Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သခင်ခရစ်တော် နှင့် စာတန်တို့၏ တိုက်လှန်ပွဲကြီးအကြောင်း ရူပါရုံ။

    ၁၈၉၈ ခု၊ မတ်လ အလယ်လောက်တွင် တနင်္ဂနွေနေ့ မွန်းလွဲအချိန်၌၊ အမေရိကန်ပြည် အရှေ့ပိုင်း ရွာတစ်ရွာရှိ ကျောင်းကလေး တစ်ကျောင်းတွင် ယောက်ျား၊ မိန်းမများတို့သည် စည်းဝေးနေကြ၏။ ဆရာကြီး ဂျိမ်း (စ) ဝှိုက်သည် လူငယ်တစ်ယောက်၏ မသာကိစ္စအတွက် အသုဘ တရားဟောပွဲကို ပြုလုပ်နေ၏။ သူသည် ဟောပြောပြီးသောအခါ၊ မစ္စစ် အီ၊ ဂျီ၊ ဝှိုက်သည် စိတ်မသာ ဝမ်းနည်းနေသော သူတို့အတွက် စကားအနည်းငယ် ပြောလို၏။ သူမသည် ထလျက် တစ်မိနစ် နှစ်မိနစ်လောက် ပြောဆိုပြီးနောက် ရပ်နားနေ၏။ လူများတို့သည် သူမ၏ နှုတ်မှ နောက်ထွက်လာမည့် စကားများကို နားထောင်ရန် မျှော်ကြည့်ကြ၏။ ဘုရားသခင် ဘုန်းကြီးတော်မူပါစေ၊ ဘုရားသခင် ဘုန်းကြီးတော်မူပါစေဟု သုံးကြိမ်တိုင် လေးနက်စွာ အော်ပြောသော စကားကြောင့် သူတို့သည် အနည်းငယ် အံ့သြနေကြ၏။ မစ္စစ်ဝှိုက်သည် ရူပါရုံကို မြင်နေရ၏။CCB1 15.1

    ဆရာကြီးဝှိုက်က လူများတို့အား၊ မစ္စစ်ဝှိုက်အား ဖော်ပြခဲ့သော ရူပါရုံများ အကြောင်းကို ပြောပြပါသည်။ သူမသည် ဆယ့်ခုနစ်နှစ် အရွယ်ရှိ မိန်းမပျို ဖြစ်ခဲ့စဉ်ကပင် ရူပါရုံများကို မြင်ခဲ့ရသည်ဟု သူက ရှင်းလင်းပြ၏။ သူမ၏ မျက်စိများသည် ပွင့်နေလျက် အဝေး၌ ရှိသော အရာကို မျှော်ကြည့်နေသည်ဟု ထင်ရသော်လည်း၊ သူမသည် မိမိ၏ ပတ်လည်၌ ဖြစ်ပျက်နေသော အရာတို့ကို ဘာမျှ မသိဟု သူက ထိုလူများအား ပြောပြ၏။ သူက တော၊ ၂၄: ၄၊ ၁၆ ကို ညွှန်ပြရာ၊ “ဘဝင်ဖြစ်၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင်၏ ရူပါ ရုံကို မြင်၍၊ အမြင့်ဆုံးသော ဘုရား ပေးတော်မူသော ဉာဏ်ကို ရ၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသော သူ” အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရကြ၏။CCB1 15.2

    သူမသည် ရူပါရုံကို မြင်နေရစဉ် အသက်မရှုဟု သူက လူများအား ရှင်းပြ၍ ဒံယေလ၊ ၁၀: ၁၇ ကို ဖွင့်လျက် ရူပါရုံရစဉ် ဒံယေလ၏ အဖြစ်အပျက်ကို ဖတ်ပြ၏။ “ယခုပင် အကျွန်ုပ် ကိုယ်၌ ခွန်အား အလျှင်း မရှိပါ။ အကျွန်ုပ် အသက်လည်း ကုန်ပါပြီ” ဟု သူက ဆို၏။ ထိုနောက် မစ္စစ်ဝှိုက်သည် ရူပါရုံကို မြင်နေရစဉ်၊ သူမကို စစ်ဆေးကြည့်ရန် အလိုရှိသော သူတို့ကို ဆရာကြီးဝှိုက်က ခေါ်ပြ၏။ သူမအား စစ်ဆေးရန် ဆရာဝန်တစ်ယောက်ကို ရရှိနိုင်လျှင် သူသည် သဘောကျနှစ်သက်၏။CCB1 16.1

    လူများသည် အနီးသို့ ချဉ်းကပ်လာကြသောအခါ၊ မစ္စစ်ဝှိုက်သည် အသက်မရှုသော်လည်း၊ သူမ၏ နှလုံးသည် ထုံးစံအတိုင်း ခုန်နေလျက် သူမ၏ ပါးများတွင် အရောင်အဆင်း မပြောင်းဘဲ ပကတိအတိုင်း ရှိနေ၏။ မှန်တစ်ချပ်ကို ယူ၍ သူမ၏ မျက်နှာ ရှေ့တွင် ထားရာ၊ မှန်ပေါ်၌ အခိုးအငွေ့များ မရှိချေ။ ထိုနောက် သူတို့သည် ဖယောင်းတိုင် တစ်တိုင်ကို မီးထွန်း၍ သူမ၏ နှာခေါင်း နှင့် ပါးစပ်နားတွင် ထားကြည့်ကြ၏။ မီးသည် အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိဘဲ ငြိမ်နေ၏။ ထိုကြောင့် သူမသည် အသက်မရှုကြောင်း လူများတို့သည် သိရကြ၏။ သူမအား ဖော်ပြသော အရာတို့ကို အနည်းငယ် ကြွေးကြော် ပြောဆိုသောအခါ၊ သူမသည် အခန်းထဲ၌ ဣန္ဒြေရရ လှုပ်ရှားသွားလာ၌ လက်များ လှုပ်ရှား၏။ ဒံယေလနည်းတူ၊ ပဋ္ဌမဦးစွာ နဂိုခွန်အားသည် ကုန်ခန်းသွားပြီးနောက် ထူးခြားသော ဝိညာဉ်ခွန်အားကို သူမသည် ရရှိလေ၏။ ဒံယေလ၊ ၁၀: ၇၊ ၈၊ ၁၈၊ ၁၉ ကို ကြည့်ပါ။CCB1 16.2

    နှစ်နာရီကြာ မစ္စစ်ဝှိုက်သည် ရူပါရုံကို မြင်နေရ၏။ ထိုနှစ်နာရီအတွင်း သူမသည် တစ်ကြိမ်မျှ အသက်မရှုပါ၊ ထိုနောက် ရူပါရုံသည် အဆုံးသို့ ရောက်သောအခါ၊ သူမသည် အသက်ပြင်းပြင်းရှုပြီး၊ တစ်မိနစ်လောက် ရပ်နားနေပြီးမှ တစ်ဖန် အသက်ရှုပြန်၏။ ထိုနောက် မကြာမီ ထုံးစံအတိုင်း အသက်ရှုရိုက်လာ၏။ ထိုအခါ သူမသည် မိမိ၏ ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသော အရာတို့ကို သိရှိလာလေ၏။CCB1 16.3

    မစ္စစ်ဝှိုက် ရူပါရုံမြင်နေရစဉ်အခါ၊ မကြာခဏ တွေ့မြင်ရသော သူတစ်ဦး ဖြစ်သူ၊ မစ္စစ်၊ မာသ အမေဒုန်က အောက်ပါအတိုင်း ဖော်ပြထားပါသည်။CCB1 17.1

    ရူပါရုံမြင်နေစဉ်၊ သူမ၏ မျက်စိများသည် ပွင့်နေ၏။ အသက်ရှုခြင်း မရှိ၊ သို့ရာတွင် သူမ မြင်သော အရာကို ဖော်ပြသည့် လက္ခဏာဖြင့်၊ ပခုံး နှင့် လက်များသည် ဣန္ဒြေရှိစွာ လှုပ်ရှားနေ၏။ သူမ၏ လက်များကို တစ်စုံတစ်ယောက်က ရွေ့ခြင်း၊ လှုပ်ခြင်းငှါ မပြုလုပ်နိုင်။ ကောင်းကင် သို့မဟုတ် မြေကြီးနှင့် ဆိုင်သော ရှုခင်းများ အကြောင်းကို ဖော်ပြရန် တစ်ခါတစ်ရံ စကားတစ်လုံးစီ ပြော၍ တစ်ခါတစ်ရံ ဝါကျများကို ပြောဆို၏။CCB1 17.2

    ရူပါရုံတွင် ပဋ္ဌမဦးဆုံး သူမ ပြောဆိုသော စကားမှာ “ဘုန်းတော်” ဖြစ်၍ ပဋ္ဌမတွင် အနီးအနား၌ ကြားရသကဲ့သို့ ဖြစ်ပြီးနောက် အဝေးသို့ ရောက်ရှိသွားသကဲ့သို့ အသံသည် တစ်ဖြည်းဖြည်း ပျောက်ကွယ်သွား၏။ တစ်ခါတစ်ရံ ဤကဲ့သို့ ထပ်ခါထပ်ခါ ပြောဆို၏။CCB1 17.3

    ရူပါရုံရရှိနေစဉ်၊ လာရောက်သော သူတို့၌ စိုးရိမ်ထိတ်လန့်ခြင်း မရှိကြဘဲ၊ ဆိတ်ငြိမ်၍ ကြည်ညိုဖွယ်သော လက္ခဏာ ရှိ၏။CCB1 17.4

    ရူပါရုံသည် ကုန်ဆုံးသွား၍ သူမသည် ကောင်းကင်အလင်းကို မမြင်ရဘဲ မြေကြီးသို့ ပြန်ရောက်လာပြီဟု ထင်ရသောအခါ၊ သူမသည် ပဋ္ဌမဦးဆုံး ထုံးစံအတိုင်း အသက်ရှုလျက် ရှည်စွာ သက်ပြင်းချပြီး၊ “မှောင်မိုက်” ဟု ကြွေးကြော်၏။ ထိုအခါ သူမသည် ပျော့အိလျက် ခွန်အား ဆုတ်လျော့သွားလေ၏။CCB1 17.5

    ကျောင်းခန်းတွင် နှစ်နာရီကြာ ရူပါရုံမြင်ရသည့် အကြောင်းကို ပြန်၍ ကြည့်ကြဦးစို့။ ဤရူပါရုံ အကြောင်းကို မစ္စစ်ဝှိုက်သည် နောက်များမကြာမီ ဤကဲ့သို့ ရေးသားထား၏။CCB1 17.6

    သခင်ခရစ်တော် နှင့် စာတန်တို့သည် ကာလအဆက်ဆက် တိုက်လှန်ပွဲကြီး ဖြစ်ပွားလျက်ရှိခြင်း အကြောင်းနှင့် စပ်ဆိုင်၍ ဆယ်နှစ်အထက်က မြင်ခဲ့ရသော အကြောင်းအရာတို့ကို အများပင် ထပ်မံ ဖော်ပြ၍ ၎င်းအကြောင်းကို ရေးသားထားဖို့ ကျွန်ုပ်အား သွန်သင်တော်မူပါသည်။CCB1 17.7

    ရူပါရုံတွင် သူမ၏ ရှေ့၌ ပေါ်လာသော ရှုခင်းများကို မြင်နေလျက် သူမကိုယ်တိုင် ထိုနေရာတွင် ရောက်ရှိနေသည်ဟု ထင်ရ၏။ ပဋ္ဌမဦးစွာ သူမသည် ကောင်းကင်သို့ ရောက်နေသည်ဟု ထင်ရ၍ သူမသည် လူစီဖာခေါ် နံနက်သား၏ အပြစ်ပြုခြင်း နှင့် ကျဆုံးခြင်းအမှုကို မြင်ရ၏။ ထိုနောက် သူမသည် လောကကို ဖန်ဆင်းတော်မူခြင်းအမှု နှင့် ဧဒင်ဥယျာဉ်အိမ်တွင် ကျွန်ုပ်တို့၏ ပဋ္ဌမဦးဆုံး မိဘများကို တွေ့မြင်ရ၏။ သူတို့သည် မြွေ၏ သွေးဆောင်ခြင်းကို လိုက်ပါသဖြင့် ဥယျာဉ်အိမ်ထဲမှ နှင်ထုတ်ခံရကြောင်းကို သူမသည် မြင်ရ၏။ ကျမ်းစာ၏ ရာဇဝင်သည် သူမ၏ ရှေ့၌ တစ်ခုပြီး တစ်ခု လျင်မြန်စွာ ပေါ်လာ၏။ ဣသရေလလူတို့၏ ဘိုးဘေး နှင့် ပရောဖက်တို့၏ အဖြစ်အပျက် အကြောင်းအရာတို့ကို သူမသည် မြင်ရ၏။ ထိုနောက် ကျွန်ုပ်တို့၏ ကယ်တင်ရှင် သခင်ယေရှုခရစ်၏ အသက်တာ အကြောင်း နှင့် အသေခံခြင်း အကြောင်း၊ ၎င်းပြင် ကောင်းကင်သို့ တက်ကြွသွားတော်မူပြီး ထိုအခါမှ စ၍ ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းအဖြစ်နှင့် အမှုဆောင်ရွက်လျက် ရှိတော်မူသည်ကို သူမသည် တွေ့မြင်ရ၏။ ထိုနောက် တပည့်တော်တို့သည် ကမ္ဘာမြေကြီးစွန်းတိုင်အောင် ဧဝံဂေလိ သတင်းစကားကို နှံ့ပြားစေရန် ထွက်သွားကြသည်ကို သူမသည် မြင်ရ၏။ ဤအမှုနောက်တွင် ဖေါက်ပြန်ခြင်းအမှု နှင့် မှောင်မိုက်ကာလသည် မည်မျှ လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့ပြီလဲ။ ထိုနောက် ဘာသာရေး ပြောင်းလဲမှုကြီးတွင် မြင့်မြတ်သော ယောက်ျား၊ မိန်းမတို့သည် မိမိတို့၏ အသက်ကို အသေခံလျက် သမ္မာတရားဘက်၌ တည်ကြည်ခဲ့ကြသည်ကို သူမသည် မြင်ရ၏။ ၁၈၄၄ ခုနှစ်တွင် ကောင်းကင်၌ တရားစီရင်ခြင်း အစပြုသည် အကြောင်းအရာ၊ ထိုနောက် ကျွန်ုပ်တို့ ခေတ်ကာလ၏ အကြောင်းအရာများကို သူမသည် ကြိုတင်မြင်ရ၏။ ၎င်းပြင် သူမသည် နောင်ကာလ၌ မိုးတိမ်နှင့် ကြွလာတော်မူမည့် ခရစ်တော်၏ အကြောင်းအရာများကိုပင် တွေ့မြင်ရ၏။ အနှစ်တစ်ထောင် ကာလ နှင့် အသစ်ပြုပြင်ထားသော မြေကြီးသစ်တို့၏ ရှုခင်းများကိုလည်း သူမသည် မြင်ရ၏။CCB1 18.1

    သူမအား ထင်ရှားစွာ ဖော်ပြထားသော ဤရူပါရုံကို ရရှိထားသဖြင့်၊ မစ္စစ်ဝှိုက်သည် အိမ်သို့ ပြန်ရောက်သွားသောအခါ၊ ထိုရူပါရုံ၌ မြင်ရကြားရသမျှတို့ကို ရေးသားထားလေ၏။ ခြောက်လလောက် ကြာသောအခါ၊ စာ မျက်နှာ ၂၁၉ ရှိလျက်၊ သခင်ခရစ်တော် နှင့် ကိုယ်တော်၏ ကောင်းကင်တမန်များတို့သည် စာတန် နှင့် သူ၏ တမန်တို့အား ကြီးကျယ်စွာ တိုက်လှန်သော စစ်ပွဲကြီး အမည်ရှိ စာအုပ် တစ်အုပ်သည် ပုံနှိပ်တိုက်မှ ထွက်လာလေ၏။CCB1 18.2

    စာအုပ်ကလေးကို စိတ်အားထက်သန်စွာနှင့် လက်ခံကြ၏။ အကြောင်းကား၊ အသင်းတော် ရှေ့၌ ဖြစ်ပျက်မည့် အကြောင်းအရာကို သေချာထင်ရှားစွာ ရေးသားဖော်ပြထား၏။ ၎င်းပြင် မြေကြီးပေါ်၌ နောက်ဆုံး တိုက်ပွဲတွင် စာတန်သည် အသင်းတော် နှင့် လောကအား လမ်းမှားအောင် မည်ကဲ့သို့သော အကြံအစည်များ၊ နည်းလမ်းများဖြင့် သွေးဆောင်တိုက်တွန်းမည့် အကြောင်းများကို ဖွင့်ပြထားလေသည်။ ဘုရားသခင်သည် ဂတိထားတော်မူသည်အတိုင်း၊ မိမိတို့အား ဤနောက်ဆုံးကာလတွင် ပရောဖက် ဟောသော စကားချက် သဘောအားဖြင့် အမိန့်တော်ကို ကြားပြောလျက် နေတော်မူသည်ကို သတ္တမနေ့ ဥပုသ်အသင်းသားတို့သည် မည်မျှ ကျေးဇူးတင်ဖို့ ကောင်းသနည်း။CCB1 19.1

    ဝိညာဉ်ဆုကျေးဇူး အမည်ရှိ ဤစာစောင်ကလေးတွင် အချုပ်အားဖြင့် ဖော်ပြထားသော တိုက်လှန်ပွဲကြီး အကြောင်းကို နောက်များမကြမီ ရှေးဦးစွာ ရေးသားသော စာစောင် အမည်ရှိ စာအုပ်၏ နောက်ဆုံး တစ်ဝက်တွင် ထပ်မံ ရိုက်နှိပ်ထားသဖြင့်၊ ၎င်းကို ယနေ့တိုင် ထိုစာအုပ်တွင် တွေ့ရှိနိုင်သည်။CCB1 19.2

    သို့ရာတွင် အသင်းတော်သည် တိုးပွားလာ၍ အချိန်ကာလသည် ကုန်လွန်သွားသောအခါ၊ ထာဝရဘုရားသည် တိုက်လှန်ပွဲကြီး အကြောင်းကို ဆက်ခါဆက်ခါ ရရှိသော ရူပါရုံအများတွင် သာ၍ ပြည့်စုံစွာ ဖွင့်ပြတော်မူသဖြင့် မစ္စစ်ဝှိုက်သည် ၁၈၇၀ ပြည့်နှစ် နှင့် ၁၈၈၄ ခုနှစ် ကြားတွင်၊ ပရောဖက် ဟောသော စကားချက် သဘော ဟူသော အမည်ဖြင့် စာစောင် လေးစောင်ကို ပြန်၍ ရေးသားထား၏။ ရွေးနှုတ်ခြင်း အကြောင်းဆိုသော စာအုပ်တွင် ဤစာစောင်များမှ တိုက်လှန်ပွဲကြီး အကြောင်းအရာ အစိတ်အပိုင်းများကို ဖော်ပြထားသည်။ ဘာသာစကား အမျိုးမျိုးနှင့် ရိုက်နှိပ်ထားသော ဤစာစောင်တွင်၊ ဤရူပါရုံများ၌ တိုက်လှန်ပွဲကြီး အကြောင်း မည်ကဲ့သို့ ဖော်ပြထားသည်ကို များစွာသော လူမျိုးတို့သည် ဖတ်ရှုနိုင်ကြပါသည်။ ၎င်းပြင် နောက် များမကြာမီ မစ္စစ်ဝှိုက်သည် ကာလ အဆက်ဆက်၏ တိုက်ပွဲ အမည်ရှိသော စာစောင် ငါးစောင်ကို ရေးသားခဲ့၏။ ၎င်း ငါးစောင်၏ အမည် အသီးအသီးမှာ ဘိုးဘေးများ နှင့် ပရောဖက်များ။ ပရောဖက်များ နှင့် ရှင်ဘုရင်များ၊ ကာလ အဆက်ဆက်၏ တောင့်တချက်။ တမန်တော်ဝတ္တု နှင့် ကြီးစွာသော တိုက်လှန်ပွဲကြီး ဖြစ်ကြသည်။ ၎င်းစာအုပ်တို့တွင် တိုက်လှန်ပွဲကြီး အကြောင်း အလွန် သေချာစွာ ပြည့်ပြည့်စုံစုံ ဖော်ပြထား၏။CCB1 19.3

    ဖန်ဆင်းခြင်း အကြောင်းမှ ခရစ်ယာန်တို့၏ ခေတ်ကာလ အကြောင်း ကျမ်းစာက ဖော်ပြသော အချက်နှင့် ညီညွတ်၍ ခေတ်ကာလ၏ အဆုံးအထိ ဖြစ်ပျက်သော အကြောင်းအရာတို့ကိုလည်း ဖော်ပြထားသော ဤစာအုပ်များသည် များစွာ အလင်းတရား နှင့် ခွန်အားကို ရရှိစေ၏။ ဤစာအုပ်များက သတ္တမနေ့ ဥပုသ်အသင်းသားများအား အလင်း၏ သား နှင့် နေ့၏ သားများ ဖြစ်စေရန် ကူညီမစကြ၏။ ဤအဖြစ်အပျက် အကြောင်းအရာအားဖြင့် ဂတိတော်သည် ပြည့်စုံကြောင်း ကျွန်ုပ်တို့ တွေ့ရှိရကြ၏။CCB1 20.1

    “အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန် ပရောဖက်တို့အား မဖော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။” အာမုတ်၊ ၃: ၇။CCB1 20.2

    တိုက်လှန်ပွဲကြီး အကြောင်း ရေးသားထားသော ဤစာအုပ်များတွင်၊ အလင်းတရားကို မည်ကဲ့သို့ ရရှိကြောင်း ဖော်ပြထားရာ၌ မစ္စစ်ဝှိုက်က အောက်ပါအတိုင်း ဆိုထား၏။CCB1 20.3

    သန့်ရှင်းသော ဝိညာဉ်တော်က အလင်းကို ပေးခြင်းအားဖြင့်၊ အကောင်း နှင့် အဆိုး ကြားတွင် ကြာရှည်စွာ ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲ၏ ရှုခင်းများကို ဤစာမျက်နှာများကို ရေးသားသူအား ဖွင့်ပြခဲ့လေပြီ။ ခေတ်ကာလ အမျိုးမျိုးတွင် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းကို အစပြုစီမံတော်မူသော အရှင်၊ အသက်ကို ပေးပိုင်တော်မူသော မင်း တည်းဟူသော သခင်ခရစ်တော် နှင့် ဒုစရိုက်ကို အစိုးရသော မင်း၊ အပြစ်ကို အစပြုသော သူ၊ ဘုရားသခင်၏ သန့်ရှင်းသော ပညတ်တော်ကို ပဋ္ဌမဦးဆုံး ကျူးလွန်သော သူ တည်းဟူသော စာတန်တို့၏ စပ်ကြားတွင် ဖြစ်ပျက်နေသော တိုက်လှန်ပွဲကြီး၏။ အခြေအနေ အကြောင်းကို ကျွန်ုပ်သည် ခဏခဏ ကြည့်ရှုခွင့် ရရှိခဲ့၏။CCB1 20.4

    ဘုရားသခင်၏ ဝိညာဉ်တော်သည် မိမိ နှုတ်ကပတ်တော်၏ မြင့်မြတ်သော သမ္မာတရားများ နှင့် အတိတ်ကာလ၊ အနာဂတ်ကာလတို့၏ ရှုခင်းများကို ကျွန်ုပ်တို့အား ဖွင့်ပြသောအခါ၊ ထိုသို့ ဖော်ပြထားသော အရာကို အခြားသူတို့အား သိရှိစေဖို့ ပြောပြရန် ကျွန်ုပ်အား မှာထားခဲ့လေပြီ။ ထိုအရာမှာလည်း လွန်ခဲ့သော ကာလတွင် ဖြစ်ပျက်ခဲ့သော တိုက်လှန်ပွဲကြီး အကြောင်းကို ပြန်၍ ဖော်ပြရန် ဖြစ်သည်။ ၎င်းပြင် အထူးသဖြင့် နောင်ကာလတွင် လျှင်မြန်စွာ ကျရောက်လာမည့် တိုက်ခိုက်ပွဲ အကြောင်း အလင်းကို ရရှိစေရန် ၎င်းအကြောင်းကို ဖော်ပြရန် ဖြစ်သည်။CCB1 21.1