Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၀) - ဂျာမနီပြည်တွင် အမှုတော်တိုးတက်ခြင်း

    လူးသာပျောက်ကွယ်သွားမှုကြောင့် ဂျာမနီပြည်အဝန်းတွင် ထိတ်လန့် ကြောက်ရွံ့မှုများ တိုးပွားနေပါသည်။ ဆိုးရွားသော ကောလာဟလများကြောင့် လူးသာအသတ်ခံရပြီဟု လူအများက ယုံကြည်ခဲ့ပါသည်။ လူများစွာတို့သည် အကြီးအကျယ် ဝမ်းနည်းကြေကွဲခဲ့ကြပြီး လူးသာအတွက် လက်စားချေမည် ဟုပင် ကျိန်ဆိုခဲ့ကြပါသည်။HFB 187.1

    လူးသာသေပြီဟူသောသတင်းကြောင့် ကနဦး၌ ဝမ်းသာအားရ ရှိခဲ့ကြသော်လည်း ယခုတွင် ဖမ်းဆီးခြင်း ခံထားရသည်ဆိုသည့် သတင်းကြောင့် သူ၏ရန်သူများသည် ကြောက်ရွံ့နေကြပါသည်။ ‘‘တို့ကိုယ်တို့ ကာကွယ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ မီးထွန်းပြီး မိုးအဆုံး မြေအဆုံး သူ့ကိုလိုက်ရှာရမယ်။ နောက်ပြီးသူ့ကိုတောင့်တနေတဲ့လူတွေဆီကို ပြန်အပ်ဖို့ပဲ’’ ဟု တစ်ယောက်သော ရဟန်းပျိုကပြောပါသည်။ လူးသာရေးခဲ့သောစာများကို ယခင်ကထက်ပို၍ အားရပါးရဖတ်လာကြသော လူထုကြီးသည် လူးသာတစ်ယောက် အသက်မသေဘဲ အကျဉ်းကျနေသည် ဆိုသည့်သတင်းကြောင့် စိတ်သက်သာယာရခဲ့ပါသည်။ နှုတ်ကပတ်တော်ကို ကာကွယ်ခဲ့သော ထိုသူဘက်တွင် ရပ်တည်ကြသောလူဦးရေးမှာ အထူးတိုးတက် လာခဲ့ပါသည်။HFB 187.2

    လူးသာကြဲသည့် ဝိညာဉ်မျိုးစေ့များသည် နေရာအနှံ့တွင်ပေါက်ခဲ့ ချေပြီ။ သူရှိစဉ်တုန်းက ပြီးမြောက်အောင်မလုပ်နိုင်ခဲ့ သောအလုပ်များကို သူပျောက်ကွယ်နေခြင်းက ပြီးပြတ်စေခဲ့ပါသည်။ ယခုတွင် သူတို့၏ခေါင်းဆောင်ကြီးမှာ အဖယ်ရှားခံခဲ့ရသဖြင့် မြင့်မြတ်စွာအစပျိုးခဲ့သော အမှုတော်ကို အဆုံးသတ်နိုင်ရန် အခြားအမှုဆောင်များက ရှေ့သို့တက်၍ နေရာယူလုပ်ဆောင်လာကြပါသည်။HFB 187.3

    ယခုတွင်စာတန်သည်လည်း အမှုတော်အစစ်နေရာတွင် အတုဖြင့် အစားထိုးမျက်လှည့်ပြကာ လူတို့ကိုလှည့်ဖြားဖျက်ဆီးရန် ကြိုးစားခဲ့ပါသည်။ (၁) ရာစုအချိန်က ခရစ်တော်အတုများရှိခဲ့ဖူးသကဲ့သို့ (၁၆) ရာစုနှစ်တွင် ပုရောဖက်အတုများ ပေါ်ပေါက်လာခဲ့ပါသည်။ လူးသာအစပျိုးခဲ့သော ဘာသာရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် မိမိတို့အား ဘုရားသခင်က ဗျာဒိတ်များပေးကာ တာဝန်အပ်နှင်းခဲ့သည်ဟု လူတချို့က ကိုယ့်ကိုကိုယ်အထင်ရှိနေကြပါသည်။ အမှန်မှာ ထိုသူများသည် လူးသာလုပ်ထားခဲ့သောအရာများကို ဖျက်ဆီးသောသူများသာဖြစ်၏။ နှုတ်ကပတ်တော်သည် ယုံကြည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ စုံလင်ပြည့်ဝသောစည်းမျဉ်းဖြစ်သည်ဆိုသော ဘာသာရေး ပြုပြင်ပြောင်းလဲရေး၏ အဓိကအချက်ကို သူတို့ငြင်းပယ်ခဲ့ကြသည်။ မမှားနိုင်သော ထိုလမ်းပြ၏နေရာတွင် ခံစားချက်အပေါ်မှာ တည်ဆောက် ထားသည့် မသေချာသောစံတစ်ခုဖြင့် အစားထိုးခဲ့ပါသည်။HFB 188.1

    အခြားသူများမှာ အရိုးစွဲနေပြီဖြစ်သောအယူသီးခြင်းဘက်သို့ အလိုလို တိမ်းနေပါသည်။ ဤစိတ်အားထက်သန်သူများ၏ လုပ်ဆောင်မှုများသည် စိတ်လှုပ်ရှားမှုကို မဖန်တီးနိုင်ချေ။ လူးသာသည် ဘာသာရေးပြုပြင် ပြောင်းလဲရေးလုပ်ရန် လိုအပ်ကြောင်း လူအများ လက်ခံလာအောင် လုပ်ဆောင်ခဲ့ရာ ယခုတွင်မူ တကယ်ရိုးသားသော လူတချို့မှာ ပုရောဖက်လက်သစ်များ၏ ဟန်ဆောင်မှုတွင် လမ်းမှားသို့ လိုက်နေကြပြီ။ ထိုလှုပ်ရှားမှုမှ ခေါင်းဆောင်များသည် ဝစ်တင်းဘတ်သို့ သွားကာ ‘‘လူထုကြီးအား သွန်သင်ညွှန်ကြားရန် ဘုရားသခင်က ကျွန်ုပ်တို့ကို စေလွှတ်လိုက်သည်။ သခင်ဘုရားနှင့်လည်း ရင်းရင်းနှီးနှီး စကားပြောခဲ့ပြီးပြီ။ အနာဂတ်ရေးတွေကို ကျွန်ုပ်တို့သိထားသည်။ စကားတစ်လုံးတည်းနှင့် ပြောရမည်ဆိုလျှင် တို့ဟာတမန်တော်တွေ၊ ပုရောဖက်တွေဖြစ်သည်။ ဒေါက်တာလူးသာထံမှာ အသနားခံပေးပါ’’ ဟူ၍ မက္ကလန်သန်ထံ၌ တောင်းဆိုခဲ့ကြပါသည်။HFB 188.2

    ထိုကြောင့် ပြုပြင်ပြောင်းလဲရေးသမားများမှာ စိတ်ရှုပ်ကုန်ကြပါသည်။ ‘‘ဒီလူတွေကို ထူးခြားတဲ့ဝိညာဉ်လမ်းညွှန်နေတာတော့ တကယ်ဟုတ်တယ်။ ဒါပေမယ့် ဘာဝိညာဉ်လဲဆိုတာတော့ မေးစရာ ရှိတယ်။ ဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဉ်တော်မရနိုင်တာကို တစ်ဖက်ကသတိထားရမှာဖြစ်သလို စာတန်ရဲ့ ဝိညာဉ်က လမ်းမှားပြသွားမှာကိုလည်း တစ်ဖက်ကဂရုစိုက်ရမယ်’’ ဟု မက္ကလန်သန်က ပြောခဲ့ပါသည်။HFB 189.1