Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ထိမ်းမြားပြီးစ သူတို့အဖို့ အကြံဉာဏ်။

    ကျွန်ုပ်၏ ညီ၊ ညီမများ။ သင်တို့သည် တစ်သက်တာလုံးအတွက် ပဋိညာဉ်ပြုလျက် ထိမ်းမြားစုံဖက်ကြပြီ။ အိမ်ထောင် အသက်တာတွင် သင်တို့သည် လေ့လာ သင်ကြားဖို့ရန် အချိန်သည် အစပြုလေပြီ။ အိမ်ထောင်သက်၏ ပထမနှစ်သည် ဗဟုသုတ ဆည်းပူးရာ နှစ် ဖြစ်၍ ထိုနှစ်တွင်၊ သူငယ် တစ်ယောက်းသည် ကျောင်း၌ သင်ခန်းစာများကို သင်ကြားရသကဲ့သို့၊ ခင်ပွန်း နှင့် ဇနီးတို့သည် တစ်ဦး သဘောကို တစ်ဦး သိနားလည်ရန် သင်ကြားရကြမည်။ ပထမ အိမ်ထောင်သက်တွင် နောင်ကာလ၏ ပျော်ရွှင်ရေးကို ပျက်စီးစေမည့် အကြောင်းအရာများ မပေါ်လာပါစေနှင့်။CCB2 37.2

    အိမ်ထောင်မှု ကိစ္စတို့ကို သင့်တော်စွာ နားလည်ဖို့ အလုပ်သည် တစ်သက်တာလုံး၏ အလုပ် ဖြစ်သည်။ အိမ်ထောင်ပြုသော သူတို့သည် ဤ အသက်တာ၌ မည်သည့်အခါမျှ ပြည့်စုံစွာ မအောင်မြင်သေးသော ကျောင်း၌ ဝင်ရောက် သင်ကြားနေရကြသည်။ ကျွန်ုပ်၏ မောင်၊ သင့် ဇနီး၏ အချိန်ကာလ၊ ခွန်အား နှင့် ပျော်ရွှင်ရေးတို့သည် ယခု သင်၏ အချိန်ကာလ၊ ခွန်အား နှင့် ပျော်ရွှင်ရေးတို့နှင့် အတူတကွ စည်းလုံးလျက် ရှိသည်။ သူမ အပေါ်၌ သင်၏ သြဇာညောင်းမှုသည် အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏အမွှေးအကြိုင် ဖြစ်၏။ သို့မဟုတ် သေခြင်းတိုင်အောင် သေခြင်း၏ အမွှေးအကြိုင် ဖြစ်၏။ သူမ၏ အသက်တာကို မပျက်စီးစေရန် အထူး ဂရုစိုက်ပါ။CCB2 37.3

    ကျွန်ုပ်၏ ညီမ၊ သင်သည် ယခု အိမ်ထောင်သက်၏ တာဝန်များနှင့် သက်ဆိုင်၍ ပထမ လက်တွေ့ သင်ခန်းစာများကို သင်ကြားရလိမ့်မည်။ ဤ သင်ခန်းစာများကို နေ့စဉ် သစ္စာနှင့် သင်ကြားလေ့လာရန် သတိပြုပါ။ စိတ်မကျေ နပ်ခြင်း၊ စိတ်မသက်သာခြင်း မဖြစ်ပါစေနှင့်။ အေးအေးဆေးဆေး နေလျက် ဘာမျှ မပြုလုပ်လိုသော အချိန်အခါကို မတောင့်တပါနှင့်။ ကိုယ်ကျိုး ရှာလိုသော သဘော မရှိစေရန် အမြဲသဖြင့် သတိပြု စောင့်ရှောက်ပါ။CCB2 37.4

    သင်တို့သည် တစ်သက်တာလုံးအတွက် ထိမ်းမြားစုံဖက်ရာတွင်၊ သင်တို့၏ ချစ်ခြင်းမေတ္တာသည် အသီးအသီး၏ ပျော်ရွှင်ရေးအတွက် ဖြစ်စေရမည်။ ဤ အရာသည် သင်တို့နှင့် သက်ဆိုင်၍ ဘုရားသခင်၏ အလိုတော် ဖြစ်၏။ သို့ရာတွင် သင်တို့သည် တစ်လုံးတစ်ဝတည်း ပူးပေါင်းလျက် ရှိသော်လည်း၊ သင်တို့ အသီးအသီး၏ အခြေအနေသည် ပျောက်ပျယ်သွားသည် မဟုတ်။ ဘုရားသခင်သည် သင်တို့ အသီးအသီး၏ အခြေအနေကို ပိုင်ဆိုင်တော်မူ၏။ ဘုရားသခင် အကြောင်း သင်က ဤကဲ့သို့ မေးမြန်းရမည်။ မည်သည့် အရာသည် မှန် သနည်း။ မည်သည့် အရာသည် မှား သနည်း။ ကျွန်ုပ်အား ဖန်ဆင်းထားခြင်း၏ ရည်ရွယ်ချက်ကို ကျွန်ုပ်သည် မည်ကဲ့သို့ ပြည့်စုံစေနိုင်မည်နည်း။ “မိမိတို့ ကိုယ်ကို မိမိတို့ မပိုင်၊ သင်တို့သည် အဖိုးနှင့် ဝယ်တော်မူသော သူ ဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာ နှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။” (၁ ကော၊ ၆: ၁၉၊ ၂၀။) လူနှင့် ဆိုင်သော သင်၏ မေတ္တာသည် ဘုရားသခင်အတွက် သင်၏ မေတ္တာအောက်တွင် တည်ရှိစေရမည်။ သင်၏ မေတ္တာ ဘဏ္ဍာသည် သင့်အတွက် အသက်ကို စွန့်တော်မူသော သူအတွက် ဖြစ်စေရမည်။ ဘုရားသခင်အတွက် အသက်ရှင်လျက်၊ ဝိညာဉ်သည် ဘုရားသခင် အပေါ်၌ အကောင်းဆုံး နှင့် အမြတ်ဆုံး ချစ်ခြင်းမေတ္တာကို ထားလေ၏။ သင့်အတွက် အသေခံတော်မူသော သူအတွက် သင်သည် သင်၏ မေတ္တာကို အများဆုံး သက်ရောက်စေပြီလော။ ထိုသို့ ဖြစ်လျှင် သင်တို့ အချင်းချင်းအတွက် ထားသော မေတ္တာသည် ကောင်းကင်နှင့် သက်ဆိုင်လိမ့်မည်။CCB2 38.1

    ချစ်ခြင်းမေတ္တာသည် ကျောက်သလင်းကဲ့သို့ ကြည်လင်၍ တင့်တယ်စွာ ဖြူစင်လျက် ရှိလိမ့်မည်။ သို့ရာတွင် ၎င်းသည် စုံစမ်း စစ်ဆေးခြင်း မခံရသေးသဖြင့် တိမ်နေလိမ့်မည်။ အရာခပ်သိမ်းတွင် သခင်ခရစ်တော်ကို ပထမဦးဆုံး၊ နောက်ဆုံး နှင့် အကောင်းဆုံး ဖြစ်ပါစေ။ အမြဲ ကိုယ်တော်ကို ကြည့်နေပါ၊ ၎င်းပြင် သင်၏ မေတ္တာသည် စုံစမ်းခြင်းကို ခံယူသောအခါ၊ ကိုယ်တော်အတွက် သင်၏ ချစ်ခြင်းမေတ္တာသည် နေ့စဉ် သာ၍ ပြင်းထန် ခိုင်ခံ့လာလိမ့်မည်။ ကိုယ်တော်အတွက် သင်၏ မေတ္တာသည် တိုးပွားလာသောအခါ၊ အချင်းချင်းအတွက် သင်တို့၏ မေတ္တာသည်လည်း သာ၍ ပြင်းထန် ခိုင်ခံ့လာလိမ့်မည်။ “ငါတို့ ရှိသမျှသည် မျက်နှာဖုံးကို ဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ငါတို့သည် ဘုန်းအသရေ တိုးပွား၍ ပုံသဏ္ဍာန်တော်နှင့် အညီ ပြောင်းလဲခြင်း ရှိရကြ၏။” (၂ ကော၊ ၃: ၁၈။) သင်သည် လက်မထပ်ခင်က မပြုခဲ့ရသော တာဝန်များကို ယခု ပြုလုပ်ရပြီ။ “ထိုကြောင့် ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။” “ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသည် နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။” အောက်ပါ သြဝါဒကို သေချာစွာ လေ့လာပါ။ “အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ ခေါင်း ဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိ ခင်ပွန်း၏ အပေါ်မှာ ခေါင်း ဖြစ်၏။ အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ် ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံကြလော့။ အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။” (ကော၊ ၃: ၁၂။ ဧဖက်၊ ၅: ၂၊ ၂၂-၂၅။)CCB2 38.2

    တစ်သက်လုံးအတွက် တွဲဖက်ခြင်း တည်းဟူသော ထိမ်းမြားစုံဖက်ခြင်းသည် သခင်ခရစ်တော် နှင့် အသင်းတော်တို့၏ ပူးပေါင်းတွဲဖက်ခြင်းကို ပုံဆောင်၏။ အသင်းတော်အတွက် သခင်ခရစ်တော်က ဖော်ပြတော်မူရသော သဘောမျိုးသည် ခင်ပွန်း နှင့် ဇနီးတို့က အသီးအသီး အပေါ်၌ ဖော်ပြရသော သဘော ဖြစ်သည်။CCB2 39.1

    ခင်ပွန်း ဖြစ်စေ၊ ဇနီး ဖြစ်စေ၊ မည်သူမျှ အုပ်စိုးလိုသော ဆန္ဒကို မပြရာ။ ဤ ကိစ္စ၌ လမ်းပြရန် အခြေခံ တရားကို စီမံထားတော်မူ၏။ သခင်ခရစ်တော်သည် အသင်းတော်ကို ချစ်ခင်မြတ်နိုးသည် နည်းတူ ခင်ပွန်းသည် မိမိ၏ ဇနီးကို ချစ်ခင်မြတ်နိုးရမည်။ ၎င်းပြင် ဇနီးသည် မိမိ၏ ခင်ပွန်းကို ရိုသေချစ်ခင်ရမည်။ နှစ်ဦးစလုံးတို့သည် ကျေးဇူးပြု ကြင်နာသော သဘောကို မွေးမြူလျက် ဘယ်အခါမျှ တစ်ယောက်ကို တစ်ယောက် စိတ်နာစေအောင် မပြုဖို့ စိတ်ပိုင်းဖြတ်ထားရမည်။CCB2 39.2

    ကျွန်ုပ်၏ မောင် နှင့် ညီမ၊ သင်တို့ နှစ်ဦးစလုံး၌ ခိုင်ခံ့သော စိတ်ဓါတ် ရှိပေသည်။ သင်တို့၌ ဖြစ်စေ၊ သင်တို့နှင့် ဆက်သွယ်နေသော သူတို့၌ ဖြစ်စေ စိတ်ဓါတ်ကို ကြီးစွာသော ကောင်းကြီးမင်္ဂလာ သို့မဟုတ် ကြီးစွာသော ကျိန်ခြင်းကို ဖြစ်စေအောင် သင်တို့သည် ပြုလုပ်နိုင်ကြသည်။ တစ်ယောက်ကို တစ်ယောက် ကိုယ် အလိုရှိသကဲ့သို့ အတင်းအကြပ် ပြုလုပ်စေရန် မကြံစည်ပါနှင့်။ သင်တို့သည် ဤသို့ ပြုလျက် တစ်ယောက်၏ မေတ္တာကို တစ်ယောက် အမြဲ ရရှိမထားနိုင်။ ကိုယ် အလိုအတိုင်း ပြုမူလိုသော သဘောကို ပြခြင်းဖြင့် အိမ်ထောင်၌ ငြိမ်သက်ခြင်း နှင့် ပျော်မွေ့ခြင်းကို ဖျက်ဆီး၏။ သင်တို့၏ အိမ်ထောင် အသက်တာသည် ခိုက်ရန် ဖြစ်နေသော အသက်တာ မဖြစ်ပါစေနှင့်။ သင်တို့သည် ဤသို့ ပြုနေလျှင်၊ နှစ်ဦးစလုံး၌ ပျော်မွေ့ခြင်း ရှိကြလိမ့်မည် မဟုတ်၊ ကိုယ့် အလိုဆန္ဒကို ပယ်ထား၍ အပြောအဆို၌ ကြင်နာ၍ အပြုအမူ၌ နူးညံ့ပါစေ။ သင်၏ စကားများသည် ကောင်းကျိုး နှင့် မကောင်းမှုကို ဖြစ်စေတတ်သောကြောင့်၊ သတိပြုပါ။ သင်၏ စကားသံများတွင် ထိခိုက် နစ်နာစေသော အသံများ မပါစေနှင့်။ သင်တို့၏ စုံဖက်ခြင်း အသက်တာတွင် သခင်ခရစ်တော်နှင့် တူညီခြင်း တည်းဟူသော အမွှေးအကြိုင်ကို သက်ရောက်ပါစေ။CCB2 40.1

    လူ တစ်ယောက်သည် ထိမ်းမြားစုံဖက်ခြင်း အမှုကို မပြုမီ မိမိ ကိုယ်ကို ချုပ်တည်းလျက် သူတစ်ပါးနှင့် မည်ကဲ့သို့ ပြုမူ ဆက်ဆံရမည်ကို သင်ကြားလေ့လာရမည်။CCB2 40.2

    ကျွန်ုပ်၏ မောင်၊ ကြင်နာသနား၍ သည်းခံလျက် စိတ်ရှည်ခြင်း ရှိလော့။ သင်သည် သင်၏ ဇနီးကို အုပ်စိုးဖို့ မဟုတ်ဘဲ၊ သူမကို မစကူညီသော သူ ဖြစ်မည် အကြောင်း၊ သင်၏ ဇနီးသည် သင့်ကို မိမိ၏ ခင်ပွန်းအဖြစ် လက်ခံသည်ကို သတိပြုပါ။ ဘယ်အခါမျှ နိုင်လိုမင်းထက် ပြု၍ အာဏာရှင် သဘော မထားပါနှင့်။ သင် အလိုရှိသကဲ့သို့ သင်၏ ဇနီးအား ပြုစေရန် သင်၏ ခိုင်ခံ့သော စိတ်ဆန္ဒကို အသုံးမပြုပါနှင့်။ သင် အလိုရှိသည်အတိုင်း ပြုတတ်သကဲ့သို့ သူမသည်လည်း မိမိ အလိုအတိုင်း ပြုတတ်သော ဆန္ဒ တစ်ခု ရှိသည်ကို သတိပြုပါ။ သင်၌ သာ၍ ကျယ် ဝန်းစွာ ဗဟုသုတ ရှိသည်ကိုလည်း သတိပြုပါ။ ဆင်ခြင်စဉ်းစား၍ ယဉ်ကျေးခြင်း ရှိပါ။ “အထက်မှ သက်ရောက်သော ပညာမူကား၊ ရှေ့ဦးစွာ စင်ကြယ်၏။ ထိုမှတစ်ပါး၊ အသင့်အတင့် နေတတ်၏။ ဖြည်းညှဉ်းသော သဘော ရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့် လည်းကောင်း၊ ကောင်းကျိုးနှင့် လည်းကောင်း ပြည့်စုံ၏။ (ယာကုပ်၊ ၃: ၁၇။)CCB2 40.3

    ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၍ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်၊ ထိမ်းမြားမင်္ဂလာတွင် သင် ဂတိထားခဲ့သည်အတိုင်း အသီးအသီး၏ ပျော်ရွှင်ရေးကို သင်သည် အောင်မြင်စွာ ပြုလုပ်နိုင်မည်ကို ကျွန်ုပ်၏ မောင်၊ ညီမတို့ သတိပြုကြပါ။ ၎င်းပြင် ရွေးနှုတော်မူသော အရှင်၏ ခွန်အားဖြင့်၊ ကောက်ကွေ့နေသော အသက်တာကို ဘုရားသခင်၌ ြေဖာင့်သွားစေရန် သင်သည် ပညာနှင့် လည်းကောင်း၊ ခွန်အားနှင့် လည်းကောင်း ပြုလုပ်နိုင်လိမ့်မည်။ သခင်ခရစ်တော် မပြုလုပ်နိုင်သော အရာ အဘယ်အရာ ရှိသနည်း။ ကိုယ်တော်သည် ပညာ၌ လည်းကောင်း၊ ဖြောင့်မတ်ခြင်း၌ လည်းကောင်း၊ ချစ်ခြင်းမေတ္တာ၌ လည်းကောင်း စုံလင်တော်မူ၏။ သင်တို့ အချင်းချင်း အပေါ်၌ သင်တို့၏ မေတ္တာကို ပုံအပ်ရန် စိတ်ကျေနပ်လျက် သင်တို့ ကိုယ်တိုင် နှုတ်ပိတ်မနေကြပါနှင့်။ သင်တို့ ပတ်လည်၌ ရှိသော သူများ၏ ပျော်ရွှင်ရေးကို ဖြစ်စေရန် အခွင့်အရေးကို ရှာလျက် သူတို့အား သင်၏ မေတ္တာကို ဝေမျှပါ။ ကြင်နာစွာ ပြောဆိုသော စကားများ၊ ထောက်ထားစာနာခြင်း နှင့် ကြည့်ရှုခြင်း အမှုများ၊ နှစ်သက် သဘောကျကြောင်း ဖော်ပြချက်များတို့သည် တစ်ဦးတည်း အားထုတ်နေရသော သူများအတွက် ရေငတ်သော ဝိညာဉ်အဖို့ ရေအေး တစ်ခွက်ကဲ့သို့ ဖြစ်လိမ့်မည်။ အားပေးသော စကား တစ်ခွန်း၊ ကြင်နာစွာ ပြုသော အမှု တစ်ခုသည် ပင်ပန်းနေသော သူ၏ ပခုံးပေါ်မှ လေးသော ဝန်ထုပ်ကို ပေါ့စေလိမ့်မည်။ ကိုယ်ကျိုး မရှာဘဲ အမှု ဆောင်ရွက်ခြင်း၌ မှန်သော ပျော်မွေ့ခြင်းကို တွေ့ရှိရ၏။ ထိုသို့သော စကား၊ အပြုအမူတိုင်းတို့ကို ကောင်းကင်စာစောင်တွင် သခင်ခရစ်တော်အား ပြုစုသကဲ့သို့ မှတ်တမ်းတင်ထား၏။ “သင်တို့သည် ဤသူတည်းဟူသော ငါ့ ညီတို့တွင် အငယ်ဆုံးသော သူ တစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီ” ဟု ကိုယ်တော်က မိန့်တော်မူ၏။ (မ၊ ၂၅: ၄၀။)CCB2 41.1

    ကယ်တင်ရှင်၏ မေတ္တာတည်းဟူသော နေရောင်ခြည်တွင် နေထိုင်ပါ။ ထိုအခါ သင်၏ သြဇာညောင်းမှုသည် လောကအား ကောင်းကြီးပေးလိမ့်မည်။ သခင်ခရစ်တော်၏ ဝိညာဉ်တော်သည် သင့်ကို အုပ်စိုးပါစေ။ သင်၏ နှုတ်ခမ်းတို့သည် ကြင်နာခြင်း သဘောတရားနှင့် ပြည့်ဝပါစေ။ သခင်ခရစ်တော်၌ အသစ်သော အသက်တာတွင် တစ်ဖန် မွေးဖွားခြင်း ခံရသော သူတို့၏ အပြောအဆို၊ အပြုအမူတို့တွင် စိတ်ရှည်ခြင်း နှင့် ကိုယ်ကျိုး မရှာခြင်း သဘောတို့ကို ထင်ရှားစေ၏။ 27T 45-50.CCB2 42.1