Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တရားစီရင်ခြင်းတွင်အသုံးပြုမည့်စံ

    ဘုရားသခင်၏ပညတ်တော်ဆယ်ပါးသည် တရားစီရင်ရာတွင် စံအဖြစ် အသုံးပြုခြင်းခံရလိမ့်မည်။ ‘‘ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။ အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသော ဝှက်ထားခြင်းမှစ၍ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍ တရားသဖြင့်စီရင်တော်မူလတ္တံ့။’’ ‘‘လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကိုခံရလတ္တံ့သောသူကဲ့သို့စကားပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြလော့။’’ ဒေသနာ ၁၂:၁၃-၁၄။ ယာကုပ် ၂:၁၂HFB 520.1

    ‘‘ရထိုက်သည်ဟု သတ်မှတ်ခြင်းခံရသူများ’’ သည် ဖြောင့်မတ်သူများ ရှင်ပြန်ထမြောက်သည့် အဖွဲ့တွင်ပါဝင်ကြလိမ့်မည်။ ‘‘ရထိုက်သည်ဟု သတ်မှတ်ခြင်းခံရသောသူတို့သည်---ထမြောက်ခြင်း၏သားဖြစ်သောကြောင့် ဘုရားသခင်၏သားဖြစ်ကြ၏။’’ ‘‘ကောင်းသော အကျင့်ကို ကျင့်သောသူ တို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့ --- ထွက်ရကြလတ္တံ့။’’ လုကာ ၂၀:၃၅-၃၆။ ယောဟန် ၅:၂၉။ ကောင်းသောအကျင့်ကိုကျင့်လျက် သေဆုံး သွားသူများသည် ၎င်းတို့အား အသက်ရှင်ရာထမြောက်ခြင်းသို့ ဝင်စားထိုက် သည်ဟု သတ်မှတ်သည့်စီရင်ချက်မချမီ ရှင်ပြန်ထမြောက်ကြလိမ့်မည် မဟုတ်ချေ။ ထိုကြောင့် ၎င်းတို့၏အသက်တာမှတ်တမ်းများကို ဖွင့်လှစ်စစ်ဆေးကာ ၎င်းတို့၏အမှုကိစ္စကို ဆုံးဖြတ်သောအချိန်တွင် ၎င်းတို့ကိုယ်တိုင် တရားစီရင်ခြင်းခန်းမတွင် ရှိကြလိမ့်မည်မဟုတ်ချေ။HFB 520.2

    ယေရှုခရစ်သည် ဘုရားသခင့်ထံတော်တွင် ၎င်းတို့ကိုယ်စား အသနား ခံပေးရန် ၎င်းတို့၏ရှေ့နေအဖြစ်ဖြင့် ပေါ်ထွန်းလာလိမ့်မည်။ ‘‘တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင် ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။’’ ‘‘လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာနထဲသို့ ခရစ်တော်သည်မဝင်ဘဲ ငါတို့အတွက်ကြောင့် ယခု ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာ ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူပြီ။’’ ‘‘ထိုကြောင့် အကြင်သူသည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏။ ထိုသူတို့၏အမှုကို ကိုယ်တော်သည်စောင့်လျက် ကာလအစဉ်အသက်ရှင်သော ကြောင့် သူတို့ကို အစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။’’ ၁ယော၊ ၂:၁။ ဟေဗြဲ ၉:၂၄။ ၇:၂၅။HFB 521.1

    မှတ်တမ်းစာအုပ်များဖွင့်လှစ်၍ တရားစီရင်ရာတွင် ခရစ်တော်ကို ယုံကြည်သူအားလုံး၏ အသက်တာများသည် ဘုရားသခင်၏ရှေ့တော်တွင် ထင်ရှားလာပါသည်။ ကျွန်ုပ်တို့၏ရှေ့နေကြီးသည် ကမ္ဘာဦးလူသားများမှစ၍ လူသားမျိုးဆက်တစ်ခုချင်း၏အမှုတွဲများကိုတင်ပြပါသည်။ နာမည်တိုင်းကို ဖေါ်ပြထားပြီး အမှုတွဲတိုင်းကို စုံစမ်းစစ်ဆေးပါသည်။ လက်ခံအတည်ပြုခြင်း ခံရသောနာမည်များရှိသလို ငြင်းပယ်ခြင်းခံရသောနာမည်များလည်းရှိသည်။ ကျူးလွန်ခဲ့သောအပြစ်များအတွက် နောင်တမရသဖြင့် အပြစ်လွှတ်ခြင်း အခွင့် ရမထားသေးသည့် ပုဂ္ဂိုလ်များ၏နာမည်များကို အသက်စာစောင်မှ ပယ်ဖျက်လိုက်ပါသည်။ ‘‘ထာဝရဘုရားက အကြင်သူသည် ငါ့ကိုပြစ်မှား၏။ ထိုသူ၏နာမကို ငါ့စာရင်း၌ငါချေမည်’’ ဟု မောရှေအား မိန့်တော်မူခဲ့၏။ ထွက်၊ ၃၂:၃၃။HFB 521.2

    စစ်မှန်သောနောင်တဖြင့် ခရစ်တော်၏အသွေးတော်ကို ၎င်းတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် လက်ခံယုံကြည်သဖြင့် အပြစ်လွှတ်ခြင်းအခွင့်ကို ရထားသူများသည် ကောင်းကင်စာစောင်များတွင် ပါဝင်ခဲ့သည်။ ထိုသူများသည် ခရစ်တော်၏ဖြောင့်မတ်ခြင်းကို မျှဝေခံစားသူများ ဖြစ်လာသည်နှင့်အမျှ ၎င်းတို့၏အကျင့်စာရိတ္တများသည် ပညတ်တရားနှင့် ကိုက်ညီကြောင်းတွေ့ရသည်။ ၎င်းတို့၏အပြစ်များသည်လည်း ချေဖျက်ခြင်း ခံရကာ ၎င်းတို့အား ထာဝရအသက်နှင့်ထိုက်တန်သောသူများဖြစ်ကြောင်း သတ်မှတ်တော်မူလိမ့်မည်။ ထာဝရဘုရားက ‘‘ငါတစ်ပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့် သင်၏အပြစ်တို့ကိုဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။’’ ‘‘ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည်အလျင်းမချေ။ ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကောင်းကင်တမန်တို့ရှေ့၌လည်းကောင်း---သူ၏နာမကို ငါဝန်ခံမည်။’’ ‘‘အကြင်သူသည် လူတို့ရှေ့မှာငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါဝန်ခ့မည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါငြင်းပယ်မည်’’ ဟု မိန့်တော်မူပါသည်။ ဟေရှာ ၄၃:၂၅။ ဗျာ၊ ၃:၅။ မဿဲ ၁၀:၃၂-၃၃။HFB 522.1

    ကိုယ်တော်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အောင်မြင် ကျော်လွှားခဲ့ကြသူအားလုံးကို ဧဒင်အိမ်တွင်ပြန်လည်နေရာချထားကာ ကိုယ်တော်ရှင်ကိုယ်တော်တိုင်နှင့်အတူ ‘‘အရင်တည်သောအာဏာ’’ အား ပြန်လည်အပ်နှင်းပေးရန် ခရစ်တော်သည် အသနားခံလျှောက်ထားပါသည်။ မိက္ခာ ၄:၈။ လူသားများသည် တစ်ခါမျှအပြစ်မကျူးလွန်ဖူးသကဲ့သို့မှတ်ယူကာ ၎င်းတို့အား ဖန်ဆင်းခဲ့ရသည့် ရည်ရွယ်ချက်ကို အကောင်အထည်ဖေါ်ပါရန် ယခုတွင် တောင်းဆိုတော်မူသည်။ မိမိလူတို့အား အပြစ်လွှတ်ကာ ဖြောင့်မတ်စေရုံသာမက မိမိနှင့်အတူ ပလ္လင်ပေါ်တွင်ထိုင်ကာ ဘုန်းဝင်စားခွင့်ပေးပါရန် ခရစ်တော်တောင်းဆိုတော် မူသည်။HFB 522.2

    ခရစ်တော်က မိမိ၏ကျေးဇူးတော်ကိုခံစားရသူများအတွက် အသနားခံ လျှောက်ထားနေစဉ် စာတန်ကလည်း ဘုရားသခင်ရှေ့တော်တွင် ၎င်းတို့အား အပြစ်ရှိကြောင်း စွပ်စွဲနေပါသည်။ ၎င်းတို့၏အသက်တာမှတ်တမ်းများကို လည်းကောင်း၊ အကျင့်စာရိတ္တအနာအဆာများကိုလည်းကောင်း၊ ခရစ်တော်နှင့် မတူသည့်အချက်များကိုလည်းကောင်း၊ ၎င်းတို့ကျူးလွန်ရန် သူကိုယ်တိုင် စုံစမ်းခဲ့သောအပြစ်အားလုံးကိုလည်းကောင်း စာတန်ကထောက်ပြနေပါသည်။ ထိုအကြောင်းအချက်များကြောင့် ထိုသူများသည် မိမိ၏လက်အောက်ရှိ ပုဂ္ဂိုလ်များဖြစ်နေကြောင်း သူဖွင့်ဆိုနေပါသည်။HFB 523.1

    ထိုသူများ၌ အပြစ်မရှိပါဟု ခရစ်တော်ငြင်းဆိုလိမ့်မည်မဟုတ်ချေ။ သို့သော် ၎င်းတို့၏နောင်တရခြင်းနှင့် ယုံကြည်ခြင်းကို ကိုယ်တော် ဖေါ်ပြတော်မူ၏။ ကိုယ်တော်သည် ထိုသူများအား အပြစ်လွှတ်ရန် တောင်းပန်လျက် ခမည်းတတော်ဘုရားရှေ့မှောက်တွင် မိမိ၏လက်များကို မြှောက်ပြကာ ဤသူများကို ကျွန်ုပ်၏လက်ဖဝါးပေါ်တွင်ရေးထားပြီးပါပြီ။ ‘‘ဘုရားသခင်နှစ်သက်သောယဇ်မူကား ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲကြေမွသောနှလုံးကို ငြင်းပယ်တော် မမူတတ်ပါ။’’ ဆာလံ ၅၁:၁၇။HFB 523.2