Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စာတန်ကိုနယ်နှင်ဒဏ်ပေးခြင်း

    အပြစ်ဖြေရာနေ့တွင် နောက်ဆုံးကျင်းပသည့်အခမ်းအနားအားဖြင့် ကြိုတင်ပုံရိပ်ပြခဲ့သောအရာသည် ယခုတွင် အမှန်တကယ်ဖြစ်ပျက်ချေပြီ။ အပြစ်ဖြေရာယဇ်၏အသွေးအားဖြင့် တဲတော်တွင် တင်ကျံနေသောဣသရေလ များ၏ အပြစ်များကို ဖယ်ရှားပြီးသောအချိန်တွင် စကိပ်ဂုတ်ဟုခေါ်သည့် ဆိတ်ကို အရှင်လတ်လတ် ဘုရားသခင့်ရှေ့တော်တွင် ဆက်ကပ်ပါသည်။ ထိုနောက် ယဇ်ပုရောဟိတ်မင်းကြီးသည် ‘‘အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဖက်ကိုတင်လျက် ဣသရေလအမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ်အမျိုးမျိုးရှိသမျှတို့ကိုဖေါ်ပြ၍ ဆိတ်ခေါင်းပေါ်မှာတင်၏။’’ ဝတ်ပြုရာ ၁၆:၂၁။ ထိုနည်းနှင်နှင်ပင် ကောင်းကင်ဗိမာန်တော်၌ ဆောင်ရွက် နေသော အပြစ်ဖြေရာအမှုတော်ပြီးစီးသောအခါ ယုံကြည်သူသားသမီးများ၏ အပြစ်များကို ဘုရားသခင်ရှေ့၊ ကောင်းကင်တမန်တို့ရှေ့၊ ကယ်တင်ခြင်းခံရ သူများရှေ့တွင် စာတန်အပေါ်သို့တင်တော်မူလိမ့်ည်။ သူ့စနက်ကြောင့် ဖြစ်ပွားခဲ့သော မကောင်းမှုများအတွက် သူ၌အပြစ်ရှိကြောင်း ကြေညာခြင်း ခံရလိမ့်မည်။ လူသူကင်းမဲ့သောတောထဲသို့ စကိပ်ဂုတ်အား လွှတ်ခဲ့သကဲ့သို့ စေတန်အားလည်း လူသူကင်းမဲ့သောဤကမ္ဘာတွင် အထီးကျန်နေ စေတော်မူလိမ့်မည်။HFB 717.1

    ခရစ်တော်၏ကြွလာခြင်းဆိုင်ရာမြင်ကွင်းကိုတင်ဆင်ပြီးနောက် ယောဟန်က ဆက်လက်၍ ‘‘တစ်ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်းမာရ်နတ် စာတန်တည်းဟူသော နဂါးကိုကိုင်ဖမ်း၍ အနှစ်တစ်ထောင်ဖို့ ချည်နှောင်လေ၏။ အနှစ်တစ်ထောင်မကုန်မီတိုင်အောင် လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည့်အကြောင်း အနက်ဆုံးသောတွင်းထဲသို့ ချပစ် လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှ တစ်ဖန် တစ်ခဏလွှတ်ရဦးမည်’’ ဟု ဖွင့်ဆိုပြန်၏။ ဗျာ၊ ၂၀:၁-၃။HFB 718.1

    ထို ‘‘အနက်ဆုံးသောတွင်း’’ မှာ ရှုပ်ထွေးမှောင်မိုက်နေသော ဤကမ္ဘာကြီးကို ပုံဆောင်ပါသည်။ ဘုရားသခင်၏ကြီးမြတ်သော ထိုနေ့ကြီးကို မျှော်ကြည့်လျက် ယေရမိက ‘‘ငါသည် မြေကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာ ဖြစ်၏။ မိုးကောင်းကင်ကိုလည်း ငါကြည့်ရှု၍ အလင်းမရှိ၊ တောင်တို့ကိုလည်း ငါကြည့်ရှု၍ သူတို့နှင့်တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။ ငါကြည့်ရှု၍ လူမရှိ၊ မိုးကောင်းကင်ငှက်အပေါင်းတို့သည် ပြေးကြပြီ။ ငါကြည့်ရှု၍ ဝပြောသောပြည်သည် တောဖြစ်လေပြီ။ မြို့များတို့သည် ပြိုပျက်လျက်ရှိကြ၏။ ထာဝရဘုရားရှေ့၊ ပြင်းစွာသောအမျက်တော်ရှေ့၌ ထိုသို့သောအချင်းအရာတို့သည်ဖြစ်ရကြ၏။ ယေရမိ ၄:၂၃-၂၆။HFB 718.2

    ဤနေရာသည် စာတန်နှင့်သူ၏နတ်ဆိုးများ အနှစ်တစ်ယောင်ကြာ စံမြန်းရမည့်အိမ်ဂေဟာဖြစ်သည်။ သူ့အား ဤကမ္ဘာမှတစ်ပါး အခြားသော အပြစ်တွင် ကျဆုံးခြင်းမရှိသေးသည့် ကမ္ဘာများသို့ သွားရောက်စုံစမ်းနှောက်ယှက်ခြင်းမပြုရန် တားမြစ်ထားတော်မူသည်။ ဤအနေအထားကို ‘‘ချည်နှောင်’’ သည်ဟူသောဝေါဟာရဖြင့် အသုံးပြု ဖေါ်ပြထားပါသည်။ သူ၏တန်ခိုးကိုအသုံးပြုကာ စုံစမ်းနှောက်ယှက်ရမည့် သူတစ်ဦးတစ်ယောက်မျှမရှိလေရာ။ သူအလွန်နှစ်သက်မြတ်နိုးသည့် လှည့်ဖြားခြင်း၊ ဖျက်ဆီးခြင်းအလုပ်များကို မလုပ်နိုင်အောင် ဖြတ်တောက်ခြင်း ခံနေရပါသည်။HFB 718.3

    စာတန်ရင်ဆိုင်ရမည့် ထိုထိုးနှိပ်ချက်ကိုမျှော်ကြည့်ကာ ဟေရှာယက ‘‘အိုနံနက်သားမိုးသောက်ကြယ်၊ သင်သည် မြေတိုင်အောင်ခုတ်လှဲခြင်းကို ခံရလေပြီတကား။ သင်ကလည်း ကောင်းကင်ပေါ်သို့ငါတက်မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လငကိုငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော်တောင်ပေါ်မှာ ငါထိုင်မည်။ မိုးတိမ်ထိပ် ပေါ်သို့ ငါတက်မည်။ အမြင့်ဆုံးသော ဘုရားသခင်ကဲ့သို့ ငါနေမည်ဟု စိတ်အကြံ ရှိလေပြီ။ သို့သော်လည်း သင်သည် မရဏာနိုင်ငံသင်္ချိုင်းတွင်းထဲသို့ နှိမ့်ချခြင်းကိုခံရလေပြီ။HFB 719.1

    သင့်ကိုမြင်သောသူတို့သည် စေ့စေ့ကြည့်ရှု၍ ဆင်ခြင်ပြီးလျှင် မြေကြီးကိုတုန်လှုပ်စေ၍ တိုင်းနိုင်ငံများကိုလှုပ်ချောက်သောသူကား ဤသူလော။ လောကီနိုင်ငံကို တောကဲ့သို့ဖြစ်စေ၍ မြို့များကိုဖျက်ဆီးသောသူ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တစ်ဖန်မလွှတ်သောသူကား ဤသူလော’’ ဟူ၍ ဖွင့်ဆိုခဲ့ပါသည်။ ဟေရှာ ၁၄:၁၂-၁၇။HFB 719.2

    စာတန်သည် အနှစ် ၆၀၀၀ တိုင်တိုင် ဘုရားသခင်၏သားသမီးများကို စိုးမိုးခဲ့သော်လည်း ခရစ်တော်သည် ထိုစိုးမိုးချုပ်နှောင်မှု များကိုဖျက်ဆီးကာ အချုပ်ခံရသူများအား လွှတ်ပေးတော်မူခဲ့သည်။ မကောင်း ဆိုးဝါးကောင်းကင်တမန်များနှင့် သူကိုယ်တိုင်မှာမူ အပြစ်၏ အကျိုးသက်ရောက်မှုကို သိရှိထားပါသည်။ ‘‘အပြည်ပြည်သော ရှင်ဘုရင် အပေါင်းတို့သည် အသီးအသီး မိမိတို့သင်္ချိုင်း၌ ဘုန်းအသရေနှင့်အိပ်ကြ၏။ သင့်ကိုမူကား ရွံရှာဖွယ်သောသစ်ခက်ကဲ့သို့ သင်္ချိုင်းထဲက ထုတ်ပစ်ရ၏။---သူတစ်ပါးတို့နှင့်ရောနှော၍ သင်္ဂြိုဟ်ခြင်းကိုမခံရ။ အကြောင်းမူကား မိမိပြည်ကိုဖျက်ဆီးပြီ။ မိမိအမျိုးသားချင်းတို့ကို သတ်လေပြီ။ အဓမ္မပြုသော သူတို့အနွယ်သည် ဂုဏ်အသရေအလျင်းမရှိရ’’ ဟု ပြောဆိုကြလိမ့်မည်။ ဟေရှာ ၁၄:၁၈-၂၀။HFB 719.3

    စာတန်သည် ဘုရားသခင်၏ပညတ်တော်ကို ဆန့်ကျင်ခြင်း၏ ရလဒ်များကို နှစ်ပေါင်း ၁၀၀၀ တိုင်တိုင်တွေ့မြင်နေရလိမ့်မည်။ သူခံစားရသည့် ဝေဒနာမှာ ပြင်းထန်လှပါသည်။ ပုန်ကန်မှုစကတည်းက မိမိလုပ်ဆောင်ခဲ့သည့် အပိုင်းကဏ္ဍများကို ပြန်လည်သုံးသပ်ရန်လည်းကောင်း၊ ပြစ်ဒဏ်ခံရမည့် ကြောက်စရာအနာဂတ်ကို ကြောက်ရွံ့တုန်လှုပ်စွာမျှော်ကြည့်ရန်လည်းကောင်း ယခုတွင် သူ့အား အခွင့်အရေးပေးထားတော်မူပါသည်။HFB 720.1

    ပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်းနှင့် ဒုတိယအကြိမ် ရှင်ပြန်ထမြောက်ခြင်းအကြားရှိ နှစ်ပေါင်း ၁၀၀၀ အချိန်အတောအတွင်း၌ လူယုတ်မာများကို တရားစီရင်မည်ဖြစ်သည်။ ထိုတရားစီရင်ခြင်းအမှုတော်ကို ဒုတိယအကြိမ်ကြွလာတော်မူပြီးသည့်နောက် ဆက်တိုက်လုပ်ဆောင်တော် မူမည်အကြောင်း ရှင်ပေါလုက ၁ကော၊ ၄:၅ တွင်ထောက်ပြထားပါသည်။ ထိုအချိန်တွင် ဖြောင့်မတ်သူများသည် ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များကဲ့သို့ စိုးစံနေကြလိမ့်မည်။ ‘‘ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည် တရားစီရင် ရသောအခွင့်ကိုရကြ၏။---သူတို့သည် ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့် အတူစိုးစံရကြလိမ့်မည်။’’ ဗျာ၊ ၂၀:၄-၆။HFB 720.2

    ထိုအချိန်တွင် ‘‘သန့်ရှင်းသူတို့သည် လောကီနိုင်ငံကို တရားစီရင်မည်။’’ ၁ကော၊ ၆:၂။ ထိုသူတို့သည် ခရစ်တော်နှင့်အတူ လူယုတ်မာများအား ၎င်းတို့၏လုပ်ရပ်များအတိုင်း တရားစီရင်ကြလိမ့်မည်။ ထိုနောက် ထိုလူယုတ်မာများခံရမည့်ပြစ်ဒဏ်များကို မရဏာစာစောင်တွင် ၎င်းတို့၏ အမည်များနှင့်ယှဉ်တွဲဖေါ်ပြထားသည့် ဒုစရိုက်အကျင့်များ အလျောက် စီရင်ချက်ချပါသည်။HFB 721.1

    စာတန်နှင့် ၎င်း၏နတ်ဆိုးများသည် ခရစ်တော်နှင့် ကိုယ်တော်၏ တပည့်တော်များ၏တရားစီရင်ခြင်းကိုခံကြရပါသည်။ ‘‘ငါတို့သည် ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟု မသိကြသလော’’ ဟု ရှင်ပေါလု ဖွင့်ဆိုထားသည်။ ၁ကော၊ ၆:၃။ ယုဒကလည်း ‘‘မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့နေရာအရပ်ကိုစွန့်ပစ်သော ကောင်းကင်တမန်တို့ကို ကြီးစွာနေသာနေ့၌ စစ်ကြောစီရင်ခြင်းအလို့ငှာ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏။’’ ယုဒ ၆။HFB 721.2

    နှစ်ပေါင်း ၁၀၀၀ အဆုံးတွင် ဒုတိယအကြိမ်ရှင်ပြန်ထမြောက်ခြင်း ရှိပါသည်။ ထိုအချိန်တွင် လူယုတ်မာများသည် တစ်ဖန်ရှင်ပြန်လာကြကာ ‘‘မှတ်သားသောအပြစ်စီရင်ခြင်း’’ ကိုခံယူရန် ဘုရားသခင့်ရှေ့တော်မှောက်တွင် ခံစားကြရပါသည်။ (ဆာလံ ၁၄၉:၉)။ ထိုကြောင့် ရှင်ယောဟန်က ‘‘ကြွင်းသော လူသေတို့သည် ထိုအနှစ်တစ်ထောင်မကုန်မီ အသက်မရှင်ရကြ’’ ဟု ဖွင့်ဆိုခဲ့ပါသည်။ ဗျာ၊ ၂၀:၅။ ထိုလူယုတ်မာများနှင့်ပတ်သက်၍ ဟေရှာယကလည်း ‘‘သူတို့သည် တွင်းထဲမှာတစ်စုတည်းစုဝေး၍ ချည်နှောင်ခြင်း၊ ထောင်ထဲမှာချုပ်ထားခြင်းကို ခံလျက်နေရကြလိမ့်မည်။ များစွာသောနေ့ရက်ကာလလွန်ပြီးမှ စစ်ကြောခြင်းကို ခံရကြလိမ့်မည်’’ ဟု ဖွင့်ဆိုထားပါသည်။ ဟေရှာ ၂၄:၂၂။HFB 721.3

    *****