Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၄၁) - ဤကမ္ဘာကြီးပျက်စီးသွားခြင်း

    ‘‘ထာဝရဘုရားသည် စာတန်၏ဖမ်းစားခြင်းခံနေရသော မိမိ၏ သားသမီးများဘက်သို့လှည့်၍ မိန့်တော်မူလိုက်ရာ ဘဝတိုက်ပွဲတွင် ပိုင်ဆိုင်သမျှအရာအားလုံးကို ဆုံးရှုံးခဲ့သူများ၏ ကြောက်စရာနိုးထလာမှု များကိုတွေ့ရပါသည်။ သူဌေးများသည် စာတန်၏လှည့်ဖြားမှုကြောင့် ကမ်းမမြင်လမ်းမမြင်ဖြစ်ကာ ချို့တဲ့သူများအပေါ် မာနထောင်လွှားခဲ့ပါသည်။ သူတို့သည် ငတ်သူကိုအစာမကျွေး၊ အဝတ်မရှိသူကိုလည်း အဝတ်မပေး၊ အကြင်နာမေတ္တာကင်းစွာဆက်ဆံခဲ့ကြသည်။ ယခုတွင် ၎င်းတို့အား သူဌေးပါဟုခေါ်ဝေါ်သမုတ်စေသည့်အရာအားလုံးသည် ပြောင်တလင်း ခါချေပြီ။ ရုပ်တုသဖွယ်ကိုးကွယ်ခဲ့သော ထိုပစ္စည်းဥစ္စာများပျက်စီးသွားသည်ကို ကြောက်လန့်တကြားသူတို့ကြည့်နေကြသည်။ သူတို့သည် လောကစည်းစိမ်များ အတွက် မိမိအသက်ဝိညာဉ်ကိုရောင်းခဲ့ကြသော်လည်း ဘုရားသခင် ရှေ့မှောက်တွင် မချမ်းသာကြပါတကား။ သူတို့၏အသက်တာသည် ကျဆုံးမှုနှင့်သာ အဆုံးသတ်ပြီး ခံစားခဲ့ရသောသာယာမှုများသည် ခါးသီးမှုများ အသွင်သို့ပြောင်းသွားခဲ့ပါသည်။ တစ်သက်လုံးရှာဖွေစုဆောင်းခဲ့သမျှသည် တစ်ခဏချင်းတွင် ပျောက်ဖျက်သွားချေပြီ။ သူဌေးများသည် ၎င်းတို့ပိုင်သည့် အိမ်ကြီးခနိုင်များ ပျက်စီးဆုံးရှုံးမှုကြောင့်လည်းကောင်း၊ ပြန့်ကျဲနေသော ရွှေငွေများကြောင့်လည်းကောင်း၊ ထိုပစ္စည်းများနှင့်အတူ မိမိတို့ပါသွားမည်ကို စိုးရိမ်သောကြောင့်လည်းကောင်း ဝမ်းနည်းပက်လက် ဖြစ်နေကြပါသည်။ ဖြစ်ပေါ်လာသောရလဒ်များကြောင့် ထိုသူများ ဝမ်းနည်းပူဆွေးကြသော်လည်း ဆိုးယုတ်သောလုပ်ရပ်များအတွက် ၎င်းတို့ နောင်တမရကြချေ။HFB 712.1

    သမ္မာတရားများကိုမဟောကြားဘဲ လူကြိုက်များသည့် တရားဟောချက်များကိုသာ ဟောကြားခဲ့သည့် တရားဟောဆရာများသည် မိမိတို့ဟောကြားခဲ့သည့်အရာများ၏ ဩဇာသက်ရောက်မှုကို ယခုတွင် တွေ့မြင်ကြရပြီ။ လူတို့အား အမှားလမ်းထဲသို့ပို့ဆောင်သည့် ရေးသားခဲသမျှ စာလုံးတိုင်းနှင့် ဟောပြောခဲ့သမျှသော စကားလုံးတိုင်းသည် မျိုးစေ့ကြဲလျက် ရှိရာ ယခုတွင် ရိတ်သိမ်းခြင်းကို သူတို့မြင်တွေ့ရပြီ။ ‘‘ထာဝရဘုရား မိန့်တော် မူသည်ကား ငါ့ထံမှကျက်စားသောသိုးတို့ကိုဖျက်ဆီး၍ အရပ်ရပ်သို့ကွဲပြား စေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ ထိုကြောင့် ဣသရေလအမျိုး၏ ထာဝရဘုရားသခင်မိန့်တော်မူသည်ကား-----သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာငါသက်ရောက်စမေည်။’’ ‘‘ငါမညှိုးငယ်စေသောလူကောင်း တို့ကို သင်သည်မုသားစကားအားဖြင့် ညှိုးငယ်စေသောကြောင့်လည်းကောင်း၊ လူဆိုးတို့သည် ဆိုးသောလမ်းကိုမရှောင်စေခြင်းငှာ အသက်ချမ်းသာပေး၍ သူတို့ကို ခိုင်မာစေသောကြောင့်လည်းကောင်း နောက်တစ်ဖန် သင်တို့သည် အချည်းနှီးသောအရာကိုမမြင်ရကြ။’’ ယေရမိ ၂၃:၁-၂။ ယေဇကျေလ ၁၃:၂၂။HFB 713.1

    ဖြောင့်မတ်သောပညတ်တော်ကိုပေးတော်မူသည့် ဘုရားသခင်ကို မိမိတို့ပုန်ကန်မိပြီဖြစ်ကြောင်း တရားဟောဆရာများနှင့် လူအပေါင်းတို့သည် တွေ့မြင်ကြသည်။ ဘရား၏ပညတ်တော် တို့ကိုဘေးဖယ်ထားခြင်းကြောင့် ပျက်စီးခြင်းပင်လယ်တွင် ကမ္ဘာကြီး နစ်မြုပ်သွားသည့်တိုင်အောင် ဒုစရိုက်စမ်းချောင်းများစွာကို စီးဆင်းစေခဲ့ ပါသည်။ ဆုံးရှုံးသွားသည့်ထာဝရအသက်အတွက် ထိုသစ္စာမဲ့သူများ တမ်းတမှုကို စာဖွဲ့၍ပင်မဖေါ်ပြနိုင်အောင်ဖြစ်နေပါသည်။HFB 713.2

    ပျက်စီးခြင်းသို့ ကျရောက်သွားခြင်းအတွက် အချင်းချင်း တစ်ယောက်ကိုတစ်ယောက်အပြစ်တင်ခဲ့ကြသော်လည်း ထိုသူအားလုံးသည် လူတို့အား ‘‘ချော့မော့သောစကား’’ ကိုပြောကာ ဘုရား၏ ပညတ်တော်အား အလေးမထားစေခဲ့ရုံသာမက ပညတ်တော်ကို စောင့်သောသူများအား ညှဉ်းပန်းနှိပ်စကစေခဲ့သော တရားဟောဆရာများအပေါ်သို့ ခါးခါးသီးသီး အပြစ်ပုံခဲ့ကြပါသည်။ (ဟေရှာ၊ ၃၀:၁၀)။ ‘‘မင်းတို့ကြောင့် တို့တော့ဆုံးရှုံးခြင်းသို့ရောက်ပြီ’’ ဟု သူတို့ဟစ်အော်ငိုကြွေးခဲ့ကြပါသည်။ တစ်ချိန်က ၎င်းတို့အား သရဖူဆောင်းပေးခဲ့သည့်လက်များသည် ယခုတွင် ၎င်းတို့အား သတ်ဖြတ်ကြတော့မည်။ နေရာတကာတွင် တိုက်ခိုက်မှုများနှင့် သွေးထွက်သံယိုမှုများ ဖြစ်လျက်ရှိသည်။HFB 714.1

    ခရစ်တော်နှင့် ကိုယ်တော်၏ကောင်းကင်တမန်များသည် လူသားများကို သတိပေးခြင်း၊ အလင်းပြခြင်းနှင့် ကယ်တင်ခြင်းလုပ်ငန်း များကို လုပ်ဆောင်ရာတွင် စာတန်နှင့်ရင်ဆိုင်တိုက်လှန်ခဲ့ကြရသည်။ ယခုတွင် လူအသီးသီးတို့သည် ဆုံးဖြတ်ချက်ချပြီးဖြစ်ရာ ဆိုးယုတ်သူများသည် ဘုရားသခင်အား ဆန့်ကျင်အန်တုရန် စာတန်နှင့်လုံးလုံးလျားလျား ပေါင်းစည်း လိုက်ကြသည်။ ‘‘ထာဝရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ၏’’ ဟု ကျမ်းစာလာသည့်အတိုင်း ဘုရားသခင်သည် စာတန်နှင့်သာတိုက်လှန်နေရ သည်မဟုတ်ဘဲ လူသားများနှင့်လည်း တိုက်လှန်နေရပါသည်။ ယေရမိ ၂၅:၃၁။HFB 714.2