Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အောက်စဘတ်မှလွတ်မြောက်သွားခြင်း

    အောက်စဘတ်တွင်ဆက်နေလျှင်လည်း အကျိုးထူးမည် မဟုတ် သောကြောင့် ဝစ်တင်းဘတ်သို့အမြန်ပြန်ရန် မိတ်ဆွေများက တိုက်တွန်းခဲ့ကြ ပါသည်။ သတိဝီရိယရှိဖို့၊ မိတ်ဆွေများက တိုက်တွန်းခဲ့ကြသည်။ ထိုကြောင့် မာတင်လူးသာသည် တရားသူကြီးတစ်ဦးက စီစဉ်ပေးသောလမ်းပြတစ်ဦးနှင့် အတူ မိုးမလင်းမီ မြင်းစီးပြီး အောက်စဘတ်မြို့မှ ထွက်ခွာခဲ့ပါသည်။ သူသည် ထိုမြို့တော်၏ အမှောင်ထုဖုံးလွှမ်းနေသော လမ်းများအတိုင်း လျှို့ဝှက်စွာခရီး နှင်ခဲ့ရပါသည်။ ရက်စက်ကြမ်းကြုတ်၍ နိုးနိုးကြားကြားရှိသော ရန်သူများသည် သူ့အား သုတ်သင်ပစ်ရန် ကြိုးစားနေကြသည်။ ထိုအချိန်များသည် စိတ်ပူစရာ ကောင်းသလို ဆုတောင်းခြင်းအားဖြင့် အသက်ရှင်ရသည့်အချိန်လည်း ဖြစ်သည်။ သူတို့သည် မြို့တော်၏ အဝင်အထွက်တံခါးသို့ ရောက်ရှိသွားရာ ပွင့်နေသည်ကိုတွေ့ရသဖြင့် ဖြတ်ကျော်ခဲ့ပါသည်။ လူးသာထွက်ခွာသွားကြောင်း ထိုသံတမန်သိရှိသောအချိန် မတိုင်မီမှာပင် သူတို့သည် ရန်သူများ လက်လှမ်း မမီသောနေရာသို့ ရောက်ရှိသွားကြလေပြီ။HFB 132.2

    ထိုသံတမန်သည် လူးသာလွတ်မြောက်သွားခြင်းသတင်းကြောင့် အံ့အားသင့်သွားသကဲ့သို့ ဒေါသလည်းထွက်သည်။ အသင်းတော်ကို ဒုက္ခပေးနေသည့် ဤပုဂ္ဂိုလ်အပေါ် လုပ်ဆောင်ရာတွင် ဖေါ်ပြခဲ့သော မိမိ၏ မဆုတ်မနစ်ဆောင်ရွက်ခြင်းအတွက် ဂုဏ်ပြုခံရမည်ဟု သူမျှော်လင့် ထားခဲ့သည်။ သို့နှင့် လူးသာအား ရောမကိုပြန်ပို့နိုင်လျှင် ပြန်ပို့ပေးပြီး မပို့နိုင်ပါလျှင် ဆက္ကဆိုနီပြည်နယ်မှ နှင်ထုတ်ပေးပါရန် ဆက္ကဆိုနီ အုပ်ချုပ်ရေးမှူး ဖရက်ဒရစ်ထံ သူစာရေးအကြောင်းကြားလိုက်ပါသည်။HFB 133.1

    ထိုအချိန်တွင် ထိုအုပ်ချုပ်ရေးမှူးသည် လူးသာ၏ယုံကြည်ချက်များကို များများစားစားမသိရှိသေးသော်လည်း လူးသာဟောသော တရားစကားများ၏ ရှင်းလင်းမှုနှင့် တန်ခိုးပါမှုများကြောင့် ဘာသာရေးပြုပြင်ပြောင်းလဲရေး ဘက်တွင် စိတ်ဝင်စားနေသူဖြစ်သည်။ လူးသာ၏အမှားကိုထောက်မပြနိုင်သမျှ ကာလပတ်လုံး လူးသာအား အကာအကွယ်ပေးရန် ဖရက်ဒရစ်ဆုံးဖြတ်ထား ပါသည်။ ထိုကြောင့် ‘‘ဒေါက်တာမာတင်သည် အောက်စဘတ်သို့ လာရောက် ရှင်းပြပြီးဖြစ်သဖြင့်လူကြီးမင်းအနေဖြင့်ကျေနပ်သင့်ပါပြီ။ သူ့ကို အမှားထောက် မပြနိုင်ဘဲ နောက်ဆုတ်အလျှော့ပေးရန် လူကြီးမင်းကြိုးစားလိမ့်မယ်လို့လည်း ကျွန်ုပ်တို့မျှော်လင့်မထားပါ။ မာတင်၏ ယုံကြည်ချက်များသည် ဘုရားတရား မဲ့ခြင်း၊ ခရစ်ယာန်မဆန်ခြင်း (သို့မဟုတ်) ဘာသာရေးဖေါက်ပြန်ခြင်းများနှင့် ပြည့်စုံသည်ဟုလည်း ကျွန်ုပ်၏နယ်အတွင်းရှိ မည်သည့်ပညာရှိများကမှ ကျွန်ုပ်အား သတင်းပေးခြင်း မရှိခဲ့ပါ’’ ဟု ဖရက်ဒရစ်က သံတမန်ကြီးထံ ပြန်လည်ရေးသား အကြောင်းကြားခဲ့ပါသည်။ ပြုပြင်ပြောင်းလဲမှု လိုအပ်ကြောင်း မြင်တွေ့ထားသည့် ထိုအုပ်ချုပ်ရေးမှူးသည် အသင်းတော်တွင် မာတင်လူးသာ၏ ဩဇာသက်ရောက်မှုများ ပိုမိုကျယ်ပြန့်လာသည့် အတွက်လည်း ကြိတ်ပြီးဝမ်းသာနေပါသည်။HFB 133.2

    ဝစ်တင်းဘတ်ရှိ ရဲတိုက်ဘုရားကျောင်း၌ စာတမ်းများကို ကပ်ပြီးသည့်နောက် တစ်နှစ်ခန့်သာရှိသေးသည့်အချိန်တွင် မာတင်လူးသာ၏ စာများကြောင့် နေရာတိုင်းတွင် သမ္မာကျမ်းစာကို စိတ်ဝင်စားလာကြပါသည်။ ဂျာမနီပြည်နေရာအနှံ့မှ ကျောင်းသားများအပြင် တိုင်းနိုင်ငံအရပ်ရပ်မှ ကျောင်းသားများသည် ဝစ်တင်းဘတ်တက္ကသိုလ်သို့ စုရုံးတက်ရောက်လာကြ ပါသည်။ ဝစ်တင်းဘတ်တက္ကသိုလ်ကြီးကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရသည့် လူငယ်တစ်ဦးမှာ ‘‘လက်ကို ကောင်းကင်သို့မြှောက်ကာ ထိုမြို့မှနေ၍ ဖြောင့်မတ်ခြင်းတရားအလင်းများကို ထွန်းလင်းပေးသည့်အတွက် ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းခဲ့ပါသည်။’’ လူးသာသည် ထိုအချိန်အထိ ရောမအသင်းတော်၏ မှားယွင်းမှုများမှ တစ်ဝက်တစ်ပျက်ကိုသာ ပြောင်းလဲနိုင်ခဲ့ပါသေးသည်။ သို့ရာတွင်သူက ‘‘ကျွန်ုပ်သည် ရဟန်းမင်း၏ ဆင့်ဆိုချက်အမိန့် များကိုဖတ်လျက်ရှိပါတယ်။ ရဟန်းမင်းဟာ အန္တီခရစ်လား၊ ခရစ်တော်ရဲ့ တမန်တော်လားဆိုတာကိုလည်း ကျွန်ုပ်မသိဘူး။ ဒါပေမယ့် ခရစ်တော်ကိုတော့ အကြီးအကျယ် မှားယွင်းစွာရုပ်လုံးဖေါ်နေတယ်’’ ဟု ရေးသားခဲ့ဖူးသည်။HFB 134.1

    ရောမအသင်းတော်သည် လူးသာ၏ တိုက်ခိုက်ပြောဆိုမှုများကြောင့် ပို၍ဒေါသထွက်လာသည်။ လူးသာကိုသတ်သည့် ပုဂ္ဂိုလ်၌ အပြစ်ရှိမည် မဟုတ်ဟု ကာတိုလိတ်တက္ကသိုလ်မှ တစ်ယူသန်ပြိုင်ဘက်ပါရဂူများက ကြွေးကြော်ခဲ့ကြသည်။ သို့ရာတွင် ထာဝရဘုရားသခင်သည် လူးသာ၏ အကာအကွယ် ဖြစ်တော်မူ၏။ သူ၏ ယုံကြည်ချက်များကို တဲအိမ်များ၌လည်းကောင်း၊ အမျိုးသမီးကျောင်းများ၊ ဂုဏ်သရေရှိလူကြီးများ ၏ရဲတိုက်များ၊ တက္ကသိုလ်များနှင့် ဘုရင့်နန်းတော်များ၌လည်းကောင်း နေရာအနှံ့တွင် ကြားသိခဲ့ကြရပြီ။HFB 135.1

    ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်ဟူသော အမှန်တရားကို ဘူဟီးမီးယားမှ ပြုပြင်ပြောင်းလဲရေးသမား ဂျွန်ဟပ်စ်စွဲကိုင်ခဲ့ သည်ကို ဤအချိန်လောက်တွင် လူးသာသဘောပေါက်လာခဲ့သည်။ ‘‘ပေါလုတို့၊ ဩဂတ်စတင်းတို့အပါအဝင် ကျွန်ုပ်တို့အားလုံးဟာ ဟတ်ဆိုက်များ ဖြစ်တယ်ဆိုတာကို မသိခဲ့ကြဘူး။ ဒီအမှန်တရားကို နှစ်ပေါင်းတစ်ရာလောက် ကတည်းက ဟောကြားခဲ့ပြီး ဟောတဲ့လူလည်း မီးရှို့အသတ်ခံခဲ့ရပြီ’’ ဟု လူးသာပြောဆိုခဲ့သည်။HFB 135.2

    ‘‘တက္ကသိုလ်ကျောင်းကြီးများဟာ သမ္မာကျမ်းစာကို ကြိုးစားပြီး ရှင်းလင်းသင်ကြားမှုမပြုရင်၊ လူငယ်တွေရဲ့ နှလုံးသားထဲ၌ သမ္မာတရားအလင်းကို မထည့်သွင်းနိုင်ရန် အဲဒီကျောင်းတွေဟာ ငရဲပြည်ရဲ့ မဟာဂိတ်တခါးကြီးတွေ ဖြစ်လာကြလိမ့်မယ်။ နှုတ်ကပတ်တော်ကို မနားမနေကြိုးစားရှာဖွေလေ့ကျက်မှုမရှိတဲ့ ကျောင်းတိုင်းဟာ ဖေါက်ပြန်ပျက်စီးလာလိမ့်မယ်’’ ဟု တက္ကသိုလ် ကျောင်းများကို လူးသာစာရေးအကြောင်းကြားခဲ့ပါသည်။HFB 135.3

    ဤတောင်းဆိုချက်ကို ဂျာမနီပြည်အနှံ့ရှိ တက္ကသိုလ်များသို့ ပို့ခဲ့ရာ တစ်နိုင်ငံလုံးတွင် လှုပ်ရှားသွားပါသည်။ သူ့အား ထိထိရောက်ရောက် အရေးယူရန် ရဟန်းမင်းအား သူ့ပြိုင်ဘက်များက တိုက်တွန်းခဲ့ကြပါသည်။ သို့ဖြင့် ၎င်း၏ယုံကြည်ချက်များကို ချက်ချင်းရှုတ်ချကြောင်း အမိန့်ထုတ်ပြန်ကာ လူးသာနှင့်တကွ ၎င်း၏ နောက်လိုက်များအား အကယ်၍ နောင်တမရကြလျှင် အသင်းတော်မှ ကြဉ်ထားရန် အမိန့်ထုတ်လိုက်ပါသည်။HFB 136.1