Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နိဒါန်း။
    သခင်ခရစ်တော်ကို ကြိုဆိုရန် ပြင်ဆင်ခြင်း။

    သခင်ယေရှုသည် မိမိတို့အတွက် လှပသော အိမ်ကို ပြင်ဆင်ရန် ကြွသွားတော်မူပြီးနောက် ထိုအိမ်သို့ မိမိတို့ကို ယူဆောင်သွားရန် ပြန်ကြွလာတော်မူမည့် အချိန်ကို သတ္တမနေ့ ဥပုသ်အသင်းသား အားလုံးတို့သည် မျှော်လင့်တောင့်တလျက် ရှိနေကြသည်။ ထိုကောင်းကင်အိမ်တော်တွင် အပြစ်ဒုစရိုက်၊ စိတ်ပျက်ခြင်း၊ ဆာငတ်မွတ်ခြင်း၊ ဆင်းရဲခြင်း၊ ဖျားနာခြင်း နှင့် သေခြင်းအမှုများ ရှိတော့မည် မဟုတ်။ သစ္စာရှိသော သူတို့ ခံစားရမည့် အခွင့်အရေးတို့ကို တမန်တော် ယောဟန်သည် ဆင်ခြင် အောက်မေ့သောအခါ၊ “ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်း အခွင့်ကို ငါတို့သည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ …. ယခုတွင် ငါတို့သည် ဘုရားသခင်၏ သား ဖြစ်ကြ၏။ နောက်မှ အဘယ်သို့သော သူ ဖြစ်မည်ဟု မထင်ရှားသေး၊ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတ္တံ့” ဟု မကြွေးကြော်ဘဲ မနေနိုင်ချေ။ ၁ ယော၊ ၃: ၁၊ ၂။CCB1 11.1

    အကျင့်တွင် သခင်ယေရှုနှင့် တူညီခြင်းသည် မိမိ၏ လူတို့အတွက် ဘုရားသခင် ရည်ရွယ်တော်မူချက် ဖြစ်၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် အညီ ဖန်ဆင်းထားခြင်းခံရသော လူ၏ အိမ်ထောင်များတို့သည် ဘုရားသခင်ကဲ့သို့ စုံလင်တော်မူသော အကျင့်တို့ကို ကျင့်ရကြမည် အကြောင်း အစအဦးကပင် ဘုရားသခင်သည် ကြံစည်ထားတော်မူပြီ။ ဤအကြောင်းအရာကို ဖြစ်မြောက်စေရန် ကျွန်ုပ်တို့၏ ပဋ္ဌမဦးဆုံး မိဘများသည် ဧဒင်ဥယျာဉ်၌ သခင်ခရစ်တော် နှင့် ကောင်းကင်တမန်များတို့ထံမှ မျက်နှာချင်းဆိုင်လျက် သွန်သင်ချက်များကို ခံယူရရှိခဲ့ရကြ၏။ သို့သော် လူသည် အပြစ်ပြုပြီးနောက် ကောင်းကင်သားများတို့နှင့် ဤကဲ့သို့ လွတ်လပ်စွာ ပြောဆိုခွင့် မရနိုင်ကြ။CCB1 11.2

    လူသည် လမ်းပြသွန်သင်သူ မရှိဘဲ မဖြစ်စေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၏ လူတို့အား မိမိ၏ အလိုတော်ကို ဖော်ပြရန် အခြားသော နည်းကို ရွေး ချယ်တော်မူ၏။ အလွန် ထူးခြားသော နည်းမှာ ပရောဖက်များအားဖြင့် ဖြစ်သည်။ ထိုသူတို့ကား လူတို့အား ကြားပြောရန် ဘုရားသခင်ထံတော်မှ သတင်းစကားကို ခံယူရရှိသော ယောက်ျား၊ မိန်းမများ ဖြစ်ကြသည်။ ဘုရားသခင်က ဣသရေလလူတို့အား၊ “သင်တို့တွင် ပရောဖက် ရှိလျှင်၊ ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသော ရူပါရုံအားဖြင့် ကိုယ်ကို ပြမည်။ သို့မဟုတ် အိမ်မက်အားဖြင့် ဗျာဒိတ်ပေးမည်” ဟု ဖော်ပြတော်မူ၏။ တော၊ ၁၂: ၆။CCB1 11.3

    ဘုရားသခင်၏ လူတို့သည် မိမိတို့ အသက်ရှင်နေသေးသော အချိန်ကာလ သာမက နောင်လာလတ္တံ့သော ခေတ်ကာလ အကြောင်းကို သိရှိနားလည်စေခြင်းငှါ၊ သူတို့အား ကြိုတင်သိမြင်စေမည် အကြောင်း ဘုရားသခင်သည် ကြံစည်ထားတော်မူ၏။ “အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန် ပရောဖက်တို့အား မဖော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။” (အာမုတ်၊ ၃: ၇။) ဤနည်းဖြင့် ဘုရားသခင်၏ လူများတည်းဟူသော အလင်း၏ သား (၁ သက်၊ ၅: ၅) တို့ကို လောကီသားများနှင့် ခြားနားစေ၏။CCB1 12.1

    ပရောဖက်၏ လုပ်ငန်းသည် နောင်ကာလအတွက် ကြိုတင်ဟောပြောမှုထက်ပင် သာ၍ များပြားပါသည်။ ကျမ်းစာ ခြောက်စောင်ကို ရေးသားခဲ့သော ပရောဖက် မောရှေသည် နောင်ကာလ ဖြစ်ပျက်မည့် အကြောင်းအရာကို အနည်းငယ်မျှလောက်သာ ရေးသားခဲ့၏။ သူ၏ လုပ်ငန်း အကြောင်းကို ဟောရှေက ဤကဲ့သို့ သာ၍ လေးနက်စွာ ဖော်ပြထားပါသည်။ “ထာဝရဘုရားသည် ပရောဖက်အားဖြင့် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ ကယ်နှုတ်၍ ပရောဖက်အားဖြင့်လည်း စောင့်မတော်မူ၏။” (ဟောရှေ၊ ၁၂: ၁၃။)CCB1 12.2

    ပရောဖက်ကို လူအချင်းချင်းက ခန့်ထားသည် မဟုတ်။ ကိုယ်တိုင်လည်း အလိုအလျောက် ဖြစ်လာသည် မဟုတ်။ လူ၏ စိတ်နှလုံးကို သိမြင်တော်မူသော ဘုရားသခင် တစ်ပါးတည်းသာလျှင် တစ်စုံတစ်ယောက်သော သူအား ပရောဖက်အဖြစ်နှင့် ရွေးချယ်ခန့်ထားနိုင်တော်မူ၏။ လုံးလုံး ဘုရားသခင်၏ တာဝန်ပင် ဖြစ်သည်။ ဘုရားသခင်၏ လူတို့နှင့် ဆိုင်သော ရာဇဝင်တွင် ကာလ အဆက်ဆက် ဘုရားသခင်သည် မိမိအတွက် စကားပြောဆိုစေရန် ယောက်ျား၊ မိန်းမတို့ကို ရွေးချယ်တော်မူခဲ့ကြောင်း အထူးသဖြင့် ထင်ရှားခဲ့ပြီ။CCB1 12.3

    ဘုရားသခင်၏ ကိုယ်စားတော်အဖြစ် ပြောဆိုရန် ရွေးချယ်ခြင်းခံရသော ဤယောက်ျား၊ မိန်းမများတည်းဟူသော ဤပရောဖက်တို့သည် သန့်ရှင်းသော ရူပါရုံ၌ ဘုရားသခင်က သူတို့အား ဖော်ပြတော်မူသော အရာများကို ပြောဆို၊ ရေးသားခဲ့ကြပြီ။ သူတို့၏ သတင်းစကားများတွင် ဘုရားသခင်၏ အဖိုးထိုက်သော နှုတ်ကပါတ်တော် ပါရှိ၏။ ဤပရောဖက်များအားဖြင့်၊ လူ၏ အိမ်ထောင်သားတို့သည် လူ၏ ဝိညာဉ်များအတွက် တိုက်ခိုက်လျက်ရှိနေသော တိုက်လှန်ပွဲ၊ သခင်ခရစ်တော် နှင့် ကိုယ်တော်၏ ကောင်းကင်တမန်များက တစ်ဖက်၊ စာတန် နှင့် သူ၏ တမန်များက တစ်ဖက် တိုက်ခိုက်နေသော စစ်ပွဲအကြောင်း သိရှိနားလည်ခွင့် ရရှိခဲ့ကြပြီ။ ကမ္ဘာမြေကြီး၏ နောက်ဆုံးကာလတွင် ဤတိုက်လှန်ပွဲ အကြောင်းကိုလည်းကောင်း၊ မိမိ၏ အမှုတော်ကို စောင့်ရှောက်ပြုစုရန် နှင့် မိမိတို့၏ သခင်ဘုရားကို စောင့်မျှော်နေကြသော ယောက်ျား၊ မိန်းမတို့တွင် ပါဝင်သော သူတို့၏ အကျင့်စာရိတ္တကို စုံလင်စေရန် ဘုရားသခင် စီမံတော်မူသော နည်းလမ်းများ အကြောင်းကိုလည်းကောင်း ကျွန်ုပ်တို့သည် သိရှိနားလည်ခွင့် ရရှိကြသည်။CCB1 13.1

    ကျမ်းစာကို ရေးသားသူတို့တွင် နောက်ဆုံးဖြစ်သော တမန်တော်များက ကျွန်ုပ်တို့အား နောက်ဆုံးကာလ၏ အဖြစ်အပျက်များ အကြောင်းကို ထင်ရှားစွာ ဖော်ပြထားကြပါသည်။ ပေါလုသည် “ခဲယဉ်းဆိုးယုတ်သော ကာလ” အကြောင်းကို ရေးသား၍၊ မိမိတို့ တပ်မက်ခြင်းအတိုင်း ပြုကျင့်လျက် ကဲ့ရဲ့ပြစ်တင်ပြီး “သခင်ဘုရား ကြွလာတော်မူမည်ဟူသော ဂတိတော်သည် ဘယ်မှာရှိသနည်း” ဟု ပြောဆိုနေသူတို့ အကြောင်းကို ပေတရုက သတိပေးထား၏။ “ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါ ထွက်သွား” သော စာတန်ကို ယောဟန်သည် မြင်ရသောကြောင့်၊ အသင်းတော်သည် ဤအချိန်ကာလတွင် တိုက်လှန်ပွဲ၌ ပါဝင်နေရလိမ့်မည်။CCB1 13.2

    သခင်ယေရှု ကြွလာတော်မမူမီ မိမိ၏ လူများအား ထူးခြားသော အလင်း နှင့် အကူအညီကို ပေးရန် ဘုရားသခင်သည် စီမံကြံစည်ထားတော်မူကြောင်း ကျမ်းစာကို ရေးသားသော ဤသူတို့သည် သိမြင်ရကြပြီ။CCB1 13.3

    သခင်ခရစ်တော် ကြွလာတော်မူခြင်းကို မျှော်လင့်နေသော အသင်းတော်တည်းဟူသော သတ္တမနေ့ ဥပုသ်အသင်းတော်သည် ဆုတော် တစ်စုံတစ်ခု မျှ မလျော့ဟု ဖော်ပြထား၏။ (၁ ကော၊ ၁: ၇၊ ၈။) ၎င်းသည် ကောင်းမြတ်သော ခေါင်းဆောင်၏ လက်အောက်၌ တစ်လုံးတစ်ဝတည်း ကြီးပွားလျက် ပရောဖက်ဉာဏ် တည်းဟူသော ဆုကျေးဇူးဖြင့် ကောင်းကြီးမင်္ဂလာကို ခံစားရလိမ့်မည်၊ အကြောင်းမူကား၊ ထိုအသင်းတော်တွင် တမန်တော်၊ ပရောဖက်၊ သာသနာပြုသူ၊ သင်းအုပ် နှင့် ဆရာများကို တွေ့ရှိရလိမ့်မည်။ (ဧ၊ ၄: ၁၁။)CCB1 13.4

    တမန်တော် ယောဟန်က နောက်ဆုံးကာလရှိ အသင်းတော်တည်းဟူသော “ကျန်ကြွင်းသော အသင်းတော်” တွင် ပါဝင်သော သူတို့အား “ဘုရားသခင်၏ ပညတ်တော်ကို ကျင့်” သော သူများ ဖြစ်သည်ဟု ဖော်ပြထား၏။ ဗျာ၊ ၁၂: ၁၇။ ထိုသို့အားဖြင့် သူတို့အား ပညတ်တော်တို့ကို ကျင့်သော အသင်းတော် ဖြစ်စေ၏။ ဤကျန်ကြွင်းသော အသင်းတော်သည် သခင်ယေရှု၏ သက်သေ ဖြစ်သည်။ “ပရောဖက် ဟောသော စကားချက် သဘော” ကိုလည်း ရရှိထားကြ၏။ (ဗျာ၊ ၁၉: ၂၀။)CCB1 14.1

    အနာဂတ်စကားနှင့် ဆိုင်သော အသင်းတော် ဖြစ်သည့် သတ္တမနေ့ ဥပုသ်အသင်းသည် ဘုရားသခင်၏ စီမံကိန်းအတိုင်း ဖြစ်ပေါ်လာသောအခါ၊ ၎င်းတွင် ပရောဖက် ဟောသော စကားချက် သဘော ရှိလာလိမ့်မည်ကို အသေအချာ ထင်ရှား၏။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာ အထက်က အထူး လိုအပ်သော အချိန်ကာလတွင် ဘုရားသခင်သည် မိမိ၏ လူများတို့အား မိန့်တော်မူခဲ့သည် နည်းတူ၊ တိုက်လှန်ပွဲသည် အလွန် ပြင်းထန်၍ ခေတ်ကာလသည် အလွန် ဆိုးယုတ်လာသောအခါ၊ ဘုရားသခင်သည် မိမိ၏ လူတို့အား မြေကြီး၏ နောက်ဆုံးကာလ၌ မိန့်တော်မူဖို့ မည်မျှ ဆီလျော်လိမ့်မည်နည်း။CCB1 14.2

    အနာဂတ်စကားနှင့် ဆိုင်သော အသင်းတော်တည်းဟူသော သတ္တမနေ့ ဥပုဿ်အသင်းသည် အနာဂတ်စကားအားဖြင့် သတ်မှတ်ထားသော အချိန်တွင် အနှစ်တစ်ရာကျော် အထက်က ဖြစ်ပေါ်လာသောအခါ၊ “ဘုရားသခင်သည် ကျွန်ုပ်အား သန့်ရှင်းသော ရူပါရုံတွင် ဖော်ပြတော်မူ၏” ဟု ပြောဆိုသော စကားသံ တစ်ခုကို ကျွန်ုပ်တို့အထဲတွင် ကြားရလေ၏။CCB1 14.3

    ဤအရာတို့သည် ကြွားဝါ၍ ပြောသော စကားများ မဟုတ်ပါ။ ဘုရားသခင်အတွက် တစ်ဆင့်ပြောဆိုရန် ရွေးချယ်ခြင်းခံရ၍ အသက် ဆယ့်ခုနစ်နှစ်ရှိ မိန်းမပျို တစ်ဦးက ပြောဆိုသော စကားများ ဖြစ်ပါသည်။ နှစ်ပေါင်းခုနစ်ဆယ်ကြာ သစ္စာနှင့် အမှုတော် ဆောင်ရွက်လျက်နေစဉ်၊ ထိုအသံကို ကျွန်ုပ်တို့အထဲတွင် ကြားရပြီး ကျွန်ုပ်တို့အား လမ်းပြသွန်သင် ဆုံးမလျက်ရှိခဲ့ပြီ။ ဘုရားသခင် ရွေးချယ်တော်မူသော စေတမန် ဖြစ်သူ၊ မစ္စစ် အီ၊ ဂျီ၊ ဝှိုက်၏ ကလောင်ဖြင့် မမောမပန်း ရေးသားခဲ့သည့် ထောင်ပေါင်းများစွာသော စာမျက်နှာတို့အားဖြင့် ယခုခေတ်တွင် ထိုစကားသံကို ကျွန်ုပ်တို့သည် ကြားနေရကြသေးသည်။CCB1 14.4