Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ငြိမ်သက်ခြင်းကိုရှာဖွေခြင်း

    ဘုရားသခင်၌ငြိမ်သက်ခြင်းရရန် ဆန္ဒပြင်းပြလာသည်နှင့်အမျှ မိမိ၏ အသက်တာကို သာသနာ့ဘောင်တွင် သူနစ်မြုပ်လိုက်ပါသည်။ ဤတွင် သူသည် အနိမ့်ကျဆုံးကျေးကျွန်အလုပ်နှင့် တစ်အိမ်တက်ဆင်း သူဖုန်းစားအလုပ်များကို လုပ်ဆောင်ရပါမည်။ အပြစ်ကြောင့် ထိုအရာများကိုလုပ်ဖို့ လိုအပ်သည်ဟု ယုံကြည်လျှင် စိတ်ရှည်လက်ရှည်သူ အနစ်နာခံလုပ်ဆောင်ခဲ့ပါသည်။HFB 114.1

    သူသည် အိပ်ရမည့်အချိန်နှင့် စားရမည့်အချိန်များကို မအိပ်မစားဘဲ နှုတ်ကပတ်တော်ကို နှစ်ခြိုက်စွာလေ့လာခဲ့ပါသည်။ သူမကြာခဏ ပြင်ဆင်ပေးရသည့် ကျောင်းနံရံနှင့်တွဲပြီး သံကြိုးဖြင့်ချည်နှောင်ထားသော သမ္မာကျမ်းစာတစ်အုပ်ကို သူတွေ့ဖူးပါသည်။HFB 114.2

    သူသည် မိမိ၏ ဒုစရိုက်သဘာဝကို ချိုးနှိမ်ရန် မိမိကိုယ်ကို နှိပ်ကွပ်ခြင်း၊ အအိပ်အနေနည်းခြင်း၊ အစာရှောင်ခြင်းများကို ကျင့်သုံးကာ ခက်ထန်ကြမ်းတမ်းသောဘဝ၌ အသက်ရှင်နေထိုင်ခဲ့ပါသည်။ ‘‘ရဟန်းပျိုဆိုင်ရာ အကျင့်များဖြင့်သာ ကောင်းကင်နိုင်ငံကို ဝင်စားခွင့် ရနိုင်မည်ဆိုပါလျှင် ကျွန်တော်ဟာ သေချာပေါက်ရောက်သင့်ပါတယ်။ အကြာကြီး ထပ်ပြီးလေ့ကျင့်ရဦးမယ်ဆိုရင်တော့ ကျွန်တော်ရဲ့ ခြိုးခြံမှုတွေကို သေသည့်တိုင်အောင် သယ်ဆောင်သွားဖို့ကောင်းတာပေါ့’’ ဟု နောက်ပိုင်းတွင် သူဖွင့်ဟခဲ့ပါသည်။ မည်မျှပင်သူကြိုးစားစေကာမူ ဝန်လေးနေသော သူ့အသက်ဝိညာဉ်၌ သက်သာခြင်းအခွင့်ကို မတွေ့ရှိခဲ့ချေ။ အဆုံးတွင် စိတ်ပျက်အားလျော့သွားတော့မည် အခြေသို့ ရောက်ရှိသွားခဲ့ပါသည်။HFB 114.3

    ခပ်သိမ်းသောအရာတို့သည် ဆုံးရှုံးနေကြောင်းထင်ရှားလာသည့် အချိန်တွင် ဘုရားသခင်သည် သူ့ထံသို့ မိတ်ဆွေတစ်ယောက် ပို့ဆောင်ပေးတော် မူခဲ့ပါသည်။ ထိုသူမှာ စတောပစ်ဆိုသူဖြစ်ပါသည်။ စတောပစ်သည် လူးသာအား နှုတ်ကပတ်တော်ဖွင့်ပြကာ မိမိကိုယ်ကိုမကြည့်ဘဲ ခရစ်တော်ကို သာကြည့်ရန် တောင်းဆိုလိုက်ပါသည်။ ‘‘ကိုယ်ကျူးလွန်တဲ့အပြစ်တွေကြောင့် ကိုယ့်ကိုကိုယ်နှိပ်စက်နေမည့်အစား ခရစ်တော်ရဲ့လက်ရုံးတော်ထဲကို ကိုယ့်ကိုကိုယ် ပေးအပ်လိုက်ပါ။ ကိုယ်တော်ကိုယုံကြည်ကိုးစားပါ။ ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့အသက်တာနဲ့ ဒို့အတွက်ပေးဆပ်ခဲ့တဲ့ ကိုယ်တော်ရဲ့ အသေခံခြင်းများအပေါ်ယုံကြည်ပါ။ ဘုရားသခင် လက်ခံတော်မူကြောင်း အာမခံချက်ပေးရန် သားတော်ဘုရားသခင်ဟာ လူဇာတိကို ခံယူခဲ့တယ်။ မင်းကိုစပြီးချစ်တဲ့ခရစ်တော်ကို မင်းချစ်လိုက်ပါ’’ ဟု ပြောသောစတောပစ်၏ စကားများသည် လူးသာ၏နှလုံးသားကို အကြီးအကျယ်ပြောင်းလဲစေကာ အချက်အခဲကြုံတွေ့သူတစ်ဦးထံသို့ ငြိမ်သက်ခြင်းတန်ခိုး ရောက်လာခဲ့ပါသည်။HFB 115.1

    လက်တင်ရထားသည့်လူးသာအား ဝစ်တင်းဘတ်တက္ကသိုလ်တွင် ပါမောက္ခလုပ်ရန် ခန့်အပ်လိုက်ရာ ဆာလံကျမ်း၊ ခရစ်ဝင်လေးကျင်းနှင့် ဩဝါဒစာစောင်များကို သူပို့ချခဲ့ပါသည်။ သူ့ဆရာဖြစ်သော စတောပစ်က စင်မြင့်ပေါ်သို့တက်၍ တရားဟောရန် တိုက်တွန်းခဲ့ပါသည်။ သို့ရာတွင် ခရစ်တော်ကိုယ်စားပြုချက် တရားဟောဖို့ မထိုက်တန်သေးပါဟု မိမိကိုယ်ကို လူးသာအထင်ရှိနေသဖြင့် အတော်ကြာမှ မိတ်ဆွေများ၏ တောင်းပန်ချက်အရ သူတရားဟောခဲ့ပါသည်။ သူသည် ကျမ်းစာကို အတော်ကျွမ်းကျင်စွာသိရှိ နားလည်ရုံသာမက ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း သူ့အပေါ်သို့ ကျရောက်သည်ဖြစ်၍ သူဟောပြေသမျှသမ္မာတရားများသည် ရှင်းလင်း တန်ခိုးပါသဖြင့် တရားနာများ နားလည်သဘောပေါက်ကာ စိတ်နှလုံး ထိခိုက်ခဲ့ပါသည်။HFB 115.2

    ထိုအချိန်အထိ ရဟန်းမင်း၏ အသင်းတော်မှသားစစ်တစ်ဦးဖြစ်ခဲ့သူ လူးသာသည် ဤသို့ပင်အစဉ်ထာဝရ ဆက်လက်တည်ရှိနေလိမ့်မည်ဟု သူထင်ခဲ့ပါသည်။ သို့နှင့် သူသည် ရောမမြို့သို့သွားရောက်လည်ပတ်ခွင့်ရခဲ့ရာ ထိုခရီးကို ခြေလျင်သွား၍ လမ်းတွင် ရဟန်းကျောင်းများတွင် တည်းခိုခဲ့ပါသည်။ သူမြင်ခဲ့ရသည့် ခမ်းနားမှုများ၊ ဇိမ်ခံပစ္စည်းများကြောင့် သူအံ့ဩတွေဝေခဲ့ရပါသည်။ ရဟန်းပျိုများသည် ခမ်းနားထည်ဝါသော အခန်းများတွင်နေကြသည်။ အဖိုးတန်ဝတ်ရုံများကို ဝတ်ကြသည်။ ဟင်းလျာစုံသော စားပွဲများတွင်စားကြသည်။ ဤမြင်ကွင်းများသည် လူးသာ၏ စိတ်နှလုံးကို ရှုပ်ထွေးစေခဲ့ပါသည်။HFB 116.1

    နောက်ဆုံးတွင် တောင်ခုနစ်လုံးမြို့တော်ကို အဝေးမှသူမြင်တွေ့ နိုင်သည့် နေရာသို့ ရောက်ရှိသွားခဲ့ရာ မြေတွင်ပျပ်ဝပ်လျက် ‘‘သန့်ရှင်းသောရောမမြို့တော်၊ ကျွန်ုပ်အလေးပြုပါသည်’’ ဟု ဟစ်ကြွေးလေ၏။ အသင်းတော်များသို့ သူသွားရောက်လည်ပတ်ခဲ့သည်။ ရဟန်းများနှင့် ရဟန်းပျိုများ အထပ်ထပ်ပြောပြသည် အံ့ဖွယ်ပုံပြင်များကို သူနားထောင်ခဲ့ရသည်။ လုပ်ဆောင်ရမည့် အစီအစဉ်များတွင် ပါဝင်လုပ်ဆောင် ခဲ့သည်။ နေရာတကာမှာ တွေ့နေရသည့် အသင်းခေါင်းဆောင်များ၏ မကောင်းမှုလုပ်ရပ်များနှင့် မကြားဝံ့မနာသာသော ပြက်လုံးများကြောင့် သူအံ့အားသင့်ခဲ့ရ ပါသည်။ ပွဲတော်မင်္ဂလာယူနေစဉ်အတွင်းမှာပင် သူတို့လုပ်ဆောင်သော ညစ်ညမ်းမှုများအတွက် သူကြောက်လန့်နေပါသည်။ ယုတ်ညံ့ သောကာမစပ်ယှက်မှုများနှင့် အပျော်ကျူးခြင်းများကိုလည်း သူမြင်တွေ့ခဲ့ရ ပါသည်။ ‘‘ရောမအသင်းတော်၌ ကျူးလွန်နေသော အပြစ်များနှင့် အသရေပျက်သော လုပ်ဆောင်မှုများကို စဉ်းစားလို့တောင်မရနိုင်ချေ။’’ အကယ်၍ ငရဲပြည်ရှိသည်ဆိုလျှင် ရောမအသင်းတော်ကို ထိုပြည်အပေါ်တွင် တည်ဆောက်ထားသည်ဟုလည်း သူတို့ပြောဆိုစမြဲဖြစ်၏’’ ဟု လူးသာရေးသားခဲ့ပါသည်။HFB 116.2