Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဝိညာဉ်ထဲ၌ ဘုရားသခင်၏ အသက်သာလျှင လူ၏ မျှော်လင့်ချက် ဖြစ်ခြင်း။

    ကျမ်းစာ၏ ဘာသာတရားသည် ကိုယ်ကာယ သို့မဟုတ် စိတ်၏ ကျန်းမာရေးကို အကျိုးယုတ် ပျက်စီးစေသည် မဟုတ်။ ဘုရားသခင်၏ ဝိညာဉ် တန်ခိုးသည် ရောဂါများအတွက် အကောင်းဆုံး ဆေးဝါး ဖြစ်၏။ ကောင်းကင် တစ်ခုလုံးသည် ကျန်းမာရေးကို ဖြစ်စေ၏။ ကောင်းကင်၏ တန်ခိုးများ အကြောင်းကို သာ၍ လေးနက်စွာ သိရှိ နားလည်လျှင်၊ ယုံကြည်သော လူနာကို ကျန်းမာ ချမ်းသာစေဖို့ သာ၍ သေချာ၏။ ခရစ်ယာန် ဘာသာ၏ မှန်ကန်သော အခြေခံ တရားများသည် လူအပေါင်းတို့ ရှေ့၌ အဖိုး မဖြတ်နိုင်သော ပျော်ရွှင်ခြင်း၏ အကြောင်းရင်းကို ဖော်ပြထားပေသည်။ ဘာသာတရားသည် အစဉ်အမြဲ ဆက်လက် စီးဆင်းနေသော စမ်းရေတွင်း ဖြစ်၍ ခရစ်ယာန်သည် မိမိ အလိုရှိသလောက် စမ်းရေကို သောက်သော်လည်း၊ စမ်းရေသည် ဘယ်သောအခါမျှ ကုန်ခန်းခြင်း မရှိ။CCB2 226.1

    စိတ်၏ အခြေအနေသည် အင်္ဂါစု၏ ကျန်းမာရေးကို ထိခိုက်တတ်သည်။ စိတ်သည် မှန်သော အရာကို ပြုလုပ်ဖို့ သိနားလည်တတ်ခြင်း၊ အခြားသူတို့၏ ပျော်ရွှင်ရေးကို ဖြစ်စေရာ၌ စိတ်ကျေနပ်မှု ရှိခြင်းကြောင့်၊ ၎င်းစိတ်သည် လွတ်လပ်၍ ပျော်ရွှင်ခြင်း ရှိလျှင်၊ ၎င်းသည် ရွှင်လန်းခြင်းကို ဖြစ်စေသဖြင့် ကိုယ်ခန္ဓာ အင်္ဂါစု တစ်ခုလုံး အပေါ်၌ ပြုပြင်ပေးရာ၊ သွေးများကို သာ၍ လွတ်လပ်စွာ လှည့်လည် သွားလာစေလျက် ကိုယ်ခန္ဓာ တစ်ခုလုံးကို အားဖြည့်စေ၏။ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာသည် ကျန်းမာခြင်းကို ဖြစ်စေသော တန်ခိုး ဖြစ်၍ အခြား သူတို့အား အကျိုး ဖြစ်ထွန်းစေအောင် များစွာ အကျိုးဆောင်ပေးသော သူတို့၏ စိတ်နှလုံး နှင့် အသက်တာ နှစ်ခုစလုံးတွင် ထို အံ့သြဖွယ် ကောင်းကြီးမင်္ဂလာကို သိမြင်လာလိမ့်မည်။CCB2 226.2

    မှားသော အကျင့်ဓလေ့များ နှင့် အပြစ်များသော အပြုအမူများကို လိုက်စားလာခဲ့သော သူသည် သမ္မာတရားတော်၏ တန်ခိုးလက်သို့ မိမိ ကိုယ်ကို အပ်နှံသောအခါ၊ ထိုသမ္မာတရားကို စိတ်နှလုံးထဲ၌ ခံယူ အသုံးပြုခြင်းဖြင့် ကောင်းမြတ်သော အကျင့်ကို ပြုတတ်သော သတ္တိသည် ပြန်၍ ပေါ်လာ၏။ အထက်က ထိုသတ္တိသည် ထုံထိုင်း၍ သေနေသည်ဟု ထင်ရ၏။ ထိုသတ္တိကို ရရှိသော သူသည် မိမိ၏ ဝိညာဉ်ကို ထာဝရ ကျောက်မြတ် တည်းဟူသော သခင်ယေရှု၌ စွဲမြဲလာခြင်း မရှိခင်ကထက် သာ၍ ခိုင်ခံ့ ပြတ်သားစွာ သိရှိ နားလည်လာ၏။ သခင်ခရစ်တော်၌ လုံခြုံမှု ရှိကြောင်းကို သိနားလည်ခြင်းအားဖြင့် သူ၏ ကာယ ကျန်းမာခြင်း အခြေအနေပင်လျှင် တိုးတက် ကောင်းမွန်လာ၏။6CH 28;CCB2 226.3

    လူတို့သည် သခင်ခရစ်တော်၏ ကျေးဇူးတော်ကို ရရှိကြသောအခါမှသာ နားထောင်ခြင်း ကောင်းကြီး မင်္ဂလာတို့ကို ပြည့်စုံစွာ ရရှိနိုင်ကြသည်ကို လူများတို့သည် သိရှိ နားလည်ဖို့ လိုပေသည်။ လူအား ဘုရားသခင်၏ ပညတ်တရားတော်ကို နားထောင် လိုက်နာနိုင်သော တန်ခိုးကို ပေးသော အရာမှာ ကိုယ်တော်၏ ကျေးဇူးတော် ဖြစ်၏။ ဤ အရာအားဖြင့်သာ သူသည် ဆိုးသော အကျင့်ကို ပယ်ဖျက်နိုင်လိမ့်မည်။ ဤ တန်ခိုးသာလျှင် သူ့အား မှန်သော လမ်း၌ တည်မြဲနေစေနိုင်လိမ့်မည်။CCB2 227.1

    ဧဝံဂေလိတရားကို ၎င်း၏ သန့်ရှင်း ဖြူစင်သော အခြေအနေ နှင့် တန်ခိုးကြီးသော အခြေအနေ၌ လက်ခံသောအခါ၊ အပြစ်တွင် အစပြု ဖြစ်ပေါ်လာသော ဝေဒနာများကို ၎င်းသည် ပျေက်ကင်းစေ၏။ တရားတော် နေမင်းသည် “အနာ ပျောက်စေသော အတောင်တို့” နှင့် ပေါ်ထွန်းတော်မူ၏။ ဤ လောကမှ ပေးနိုင်သော အရာ တစ်စုံတစ်ခုမျှ စိတ်နှလုံးကို မကုသနိုင်။ စိတ်ငြိမ်သက်ခြင်းကို မပေးနိုင်၊ စိုးရိမ်ပူပန်ခြင်းများကို မပယ်ရှားနိုင်၊ သို့မဟုတ် ရောဂါဝေဒနာတို့ကို မပယ်ရှားနိုင်။ ညှိုးငယ်နေသော စိတ်ကို ရွှင်လန်းလာစေရန် သို့မဟုတ် အားအင် ကုန်ခန်းနေသော အသက်တာကို ပြန်၍ အားရှိစေရန် ပြုလုပ်ဖို့ ကျော်စောကိတ္တိ၊ ထူးကဲသော ဉာဏ်စွမ်း သတ္တိ၊ စွမ်းရည် သတ္တိမှ စသော အရာခပ်သိမ်း၌ တန်ခိုး မရှိ။ စိတ်ဝိညာဉ် တည်ရှိနေသော ဘုရားသခင်၏ အသက်သာလျှင် လူ၏ မျှော်လင့်ချက် ဖြစ်၏။CCB2 227.2

    လူ တစ်ကိုယ်လုံးသို့ သခင်ခရစ်တော်က ပျံ့နှံ့သွားစေတော်မူသော မေတ္တာသည် အသက်ရှင်စေသော တန်ခိုး ဖြစ်၏။ ဦးနှောက်၊ နှလုံး၊ အာရုံကြောများမှ စသော အရေးကြီးသော အင်္ဂါ အစိတ်အပိုင်းအား ၎င်းတန်ခိုးက ကျန်းမာစေသော သတ္တိနှင့် ပြည့်စုံစေ၏။ ၎င်းအားဖြင့် ကိုယ်ခန္ဓာ၏ အမြတ် ဆုံးသော အင်အား သတ္တိများသည် လှုပ်ရှားခြင်း ရှိလာရန် နိုးကြားလာကြ၏။ ၎င်းသည် ဝိညာဉ်အား အပြစ်သင့်ခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ် ပူပန်ခြင်းမှ စ၍ အသက်တာ အင်အားကို ချေမှုန်းနေသော အရာများမှ ကင်းလွတ်စေ၏။ ၎င်း နှင့်အတူ ငြိမ်သက် တည်ကြည်ခြင်း သဘော သက်ဝင်လာ၏။ ၎င်းသည် စိတ်ဝိညာဉ်ထဲ၌ လောကီ အရာ တစ်စုံတစ်ခုကမျှ မဖျက်ဆီးနိုင်သော ဝမ်းမြောက်ခြင်း ချမ်းသာ - သန့်ရှင်းသော ဝိညာဉ်တော်၌ ဝမ်းမြောက်ခြင်း - ကျန်းမာခြင်း နှင့် အသက်ကို ပေးသော ဝမ်းမြောက်ခြင်းကို ချပေး၏။CCB2 227.3

    ငါ့ထံသို့ လာကြလော့၊ ငါသည် ချမ်းသာပေးမည် ဟူသော ကျွန်ုပ်တို့ ကယ်တင်ရှင်၏ စကားများသည် ကိုယ်ကာယ စိတ်ဉာဏ် နှင့် ဝိညာဉ်ရေး ဒုက္ခဝေဒနာများကို ကုသ ပျောက်ကင်းစေရန် ဆေးနည်း တစ်ခု ဖြစ်သည်။ လူတို့သည် မိမိတို့၏ မှားသော အမှုအားဖြင့် မိမိတို့ ကိုယ်၌ ဆင်းရဲခြင်း ဝေဒနာကို သက်ရောက်စေကြသော်လည်း၊ ကိုယ်တော်သည် သူတို့ကို သနားစုံမက်တော်မူ၏။ သူတို့သည် ကိုယ်တော်၌ အကူအညီကို တွေ့ရှိနိုင်ကြသည်။ ကိုယ်တော်ကို ယုံကြည် အားကိုးသော သူတို့အတွက် ကိုယ်တော်သည် ကြီးစွာသော အမှုများကို ပြုတော်မူမည်။ 7MH 115;CCB2 228.1