Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၅၄။—လူအနာအတွက် ဆုတောင်းခြင်း။

    ကျမ်းစာက၊ “လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်။” (လု၊ ၁၈: ၁။) ဟု ဖော်ပြထား၏။ ၎င်းပြင် မိမိတို့၌ ဆုတောင်းဖို့လိုသော အချိန်မှာ ခွန်အား ကုန်ခန်းနေ၍ မိမိတို့ထံမှ အသက်သည် တစ်ဖြည်းဖြည်း လွတ်ထွက်သွားတော့မည်ဟု ထင်ရသော အချိန်အခါ ဖြစ်ပေသည်။ မကြာခဏ ကျန်းမာခြင်းနှင့် ပြည့်စုံနေသော သူသည် တစ်နေ့ပြီး တစ်နေ့၊ တစ်နှစ်ပြီး တစ်နှစ် မိမိတို့ အပေါ်၌ ဆက်လက် ချပေးတော်မူသော အံ့သြဖွယ် ကရုဏာ ကျေးဇူးတော်ကို မေ့လျော့နေတတ်ကြပြီး၊ ဘုရားသခင် ပေးသနားတော်မူသော ကောင်းကျိုးများအတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်း မပြုဘဲ နေတတ်ကြသည် သို့သော် ဖျားနာလာသောအခါ ဘုရားသခင်ကို သတိရလာတတ်ကြ၏။ လူ၏ ခွန်အားသည် ကုန်ခန်းသွားသောအခါ၊ လူသည် ဘုရားသခင်၏ အကူအညီကို လိုကြောင်း သိရှိလာလေ၏။ ကရုဏာနှင့် ပြည့်စုံတော်မူသော ကျွန်ုပ်တို့၏ ဘုရားသခင်သည် အကူအညီအတွက် ဘုရားသခင်ကို ရိုးဖြောင့်စွာ ရှာသော ဝိညာဉ်ထံမှ ဘယ်အခါမျှ မျက်နှာလွှဲတော်မမူ။ ဘုရားသခင်သည် ကျန်းမာသောအခါမှာကဲ့သို့ ဖျားနာသောအခါမှာလည်း ကျွန်ုပ်တို့၏ ခိုလှုံရာ ဖြစ်တော်မူ၏။CCB2 297.1

    သခင်ယေရှုသည် မြေကြီးပေါ်၌ ရှေးဦးစွာ အမှုဆောင်ရွက်တော်မူစဉ်အခါမှာ နည်းတူ၊ ယခုလည်း ကိုယ်တော်သည် သနားခြင်း ကရုဏာ ရှိတော်မူသော သမားတော်ကြီး ဖြစ်တော်မူသေး၏။ ရောဂါတိုင်းအတွက် ကျန်းမာ ချမ်းသာစေသောဆေးသည် သခင်ခရစ်တော်၌ ရှိလျက် မကျန်းမမာသော အခြေအနေ ရှိသမျှကို ပြန်၍ ချမ်းသာပေးသော တန်ခိုးလည်း ရှိ၏။ ဤ ခေတ်ကာလရှိ ကိုယ်တော်၏ တပည့်တော်သည် ရှေးကာလရှိ တပည့်တော်များ ဆုတောင်းသကဲ့သို့ ဖျားနာသူတို့အတွက် မှန်ကန်စွာ ဆုတောင်းရကြမည်။၎င်းပြင် “ယုံကြည်ခြင်း၏ ပဋ္ဌာနာသည် လူနာကို ကယ်ဆယ်” သောကြောင့် လူနာတို့သည် ပြန်၍ ကျန်းမာလာကြလိမ့်မည်။ ကျွန်ုပ်တို့၌ ဘုရားသခင်၏ ဂတိတော်များကို တောင်းဆိုနိုင်သော ယုံကြည်ခြင်းအတွက် စိတ် ချစရာ ဖြစ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော် ရှိ၏။ “မကျန်းမမာသော သူတို့ အပေါ်မှာ လက်ကို တင်၍ ချမ်းသာပေးကြလတ္တံ့” (မာ၊ ၁၆: ၁၈။) ဟူသော သခင်ဘုရား၏ ဂတိတော်သည် တမန်တော်တို့၏ လက်ထက်မှာကဲ့သို့ ယခုအခါ၌လည်း အားကိုးနိုင်သော အရာ ဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ သားသမီးတို့၌ ရရှိအပ်သော အခွင့်အရေးကို ဖော်ပြသဖြင့်၊ ကျွန်ုပ်တို့ ယုံကြည်ခြင်းသည် ၎င်းတွင် ပါဝင်သော အရာ အပေါင်းတို့ကို ကိုင်ဆွဲထားရမည်။ သခင်ခရစ်တော်၏ ကျွန်များသည် ကိုယ်တော်၏ ပြုပြင်ခြင်းကို ထင်ရှားစေသော လမ်းကြောင်း ဖြစ်စေ၍၊ သူတို့အားဖြင့် ကိုယ်တော်၏ ကျန်းမာ ချမ်းသာပေးနိုင်သော တန်ခိုးတော်ကို အသုံးပြုရန် အလိုရှိတော်မူ၏။ ယုံကြည်ခြင်း လက်ရုံးအားဖြင့် ဘုရားသခင်အား ဖျားနာသူ နှင့် ဒုက္ခရောက်သူတို့ကို ဆက်ကပ်ခြင်းသည် ကျွန်ုပ်တို့၏ လုပ်ငန်း ဖြစ်သည်၊ ကြီးကျယ်စွာ ကျန်းမာ ချမ်းသာစေတော်မူသော အရှင်၌ ယုံကြည်အားထားရန် သူတို့အား သွန်သင်ပေးရမည်။ ကိုယ်တော်၏ ခွန်အားကို ဆွဲကိုင်စေရန် ကျွန်ုပ်တို့သည် လူနာများ၊ အားကိုးရာမဲ့သူများ ဒုက္ခဆင်းရဲခြင်း ရောက်သူများတို့ကို အားပေး နှိုးဆော်စေရန် ကယ်တင်ရှင်သည် အလိုရှိတော်မူ၏။CCB2 297.2