Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၈) - အသက်တာမှတ်တမ်းများနှင့်ရင်ဆိုင်ခြင်း

    ‘‘ထိုအခါ ငါကြည့်ရှုစဉ် ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍ အသက်ကြီးသောသူတစ်ဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသောသိုးမွေးနှင့် တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။ မျက်နှာတော်မှ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိများစွာသော သူတို့သည် အမှုတော်ကိုဆောင်ရွက်၍ ကုဋေသင်္ချေမက ရှေ့တော်၌ ခစား၍ နေကြ၏။ တရားစီရင်ခြင်းငှာပြင်ဆင်၍ စာစောင်များကိုဖွင့်ထားကြ၏။’’ ဒံ၊ ၇:၉-၁၀။HFB 516.1

    ဤလောကီသားအပေါင်းတို့၏ တရားသူကြီးဖြစ်သော ဘုရားသခင် ရှေ့တော်တွင် လူသားများ၏အသက်တာကို စစ်ဆေးသုံးသပ်မည့်နေ့ကြီးနှင့် စပ်လျဉ်းသည့် ရူပါရုံအကြောင်းကို ဤသို့တင်ပြပေးထားပါသည်။ ထို ‘‘အသက်ကြီးသောသူတစ်ဦး’’ မှာ ခမည်းတော်ဘုရားသခင်ဖြစ်သည်။ အရာခပ်သိမ်းတို့၏ အရင်းအမြစ်ဖြစ်တော်မူကာ ပညတ်အလုံးစုံတို့၏ မြစ်ဖျားခံရာဖြစ်တော်မူသည်။ ကိုယ်တော်ရှင်သည် ထိုတရားစီရင်ခြင်းတွင် ဦးဆောင်ကွပ်ကဲတော်မူသည်။ ကောင်းကင်တမန်များသည် အစေခံများ၊ သ်ကသေခံများအဖြစ် ထိုအစီအစဉ်တွင်တက်ရောက်ကြသည်။HFB 516.2

    ‘‘ငါသည် အာရုံပြု၍ လူသားနှင့်တူသောသူတစ်ဦးသည် မိုးတိမ်ကို စီးလျက် အသက်ကြီးသောသူ၏အထံတော်သို့ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့သွင်းကြ၏။ အရပ်ရပ်တို့၌နေ၍ အသီးသီး အခြားခြားသောဘာသာစကားကိုပြောသော လူမျိုးတကာတို့ အုပ်စိုးစေခြင်းငှာ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့မရောက်နိုင်ရာ။’’ ဒံ၊ ၇:၁၃-၁၄။HFB 516.3

    ဤတွင် ဖေါ်ပြထားသည် ခရစ်တော်ကြွလာခြင်းသည် ဤကမ္ဘာသို့ ဒုတိယကြွလာခြင်းမဟုတ်ဘဲ ကြားဖျန်ဖြေသူ၏အလုပ်ပြီးဆုံးသောအချိန်တွင် ၎င်းအားပေးမည့်နိုင်ငံတော်ကိုလက်ခံရန် ခမည်းတော်ဘုရားသခင်ထံတော်သို့ ကြွလာခြင်းဖြစ်သည်။ ဤကြွလာခြင်းသည် ရက်ပေါင်း ၂၃၀၀ အဆုံးသတ်သည့် ၁၈၄၄ ခုနှစ်တွင် ဖြစ်ပျက်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ယဇ်ပုရော ဟိတ်မင်းကြီးသည် လူသားများကိုယ်စား နောက်ဆုံးသောအမှုတော်ကို ဆောင်ရွက်ရန် အသန့်ရှင်းဆုံးအခန်းထဲသို့ ဝင်သွားခဲ့ပါသည်။HFB 517.1

    ပုံဆောင်ကျင်းပသောအခမ်းအနားများတွင် ဗိမာန်တော်သို့ အပြစ်ပြောင်းရွှေ့ခြင်းခံရသူများ၌သာ အပြစ်ဖြေရာနေ့တွင်ပါဝင်ရန် ကဏ္ဍတစ်ခုရှိသည်။ ထိုနည်းတူစွာပင် နောက်ဆုံးသောအပြစ်ဖြေရာနေ့ကြီးနှင့် စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ တရားစီရင်ခြင်းတွင် ဘုရားသခင့်သားသမီးများ၏ ကိစ္စများကိုသာ စဉ်းစားစီရင်မည်ဖြစ်သည်။ ဆိုးညစ်သောသူများကို တရားစီရင်ရန်မှာ နောက်ပိုင်းတွင် သီးခြားလုပ်ဆောင်ရမည့် အလုပ်တစ်ခု ဖြစ်သည်။ ‘‘ဘုရားသခင့်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင် ရသောအချိန်ရှိပြီ။’’ ၁ပေ၊ ၄:၁၇။HFB 517.2

    ကောင်းကင်တွင်ရှိသော မှတ်တမ်းစာအုပ်များသည် တရားစီရင်ချက် များချမှတ်ရာတွင် အသုံးပြုရန်ဖြစ်သည်။ အသက်စာစောင်တွင် ဘုရားသခင့်၏အမှုတော်၌ ပါဝင်ခဲ့သူများ၏အမည်များကို မှတ်တမ်းတင် ထားသည်။ ထိုကြောင့် ခရစ်တော်က တပည့်တော်များအား ‘‘သင်တို့၏နာမည် များသည် ကောင်းကင်စာရင်း၌ ဝင်သည်ကို ဝမ်းမြောက်ခြင်းရှိကြလော့ဟု မိန့်တော်မူ၏။’’ လုကာ ၁၀:၂၀။ ရှင်ပေါလုကလည်း ‘‘အသက်စာရင်းဝင်သော’’ လုပ်ဖော်ကိုင်ဖက်များ၏အကြောင်းကို ဖွင့်ဟခဲ့သည်။ ဖိ၊ ၄:၃။ ဒံယေလကမူ ‘‘စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ရောက်ကြလိမ့်မည်’’ ဟု မှတ်တမ်းတင်ခဲ့ပါသည်။ ဒံ၊ ၁၂:၁။ ‘‘သိုးသငယ်၏အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာလျှင်’’ ဘုရားသခင်၏မြို့တော်ထဲသို့ ဝင်ကြရလိမ့် မည်ဟု ရှင်ယောဟန်က ဗျာ၊ ၂၁:၂၇ တွင်ရေးသားထားပါသည်။HFB 517.3

    ‘‘အောက်မေ့စရာမှတ်တမ်း’’ တွင် ‘‘ထာဝရဘုရားကို ကြောက်ရွံ့နေ၍ နာမတော်ကိုအောက်မေ့သောသူတို့’’ ၏ကောင်းမှုကုသိုလ်များကို မှတ်တမ်း တင်ထားပါသည်။ တွန်းလှန်အောင်မြင်ခဲ့သော စုံစမ်းနှောင့်ယှက်ခြင်းများ၊ ကျော်လွှားအောင်ပွဲဆင်ခဲ့သော မကောင်းမှုအသီးသီးထုတ်ဖေါ်ပြောဆိုခဲ့သည့် မေတ္တာစကားလုံးများ၊ အနစ်နာခံလုပ်ဆောင်မှုပေါင်း ခရစ်တော်အတွက် ခံစားခဲ့ရသော ဝမ်းနည်းစရာအားလုံးကို ထိုစာအုပ်တွင်မှတ်တမ်းတင် ထားသည်။ ‘‘အကျွန်ုပ်သည် အရပ်ရပ်လည်ရသောအခြင်းအရာတို့ကို ကိုယ်တော်မှတ်၍ အကျွန်ုပ်မျက်ရည်တို့ကို ဆူးတော်ထဲမှာထည့်တော်မူပါ။ စာရင်းတော်၌ရှိပါသည်မဟုတ်လော။’’ မာလခိ ၃:၁၆။ ဆာလံ ၅၆:၈။HFB 518.1