Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လမ်းမှားမလိုက်သော-ယုံကြည်သူသားသမီးများ

    သို့ရာတွင် ဘုရားသခင်၏သားသမီးများမှာမူ လမ်းမှားသို့ မလိုက်ကြချေ။ ထိုခရစ်တော်အတု၏သွန်သင်ချက်များသည် သမ္မာကျမ်းစာနှင့် မကိုက်ညီရုံသာမက ၎င်းပေးသောကောင်းချီးများသည်လည်း သားရဲ၏ရုပ်တုကို ကိုးကွယ်သူများအတွက်သာ ဖြစ်နေပါသည်။ ထိုအဖွဲ့အပေါ် ဘုရားသခင်၏အမျက်တော်ကျရောက်လိမ့်မည်ဟု သမ္မာကျမ်းစာကဖွင့်ဆိုထားပါသည်။HFB 681.2

    ၎င်းပြင် ခရစ်တော်ကြွလာသည့်ပုံစံကို အတုပြုလုပ်ရန် စာတန်အခွင့် မရခဲ့ပါချေ။ ဤအချက်နှင့်ပတ်သက်သည့် လှည့်ဖြားမှုအကြောင်းကို ခရစ်တော် သတိပေးထားပြီးဖြစ်ပါသည်။ ‘‘ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပုရောဖက်တို့သည်ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုတို့ကို ပြုကြလိမ့်မည်။---ထိုကြောင့် သူတို့က ခရစ်တော်သည် တော၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူသားသည် ကြွလာတော်မူလတ္တံ့။’’ မဿဲ ၂၄:၂၄-၂၇ (မဿဲ ၂၅:၃၁။ ဗျာ၊ ၁:၇။ ၁သက်၊ ၄:၁၆-၁၇ တို့ကိုလည်းကြည့်ပါ)။ ကိုယ်တော်၏ကြွလာခြင်းကို အတုလုပ်လို့မရနိုင်ပါ။ ကြွလာသောအခါတွင် ကိုယ်တော်အား တစ်ကမ္ဘာလုံးက မြင်တွေ့ကြရလိမ့်မည်။HFB 682.1

    သမ္မာတရား၏နှစ်လိုဖွယ်များကို ရယူထားသည့် ကျမ်းစာကို နှစ်နှစ် ခြိုက်ခြိုက်လေ့လာသူများသာလျှင် ကမ္ဘာကြီးအား စာတန်၏သုံ့ပန်းဘဝ ရောက်စေမည့် လှည့်ဖြားမှုမှကွယ်ကာခြင်းခံကြရလိမ့်မည်။ ထိုသူများသည် သမ္မာကျမ်းစာ၏သက်သေခံချက်များအရ စာတန်၏အယောင်ဆောင်မှုကို ထောက်လှမ်းသိရှိနိုင်ကြလိမ့်မည်။ ယခုတွင် သမ္မာကျမ်းစာအပေါ်တွင် ခိုင်ခိုင်မာမာအခြေပြုထားကြသည့် ယုံကြည်သူများသည် ထိုဒုက္ခဆင်းရဲ ကာလတွင် မိမိတို့၏ အာရုံငါးပါးအလိုသို့လိုက်ကြလိမ့်ဦးမည်လား။ သမ္မာကျမ်းစာတစ်ခုတည်း ကိုသာ ၎င်းတို့စွဲကိုင်ထားကြမည်လား။HFB 682.2

    အစိုးရ၏ကွယ်ကာမှုများကိုရုတ်သိမ်းကာ ပညတ်တော်စောင့်သူများ ကို ဖျက်ဆီးသတ်ဖြတ်မည့်သူများလက်ထဲသို့ ထည့်မည့်အမိန့်ဒီဂရီကို ခရစ်ယာန်အစိုးရများက ထုတ်ပြန်လာသောအချိန်တွင် ဘုရားသခင်၏ သားသမီးများသည် မိမိတို့၏အိုးအိမ်၊ မြို့ရွာများကို စွန့်ပစ်ကာ လူနေဝေးသည်တောအရပ်သို့ ထွက်ပြေးကြရမည်။ လူအများတို့သည် တောင်များတွင် လုံခြုံသောခိုဝင်အောင်းစရာနေရာများကို တွေ့ကြမည် ဖြစ်သော်လည်း နိုင်ငံအသီးသီးရှိ ဆင်းရဲချမ်းသာ၊ အဖြူအမည်း၊ ဂုဏ်နိမ့် ဂုဏ်မြင့်အလွှာအသီးသီးမှ ယုံကြည်သူများစွာတို့မှာမူ မတရားချုပ်နှောင် ဖမ်းဆီးခြင်းကို ခံရလိမ့်မည်။ ကရုဏာတော်အရှင် ဘုရားသခင်သည် မိမိ သားသမီးများအား အကျဉ်းထောင်များတွင် ထည့်ထားခြင်းအားဖြင့် လည်းကောင်း၊ ကွပ်မျက်ရန် စီရင်ချက်ချခြင်းအားဖြင့်လည်းကောင်း မှောင်မည်းသော အချုပ်ခန်းများတွင် အသေခံရန် ပစ်ထားခြင်းအားဖြင့် လည်းကောင်း၊ ဒုက္ခဆင်းရဲခြင်းနေ့ရက်များကို ကျော်လွှားစေတော်မူပါ လိမ့်မည်။HFB 683.1

    ဘုရားသခင်သည် ထိုကာလတွင် မိမိသားသမီးတို့ကို မေ့လျော့နေလိမ့် မည်လား။ ကိုယ်တော်သည် ဒုက္ခရောက်နေသည့် နောဧ၊ လောတ၊ ယောသပ်၊ ဧလိယ၊ ယေရမိနှင့် ဒံယေလတို့ကို မေ့လျော့တော်မူခဲ့ပါသလား။ ရန်သူများသည် ကိုယ်တော်၏သားသမီးများကို ထောင်ချထားနိုင်သော်လည်း ထောင်တံတိုင်းများသည် ၎င်းတို့နှင့် ဘုရားသခင်အကြားရှိဆက်သွယ်မှုကို မပြတ်တောက်နိုင် ပါချေ။ ကောင်းကင်တမန်များသည် ထိုအထီးကျန်အချုပ်ခန်းကျဉ်းကျဉ်း ကလေးများထဲရှိ ဘုရားသခင့်သားသမီးများထံသို့ ရောက်လာကြလိမ့်မည်။ ဖိလိပိအချုပ်ခန်းထဲတွင် ညသန်းခေါင်အချိန်၌ ရှင်ပေါလုတို့သီချင်းဆိုစဉ်က ဖြစ်ပျက်ခဲ့သကဲ့သို့ ထိုအကျဉ်းထောင်များသည် နန်းတော်များကဲ့သို့ဖြစ်လာကာ မှောင်မဲနေသောအခန်းများသည်လည်း ထွန်းလင်းလာပါလိမ့်မည်။HFB 683.2

    ဘုရားသခင်၏စီရင်မှုသည် ကိုယ်တော်၏သားသမီးများကို လိုက်လံ ဖျက်ဆီးနေသူများအပေါ်သို့ ကျရောက်လိမ့်မည်။ အပြစ်ဒဏ်စီရင်ခြင်း အမှုသည် ဘုရားသခင်အတွက် ‘‘ထူးခြားသောအမှုတော်’’ ဖြစ်နေပါသည်။ ဟေရှာ၊ ၂၈:၂၁ (ယေဇကျေလ ၃၃:၁၁)။ ‘‘ထာဝရဘုရားသည်---ချစ်သနားခြင်း မေတ္တာကရုဏာတော်နှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော---တရားတော်ကို လွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော’’ ဘုရားဖြစ်၏။ ထွက်၊ ၃၄:၆-၇။ ကာလကြာမြင့်စွာ ထိုလူမျိုးတို့သည် အဆုံးတွင် အမျက်တော် စပျစ်ရည်သန့်သန့်ကို သောက်ကြရလိမ့်မည်။HFB 684.1

    ခရစ်တော်သည် ကောင်းကင်ဗိမာန်တော်တွင် ဆောင်ရွက်နေသည့် ကြားဖျန်ဖြေရေးဆိုင်ရာ အမှုတော်ကို ရပ်ဆိုင်းလိုက်သောအချိန်တွင် သားရဲကို ကိုးကွယ်သူများအပေါ်သို့ ကရုဏာမဖက်သည့် အမျက်တော်ဖလားကို သွန်းလောင်းတော်မူလိမ့်မည်။ အီဂျစ်ပြည်၌ ကျရောက်ခဲ့သည်ကပ်များသည် ယုံကြည်သူများကို မကယ်လွှတ်မီ ဤကမ္ဘာပေါ်သို့ကျရောက်မည့် တရားစီရင်ခြင်းနှင့် ဆင်ဆင်တူနေပါသည်။ ‘‘သားရဲ၏တံဆိပ်လက်မှတ်ကိုခံ၍ သူ၏ရုပ်တုကို ကိုးကွယ်သောလူတို့၌ အလွန်ဆိုးသောအနာစိမ်းပေါက်လေ၏။’’ ‘‘ပင်လယ်သည် လူသေ၏အသွေး ကဲ့သို့သော အသွေးဖြစ်၏။’’ ‘‘မြစ်နှင့်စမ်းရေတွင်းတို့သည် အသွေးဖြစ်ကြ၏’’ ဟု ရှင်ယောဟန်က ဖွင့်ဆိုထားပါသည်။ ‘‘ကောင်းကင်တမန်ကလည်း---ကိုယ်တော်သည် ဤသို့တရားစီရင်တော်မူသည်အမှုမှာ ဖြောင့်မတ်တော်မူ၏။ ထိုသူတို့သည် သန့်ရှင်းသူတို့၏အသွေး၊ ပုရောဖက်တို့၏အသွေးကို သွန်းလောင်းကြသည်ဖြစ်၍ သူတို့အား အသွေးကိုတိုက်တော်မူပြီ။ သူတို့လည်း ခံထိုက်ကြပါ၏’’ ဟု ဆိုလေ၏။ ဗျာဒိတ် ၁၆:၂-၆။ ခရစ်တော်အချိန်က ယုဒများသည် ပုရောဖက်များကို သတ်ခဲ့သည့် ၎င်းတို့၏ဘိုးဘေးများ၏ စိတ်ဓါတ်မျိုးရှိနေကြသဖြင့် အာဗေလအချိန်မှစ၍ သန့်ရှင်းသူများ၏အသွေးကို သွန်းခဲ့ကြကြောင်း ကိုယ်တော်ရှင်မိန့်မြွက်ခဲ့ပါသည်။HFB 684.2

    ကျရောက်နေသည့်ကပ်များတွင် ‘‘လူတို့ကိုမီးလောင်ရသောအခွင့်’’ ရရန် နေအပေါ်သို့ အမျက်တော်ဖလားကိုသွန်းလောင်းတော်မူ၏။ ဗျာ၊ ၁၆:၈။ ဤကြောက်စရာအချိန်ကာလနှင့်ပတ်သက်၍ ယောလဖွင့်ဆိုထားသည်မှာ ‘‘လယ်၌ရိတ်ရသောအသီးအနှံပျက်’’ လေ၏။ ‘‘တောသစ်ပင်ရှိသမျှတို့သည် ညှိုးနွမ်းကြ၏။ အကယ်စင်စစ် လူသားတို့၌ ဝမ်းမြောက်စရာအကြောင်းသည် သွေ့ခြောက်၏။’’ ‘‘တိရစ္ဆာန်တို့သည် အလွန်မြည်တမ်းကြ၏။ နွားစုတို့သည် ကျက်စားရာအရပ်မရှိသောကြောင့် ပင်ပန်းကြ၏။ --- မြစ်ရေခန်းခြောက်ပါပြီ။ တော၌ကျက်စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ’’ ဟူ၍ဖြစ်၏။ ယောလ ၁:၁၁၊ ၁၂၊ ၁၈-၂၀။ ဤကပ်များသည် စကြဝဠာအတိုင်းအတာအားဖြင့် ကျရောက်မှာ မဟုတ်သော်လည်း အလွန်မတန်ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လိမ့်မည်။ ကရုဏာတံခါးမပိတ်မီ ကျရောက်သောပြစ်ဒဏ်များတွင် ဘုရား၏ကရုဏာတော်ပါရှိနေပါသည်။ ပြည့်ဝသည့်အတိုင်းအတာအထိ မခံစားရစေရန် အပြစ်သားအား ခရစ်တော်၏ အသွေးတော်က ကာကွယ်ပေး ထားပါသည်။ သို့ရာတွင် နောက်ဆုံးသောတရားစီရင်ခြင်းတွင်မူ ပြစ်ဒဏ်စီရင် မှု၌ ကရုဏာတော်မပါတော့ချေ။ ထိုအချိန်တွင် ၎င်းတို့အလေးမထားခဲ့သည့် ကရုဏာတော်၏ကာကွယ်မှုကိုရရန် လူထုကြီးက ဆန္ဒပြင်းပြကြလိမ့်မည်။HFB 685.1

    ဘုရားသခင်၏သားသမီးများမှာမူ နှပ်စက်ညှဉ်းပန်းခြင်းခံရစဉ် အစားအစာချို့တဲ့မှုများ၊ စိတ်ဆင်းရဲမှုများနှင့်ရင်ဆိုင်ရစဉ် ပျက်စီးခြင်းသို့ ရောက်ရန် ပစ်ထားခြင်းခံကြရလိမ့်မည်မဟုတ်ပါ။ ‘‘ထိုသူအား အစာကိုအစဉ် ပေးရလိမ့်မည်။ သောက်ရေလည်းမပြတ်ရ။’’ ‘‘ငါထာဝရဘုရားသည် သူတို့ စကားကိုနားထောင်မည်။ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကိုမစွန့်။’’ ယေရှာယ ၃၃:၁၆။ ၄၁:၁၇။HFB 686.1

    သို့ရာတွင် လူတို့၏အမြင်တွင်မူ ဘုရားသခင်၏သားသမီးများသည် ၎င်းတို့ရှေ့က မာတုရသေခြင်းနှင့်ရင်ဆိုင်သွားခဲ့ရသူများနည်းတူ ၎င်းတို့၏ သက်သေခံချက်ကို ၎င်းတို့၏အသွေးဖြင့် တံဆိပ်ခတ်တော့မလို ဖြစ်နေလိမ့်မည်။ ထိုအချိန်သည် အလွန့်အလွန်ပြင်းထန်သည့်ဝေဒနာကို ခံစား ရမည့်အချိန်ဖြစ်ပါသည်။ ‘‘အခုတော့မင်းတို့ယုံကြည်ခြင်းတွေ ဘယ်ရောက်ကုန် ပြီလဲ။ မင်းတို့ဟာ ဘုရားသခင်ရဲ့ သားသမီးများတကယ်ဖြစ်တယ်ဆိုရင် ငါ့တို့လက်ထဲက ဘာကြောင့် ဘုရားကမကယ်နုတ်တော့တာလဲ’’ ဟူသောစကားများကိုပြောကာ ဆိုးယုတ်သူများသည် မြူးထူးနေကြမည်ဖြစ်သော်လည်း ကိုယ်တော်၏ သားသမီးများသည် ကပ်တိုင်ပေါ်တွင် အသေခံတော်မူခဲ့သည့်ခရစ်တော်ကို သတိရအောက်မေ့ကာ ယာကုပ်ကဲ့သို့ ဘုရားသခင်နှင့် နပန်းသတ်ကြလိမ့်မည်။HFB 686.2