန် အကျိုးရှိသော သင်ခန်းစာများကို သင်ကြားပြသပေးခဲ့၏။ ညံ့ဖျင်းစွာ ပြုလုပ်ထားသော အရာတို့သည် ကြာရှည်မခံကြသဖြင့် အမျိုးကောင်းသော ကုန်များထက်ပင် သာ၍ အကုန်အကျများတတ်သည်ကို သူမသည် တွေ့ရှိရ၏။CCB1 37.1

    ဥပုသ်နေ့ကို သားသမီးများအတွက် ရက်သတ္တပတ်တွင် အလွန် ပျော်မွေ့ဖွယ် ဖြစ်အောင် ပြုလုပ်၏။ အမှန်အားဖြင့် အိမ်ထောင် တစ်စုလုံးသည် စည်းဝေးများကို တက်ရောက်ကြ၍ ဆရာကြီး နှင့် မစ္စစ်ဝှိုက်တို့သည် ဟောပြောရသော တာဝန်များ မရှိသောအခါ၊ အိမ်ထောင် တစ်စုလုံးသည် စည်းဝေးကျင်းပနေစဉ် တစ်ချိန်လုံး အတူတကွ တစ်နေရာတည်း၌ ထိုင်နေတတ်ကြသည်။ ထမင်းစားပွဲ၌လည်း အခြားသော နေ့များတွင် မရှိတတ်သော စားစရာများကို ရွေးချယ်ပြင်ဆင်ထား၏။ ၎င်းပြင် သာယာသော နေ့ ဖြစ်လျှင်၊ မစ္စစ်ဝှိုက်သည် ကလေးများနှင့် တောရွာ၊ သို့မဟုတ် မြစ်ကမ်းပါးသို့ လမ်းလျှောက်သွား၍ သူတို့သည် သဘာဝ၏ လှပတင့်တယ်သော အရာများကို သေချစွာ စစ်ဆေးကြည့်ရှုပြီးလျှင် ဘုရားသခင် ဖန်ဆင်းထားတော်မူသော လုပ်ငန်းများ အကြောင်းကို လေ့လာဆည်းပူးကြ၏။ မိုးရွာ သို့မဟုတ် အလွန် အေးသော နေ့ ဖြစ်လျှင်၊ သူမသည် ကလေးများကို အိမ်ထဲရှိ မီးဖို ပတ်လည်တွင် စုရုံးစေပြီး၊ သူတို့အား စာဖတ်ပြ၏။ သူမ ခရီးထွက်စဉ် ထိုမှ ဤမှ စုဆောင်းရရှိထားသော စာပေများမှ သူမသည် မကြာခဏ ဖတ်ပြ၏။ အခြားသော မိဘတို့သည် မိမိတို့၏ သားသမီးများအား ဖတ်ပြနိုင်ကြမည် အကြောင်း၊ နောက်များမကြာမီ ဤပုံဝတ္တုကလေးများမှ အချို့တို့ကို စာအုပ်များအဖြစ်နှင့် ပုံနှိပ်ထား၏။CCB1 37.2

    မစ္စစ်ဝှိုက်သည် ဤအချိန်အခါက ကောင်းစွာ ကျန်းမာခြင်း မရှိလှချေ။ ၎င်းပြင် နေ့အခါတွင် မကြာခဏ မူးမေ့သွားတတ်၏။ သို့ရာတွင် သူမသည် ဤအကြောင်းကြောင့် အိမ်တွင် မိမိ၏ အလုပ်အကိုင်များတွင် ပျက်ကွက်ခြင်း မရှိ၊ ထာဝရဘုရားအတွက် အမှုဆောင်ရွက်ရာ၌လည်း ပျက်ကွက်ခြင်း မရှိချေ။ နောက် နှစ်များမကြာမီ၊ ၁၈၆၃ ခုနှစ်တွင် သူမသည် ကျန်းမာရေး နှင့် လူနာများ စောင့်ရှောက်ရေး အကြောင်းနှင့် စပ်ဆိုင်သော ရူပါရုံကို ရရှိ၏။ ရူပါရုံ၌ သင့်တော်သော အဝတ်ကို ဝတ်ခြင်း၊ သင့်တော်သော အစားအသောက်ကို သုံးဆောင်ခြင်း၊ သင့်တော်သော ကိုယ်လက်လှုပ်ရှားခြင်း ပရိစယ နှင့် အနားယူခြင်း အမှုများနှင့်တကွ ကျန်းမာသန်စွမ်းသော ကိုယ်ကာယကို အမြဲ ရရှိနေစေရန် ဘုရားသခင်၌ ယုံကြည်အားထားဖို့ အရေးကြီးခြင်း အကြောင်းတို့ကိုလည်း သူမအား ဖော်ပြထား၏။CCB1 38.1

    အစားအသောက် အကြောင်း နှင့် အသားပါသော အစာများ၏ ဥပဒ်ဖြစ်စေခြင်း အကြောင်းနှင့် စပ်ဆိုင်၍ ဘုရားသခင်ထံမှ ရရှိသော အလင်းတရားသည် အသားပါသော အစာကို ကျန်းမာရေး နှင့် ခွန်အားအတွက် လိုအပ်သည်ဟု မစ္စစ်ဝှိုက် ကိုယ်တိုင်၏ ထင်မြင်ချက်နှင့် အသေအချာ ဆန့်ကျင်ဘက် ဖြစ်နေ၏။ ရူပါရုံ၏ အလင်းနှင့် သူမ၏ စိတ်ကို လင်းစေခြင်းငှါ၊ အိမ်ထောင်အတွက် စားစရာများကို ပြင်ဆင်ရာတွင် ကူညီရသော မိန်းမငယ်အား ထမင်းစားပွဲပေါ်တွင် ဂျုံဆန်စပါး၊ ဟင်းရွက်ဟင်းသီး၊ အဆီထွက်သော သစ်သီး၊ နွားနို့၊ မလိုင်၊ ဒိန် နှင့် ကြက်ဥတို့မှ ပြုပြင်ထားသည့်် ရိုးရိုး နှင့် ကျန်းမာစေသော စားစရာများကိုသာ ပြင်ဆင်ထားဖို့ သွန်သင်ပေးလေ၏။CCB1 38.2

    အိမ်ထောင်သည် ထမင်းစားပွဲသို့ ရောက်လာသောအခါ၊ အသား အနည်းငယ်မျှ မပါဘဲ ကျန်းမာစေ၍ ကောင်းသော စားစရာများကို များစွာ တွေ့ ရကြ၏။ မစ္စစ်ဝှိုက်မူကား အသားမှ တစ်ပါး အခြား စားစရာတို့ကို မမက်မောလှချေ။ ထိုကြောင့်၊ သူမသည် ရိုးရိုး ပြင်ထားသော အစားအစာတို့ကို စားနိုင်လာသည်တိုင်အောင် ထမင်းစားပွဲမှ ထသွားပြီး ရှောင်နေလေ၏။ နောက် ထမင်းစားချိန်၌လည်း သူမသည် ဤအဖြစ်မျိုးကို ကြုံရပြန်၏။ ရိုးရိုး စားစရာကိုပင် သူမသည် မနှစ်သက်ချေ။ ထိုနောက်တစ်ဖန် သူတို့သည် ထမင်းစားပွဲသို့ ရောက်လာရကြပြန်သည်။ ရူပါရုံတွင် ကျန်းမာခြင်း နှင့် ခွန်အားအတွက် အကောင်းဆုံး ဖြစ်သည်ဟု သူမအား ဖော်ပြထားသည်အတိုင်း စားပွဲပေါ်တွင် ရိုးရိုး ပြင်ဆင်ထားသော စားစရာများကို တွေ့ရပြန်၏။ သို့သော် သူမ၏ စိတ်သည် စားနေကျ ဖြစ်သော အသားကိုသာ တောင့်တနေ၏။ သို့ရာတွင် ယခု အသားသည် အကောင်းဆုံး အစာ မဟုတ်ကြောင်းကို သူမသည် သိမြင်လာ၏။ သူမသည် မိမိ၏ ဝမ်းဗိုက်ပေါ်တွင် လက်များကို တင်လျက် “သင်သည် မုန့်ကို စားနိုင်လာသည်တိုင်အောင် စောင့်နေနိုင်သည်” ဟု ၎င်းအား ပြောဆိုခဲ့ပြီဟု သူမက ကျွန်ုပ်တို့အား ပြောပြ၏။CCB1 38.3

    များမကြာမီပင် အယ်လင်ဂျီဝှိုက်သည် ရိုးရိုး ပြင်ဆင်ထားသော အစားအသောက်တို့ကို ကောင်းစွာ သုံးဆောင်နိုင်လာရာ၊ ဤကဲ့သို့ အစားအသောက်ကို ပြောင်းလဲပေးခြင်းဖြင့် သူမ၏ ကျန်းမာရေး အခြေအနေသည် ချက်ချင်းပင် တိုး၍ ကောင်းမွန်လာ၍ သူမ၏ ကျန်သော အသက်တာ တစ်လျှောက်လုံးတွင် သူမသည် ကောင်းစွာ ကျန်းမာလျက်ရှိခဲ့၏။ ထိုသို့အားဖြင့် ကျွန်ုပ်တို့၌ တွေ့ကြုံရသော ပြဿနာများ နည်းတူ မစ္စစ်ဝှိုက်၌လည်း အလားတူ တွေ့ကြုံရသည်ကို တွေ့မြင်ရပေသည်။ ကျွန်ုပ်တို့အားလုံးသည် အစားအသောက်နှင့် စပ်ဆိုင်၍ အောင်မြင်ခြင်း ရှိရကြမည် နည်းတူ မစ္စစ်ဝှိုက်သည် မိမိ၏ ကိုယ်တွေ့ အဖြစ်အပျက်တွင် အစားအသောက်၌ အောင်မြင်ခြင်းကို ရရှိခဲ့လေပြီ။ ကျန်းမာရေးနှင့် စပ်ဆိုင်၍ ပြုပြင်ပြောင်းလဲခြင်း အမှုကြောင့် ဝှိုက်အိမ်ထောင်သား တစ်စု၌ များစွာ ကောင်းကြီးမင်္ဂလာကို ခံစားခဲ့ရကြသည် နည်းတူ၊ လောကတစ်ဝှမ်းလုံးရှိ မျှော်လင့်ခြင်း အသင်းသား အိမ်ထောင်ပေါင်း ထောင်သောင်းတို့သည်လည်း ထိုသို့ ကောင်းကြီးမင်္ဂလာများကို ခံစားခဲ့ရကြပြီ။CCB1 39.1

    ကျန်းမာရေးတွင် ပြုပြင်ပြောင်းလဲမှုနှင့် ဆိုင်သော ရူပါရုံကို မြင်ရပြီး မစ္စစ်ဝှိုက်၏ အိမ်တွင် လူနာတို့ကို လွယ်ကူသော နည်းရိုးရိုးဖြင့် ကုသ ပြုစုနည်း ကို အသုံးပြုကြပြီးနောက်၊ ဆရာကြီး နှင့် မစ္စစ်ဝှိုက်တို့သည် မကြာခဏ ဖျားနာနေသော အိမ်နီးချင်း မိတ်ဆွေတို့အား သွားရောက်၍ ကုသပြုစုပေးခဲ့ကြရာ၊ ထာဝရဘုရားသည် သူတို့၏ ကြိုးပမ်းမှုကို များစွာ ကောင်းကြီးပေးတော်မူ၏။ အခြား အချိန်အခါများတွင် လူနာများကို မိမိတို့၏ အိမ်သို့ ခေါ်ဆောင်သွားပြီး ကောင်းစွာ ကျန်းမာလာသည်တိုင်အောင် ကြင်နာစွာ သူတို့အား စောင့်ရှောက် ပြုစုထားရကြ၏။CCB1 39.2

    မစ္စစ်ဝှိုက်သည် အားလပ်ခွင့်ယူလျက် တောတောင်များတွင် ဖြစ်စေ၊ အိုင် တစ်ခုခုပေါ်တွင် ဖြစ်စေ၊ ပင်လယ်ခရီးထွက်ရာ၌ ဖြစ်စေ စိတ်ဖျော်ဖြေမှုကို ရှာကြံလျက် အချိန်ကို ကုန်လွန်စေတတ်ပါသည်။ လူလတ်အရွယ်တွင် အမေရိကန်ပြည် အနောက်ပိုင်းရှိ ကျွန်ုပ်တို့၏ စာပေဖြန့်ဖြူးရေးဋ္ဌာန ဖြစ်သော ပစိဖိတ် စာပုံနှိပ်တိုက်နားတွင် နေထိုင်စဉ်အခါက၊ တစ်နေ့လောက် အနားယူလျက် စိတ်ဖျော်ဖြေမှုကို ရှာကြံရန် စိတ်ပိုင်းဖြတ်ထားကြ၏။ မစ္စစ်ဝှိုက်၏ အိမ်ထောင်သားများ နှင့် သူမ၏ ရုံးအလုပ်သများ၏ အိမ်ထောင်သားများတို့အား စာပုံနှိပ်တိုက် အလုပ်သမား အိမ်ထောင်သားတို့က မိမိတို့နှင့် လာရောက် ပျော်ပွဲစားထွက်ရန် ခေါ်ဖိတ်ရာ၊ သူမသည် ချက်ချင်းပင် လက်ခံလိုက်၏။ သူမ၏ ခင်ပွန်းမှာ အရှေ့ဘက်ဒေသတွင် သာသနာလုပ်ငန်းအတွက် ခရီးထွက်နေရ၏။ သူ့ထံသို့ ပို့ပေးသော စာတစ်စောင်တွင် ဤကဲ့သို့ ပျော်ပွဲစားထွက်ရာ၌ ကြုံရသော အဖြစ်အပျက် အကြောင်း သူမ ရေးထားသော အကြောင်းအရာကို အောက်ပါအတိုင်း ကျွန်ုပ်တို့ တွေ့ရှိရကြသည်။CCB1 40.1

    ပင်လယ်ကမ်းခြေပေါ်တွင် ပျော်ရွှင်စွာ ကျန်းမာစေသော စားစရာများကို သုံးဆောင်ကြပြီး နောက်၊ လာကြသော လူတစ်စုလုံးသည် သင်္ဘောစီးလျက် စံဖရန်စစ်ကို ပင်လယ်အော်သို့ ထွက်သွားကြ၏။ သင်္ဘောကပ္ပိတိန်သည် အသင်းတော်သား တစ်ဦးဖြစ်၍ ထိုနေ့လည်တွင် အလွန် ပျော်ရွှင်ကြ၏။ ထိုနောက် ပင်လယ်ထဲသို့ သွားရန် အကြံပေးကြ၏။ ထိုအဖြစ်အပျက်ကို အယ်လင်ဝှိုက်က ရေးသားဖော်ပြထားသည်မှာ -CCB1 40.2

    “လှိုင်းလုံးကြီးများသည် အတော်မြင့်အောင် ပုတ်ခတ်လျက် ကျွန်ုပ်တို့သည် အလွန်ပင် ကြီးကျယ်စွာ မြင့်လိုက် နိမ့်လိုက်နှင့် လူးနေရကြ၏။ ကျွန်ုပ် သည် စိတ်ထဲ၌ အလွန် ပျော်ရွှင်နေ၏၊ သို့ရာတွင် မည်သူကိုမျှ စကားမပြောနိုင်။ ထိုအချင်းအရာသည် အလွန် ကြီးကျယ်ပါတကား။ ရေမှုန်ရေမွှားတို့သည် ကျွန်ုပ်တို့အပေါ်သို့ စင်လာကြ၏။ ဂိုလ်ဒင်းဂိတ် အပြင်ဘက်တွင် လေသည် ပြင်းထန်စွာ တိုက်ခတ်၍ ကျွန်ုပ်၏ အသက်တာတွင် မည်သည့်အခါမျှ ဤကဲ့သို့ ပျော်ရွှင်ခြင်း မရှိခဲ့ချေ။”CCB1 40.3

    ထိုနောက် ကပ္ပိတိန်၏ စောင့်ကြည့်နေခြင်း အမှု နှင့် သူ၏ အမိန့်ကို နာခံရန် အသင့် ရှိနေသော သင်္ဘောသားတို့ကို သူမသည် သတိပြုမိသဖြင့်၊ သူမက ဤကဲ့သို့ ဆင်ခြင်စဉ်းစားမိ၏။CCB1 41.1

    ဘုရားသခင်သည် လေတို့ကို မိမိ၏ လက်တော်ထဲတွင် ကိုင်ထားတော်မူ၏။ ဘုရားသခင်သည် ပင်လယ်ရေတို့ကို စိုးမိုး အုပ်ချုပ်တော်မူ၏။ ကျွန်ုပ်တို့သည် အလွန် ကျယ်ပြန်၍ နက်သော ပစိဖိတ်သမုဒ္ဒရာကြီးတွင် အစက်ကလေးများကဲ့သို့ပင် ဖြစ်သော်လည်း၊ ကောင်းကင်တမန်တို့အား လှိုင်းများပေါ်၌ ခုတ်မောင်းနေသော ဤရွက်သင်္ဘောကလေးကို စောင့်ရှောက် ကာကွယ်ရန် စေလွှတ်ထားတော်မူ၏။ အို၊ မည်မျှ အံ့သြဖွယ်ကောင်းသော ဘုရားသခင် ဖြစ်တော်မူသနည်း။ ကျွန်ုပ်တို့၏ ဉာဏ်နှင့် မမှီနိုင်သော အမှုပါတကား။ အမှတ်မဲ့ လျှပ်တစ်ပြက်တစ်မျှ ကြည့်ရုံမျှဖြင့် ဘုရားသခင်သည် အမြင့်ဆုံးသော ကောင်းကင် နှင့် သမုဒ္ဒရာ၏ အတွင်းကို မြင်တော်မူ၏။CCB1 41.2

    မစ္စစ်ဝှိုက်သည် စောစောကပင် စိတ်ပျော်ရွှင်သော လက္ခဏာကို ဆောင်ခဲ့၏။ တစ်ခါက၊ “ကျွန်ုပ်သည် စိတ်ပျက်ညှိုးငယ်၍ ညည်းညူနေသည်ကို တွေ့ဖူးသလော။ ဤသို့ မဖြစ်သင့်ဟု ကျွန်ုပ် ယုံကြည်ပါသည်။ ဤကဲ့သို့သော အခြေအနေမျိုးသည် ခရစ်ယာန် အကျင့်စာရိတ္တ နှင့် ခရစ်ယာန်၏ အလုပ်အကိုင်တို့၏ မှန်ကန်သော ပုံသက်သေကို အလွဲ ထင်မြင်မှတ်ယူစေ၏။ ထိုကြောင့် သခင်ယေရှု၏ အမှုကို စိတ်ပါစွာ ဆောင်ရွက်ခြင်းမှုသည် သာယာသော ဘာသာတရားကို ထင်ရှားစေ၏။ သခင်ခရစ်တော် နောက်သို့ သာ၍ နီးကပ်ရင်းနှီးစွာ လိုက်သော သူတို့သည်၊ စိတ်ပျက်ညှိုးငယ်ခြင်း မရှိကြဟူသော အချက်ကို သတိပြုသင့်သည်” ဟု သူမက မေး၏။CCB1 41.3

    ထိုနောက် အခြား အချိန်အခါတွင် သူမက၊ “အချို့သော အမှုကိစ္စတို့၌ စိတ်ပျော်ရွှင်ခြင်း အမှုသည် ခရစ်ယာန်၏ ဂုဏ်အသရေနှင့် မညီညွတ်ဟု ထင်မှတ်ခဲ့ကြ၏။ သို့သော် ဤအချက်သည် မှား၏။ ကောင်းကင်တစ်ဝှမ်းလုံးသည် ပျော်ရွှင်ဖွယ်ရာ ဖြစ်၏” ဟု ရေးသားထား၏။ ၎င်းပြင် သင်သည် သူတစ်ပါးအား ပြုံ၍ ပြလျှင်၊ သင်သည် သူတစ်ပါး၏ ပြုံးပြခြင်းကို ခံရမည်။ သူတစ်ပါးအား သင်သည် ကြင်နာသော စကားကို ပြောဆိုလျှင်၊ သင့်အား ပြန်၍ ကြင်နာသော စကားကို ပြန်ပြောကြလိမ့်မည်ကို သူမသည် တွေ့ရှိရ၏။CCB1 42.1

    သို့ရာတွင် သူမသည် များစွာ စိတ်ဒုက္ခရောက်ခဲ့ရသော အချိန်အခါလည်း ရှိပေသည်။ သြစတြေလျကျွန်းတွင် ရှိသော သာသနာလုပ်ငန်းကို ကူညီရန် သူမသည် ထိုကျွန်းသို့ သွားရောက်ပြီးနောက် မကြာမီ ထိုသို့သော အချိန်အခါမျိုးနှင့် ကြုံကြိုက်ရ၏။ သူမသည် တစ်နှစ်နီးပါး အလွန်ပင် မကျန်းမမာ ဖြစ်လျက် ဝေဒနာ ပြင်းစွာ ခံစားရ၏။ သူမသည် အများအားဖြင့် အိပ်ရာပေါ်တွင်သာ နေရလျက် ညအခါတွင် နာရီ အနည်းငယ် ကြာသာ အိပ်ပျော်၏။ ဤအဖြစ်အပျက် အကြောင်းနှင့် ပတ်သက်၍ မိတ်ဆွေတစ်ဦးထံ ပေးသော စာတွင် သူမသည် ဤကဲ့သို့ ရေးထား၏။CCB1 42.2

    ကျွန်ုပ်သည် အားကိုးရာမဲ့ ဖြစ်နေသော အခြေအနေသို့ ရောက်ရှိနေသည်ကို တွေ့ရှိရသောအခါ၊ ကျယ်ပြန့်သော ပင်လယ်ကြီးများကို ဖြတ်ကျော်လျက် ရောက်လာရသည်အတွက် ဝမ်းနည်းမိပါသည်။ အဘယ်ကြောင့် ကျွန်ုပ်သည် အမေရိကန်ပြည်တွင် မနေသနည်း။ အဘယ်ကြောင့် ဤမျှ ဒုက္ခခံလျက် ဤတိုင်းပြည်သို့ ရောက်လာရသနည်း။ အကြာခဏ ကျွန်ုပ်သည် အိပ်ရာပေါ်တွင် မှောက်လျက် စိတ်ရှိလက်ရှိ ငိုကြွေးပစ်လိုက်ပါသည်။ သို့သော် ကျွန်ုပ်သည် ကြာမြင့်စွာ ထိုသို့ မျက်ရည်ကျမနေနိုင်ပါ။ ကျွန်ုပ်သည် မိမိကိုယ်ကို အယ်လင်ဂျီ၊ ဝှိုက်၊ ဒါဟာ ဘာ အဓိပ္ပါယ်လဲ။ ဋ္ဌာနချုပ်ကြီးက သင်သည် သြစတြေလျကျွန်းသို့ သွားဖို့ အသင့်တော်ဆုံး ဖြစ်သည်ဟု ဆုံးဖြတ်သည်အတိုင်း၊ သင်၌ သွားဖို့ တာဝန်ရှိသည်ဟု သင် ထင်မှတ်သောကြောင့်၊ သင်သည် သြစတြေးလျတိုက်သို့ ရောက်လာခဲ့ပြီ မဟုတ်လော။ သင်သည် ဤကဲ့သို့ ပြုလေ့ပြုထ ရှိခဲ့ပြီ မဟုတ်လောဟု မေးခဲ့ပြီ။CCB1 42.3