Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၂။—အမှုကုန်ဆုံးရာ ကာလ။

    ကျွန်ုပ်တို့သည် အမှု ကုန်ရသည် ကာလတွင် အသက်ရှင်နေကြသည်။ ခေတ်ကာလ၏ နိမိတ်လက္ခဏာများ အလျင်အမြန် ပြည့်စုံနေခြင်း အမှုအားဖြင့် သခင်ခရစ်တော် ကြွလာတော်မူခြင်း အမှုသည် ရောက်လုနီးကြောင်း ထင်ရှားလျက်ရှိ၏။ ကျွန်ုပ်တို့ အသက်ရှင်လျက် နေရကြသော ကာလသည် တရားကို ကြည်ညိုလေးစား၍ အရေးကြီးသောအခါ ဖြစ်ပေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို တစ်ဖြည်းဖြည်း အသေအချာ မြေကြီးပေါ်မှ ရုပ်သိမ်းလျက် ရှိ၏။ ဘုရားသခင်၏ ကျေးဇူးတော်ကို ရှုတ်ချသော သူတို့အပေါ်သို့ ဘေးဒဏ်များ နှင့် တရားစီရင်ချက်တို့သည် ကျရောက်လျက် ရှိလေပြီ။ မြေကြီးပေါ် နှင့် ပင်လယ်သမုဒ္ဒရာပေါ်၌ ကြီးစွာသော ဘေးဒုက္ခများ၊ အဖွဲ့အစည်းတို့၏ မဆုံးဖြတ်နိုင်သော အခြေအနေ၊ စစ်တိုက်ခြင်း အကြောင်း ခြိမ်းခြောက်နေခြင်း အမှုတို့သည် နိမိတ်ပြနေကြပြီ။ ၎င်းတို့ကား အလွန်ပင် ကြီးကျယ်သော အဖြစ်အပျက်ကြီးများ ရောက်လာတော့မည် အကြောင်းကို ကြိုတင် နိမိတ်ပြေးနေကြပြီ။CCB1 76.1

    နတ်ဆိုး၏ ကိုယ်စားလှယ်များသည် မိမိတို့၏ စစ်မက်အင်အားများကို စုဆောင်း၍ ခိုင်မာတောင့်တင်းစေကြပြီ။ သူတို့သည် နောက်ဆုံးအရေး ဆိုက်ရောက်ရာ အမှုကြီးအတွက် ခွန်အားဖြည့်လျက် ရှိကြသည်။ ကျွန်ုပ်တို့၏ လောကကြီးတွင် မကြာမီ အကြီးအကျယ် ပြောင်းလဲခြင်း အမှုများ ဖြစ်ပေါ်လာတော့မည်။ ၎င်းပြင် နောက်ဆုံး ပြုလုပ်မည့် အမှုများသည် အလွန် လျင်မြန်သော အမှုများ ဖြစ်ရလိမ့်မည်။CCB1 76.2

    လောကရှိ ခပ်သိမ်းသော အမှုအရာတို့၏ အခြေအနေကို ထောက်ခြင်းဖြင့် ဒုက္ခဆင်းရဲခြင်း ကာလသည် ကျွန်ုပ်တို့ အပေါ်သို့ သက်ရောက်လာနေကြောင်း ထင်ရှား၏။ မကြာမီကာလတွင် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲကြီးများ ဖြစ်တော့မည် အကြောင်း ဖော်ပြထားသော အချက်တို့သည် နေ့စဉ် သတင်းစာများတွင် ပြည့်နေပြီ။ ရဲတင်းစွာ ဓါးပြတိုက်မှုများသည် မကြာခဏ ဖြစ်ပေါ်လာပြီ။ သပိတ်မှောက် ကိစ္စများမှာ အများ အပြား ဖြစ်နေ၍ ရိုးနေပြီ။ နေရာတိုင်း၌ ဖေါက်ထွင်းခိုးယူမှု၊ လူသတ်မှုများကို ကျူးလွန်နေကြပြီ။ နတ်ဆိုးစွဲနေသော လူများသည် ယောက်ျား၊ မိန်းမ နှင့် ကလေးသူငယ်တို့၏ အသက်များကို သတ်ဖြတ်နေကြပြီ။ လူတို့သည် မကောင်းမှုများ၌ စိတ်စွဲလမ်းလျက် ဒုစရိုက်အပြစ် အမျိုးမျိုးသည် ဖြစ်ပေါ်နေလျက် ရှိပြီ။CCB1 76.3

    ရန်သူသည် တရားသဖြင့် ပြုခြင်းအမှုကို လွှဲဖယ်ရာ၌ လည်းကောင်း၊ လူတို့၏ စိတ်နှလုံးတွင် ကိုယ်ကျိုးရှာ အမြတ်ကြီးစားလိုသော စိတ်ကို ဖြစ်ပေါ်စေရာ၌ လည်းကောင်း အောင်မြင်လေပြီ။ “တရားသည် အဝေးက ရပ်နေ၏။ သစ္စာသည် လမ်း၌ လဲပြီ။ ဖြောင့်မတ်သော သဘော မဝင်နိုင်ရာ။” ဟေရှာ၊ ၄၉: ၁၄။ မြို့ကြီးများတွင် လူထုများစွာသည် ဆင်းရဲ၍ အတိဒုက္ခရောက်နေကြလျက် အစားအသောက်၊ အဝတ်အထည်၊ ခိုလှုံစရာနေရာတို့ပင် မရှိသလောက် ဖြစ်နေကြပြီ။ သို့ရာတွင် ထိုမြို့ကြီးများ၌ပင် မိမိတို့ စိတ်နှလုံး အလို ပြည့်စုံသည်ထက် ပိုမို ကြွယ်ဝနေသော သူ၊ အလွန် ခမ်းနားစွာ နေထိုင်လျက် မိမိတို့၏ ကြေးငွေများကို အလွန် ကြွယ်ဝစွာ ပြုပြင်မွမ်းမံထားသော တိုက်ကြီးများ၊ ကိုယ်ပေါ်၌ ဆင်မြန်းရန် လက်ဝတ်တန်ဆာများ၊ သို့မဟုတ် သာ၍ ဆိုးရွားသော အရာများ တည်းဟူသော မိမိတို့ ကိုယ်ကာယ တပ်မက်ခြင်းကို ဖြည့်တင်းမှုများ၊ အရက်သေစာ၊ ဆေးလိပ်၊ စီးကရက်မှ စ၍ မိမိတို့ ဦးနှောက် အစွမ်းသတ္တိများကို ဖျက်ဆီး၍ စိတ်အခြေအနေကို မညီညွတ်စေလျက် ဝိညာဉ်ကို ယုတ်ညံ့စေသော အရာမှန်သမျှတို့ အပေါ်၌ သုံးဖြန်းလျက် ရှိကြသည်။ ငတ်မွတ်နေသော လူသတ္တဝါတို့၏ ကြွေးကြော်သံသည် ထာဝရဘုရား၏ ရှေ့တော်သို့ တက်ရောက်လျက် ရှိရာတွင် ညှင်းဆဲ၊ အဓမ္မတောင်းယူခြင်း အမှု အမျိုးမျိုးဖြင့် လူများတို့သည် အလွန် ကြီးမားသော ဥစ္စာဓနများကို စုပုံသိုလှောင်နေကြလေပြီ။CCB1 77.1

    ညအခါတွင် ရူပါရုံ၌ တစ်ထပ်ပြီး တစ်ထပ် ကောင်းကင်တိုင်အောင် မြင့်တက်သွားသော တိုက်အိမ်ကြီးများကို ကြည့်ရှုရန် ကျွန်ုပ်အား ခေါ်၍ ပြတော်မူ၏။ ဤတိုက်ကြီးများသည် မီးမလောင်နိုင်အောင် စီမံပြုလုပ်ထားကြ၍ ၎င်းတို့မှာ ၎င်းတို့ကို ပိုင်သော သူ နှင့် ဆောက်လုပ်သော သူများ၏ ဂုဏ်ကို ထင်ရှားစေခြင်းငှါ တည်ထားကြ၏။ ဤတိုက်ကြီးများသည် တစ်ဖြည်းဖြည်း မြင့်တက်လာကြပြီး အဖိုးအတန်ဆုံး ဝတ္ထုပစ္စည်းများကို အသုံးပြုထားကြ၏။ ဤအ ဆောက်အဦးကို ပိုင်သော သူတို့က၊ “ငါတို့သည် မည်ကဲ့သို့ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်ကြမည်နည်း။” ဟု မိမိတို့ ကိုယ်ကို မေးမြန်းခြင်း မပြုဘဲ နေကြ၏။ သူတို့သည် ထာဝရဘုရား အကြောင်းကို စဉ်းစားခြင်း မရှိကြ။CCB1 77.2

    ဤတိုက်ကြီးများသည် မြင့်တက်သွားကြစဉ်၊ သူတို့သည် မိမိတို့ စိတ်ကျေနပ်ဖွယ် ဖြစ်လျက် အိမ်နီးချင်းတို့အား မနာလိုစေလောက်အောင် ငွေကို ဖြုန်းသုံးနိုင်ကြသဖြင့် သူတို့သည် ကြွားဝါသော စိတ်နှင့် ဝမ်းမြောက်ဝမ်းသာ ရှိကြ၏။ ထိုသို့ သူတို့ အသုံးပြု စုဆောင်းထားကြသော ငွေတို့ကို အဓမ္မ တောင်းခံခြင်း၊ ဆင်းရဲသားတို့အား ညှဉ်းဆဲနှိပ်စက်ခြင်းအားဖြင့် ရရှိကြသည်။ ကောင်းကင်တွင် အလုပ်အကိုင် အသီးအသီး အကြောင်း မှတ်တမ်းတင်ထားသည်ကို သူတို့သည် မေ့လျော့နေကြ၏။ မတရားသော အမှု၊ လိမ်လည်လှည့်ဖြားခြင်း အမှု ရှိသမျှကို ကောင်းကင်၌ ရေးမှတ်ထား၏။CCB1 78.1

    နောက်တစ်ဖန် ကျွန်ုပ်ရှေ့၌ ပေါ်လာသော ရှုခင်းကား မီးလောင်၍ ကြောက်လန့်နေကြခြင်း ဖြစ်၏၊ လူတို့သည် မီးမလောင်နိုင်ရာဟု ထင်သော တိုက်မြင့်ကြီးများကို ကြည့်လျက် “၎င်းတို့သည် လုံးလုံး မပျက်စီးနိုင်” ဟု ပြောဆိုကြ၏။ သို့ရာတွင် ဤတိုက်ကြီးများသည် ထင်းရူးသားနှင့် ပြုလုပ်ထားသကဲ့သို့ လောင်ကျွမ်းကုန်ကြ၏။ မီးသတ်သမားတို့သည် မီးစက်များဖြင့် မီးကို ငြိမ်းသတ်ခြင်းငှါ မပြုလုပ်နိုင်ကြ။CCB1 78.2

    သခင်ဘုရား ကြွလာတော်မူသောအခါ၊ မာနကြီး၍ လောဘ ရမ္မက်ကြီးသော လူတို့၏ စိတ်နှလုံးတွင် ပြောင်းလဲခြင်း မရှိသေးခဲ့လျှင်၊ လူတို့ကို ကယ်တင်ရန် ခွန်အား ရှိသော လက်တော်သည် ဖျက်ဆီးခြင်းငှါလည်း ခွန်အား ရှိတော်မူကြောင်းကို လူတို့သည် တွေ့ရှိရကြလိမ့်မည်။ လောကီ အစွမ်းသတ္တိ တစ်ခုမျှ ဘုရားသခင်၏ လက်တော်ကို မတားဆီးနိုင်။ ဘုရားသခင်၏ ပညတ်တော်ကို ဂရုမစိုက်ဘဲ နေခြင်း၊ ကိုယ်ကျိုးရှာသော လောဘ ရမ္မက် ရှိခြင်းတို့ကြောင့်၊ လူတို့အပေါ်၌ အကျိုးအပြစ်ကို ဆပ်ရန် ဘုရားသခင် ချိန်းချက်တော်မူသော အချိန် ရောက်လာသောအခါ၊ ပျက်စီးခြင်းမှ ကာကွယ် တားဆီးနိုင်မည့် အရာဝတ္ထု တစ်စုံတစ်ခုကိုမျှ တိုက်များ တည်ဆောက်ရာတွင် အသုံးပြုဖို့ မရနိုင်။CCB1 78.3

    အဖွဲ့အစည်းတို့၏ ယခု အခြေအနေကို ဖြစ်စေသော အကြောင်းရင်းတို့ကို သိနားလည်နိုင်သော သူများစွာ မရှိ၊ ပညာတတ်များ နှင့် နိုင်ငံရေး ခေါင်းဆောင်များ အထဲမှာပင် မရှိချေ။ အကျင့်စာရိတ္တ ပျက်စီးခြင်း အမှု၊ ဆင်းရဲဒုက္ခရောက်ခြင်း၊ ပစ္စည်းဥစ္စာမဲ့ခြင်း၊ ရာဇဝတ်မှုများ တိုးပွားများပြားခြင်း အမှုနှင့် ဆိုင်ရာ ပြဿနာတို့ကို တိုင်းပြည်ကို အုပ်ချုပ်စိုးမိုးနေသော သူများသည် မဖြေရှင်းနိုင်ကြချေ။ သူတို့သည် စီးပွားဥစ္စာ ရှာဖွေရေး လုပ်ငန်းတို့တွင် သာ၍ လုံခြုံခိုင်ခံ့သော အခြေခံ အချက်တို့ကို အချည်းနှီး ရှာဖွေကြိုးစားနေကြ၏၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သွန်သင် သြဝါဒပေးထားသော စကားများကို သာ၍ ဂရုစိုက်ကြလျှင် သူတို့အား ရှုပ်ထွေးစေသော ပြဿနာများကို ဖြေရှင်းနိုင်ကြလိမ့်မည်။CCB1 79.1

    သခင်ခရစ်တော် ကြွလာခါနီးတွင် လောက၌ ဖြစ်ပျက်မည့် အခြေအနေ အကြောင်း ကျမ်းစာက ဖော်ပြထားပါသည်။ ဓါးပြတိုက်ခြင်း၊ အဓမ္မ တောင်းဆိုခြင်းအားဖြင့် ပစ္စည်းဥစ္စာ ရွှေငွေတို့ကို အကြီးအကျယ် စုဆောင်းထားကြသော လူတို့ အကြောင်းနှင့် စပ်ဆိုင်၍ ဤကဲ့သို့ ရေးသားထား၏။ “နောက်ဆုံးသော နေ့ရက်ကာလအဖို့ ဘဏ္ဍာကို ဆည်းပူးကြပြီတကား။ နားထောင်ကြ၊ သင်တို့ လယ်ကွက်၌ ရိတ်သော လူတို့ကို လှည့်စား၍ အခ မပေးဘဲ နေသောကြောင့်၊ ထိုအခသည် ကြွေးကြော်လေ၏။ ရိတ်သော သူတို့၏ အော်ဟစ်ခြင်း အသံသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နားတော်ထဲသို့ ဝင်လေပြီ။ သင်တို့သည် မြေကြီးပေါ်မှာ ကာမဂုဏ် ခံစား၍ အလွန် ပျော်မွေ့ကြပြီ။ သတ်ရသော နေ့၌ ကဲ့သို့ မိမိ နှလုံးကို မွေးမြူကြပြီ။ ဖြောင့်မတ်သော သူကို အပြစ် စီရင်၍ ကွပ်မျက်ကြပြီ။ သူသည်လည်း သင်တို့ကို မဆီးတား။” ယာ၊ ၅: ၃-၆။CCB1 79.2

    သို့သော် ခေတ်ကာလနှင့် စပ်ဆိုင်၍ လျင်မြန်စွာ ပြည့်စုံနေသော ပုပ္ပနိမိတ်တို့အားဖြင့် သတိပေးနေသော စကားများကို မည်သူသည် ဖတ်ရှုသနည်း။ လောကကို တပ်မက်နေသော သူတို့အပေါ်၌ ၎င်းသတိပေးချက်တို့က မည်ကဲ့သို့ စိတ်ထိခိုက် စွဲလမ်းခြင်း ဖြစ်စေသလဲ၊ သူတို့၏ စိတ်သဘော အခြေအနေ၌ မည်ကဲ့သို့ ပြောင်းလဲခြင်းကို တွေ့မြင်ရသနည်း၊ နောဧလက်ထက်က လောကသားများတို့တွင် တွေ့ရှိရသော အခြေအနေမျိုးထက် သာ၍ ကောင်းသော အခြေအနေမျိုးကို မမြင်မတွေ့ရချေ။ လောကီ စီးပွားရေး လုပ်ငန်း နှင့် လောကီ ပျော်မွေ့ခြင်း၌ မက်မောနေကြသဖြင့် နောဧလက်ထက်က လူတို့သည် “ရေလွှမ်းမိုးခြင်း ရောက်သဖြင့်၊ လူခပ်သိမ်းတို့ကို သုတ်သင် ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြ၏။” မ၊ ၂၄: ၃၉။ သူတို့သည် ကောင်းကင်က စေလွှတ်သော သတိပေးစကားကို ကြားရသော်လည်း နားမထောင်ကြ။ ယနေ့ လောကသည် ဘုရားသခင်၏ သတိပေး စကားကို လုံးလုံး ဂရုမစိုက်ဘဲ ထာဝရ ပျက်စီးခြင်းသို့ လျှင်မြန်စွာ ရောက်သွားနေ၏။CCB1 79.3

    လောကကြီး တစ်ခုလုံးသည် စစ်တိုက်လိုသော သဘောနှင့် ထကြွလှုပ်ရှားနေကြ၏။ ဒံယေလ အနာဂတ္တိကျမ်း အခန်းကြီး တစ်ဆယ့်တစ်၏ အနာဂတ္တိစကားသည် လုံးလုံး ပြည့်စုံခြင်းသို့ ရောက်လုနီးပြီ။ မကြာမီ အနာဂတ္တိစကားများတွင် ဖော်ပြထားသော ဒုက္ခဆင်းရဲခြင်းနှင့် ပြည့်ဝနေသော ရှုခင်းတို့သည် ဖြစ်ပေါ်လာတော့မည်။CCB1 80.1

    “ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့်၊ ပြည်သားတို့ကို ကွဲပြားစေတော်မူ၏။ …. ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း၊ အမိန့်တော်ကို ပြောင်းလဲခြင်း၊ ထာဝရ သစ္စာတော်ကို ဖျက်ခြင်း အကြောင်းကြောင့် …. ကျိန်တော်မူသော အကျိန်သည် ပြည်တော်ကို လွှမ်းမိုးပြီ။ ပြည်သားတို့ အပေါ်မှာ အပြစ်ရောက်လေပြီ။ …. သာယာသော ပတ်သာ အသံ ငြိမ်းပြီ။ ဝမ်းမြောက်သော သူ၏ အသံ မရှိ။ သာယာသော စောင်းသံလည်း ငြိမ်းပြီ။” ဟေရှာ၊ ၂၄: ၁-၈။CCB1 80.2

    “ထိုနေ့ရက်ကြောင့်၊ အမင်္ဂလာ ရှိ၏။ ထာဝရဘုရား၏ နေ့ရက်သည် နီးပြီ။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်း ဘေးကဲ့သို့ ရောက်လာလိမ့်မည်။” ယောလ၊ ၁: ၁၅။ “ငါသည် မြေကြီးကို ကြည့်ရှု၍ လွတ်လပ်လဟာ ဖြစ်၏။ မိုးကောင်းကင်ကိုလည်း ငါကြည့်ရှု၍ အလင်း မရှိ။ တောင်တို့ကိုလည်း ငါကြည့်ရှု၍၊ သူတို့ နှင့်တကွ ကျွန်ရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။ ငါကြည့်ရှု၍ လူ မရှိ၊ မိုးကောင်းကင်ငှက် အပေါင်းတို့သည် ပြေးကြပြီ။ ငါကြည့်ရှု၍ ဝပြောသော ပြည်သည် တော ဖြစ်လေပြီ။ မြို့များတို့သည် ပြိုပျက်လျက် ရှိကြ၏။” ယေရမိ၊ ၄: ၂၃-၂၆။CCB1 80.3

    “အလိုလေး ထိုနေ့ရက်ကား ခိုင်းနှိုင်းစရာ မရှိ။ ကြီးသော နေ့ရက် ဖြစ်၏။ ယာကုပ်အမျိုး၌ အမှုရောက်သော နေ့ရက် ဖြစ်၏။ သို့ရာတွင် သူတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။” ယေရမိ၊ ၃၀: ၇။CCB1 81.1

    ဤလောကတွင် လူအပေါင်းတို့သည် ဘုရားသခင်၏ ရန်သူ ဘက်၌ နေကြသည် မဟုတ်။ လူအပေါင်းသည် သစ္စာဖောက်ကြသည် မဟုတ်၊ ဘုရားသခင် ဘက်၌ သစ္စာရှိကြသော သူ အနည်းငယ် ရှိကြသည် အကြောင်းမူကား ယောဟန်က “ဘုရားသခင်၏ ပညတ်တို့ကို လည်းကောင်း၊ ယေရှု၏ ယုံကြည်ခြင်းကို လည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာ အကြောင်းရှိ၏။” ဗျာ၊ ၁၄: ၁၂။ မကြာမီ ဘုရားသခင်ကို ကိုးကွယ်သော သူတို့ နှင့် မကိုးကွယ်ဘဲ နေသော သူတို့သည် ပြင်းထန်စွာ တိုက်ခိုက်ရကြမည့် စစ်ပွဲသည် ဖြစ်ပေါ်လာလိမ့်မည်။ မကြာမီ မလှုပ်သော အရာတို့ကို တည်စေခြင်းငှါ၊ လှုပ်သော အရာတို့ကို ပယ်ဖျက်လိမ့်မည်။CCB1 81.2

    စာတန်သည် ကျမ်းစာကို ကောင်းစွာ ကျွမ်းကျင် နားလည်သော သူ ဖြစ်၏။ သူ၏ အချိန်ကာလသည် တိုတောင်းသည်ကို သူ သိသဖြင့် ဤမြေကြီးပေါ်၌ ဘုရားသခင်၏ အမှုတော်ကို ဖျက်ဆီးပယ်ရှားရန် နေရာတကားတိုင်း၌ ရှာဖွေလျက် ကြံစည် ကြိုးစားနေ၏။ ကောင်းကင် ဘုန်းတန်ခိုး နှင့် လွန်ခဲ့သော ကာလ၌ ခံစားရသော ညှဉ်းဆဲခြင်း အမှုမျိုးကို ပြန်၍ ဖြစ်ပျက်စေခြင်း အမှုတို့သည် ရောစပ်သွားသော အခါ၊ ဘုရားသခင်၏ လူများ ခံစားရမည့် အဖြစ်အပျက်၏ အခြေအနေကို တွေးဆ ပြောဆိုခြင်းငှါ မတတ်နိုင်ချေ။ သူတို့သည် ဘုရားသခင်၏ ပလ္လင်တော်မှ ထွက်လာသော အလင်းရောင်ခြည်ထဲတွင် လျှောက်သွားနေကြလိမ့်မည်။ ကောင်းကင်တမန်များအားဖြင့် ကောင်းကင် နှင့် မြေကြီးသည် အမြဲ ဆက်သွယ်လျက် ရှိလိမ့်မည်။ ထိုအခါ ဆိုးသော တမန်များဖြင့် ဝိုင်းရံလျက် စာတန်သည် နိမိတ်လက္ခဏာ အမျိုးမျိုးတို့ကို ပြုလုပ်သဖြင့် ရွေးချယ်ခြင်း ခံရသော သူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလိမ့်မည်။ ဘုရားသခင်၏ လူများတို့သည် ဤကဲ့သို့ နိမိတ်လက္ခဏာများ ပြုလုပ်ခြင်း အမှုတွင် လုံခြုံမှုကို တွေ့ရကြမည် မဟုတ်။ အကြောင်းမူကား စာတန်သည် ဖြစ်ပေါ်လာမည့် နိမိတ်များကို အတုခိုး၍ ပြုလုပ်လိမ့်မည်။ စုံစမ်းစစ်ဆေးခြင်း ခံရသော ဘုရားသခင်၏ လူတို့သည် ထွက်မြောက်ရာကျမ်း၊ ၃၁: ၁၂-၁၈ တွင် ဖော်ပြ ထားသော လက္ခဏာတွင် မိမိတို့၏ တန်ခိုးခွန်အားကို တွေ့ရှိကြလိမ့်မည်။ “ကျမ်းစာ၌ လာသည်ကား” ဆိုသော တည်မြဲသော ကျမ်းစကားကို သူတို့သည် အမှီပြုလျက် ခုခံကာကွယ်ရကြမည်။ ဤအခြေအမြစ် ပေါ်၌သာလျှင် သူတို့သည် ဘေးကင်းလုံခြုံစွာ ရပ်တည်နေနိုင်ကြမည်။ ဘုရားသခင်နှင့် ပြုသော ပဋိညာဉ်ကို ဖျက်သော သူတို့တွင် ထိုနေ့ရက်၌ ဘုရားသခင် မရှိ၊ မျှော်လင့်ခြင်း မရှိဘဲ ဖြစ်နေကြလိမ့်မည်။CCB1 81.3

    ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည် စတုတ္ထ ပညတ်တော်ကို ဂရုစိုက် စောင့်ရှောက်ခြင်းအားဖြင့် အထူး ခြားနားကြလိမ့်မည်။ အကြောင်းကား ၎င်းသည် ဘုရားသခင်၌ ဖန်ဆင်းနိုင်တော်မူသော တန်ခိုး ရှိတော်မူကြောင်း ထင်ရှားစေသော လက္ခဏာ သက်သေ ဖြစ်၍ လူ၏ ရိုသေလေးစားမှုကို ဘုရားသခင်သည် ခံထိုက်တော်မူကြောင်း သက်သေခံချက်လည်း ဖြစ်၏။ ဆိုးသော သူတို့သည် ဖန်ဆင်းတော်မူသော အရှင်၏ အထိမ်းအမှတ်ကို ဖြိုဖျက်ပယ်ရှား၍ ရောမ အာဏာရှင်၏ ဥပဒေကို ချီးမြှောက်ခြင်းဖြင့် ခြားနားကြလိမ့်မည်။ တိုက်ပွဲကြီး ဖြစ်ပေါ်လာသောအခါ၌ ခရစ်ယာန် နိုင်ငံတွင် လူမျိုးကြီး နှစ်စား ကွဲပြားနေလိမ့်မည်။ တစ်စားသည် ဘုရားသခင်၏ ပညတ်တော်တို့ကို လည်းကောင်း၊ သခင်ယေရှု၏ ယုံကြည်ခြင်းကို လည်းကောင်း စောင့်ရှောက်ကြသော သူများ ဖြစ်ကြ၍ အခြားး တစ်စားမှာ သားရဲ နှင့် သူ၏ ရုပ်တုကို ကိုးကွယ်လျက် သူ၏ တံဆိပ်အမှတ်ကို ခံယူသော သူများ ဖြစ်ကြ၏။ အသင်းတော် နှင့် နိုင်ငံသည် မိမိတို့၏ အာဏာကို ပူးပေါင်းလျက် ခွန်အားနည်းသော သူ နှင့် ခွန်အားကြီးသော သူ၊ သူဋ္ဌေး နှင့် သူဆင်းရဲ၊ လူလွတ် နှင့် ကျွန်မှ စ၍ လူအပေါင်းတို့အား သားရဲ၏ တံဆိပ်အမှတ်ကို ခံယူစေခြင်းငှါ အဓမ္မ ပြုကြသော်လည်း ဘုရားသခင်၏ လူများတို့သည် လက်ခံကြမည် မဟုတ်။ ဗျာဒိတ်ကျမ်း၊ ၁၃: ၁၆။ “သားရဲနှင့် လည်းကောင်း၊ သူ၏ ရုပ်တုနှင့် လည်းကောင်း၊ သူ၏ နာမ အရေအတွက်နှင့် လည်းကောင်း လွတ်၍ အောင်မြင်သော သူတို့သည် ဘုရားသခင်၏ စောင်းတော်ကို ကိုင်လျက် ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို” ပတ်မုကျွန်းပေါ်ရှိ ပရောဖက်သည် မြင်ရ၏။ ၎င်းပြင် ထိုသူတို့သည် မောရှေ၏ သီချင်း နှင့် သိုးသူငယ်၏ သီချင်းကို သီဆိုနေကြ၏။ ဗျာဒိတ်၊ ၁၅: ၂။CCB1 82.1

    ဘုရားသခင်၏ လူများတို့အဖို့ ကြောက်စရာ ကောင်းသော စုံစမ်းနှောင့်ယှက်ခြင်း၊ သွေးဆောင်ခြင်း အမှုကြီးသည် မကြာမီ ရောက်လာလိမ့်CCB1 82.2

    မည်။ စစ်တိုက်လိုသော သဘောသည် မြေကြီး တစ်စွန်းမှ တစ်စွန်းသို့ လူမျိုးတို့အား နိုးဆော်လျက် ရှိ၏။ သို့သော် ရောက်လာလတ္တံ့သော ဒုက္ခဆင်းရဲခြင်း ကာလ၊ လူမျိုး တစ်စုံတစ်မျိုး ဖြစ်ခဲ့သည် ကာလမှ စ၍ မဖြစ်စဖူးသော ဒုက္ခဆင်းရဲခြင်း ကာလအတွင်း ဘုရားသခင်၏ ရွေးချယ်တော်မူခြင်း ခံရသော သူတို့သည် ရွေ့လျော့ ဖေါက်ပြန်ခြင်း မရှိဘဲ ခံရပ်နိုင်ကြလိမ့်မည်။ စာတန် နှင့် သူ၏ တမန်တို့သည် သူတို့ကို မဖျက်ဆီးနိုင်၊ အကြောင်းကား အလွန်ပင် ခွန်အားကြီးသော ကောင်းကင်တမန်တို့သည် သူတို့ကို ကာကွယ်ထားကြလိမ့်မည်။16 T 11-17. CCB1 83.1