Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မနာလိုခြင်း နှင့် အပြစ်ရှာခြင်း။

    အသင်းတော်သားများထဲတွင် လျှာကို မချုပ်တည်းနိုင်သော သူများ ရှိနေသည်ဟု ပြောရသည်မှာ ကျွန်ုပ်သည် စိတ်မကောင်းပါ။ မကောင်းသော အမှုကို နှစ်သက်၍ မုသား ပြောသော လျှာများ ရှိပါသည်။ ရှက်၍ တိုးတိုး ပြောတတ်သော လျှာများလည်း ရှိသည်။ စကားဖွာခြင်း၊ စော်ကား ရိုင်းစိုင်းစွာ ဝင်စွက်ခြင်း၊ ကျင်လည်စွာ ကျီစယ် ပြောင်လှောင်ခြင်းများလည်း ရှိသေး၏။ အတင်းပြောခြင်းကို နှစ်သက်သော သူတို့တွင် အချို့တို့မှာ သိမြင် စူးစမ်းလိုခြင်းကြောင့် ဖြစ်၏။ အခြားသူတို့မှာ မနာလိုသောကြောင့်၊ အများသော သူတို့မှာ မိမိတို့အား အပြစ် ဖော်ပြ ဆုံးမရန် ဘုရားသခင်က မိန့်တော်မူသော သူတို့ကို မုန်းသောကြောင့် ဖြစ်၏။ ဤကဲ့သို့ စိတ်ဝမ်းကွဲပြားစေသော အရာများသည် ဖြစ်ပေါ်လာကြပြီ။ အချို့တို့သည် မှန်သော သဘောထားကို ဖုံးကွယ်ထားကြ၍ အခြားသော သူတို့သည် အခြားသူတို့၏ မကောင်းကြောင်း သိရှိသမျှ သို့မဟုတ် မယုံသင်္ကာ ဖြစ်သမျှတို့ကို သတင်းလွှင့်ရန် အလွန် စိတ်ထက်သန်ကြသည်။CCB2 136.1

    သစ္စာစကားကို မုသာစကား အဖြစ်သို့ လည်းကောင်း၊ ကောင်းသော အမှုကို ဆိုးသော အမှု အဖြစ်သို့ လည်းကောင်း၊ အပြစ်ကင်းသော အမှုကို ရာဇဝတ်မှု အဖြစ်သို့ လည်းကောင်း၊ ပြောင်းလဲသွားစေရန် မတရား သက်သေခံခြင်း၊ မုသား ကျိန်ဆိုခြင်း သဘောများသည် ယခု များပြားစွာ ထင်ရှားလာသည်ကို ကျွန်ုပ် တွေ့မြင်ရပြီ။ ဘုရားသခင်၏ လူများဟု အခေါ်ခံနေသော သူတို့၏ အခြေအနေကို မြင်ရ၍ စာတန် သည် အထူး ရွှင်မြူးနေ၏။ အများသော သူတို့သည် မိမိတို့၏ ဝိညာဉ်အတွက် ဂရုမစိုက်ဘဲ နေကြသော်လည်း၊ အခြားသော သူအား ဝေဖန် အပြစ်ရှာရန် စိတ်အားကြီးစွာ စောင့်ကြည့်နေတတ်ကြသည်။ လူအပေါင်းတို့၌ အကျင့် ချွတ်ယွင်းခြင်း ရှိကြသဖြင့်၊ မနာလိုခြင်းအားဖြင့် ထိခိုက်စေရန် တစ်စုံတစ်ခုသော အပြစ်ကို ရှာရန် မခက်ခဲပေ။ မိမိ ကိုယ်တိုင် တရားသူကြီး ခန့်ထားခြင်း ခံရသူက “ယခု ကျွန်ုပ်တို့၌ တကယ် ဖြစ်သော အကြောင်းအရာကို တွေ့ရှိထားပြီ။ သူတို့ ကိုယ်တိုင် မရှင်းလင်းနိုင်သော စွပ်စွဲချက်များကို သူတို့ အပေါ်၌ တင်ထားကြမည်” ဟု ပြောဆို၏။ သူတို့သည် သင့်တော်သော အခွင့်အရေးကို စောင့်နေကြပြီးနောက် သူတို့၏ သတင်းစကားများကို ဖြေပြကြလျက် အတိုအထွာ စကားများကို ထွက်ပေါ်လာစေကြ၏။CCB2 136.2

    အချက် တစ်ချက်ကို ရရှိဖို့ရန် သူတို့သည် ကြိုးပမ်းရာတွင်၊ ဓမ္မတာအားဖြင့် စိတ်ကူး ကောင်းလွန်းသော သူတို့သည် မိမိတို့ ကိုယ်ကိုပင် လှည့်ဖြားခြင်း၊ သူတစ်ပါးအား လှည့်ဖြားခြင်း ဘေးနှင့် ကြုံတွေ့နေရကြသည်။ စကားများကို အလျင်အမြန် အမှတ်မဲ့ ပြောမိလိုက်သဖြင့်၊ ပြောဆိုသော သူ၏ စိတ်သဘော အမှန်ကို ပြန်၍ ပေါ်မလာနိုင်ကြောင်းကို မဆင်ခြင်ဘဲ၊ သူတို့သည် သတိလစ်၍ ပြောမိသော စကားများကို သိမ်းရုံးတတ်ကြသည်။ သို့ရာတွင် ထိုသို့ အမှတ်မဲ့ ပြောဆိုတတ်သော မှတ်ချက်များသည် မကြာခဏ ဂရုမစိုက်သင့်လောက်အောင် အလွန် သေးငယ်သော်လည်း၊ စာတန်၏ မှန်ဘီလူးဖြင့် ၎င်းတို့ကို ကြည့်ရှုကြပြီး ချင့်ချိန်လျက် ထပ်ခါထပ်ခါ သတင်းလွှင့်ကြရာ၊ ပွေးတောင်ပို့လောက် ရှိသော အရာသည် တောင်းကြီးသဖွယ် ဖြစ်လာလေ၏။CCB2 137.1

    လွင့်နေသော သတင်းတို့ကို စုရုံး၍ အခြားသော သူ၏ အကျင့်စာရိတ္တတို့ကို မယုံသင်္ကာ ဖြစ်စေမည့် အရာခပ်သိမ်းကို ဖော်ပြီးနောက် ထိုသူအား ထိခိုက်နစ်နာစေရန် ပြုလုပ်ဖို့ နှစ်သက်ခြင်းသည် ခရစ်ယာန်၏ မေတ္တာဂရုဏာ သဘော ဖြစ်သလော။ သခင်ခရစ်တော်၏ တပည့်တော် တစ်ယောက်အား အသရေပျက်စေ၊ နစ်နာစေနိုင်သောအခါ စာတန်သည် အလွန်ပင် ပျော်မြူး၏။ သူသည် ကျွန်ုပ်တို့၏ ညီအစ်ကိုများကို အပြစ်တင် စွပ်စွဲသော သူ ဖြစ်၏။ ခရစ်ယာန်တို့သည် သူ၏ လုပ်ငန်းကို ကူညီပေးရကြမည်လား။CCB2 137.2

    အလုံးစုံတို့ကို မြင်တော်မူသော ဘုရားသခင်သည် လူအပေါင်းတို့၏ ချွတ်ယွင်းချက် နှင့် အသီးအသီးတို့၌ အုပ်စိုးနေသော တပ်မက်ခြင်း စိတ်တို့ကို အရေးယူ မှတ်သားတော်မူသော်လည်း၊ ကျွန်ုပ်တို့၏ အမှားများကို သည်းခံ၍ ကျွန်ုပ်တို့၏ အားနည်းခြင်း အဖြစ်ကို သနားတော်မူ၏။ ဘုရားသခင်က မိမိ၏ လူများအား ထိုသို့သော နူးညံ့သိမ်မွေ့၍ သည်းခံတတ်သော သဘောမျိုးကို မွေးမြူရန် မိန့်တော်မူ၏။ မှန်သော ခရစ်ယာန်သည် သူတစ်ပါး၏ အပြစ်များ နှင့် ချို့တဲ့သော အဖြစ်တို့ကို ဖော်ပြ ထင်ရှားစေခြင်း၌ ဝမ်းမြောက်ခြင်း ရှိလိမ့်မည် မဟုတ်။ သူတို့သည် မက်မော နှစ်သက်ဖွယ် ဖြစ်သော အရာတို့၌ စိတ်စွဲလမ်းခြင်း ရှိရန် ဆိုးယုတ်ခြင်း နှင့် ချို့တဲ့ မစုံလင်ခြင်း အဖြစ်တို့ကို မကြည့်ဘဲ နေကြလိမ့်မည်။ အပြစ်ရှာသော အမှု ရှိသမျှ၊ အပြစ်တင်၊ စီရင်သော စကား ရှိသမျှသည် ခရစ်ယာန်တို့အဖို့ နာကျည်းဖွယ် ဖြစ်၏။65T 94-96;CCB2 138.1