Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သက်သေခံချက်များ နှင့် ဖတ်သော သူများ။

    အနှစ် ခုနစ်ဆယ်ပတ်လုံး အယ်လင်၊ ဂျီ၊ ဝှိုက်သည် ဘုရားသခင်က သူမအား ဗျာဒိတ်ပေးတော်မူသော အရာတို့ကို နှုတ်အားဖြင့် ပြောပြလျက် စာအုပ်များတွင် ရေးသား ဖော်ပြခဲ့၏။ မကြာခဏ ကျမ်းစာ၏ သမ္မာတရားများမှ လမ်းလွဲသွားသော သူတို့ကို ဆုံးမပြုပြင်ရန် အကြံဉာဏ်များကို ဖော်ပြတတ်သည်။ မကြာခဏ မိမိ၏ လူများအား ဘုရားသခင်က လိုက်လျှောက်စေလိုတော်မူသော လမ်းကို ၎င်းတို့က ညွှန်ပြ၏။ မကြာမကြာ သက်သေခံချက်တို့သည် အသက်တာ၏ အခြေအနေ၊ အိမ်ထောင် နှင့် အသင်းတော်တို့၏ အဖြစ်အပျက်တို့နှင့် သက်ဆိုင်သော အရာတို့ကို ဖော်ပြ၏။ အသင်းတော်သားများတို့သည် ဤသတင်းစကားများကို မည်ကဲ့သို့ လက်ခံကြသနည်း။CCB1 58.2

    သူမ၏ လုပ်ငန်းကို အစပြုသည့်အခါမှ စ၍ တာဝန်ရှိသော သာသနာ ခေါင်းဆောင်တို့သည် သူမက ဖော်ပြသော ပရောဖက်ဉာဏ်သည် အစစ်အမှန် ဖြစ်ကြောင်း မိမိတို့ ကိုယ်တိုင် အသေအချာ စိတ်ချယုံကြည်ရန် သူမ၏ လုပ်ငန်းတို့ကို လေ့လာ စစ်ဆေးခဲ့ကြပြီ။ တမန်တော် ပေါလုက “ပရောဖက်ပြုခြင်းကို မထီမဲ့မြင် မမှတ်ကြနှင့်။ ခပ်သိမ်းသော အရာတို့ကို စုံစမ်း၍ ကောင်းသော အရာကို အမြဲ စွဲကိုင်လော့” ဟု သြဝါဒ ပေးထား၏။ ၁ သက်၊ ၅: ၂၀၊ ၂၁။ ပရောဖက်ကို ကျမ်းစာက စစ်ဆေးသော နည်းတို့ကို မစ္စစ်ဝှိုက်၏ လုပ်ငန်းပေါ်တွင်လည်း အသုံးပြုခဲ့၏။ ဤစုံစမ်း စစ်ဆေးခြင်းသည်လည်း သူမက အလိုရှိသည်အတိုင်း ဖြစ်ပေ၏။ အကြောင်းကား၊ သူမက ဤကဲ့သို့ ရေးသားထား၏။CCB1 59.1

    “ဤလုပ်ငန်းသည် ဘုရားသခင်၏ လုပ်ငန်း ဖြစ်၏။ သို့မဟုတ်၊ ၎င်းသည် ထိုသို့ မဖြစ်ပါ။ ဘုရားသခင်သည် စာတန် နှင့်အတူ တွဲဖက်၍ မည်သည့် အမှုကိုမျှ ပြုတော်မမူ။ လွန်ခဲ့သော အနှစ်သုံးဆယ် အတွင်းက ကျွန်ုပ်၏ လုပ်ငန်း၌ ဘုရားသခင်၏ တံဆိပ်တော် နှိပ်ခတ်လျက်ရှိ၏၊ သို့မဟုတ် စာတန်၏ တံဆိပ်ကို နှိပ်ခပ်ထားလျက်ရှိ၏။ အမှုကိစ္စတွင် ကြားထဲ၌ ရှိနေသော လုပ်ငန်းဟူ၍ မရှိချေ။”CCB1 59.2

    ကျမ်းစာက ပရောဖက်ကို စစ်ဆေးစုံစမ်းရန် နည်းလေးမျိုးကို ပေးထား၏။ မစ္စစ်ဝှိုက်၏ လုပ်ငန်းသည် စုံစမ်းစစ်ဆေးခြင်းအမှု အသီးအသီးကို ခံရပ်နိုင်၏။CCB1 59.3

    ၁။ မှန်သော ပရောဖက်၏ သတင်းစကားသည် ဘုရားသခင်၏ ပညတ်တော်နှင့် လည်းကောင်း၊ ပရောဖက်တို့၏ သတင်းစကားများနှင့် လည်းကောင်း ညီညွတ်ခြင်း ရှိရမည်။ (ဟေရှာ၊ ၈: ၂၀။)CCB1 59.4

    အီ၊ ဂျီ၊ ဝှိုက် ရေးသားထားသော စာအုပ်များသည် ဘုရားသခင်၏ ပညတ်တော်ကို ချီးမြှောက်၍ ယောက်ျား၊ မိန်းမတို့အား ကျမ်းစာနှင့် လုံးလုံး ညီညွတ်စေရန် လမ်းပြ သွန်သင်ပေး၏။ သူမသည် သမ္မာကျမ်းစာကို၊ ယုံကြည်ခြင်း နှင့် အကျင့်ဓလေ့တို့၏ စည်းကမ်း ဥပဒေ အဖြစ်နှင့် လည်းကောင်း၊ သူမ ရေးသားသော စာအုပ်များ တည်းဟူသော သာ၍ “အားနည်းသော အလင်း” က ၎င်းတို့ကို ဖတ်သော သူအပေါင်းတို့အား ရောက်ရှိသွားစေသော ကြီးသော အလင်း အဖြစ်နှင့် လည်းကောင်း ညွှန်ပြထား၏။ ၂။ မှန်သော ပရောဖက်က ကြိုတင် ဟောပြောသော အချက်တို့သည် ပြည့်စုံခြင်းသို့ ရောက်ရမည်။ (ယေ၊ ၂၈: ၉။)CCB1 59.5

    မစ္စစ်ဝှိုက်၏ လုပ်ငန်းသည် လူများတို့အား လမ်းပြ ပို့ဆောင်ရာ၌ မောရှေ၏ လုပ်ငန်းနှင့် များစွာ တူသော်လည်း၊ ဖြစ်ပျက်မည့် အကြောင်းအရာတို့ကို ကြိုတင် ဟောပြောသကဲ့သို့ သူမသည် ရေးသား ဖော်ပြထား၏။ ၁၈၄၈ ခုနှစ်တွင် စာပုံနှိပ်လုပ်ငန်းကို ကျွန်ုပ်တို့ အစပြု တည်ထောင်စဉ်အခါက၊ ၎င်းလုပ်ငန်းသည် လောက တစ်ဝှမ်းလုံးကို အလင်းတရားနှင့် ဖုံးလွှမ်းသွားစေသည်တိုင်အောင် တိုးတက်ကြီးပွားသွားလိမ့်မည်ဟု သူမက ပြောပြ၏။ ယနေ့ သတ္တနေ့ ဥပုသ် အသင်းက ဘာသာစကားမျိုးပေါင်း ၂၀၀ နှင့် နှစ်စဉ် ကျပ်ပေါင်း ၉၅, ၀၀၀, ၀၀၀ ကျော် တန်ဖိုးရှိသော စာပေ များကို ရိုက်နှိပ်ဖြန့်ဖြူး၏။CCB1 60.1

    ၁၈၉၀ ပြည့်နှစ်တွင်၊ လောကရှိ လူများက စစ်မက် တိုက်ခိုက်ခြင်း မရှိတော့ဘဲ၊ မိလေနိကာလ တည်းဟူသော အနှစ်တစ်ထောင် ကာလ ရောက်လာတော့မည်ဟု ပြောဆိုကြသောအခါ၊ မစ္စစ်ဝှိုက်က၊ “မုန်တိုင်းသည် ရောက်လာနေပြီ ဖြစ်၍ ကျွန်ုပ်တို့သည် ၎င်း၏ ပြင်းထန်သော တိုက်ခတ်ခြင်းအတွက် အသင့် ပြင်ဆင်ထားရကြမည်။ …. နေရာတကာတွင် ဒုက္ခဆင်းရဲခြင်းကို ကျွန်ုပ်တို့ မြင်ရကြမည်။ ထောင်ပေါင်းများစွာသော သင်္ဘောတို့သည် ပင်လယ်၌ နှစ်မြှပ်ခြင်း ခံရကြလိမ့်မည်။ ၎င်းပြင် လူအပေါင်းတို့သည် သန်းနှင့်ချီလျက် မိမိတို့ အသက်ကို စွန့်ရကြလိမ့်မည်” ဟု ရေးသားထား၏။ ဤစကားသည် ပဋ္ဌမ နှင့် ဒုတိယ ကမ္ဘာစစ်ကြီးများအားဖြင့် ပြည့်စုံသွား၏။CCB1 60.2

    ၃။ သခင်ယေရှုသည် လူဇာတိကို ခံယူလျက် ကြွလာတော်မူသည်ကို လည်းကောင်း၊ ဘုရားသည် လူဇာတိကို ခံယူလျက် မွေးဖွားခြင်းကို ခံတော်မူသည်ကို လည်းကောင်း၊ မှန်သော ပရောဖက်သည် ဝန်ခံ၏။ (၁ ယော၊ ၄: ၂။)CCB1 60.3

    ခေတ်ကာလ အဆက်ဆက်က တောင့်တသော အရာဟု အဓိပ္ပါယ်ရှိသော Desire of Ages အမည်ရှိ စာအုပ်ကို ဖတ်ခြင်းအားဖြင့် အယ်လင် ဂျီ၊ ဝှိုက်၏ လုပ်ငန်းများသည် ဤစစ်ဆေးခြင်းနှင့် ညီညွတ်ကြောင်း ထင်ရှားသည်ကို တွေ့ရမည်။ ဤစကားများကို စေ့စေ့ ကြည့်ရှုလေ့လာပါ။CCB1 60.4

    “သခင်ယေရှုသည် ခမည်းတော်၏ အပါး၌ နေမြဲနေနိုင်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်၏ ဘုန်းအသရေ နှင့် ကောင်းကင်တမန်တို့၏ ရိုသေလေးစားခြင်း အမှုကို ရယူထားနိုင်တော်မူ၏။ သို့ရာတွင် ကိုယ်တော်သည် ရာဇလှံတံတော်ကို ခမည်းတော်၏ လက်တော်သို့ ပြန်အပ်ပေး၍၊ မှောင်မိုက် ဖုံးလွမ်းနေသော သူတို့အား အလင်းကို လည်းကောင်း၊ ပျက်စီးနေသော သူတို့အား အသက်ကို လည်းကောင်း ပေးနိုင်မည် အကြောင်း၊ စကြာဝဠာ၏ ရာဇပလ္လင်ပေါ်မှ ဆင်းသက်တော်မူရန် ရွေးချယ်တော်မူပြီ။”CCB1 61.1

    နှစ်ပေါင်း နှစ်ထောင်နီးပါး အထက်က၊ ကောင်းကင်တွင် “အကျွန်ုပ်သည် သွားပါမည်” ဟု ဘုရားသခင်၏ ပလ္လင်တော်မှ နက်နဲသော အဓိပ္ပါယ် ပါရှိသည့် စကားသံ တစ်ခုကို ကြားရ၏။ “ကိုယ်တော်သည် ယဇ် နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အကျွန်ုပ်အဖို့ ကိုယ်ခန္ဓာတော်ကို ပြင်ဆင်တော်မူပြီ။ …. ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထားသည်နှင့် အညီ၊ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်။” ဟေ၊ ၁၀: ၅-၇။ ဤစကားများတွင် ထာဝရကာလ အဆက်ဆက်ကပင် ဝှက်ထားလျက်ရှိခဲ့သော အကြံတော်ကို ပြည့်စုံစေခဲ့ပြီ ဖြစ်ကြောင်း ကြော်ငြာထား၏။ သခင်ခရစ်တော်သည် ကျွန်ုပ်တို့၏ လောကသို့ ကြွလာ၍ လူ့ဇာတိကို ခံယူရန် ပြင်ဆင်နေတော်မူ၏။ …. လောကသားတို့၏ မျက်မှောက်၌ ကိုယ်တော်သည် သူတို့ အလိုရှိသော တင့်တယ်ခြင်းနှင့် ပြည့်စုံတော်မမူ။ သို့သော် ကိုယ်တော်သည် လူ့ဇာတိကို ခံယူနေသော ဘုရား၊ ကောင်းကင် နှင့် မြေကြီး၏ အလင်း ဖြစ်တော်မူ၏။ ကိုယ်တော်၏ ဘုန်းတော်ကို ဖုံးအုပ်ကာကွယ်ထားတော်မူ၏။ ကိုယ်တော်သည် ဝမ်းနည်းခြင်းနှင့် ပြည့်ဝနေလျက် သွေးဆောင်ခြင်း ခံနေရသော လူတို့ထံ ချဉ်းကပ်နိုင်မည် အကြောင်း၊ ကိုယ်တော်၏ မြင့်မြတ်ခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း အဖြစ်တို့ကို ကွယ်ဝှက်ထားတော်မူ၏။”CCB1 61.2

    ၄။ မှန်သော ပရောဖက်ကို စစ်ဆေးရာ၌ အကောင်းဆုံး အသေချာဆုံးနည်းမှာ သူ၏ အသက်တာ၊ သူ၏ အလုပ် နှင့် သူ၏ သွန်သင် သြဝါဒပေး ချက်တို့၏ သြဇာညောင်းမှုတို့တွင် တွေ့ရှိနိုင်သည်။ သခင်ခရစ်တော်သည် ဤစစ်ဆေးခြင်း အမှု အကြောင်းကို၊ မ၊ ၇: ၁၅၊ ၁၆ တွင် ထင်ရှားစွာ ဖော်ပြထားပါသည်။ “ထိုသူတို့၏ အကျင့်ကို ထောက်၍ သူတို့၏ သဘောထားကို သိကြလိမ့်မည်။”CCB1 61.3

    အယ်လင်၊ ဂျီ၊ ဝှိုက်၏ အသက်တာ အကြောင်းကို ကျွန်ုပ်တို့သည် စစ်ဆေးကြည့်ကြသောအခါ၊ သူမသည် မိမိက သွန်သင် သြဝါဒပေးခဲ့သော အရာများနှင့် ညီညွတ်သော ခရစ်ယာန် အသက်တာတွင် နေထိုင်ခဲ့ပြီး ကျွန်ုပ်တို့က ပရောဖက်၌ မျှော်လင့်ထားသော အချက်များနှင့် ညီညွတ်သော ဂုဏ်အင်္ဂါ လက္ခဏာ ရှိကြောင်း ကျွန်ုပ်တို့ တွေ့ရှိရကြသည်။ ပရောဖက် ဟောသော စကားချက် သဘော၏ အကြံဉာဏ်ပေးချက်များကို လိုက်နာ စောင့်ရှောက်သော သူတို့၏ အသက်တာတွင် ထင်ရှားသော သူတို့၏ အကျင့်များကို ကျွန်ုပ်တို့ ကြည့်ရှုစစ်ဆေးကြသောအခါ၊ ကောင်းသည်ကို တွေ့ရှိရကြ၏။ သက်သေခံချက်တို့သည် အသင်းတော်ကို ကြည့်လျှင်၊ ဤအကြံဉာဏ်ပေးချက်များအားဖြင့် ကျွန်ုပ်တို့သည် လုပ်ငန်း အမျိုးမျိုးတို့တွင် လမ်းညွန်ပေးခြင်း ခံရကြသည်ကို သိရကြသဖြင့် မစ္စစ်ဝှိုက်၏ လုပ်ငန်းသည် ဤစစ်ဆေးခြင်းနှင့် ညီညွတ်သည်ဟု ကျွန်ုပ်တို့သည် ဝန်ခံရကြမည်။ အနှစ် ၇၀ ကာလပတ်လုံး ရေးသားခဲ့သော စာစောင်များရှိ သြဝါဒတို့သည် တစ်သဘောတည်း ရှိခြင်းကို ထောက်ရှုခြင်းအားဖြင့် ဤဆုကျေးဇူးသည် စုံလင်ကြောင်းကိုလည်း အသေအချာ သက်သေခံပေသည်။CCB1 62.1