Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မိမိ ကျောင်း၏ ဂုဏ်ကို မြှင့်တင်ခြင်းသည် ကျောင်းသား၏ တာဝန်။

    ဘုရားသခင်ကို ချစ်၍ သမ္မာတရားကို လိုက်နာသည်ဟု ဝန်ခံ ပြောဆိုနေသော တပည့်တို့သည် သွေးဆောင်ခြင်းများထဲတွင် မယိမ်းမယိုင်ဘဲ တည်ရှိနေနိုင်၍ ကောလိပ်ကျောင်း၌ လည်းကောင်း၊ မိမိတို့၏ ဘော်ဒါကျောင်းဆောင်၌ လည်းကောင်း၊ ဘယ်နေရာ၌ မဆို သခင်ယေရှုအတွက် ရပ်တည်နေနိုင်စေမည့် ကိုယ်ကို ချုပ်တည်းခြင်းနှင့် လည်းကောင်း၊ ဘာသာတရား၏ အခြေခံ တရား၌ ခိုင်ခံ့ခြင်း သဘောမျိုးနှင့် လည်းကောင်း ပြည့်စုံရကြမည်။ ဘာသာတရားသည် ဘုရားသခင်၏ အိမ်တော်၌ ဝတ်လုံကဲ့သို့ ဝတ်ဆင်ထားရသော အရာသာ ဖြစ်ရမည် မဟုတ်၊ ဘာသာတရားရေး၏ အခြေခံ တရားများကို အသက်တာ တစ်လျှောက်လုံး၌ ထူးခြား ထင်ရှားစေရမည်။CCB2 217.1

    အသက်တာ၏ စမ်းရေတွင်းမှ ရေကို သောက်နေရသော သူတို့သည် လောကီသားများကဲ့သို့ အခြေအနေ ပြောင်းလဲမှု နှင့် လောကီ ကာမဂုဏ် ခံစားမှုတို့ကို တောင့်တနေသော ဆန္ဒကို ထင်ရှားစေရကြမည် မဟုတ်။ မိမိတို့၏ ရှုပ်ထွေးခြင်း နှင့် ဝန်ထုပ်များကို ကိုယ်တော်၏ ခြေတော်ရင်း၌ နေ့စဉ် ချထား ခြင်းအားဖြင့်၊ သခင်ယေရှု၌ တွေ့ရှိရကြသော အနားယူခြင်း၊ ငြိမ်သက်ခြင်း နှင့် ပျော်ရွှင်ခြင်းတို့ကို သူတို့၏ အပြုအမူ ဟန်အမူအရာ နှင့် အကျင့်စာရိတ္တတို့တွင် တွေ့မြင်ရလိမ့်မည်။ စကားတော်ကို နားထောင်ခြင်း နှင့် တာဝန်ကို သိရှိခြင်း လမ်းခရီးတွင် ရောင့်ရဲတင်းတိမ်ခြင်း နှင့် ဝမ်းမြောက်ခြင်း ချမ်းသာကိုပင် ရရှိကြောင်း သူတို့က ဖော်ပြကြလိမ့်မည်။ ထိုသို့သော သူတို့သည် မိမိတို့၏ သူငယ်ချင်း ကျောင်းသားများ အပေါ်၌ သြဇာညောင်းစေကြလိမ့်မည်။ သူတို့က တစ်ဖန် တစ်ကျောင်းလုံးကို ပြောပြကြလိမ့်မည်။CCB2 217.2

    ဤ သစ္စာရှိသော တပ်ကြီးတွင် ပါဝင်သော သူတို့သည် သစ္စာ မရှိခြင်း၊ မသင့်မတင့် ကွဲပြားခြင်း နှင့် ဥပဒေ စည်းကမ်းများကို လိုက်နာဖို့ရန် ဂရုမစိုက်ခြင်း အမှု အမျိုးမျိုးတို့ကို အားမပေးဘဲနေခြင်း အားဖြင့် ဆရာ၊ ဆရာမများ နှင့် ပါမောက္ခများတို့ကို ခွန်အား အသစ် ရရှိစေလျက် ခိုင်ခံ့ခြင်း ရှိစေလိမ့်မည်။ သူတို့၏ သြဇာညောင်းမှုသည် ကယ်တင်ခြင်းကို ရရှိစေလျက် သူတို့၏ အလုပ်သည် ဘုရားသခင်၏ နေ့ကြီး၌ ပျက်စီးသွားမည် မဟုတ်ဘဲ၊ နောင်ဘဝတိုင်အောင် သူတို့၏ နောက်သို့ ပါသွားကြ၏။ ၎င်းပြင် ဤ ဘဝ၌ သူတို့၏ သြဇာညောင်းမှု အကြောင်းကို မကုန်မခန်းနိုင်သော ထာဝရကာလပတ်လုံး ပြောပြရကြလိမ့်မည်။CCB2 218.1

    ကျောင်းတွင် စိတ်အား ထက်သန်၊ ဖြောင့်မှန်၍ သစ္စာရှိသော လူငယ် တစ်ယောက်သည် အလွန် အဖိုးထိုက်သော ဘဏ္ဍာ တစ်ခု ဖြစ်၏။ ကောင်းကင်တမန်တို့သည် သူ့ကို ချစ်ခင်စွာ ကြည့်ရှုနေတတ်ကြ၏။ သူ၏ အဖိုးထိုက်သော ကယ်တင်ရှင်သည် သူ့ကို ချစ်တော်မူ၍ ကောင်းကင်စာရင်းတွင် ဖြောင့်မတ်သော အမှု ရှိသမျှ၊ တားဆီး ခုခံခဲ့သော စုံစမ်းခြင်း ရှိသမျှ၊ အောင်မြင်ခဲ့သော ဆိုးသွမ်းမှု ရှိသမျှ အကြောင်းကို မှတ်တမ်းတင်ထားလိမ့်မည်။ ထိုသို့အားဖြင့်၊ သူသည် ထာဝရအသက်ကို ကိုင်ဆွဲထားနိုင်မည် အကြောင်း၊ လာလတ္တံ့သော အချိန်ကာလအတွက် ကောင်းသော တိုက်မြစ်ကို ချထားလိမ့်မည်။CCB2 218.2

    ဘုရားသခင်၏ အမှုတော် တိုးတက် ကြီးပွားရေးအတွက် ဘုရားသခင် စီမံ ခန့်ထားသော အဖွဲ့အစည်း၏ တည်တံ့ ခိုင်မြဲရေးသည် အများအားဖြင့် ခရစ်ယာန် လူငယ်တို့ အပေါ်၌ တည်ရှိပေသည်။ ဤ အရေးကြီးသော တာဝန်သည် လောက ဇာတ်ခုံပေါ်သို့ ရောက်ရှိလာသော လူငယ်တို့ အပေါ်၌ တည်ရှိပေသည်။ အလွန် အရေးကြီးသော အကျိုးအပြစ်သည် လူ၏ အမျိုးအနွယ် ပေါ်၌ တည်ရှိနေသော အချိန်အခါသည် ဘယ်အခါကမျှ မရှိခဲ့ဘူးချေ။ ထိုကြောင့် ဘုရားသခင်သည် လူငယ်တို့အား မိမိ၏ တန်ဆာပလာ အဖြစ် အသုံးပြုနိုင်မည် အကြောင်း၊ လူငယ်တို့သည် အမှုတော်ကြီးအတွက် သင့်တော်သော အရည်အချင်းနှင့် ပြည့်စုံစေဖို့ မည်မျှ အရေးကြီးသလဲ။ သူတို့ကို ဖန်ဆင်းတော်မူသော အရှင်သည် အခြားသော သူအပေါင်းတို့ထက် အကောင်းဆုံးသော သူတို့ကို တောင်းတော်မူပြီ။CCB2 218.3

    သူတို့ ရရှိထားသော အသက် နှင့် ကာယ၊ ဉာဏစွမ်းရည် သတ္တိတို့ကို ပေးတော်မူသော သူမှာ ဘုရားသခင် ဖြစ်တော်မူ၏။ သူတို့သည် ထာဝရကာလတိုင်အောင် တာရှည်ခံမည့် အလုပ် တစ်ခုကို ပေးအပ်ထားခြင်း ခံရကြမည် အကြောင်း၊ ဘုရားသခင်သည် သူတို့အား သင့်မြတ်သော တိုးတက် ကြီးပွားမှုအတွက် စွမ်းရည်သတ္တိများကို ချပေးတော်မူ၏။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးကြီးအတွက် ကျေးဇူးဆပ်သော သဘောဖြင့် သူတို့၏ ဉာဏ် နှင့် အကျင့်သတ္တိများကို သင့်တော်စွာ တိုးတက် ပြုပြင်ပေး၍ အသုံးချစေဖို့ ဘုရားသခင်က တောင်းတော်မူ၏။ ဤ စွမ်းရည် သတ္တိများကို သူတို့၏ လောကီ ပျော်ရွှင်ရေးအတွက်၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်နှင့် လည်းကောင်း ဘုရားသခင် စီမံထားတော်မူသော အရာတို့နှင့် လည်းကောင်း ဆန့်ကျင်ဖက် ပြုခြင်းဖြင့် ယုတ်ညံ့သွားစေရန်အတွက်သာ မဟုတ်ဘဲ၊ လောကတွင် သမ္မာတရား နှင့် သန့်ရှင်းခြင်း အကြောင်းကို လူများတို့သည် တိုး၍ သိနားလည်စေခြင်းငှါ အသုံးပြုနိုင်ကြမည် အကြောင်း ဘုရားသခင်က ချပေးတော်မူ၏။ ဘုရားသခင်၏ ဆက်လက် ကျေးဇူးပြုခြင်း နှင့် အနန္တ ကရုဏာကို ပြတော်မူခြင်းအတွက် သူတို့၏ ကျေးဇူးဆပ်လိုသော သဘော၊ သူတို့၏ ကြည်ညို လေးမြတ်ခြင်း နှင့် ချစ်ခြင်းမေတ္တာကို ဘုရားသခင်က တောင်းတော်မူ၏။ စာတန်၏ ဉာဏ်ဆင်မှုများမှ ပျိုရွယ်သူတို့ကို တားဆီး ကာကွယ်ပေး၍ သူတို့အား ငြိမ်သက်ခြင်း လမ်းခရီးသို့ ပို့ဆောင်မည့် ဘုရားသခင်၏ တရားတော်များ နှင့် ကောင်းမြတ် သင့်တော်သော စည်းကမ်း ဥပဒေ ရှိသမျှတို့ကို လိုက်နာ စောင့်ရှောက်ရန် ဘုရားသခင်က တရားသဖြင့် အလိုရှိတော်မူ၏။CCB2 219.1

    ကျွန်ုပ်တို့၏ အဖွဲ့အစည်းများက ပြုလုပ်ထားသော စည်းကမ်း ဥပဒေများကို လိုက်နာ စောင့်ရှောက်ခြင်း၌ သူတို့သည် အဖွဲ့အစည်း၌ တည်ရှိနေသော သူတို့၏ အခြေအနေကို တိုးတက် ကြီးပွားစေ၍ အကျင့်စာရိတ္တကို မြှင့်တင်ပေးလျက် စိတ်သဘောကို မြင့်မြတ်စေပြီးလျှင်၊ သူတို့၏ ပျော်ရွှင်ရေးကို တိုးတက်စေကြောင်းကို လူငယ်တို့သည် သိမြင်နိုင်ကြလျှင်၊ သူတို့သည် ဖြောင့်မှန်သော ဥပဒေများနှင့် သင့်တော်သော ပညတ်များကို တော်လှန်ကြမည် မဟုတ်။ ဤ အဖွဲ့အစည်းများ အပေါ်၌လည်း မသင်္ကာသော စိတ်၊ ငြူစူသော စိတ်များ ဖြစ်ပေါ်လာအောင် ပြုလုပ်ကြလိမ့်မည် မဟုတ်။ ကျွန်ုပ်တို့၏ လူငယ်များတို့သည် မိမိတို့ အပေါ်၌ ပေးအပ်သော တာဝန်တို့ကို ထမ်းဆောင်နိုင်မည် အကြောင်း အင်အားသတ္တိ နှင့် သစ္စာရှိသော သဘောတို့နှင့် ပြည့်စုံရကြမည်။ လောက၏ ဤ ခေတ်ကာလရှိ အများသော လူငယ်တို့၏ ရိုးစိုင်း၊ သတိ မရှိသော အကျင့်သည် စိတ်ဒုက္ခ ရောက်စရာ ဖြစ်ပေသည်။ အများအားဖြင့် အိမ်ထောင်၌ ရှိသော မိဘတို့၏ အပြစ်ပင် ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိလျှင်၊ မည်သူမျှ မှန်ကန်သော ပျော်မွေ့ခြင်းကို မရရှိနိုင်။ 434T 432-435.CCB2 220.1