Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၃။—သခင်ဘုရားကို ကြိုဆိုရန် ပြင်ဆင်ခြင်း။

    ကျွန်ုပ်တို့သည် သခင်ဘုရား ကြွလာတော်မူခြင်း အမှုကို မရွေ့ဆိုင်းနိုင်ကြကြောင်း ကျွန်ုပ် မြင်ရ၏။ ကောင်းကင်တမန်က၊ “မြေကြီးပေါ်၌ ရောက်လတ္တံ့သော အမှုကြောင့် ပြင်ဆင်လျက် နေကြလော့၊ ပြင်ဆင်လျက် နေကြလော့။ သူတို့ အကျင့်သည် သင်တို့၏ ယုံကြည်ခြင်းအတိုင်း ဖြစ်ကြစေ” ဟု ပြောဆို၏။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ အမြဲ စိတ်စွဲလမ်း၍ ကျွန်ုပ်တို့၏ အကျင့်က ဘုရားသခင် နှင့် ဘုရားသခင်၏ သမ္မာတရားတော်တို့ကို ထင်ရှားစေရကြမည်ကို ကျွန်ုပ် မြင်ရ၏။ ကျွန်ုပ်တို့သည် သတိမမူ၊ ဂရုမစိုက်ဘဲ နေကြလျှင် ဘုရားသခင်ကို ချီးမြှောက်ခြင်း မပြုနိုင်ကြ။ ကျွန်ုပ်တို့သည် စိတ်ပျက်နေကြလျှင်၊ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေခြင်းငှါ မပြုလုပ်နိုင်ကြ။ ကျွန်ုပ်တို့သည် မိမိတို့ ကိုယ်တိုင် ကယ်တင်ခြင်း ခံရ၍ သူတစ်ပါးအား ကယ်တင်လိုကြလျှင် စိတ်အားထက်သန်ခြင်း ရှိရကြမည်။ ဤအချက်ကို အထူး အရေးစိုက်လျက် အခြားသော အရာတို့ကို နောက်မှ ဂရုပြုရမည်။CCB1 84.1

    ကျွန်ုပ်သည် ကောင်းကင်၏ တင့်တယ်လှပခြင်းကို မြင်ရ၏။ ကောင်းကင်တမန်တို့သည် အလွန်ပင် ဝမ်းမြောက်ဖွယ် သီချင်းများကို ဆိုကြလျက် သခင်ယေရှု၏ ကျေးဇူးတော်၊ ဂုဏ်တော်၊ ဘုန်းတော်တို့ကို ချီးမွမ်းကြ၏။ ထိုအခါ ကျွန်ုပ်သည် ဘုရားသားတော်၏ အံ့သြဖွယ်ကောင်းသော မေတ္တာတော် အကြောင်းကို သိနားလည်လာ၏။ ကိုယ်တော်သည် ကောင်းကင်၌ မိမိ ရရှိထားပြီးသော ဘုန်းတော်၊ ဂုဏ်အသရေတော် အပေါင်းကို စွန့်တော်မူပြီးနောက်၊ ကျွန်ုပ်တို့အား ကယ်တင်ခြင်း အမှု၌ အလွန် စိတ်ဝင်စားခြင်း ရှိတော်မူသဖြင့်၊ လူတို့က ကိုယ်တော်အား ရှုတ်ချခဲ့သော အမှု၊ အထင်သေးမှု ရှိသမျှကို သည်းခံ နှိမ့်ချခြင်းနှင့် ခံယူတော်မူခဲ့၏။ ကိုယ်တော်သည် နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်းကို ခံတော်မူ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ အသွေးတော်၌ ဆေးကြောခြင်း ခံရကြပြီ။ ကျွန်ုပ်တို့အတွက် ကိုယ်တော် ပြင်ဆင်နေတော်မူသော အိမ်ခန်းများတွင် ကိုယ်တော် နှင့်အတူ နေထိုင်ရကြ လျက် ကောင်းကင်၏ အလင်း နှင့် ဘုန်းတော်ကို ခံစားရကြ၍ ကောင်းကင်တမန်တို့ သီချင်းဆိုသံ ကြားရလျက် သူတို့ နှင့်အတူ သီချင်းဆိုနိုင်ကြရန် သေခြင်းမှ ထမြောက်ခွင့် ရကြမည် အကြောင်း၊ ကိုယ်တော်သည် လက်ဝါးကပ်တိုင်ပေါ်၌ ရိုက်ထားဆွဲထားခြင်းကို ခံလျက် အလွန် ပြင်းစွာသော ဝေဒနာကို ခံတော်မူ၏။CCB1 84.2

    ကောင်းကင်တစ်ဝှမ်းလုံးသည် ကျွန်ုပ်တို့ ကယ်တင်ခြင်း ခံစားဖို့ အရေးအတွက် စိတ်ပါဝင်စားလျက် ရှိကြသည်ကို ကျွန်ုပ် တွေ့မြင်ရသဖြင့်၊ ကျွန်ုပ်တို့သည် ဂရုမစိုက် အမှုမထားဘဲ နေအပ်သလော။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်း ခံရသည် ဖြစ်စေ၊ ဆုံးရှုံးခြင်းသို့ ရောက်သည် ဖြစ်စေ၊ ဤအမှုသည် သေးငယ်သော အမှု၊ မရေရာသော အမှု ဖြစ်သကဲ့သို့ ကျွန်ုပ်တို့သည် သတိမပြုဘဲ နေအပ်ကြသလော။ ကျွန်ုပ်တို့အတွက် ပြုတော်မူသော ပူဇော်စွန့်စားခြင်း အမှုကြီးကို ပေါ့ဆစွာ ထင်မှတ်အပ်သလော။ အချို့တို့သည် ဤကဲ့သို့ ပြုခဲ့ကြပြီ။ သူတို့သည် ပေးကမ်းတော်မူသော ကရုဏာတော်ကို အထင်သေးကြသဖြင့် ဘုရားသခင်၏ အမျက်တော်သည် သူတို့ အပေါ်သို့ သက်ရောက်လေ၏။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အမြဲ စိတ်နာခြင်းကို ခံတော်မူမည် မဟုတ်။ အနည်းငယ်ကြာ စိတ်နာနေရလျှင် ၎င်းသည် ထွက်ခွာသွားတော်မူမည်။ လူတို့အား ကယ်တင်နိုင်ရန် ဘုရားသခင်သည် အမှုကိစ္စ အပေါင်းတို့ကို ပြုပြင်စီမံတော်မူပြီးမှ၊ သခင်ယေရှုက ပေးကမ်းတော်မူသော ကရုဏာတော်ကို အထင်သေး ပေါ့ဆစွာ ထင်မှတ်ကြောင်း မိမိတို့ အသက်တာအားဖြင့် ပြကြလျှင်၊ သူတို့သည် သေခြင်းကို ခံယူရကြလျက် ၎င်းသည် အလွန် များစွာ အဖိုးပေး၍ ဝယ်ယူရခြင်း ဖြစ်လိမ့်မည်။ ၎င်းသည် အလွန် ကြောက်စရာကောင်းသော သေခြင်း ဖြစ်၏။ အကြောင်းမူကား၊ သူတို့ ငြင်းကြသော ရွေးနှုတ်ခြင်းကို သူတို့အတွက် ဝယ်တော်မူရာ၌ သခင်ခရစ်တော် ခံစားရတော်မူသော ဝေဒနာမျိုးကို သူတို့သည်လည်း ခံစားရကြလိမ့်မည်။ ထိုအခါ သူတို့ ဆုံးရှုံးသော ထာဝရအသက် နှင့် မသေ မပုပ်နိုင်သော အမွေတော်သည် အဘယ်အရာ ဖြစ်သည်ကို သူတို့ သိရှိလာကြလိမ့်မည်။ ဝိညာဉ်များကို ကယ်ဆယ်ရန် ပြုလုပ်စီမံတော်မူခဲ့သော ဆက်ကပ်ပူဇော်ခြင်း အမှုကြီးက သူတို့သည် မည်မျှ အဖိုးတန်ကြောင်း ကျွန်ုပ်တို့အား ဖော်ပြလေပြီ။ အဖိုးထိုက်သော ဝိညာဉ်သည် တစ်ကြိမ် ဆုံးရှုံးသွားသောအခါ၊ ၎င်းသည် ထာဝရ ဆုံးရှုံးခြင်း ဖြစ်လေ၏။ ကောင်းကင်တမန် တစ်ပါးသည် လက်ထဲတွင် ချိန်ခွင် တစ်ခုကို ကိုင်လျက် ဘုရားသခင်၏ လူများ အထူးသဖြင့် လူငယ်များတို့၏ အကြံအစည်များ နှင့် စိတ်ဝင်စားဖွယ်ရာများကို ချိန်တွယ်လျက် နေသည်ကို ကျွန်ုပ် မြင်ရ၏။ ချိန်ခွင်ခွက် တစ်ခုတွင် ကောင်းကင်ဘက်သို့ ညွှတ်နေသော အကြံအစည် နှင့် စိတ်ဝင်စားဖွယ်ရာများကို ထည့်လျက် အခြား တစ်ခွက်တွင် မြေကြီးသို့ ညွှတ်နေသော အကြံအစည် နှင့် စိတ်ဝင်စားဖွယ်ရာများကို ထည့်ထား၏။ ဤခွက်တွင် ဝတ္ထုစာအုပ်များကို ဖတ်ခြင်း အမှု ရှိသမျှ၊ အဝတ်အထည် နှင့် ဟန်ပြလိုသော အကြံများ၊ အနတ္တအရာများ၊ ဝါကြွားမှုများမှ စသော အရာတို့ကို ထည့်ထား၏။ အို၊ မည်မျှ ကြောက်မက်ဖွယ် ကောင်းသော အချိန် ဖြစ်သနည်း။ ဘုရားသခင်၏ ကောင်းကင်တမန်များတို့သည် ချိန်ခွင်များကို ကိုင်လျက် ဘုရားသခင်၏ သားသမီးများ၊ လောကဖို့ အသေ ဖြစ်လျက် ဘုရားသခင်ဖို့ အသက်ရှင်နေကြသည်ဟု ပြောဆိုနေကြသော သူတို့၏ အကြံအစည်များကို ချိန်တွယ်နေကြ၏။ လောကီ အကြံအစည်များ၊ အနတ္တအရာများ၊ ကြွားဝါမှုများ ပါရှိသော ချိန်ခွင်ခွက်ကို ချိန်လိုက်သောအခါတိုင်း ၎င်းတို့သည် အောက်သို့ လိမ့်ကျသွားကြသော်လည်း၊ ခွက်သည် မြန်စွာ အောက်သို့ နိမ့်ဆင်းသွားကြ၏။ ကောင်းကင်ဘက်သို့ ညွှတ်နေသော အကြံအစည် နှင့် စိတ်ဝင်စားမှုများ ပါရှိသော ချိန်ခွင်ခွက်သည်ကား အထက်သို့ လျှင်မြန်စွာ တက်သွားလေ၏။ မည်မျှ ပေါ့သော အရာ ဖြစ်သနည်း။ ကျွန်ုပ်သည် ၎င်းကို မြင်ရသည် အတိုင်းသာ ဖော်ပြနိုင်ပါသည်။ သို့သော် ကောင်းကင်တမန်သည် ဘုရားသခင်၏ လူများတို့၏ အကြံအစည်များ နှင့် စိတ်ဝင်စားမှုတို့ကို ချိန်တွယ်နေသည်ကို မြင်ရသောအခါ၊ ကျွန်ုပ်၏ စိတ်ထဲ၌ စွဲမြဲစွာ ထင်နေသည့် အရေးကြီး၍ ထင်ရှားသော အရာတို့ကို ကျွန်ုပ်သည် မည်သည့်အခါမျှ မဖော်ပြနိုင်ပါ။ ကောင်းကင်တမန်က “ထိုသို့သော သူတို့သည် ကောင်းကင်သို့ ဝင်နိုင်ကြမည်လော။ မဝင်နိုင်၊ ဘယ်အခါမျှ မဝင်နိုင်ကြ။ သူတို့၌ ယခု ရှိသော မျှော်လင့်ခြင်းသည် အချည်းနှီး ဖြစ်ကြောင်းကို သူတို့အား ပြောပြလော့။ ၎င်းပြင် သူတို့သည် အလျင်အမြန် နောင်တရ၍ ကယ်တင်ခြင်းကို ရရှိအောင် မကြိုးစားလျှင် သူတို့သည် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်” ဟု ပြောဆို၏။CCB1 85.1

    ဘုရားဝတ်ပြု ကိုးကွယ်ယောင်ဆောင်ခြင်းဖြင့် မည်သူမျှ ကယ်တင်ခြင်းသို့ ရောက်ကြမည် မဟုတ်။ အားလုံးတို့၌ လေးနက်၍ ကောင်းသော အကျင့်နှင့် ဆိုင်သော ဗဟုသုတ ရှိရကြမည်။ ဤအရာသာလျှင် သူတို့အား ဆင်းရဲဒုက္ခ ကာလ၌ ကယ်တင်လိမ့်မည်။ ထိုနောက် မည်ကဲ့သို့သော အရာ ဖြစ်ကြောင်း သိရှိရန် သူတို့၏ အလုပ်များကို စုံစမ်းစစ်ဆေးရလိမ့်မည်။ ထိုအခါ ၎င်းတို့သည် ရွှေ၊ ငွေ နှင့် အဖိုးတန်သော ကျောက်များ ဖြစ်ကြလျှင်၊ ၎င်းတို့ကို ထာဝရ ဘုရား၏ တဲတော်တွင် လျှို့ဝှက်သော နေရာ၌ ဝှက်ထားရလိမ့်မည်။ သို့သော် သူတို့၏ အလုပ်သည် သစ်သား၊ မြက်ခြောက် နှင့် ကောက်ရိုးများ ဖြစ်လျှင်၊ အဘယ်အရာမျှ ၎င်းတို့အား ဘုရားသခင်၏ ပြင်းထန်သော အမျက်တော်မှ ကွယ်ကာထားခြင်းငှါ မတတ်နိုင်။CCB1 86.1

    အများသော သူတို့သည် မိမိတို့ အချင်းချင်းအထဲတွင် ကိုယ်ကိုကိုယ် တိုင်းတာ ကြည့်ကြလျက်၊ မိမိတို့၏ အသက်တာကို အခြား သူတို့၏ အသက်တာနှင့် နှိုင်ယှဉ်ကြည့်ကြ၏။ ဤကဲ့သို့ ပြုလုပ်ဖို့ မသင့်။ ကျွန်ုပ်တို့အား သခင်ခရစ်တော် အပြင် မည်သူကိုမျှ ပုံသက်သေ အဖြစ်ပေးမထားချေ။ ကိုယ်တော်သည် ကျွန်ုပ်တို့အဖို့ မှန်သော ပုံသက်သေ ဖြစ်၍ ကိုယ်တော်ကို အတုခိုးရာတွင် အသီးအသီးတို့သည် သာ၍ ကောင်းလာအောင် ကြိုးစားရကြမည်။ ကျွန်ုပ်တို့သည် သခင်ခရစ်တော်နှင့် လုပ်ဖော်ဆောင်ဖက် ဖြစ်ရကြမည်။ သို့မဟုတ် ရန်သူ နှင့်အတူ လုပ်ဆောင်သူ ဖြစ်ရမည်။ သို့မဟုတ် ဖြန့်ကြဲသော သူ ဖြစ်ရကြမည်။ ကျွန်ုပ်တို့သည် လုံးလုံး စိတ်ပါဝင်စားသော ခရစ်ယာန် ဖြစ်ရကြမည်။ သို့မဟုတ်လျှင် ခရစ်ယာန် လုံးလုံး မဖြစ်နိုင်။ သခင်ခရစ်တော်က၊ “သင်သည် အေးခြင်း ဖြစ်စေ၊ ပူခြင်း ဖြစ်စေ၊ တစ်ခုခုကို ငါအလိုရှိ၏။ ထိုသို့ အအေး မဟုတ်၊ အပူ မဟုတ်၊ နွေးရုံ ရှိသောကြောင့်၊ ငါ၏ ခံတွင်းသည် သင့်ကို ထွေးလုပြီ” ဟု မိန့်တော်မူ၏။ ဗျာ၊ ၃: ၁၅၊ ၁၆။CCB1 87.1

    အချို့သော သူတို့သည် ကိုယ်ကို ငြင်းပယ်ခြင်း၊ သို့မဟုတ် ပူဇော်ခြင်းသည် အဘယ်သို့ ဆိုလိုသည်ကို လည်းကောင်း၊ သမ္မာတရားအတွက် ဒုက္ခခံခြင်းသည် အဘယ်အရာ ဖြစ်သည်ကို လည်းကောင်း နားမလည်ကြသေးသည်ကို ကျွန်ုပ် တွေ့ရှိရသည်။ သို့သော် မည်သူမျှ ဆက်ကပ် ပူဇော်ခြင်း မပြုဘဲ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရကြမည် မဟုတ်။ ကိုယ်ကို ငြင်းပယ်ခြင်း နှင့် ဆက်ကပ်ပူဇော်ခြင်း သဘောမျိုးကို မွေးမြူရမည်။ အချို့သော သူတို့သည် မိမိတို့ ကိုယ်ခန္ဓာ များကို ဘုရားသခင်၏ ပလ္လင်တော်ပေါ်၌ ပူဇော်ခြင်း မပြုခဲ့ကြချေ။ သူတို့သည် ဘုရားသခင်၏ အမှုတော်ကို ဂရုမစိုက်ဘဲ၊ မကြာခဏ ဒေါသထွက် မြန်၍ မိမိတို့ တပ်မက်ခြင်းအတိုင်း ကျင့်နေကြလျက် ကိုယ်ကျိုးကိုသာ ရှာနေတတ်ကြသည်။ ထာဝရအသက်အတွက် ဆက်ကပ်ပူဇော်ခြင်း အမှု တစ်စုံတစ်ခုကို ပြုလုပ်ဖို့ အလိုဆန္ဒ ရှိသော သူတို့သည် ထာဝရအသက်ကို ရကြလိမ့်မည်။ ၎င်းပြင် ဒုက္ခဆင်းရဲခြင်း၊ ကိုယ်ကို လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်း၊ ရုပ်တု ရှိသမျှကို စွန့်ပစ်ခြင်း၌ အမှန်ပင် အကျိုးခံစားရလိမ့်မည်။ သာ၍ ကောင်းမြတ်လျက် ထာဝရတည်သော ဘုန်းအသရေတော်တွင် အရာခပ်သိမ်း နှင့် လောကီ ပျော်မွေ့ခြင်း ရှိသမျှတို့သည် မှေးမှိန် ပျောက်ကွယ်သွားကြလိမ့်မည်။11 T pp. 123-126.CCB1 87.2