Go to full page →

ဘုရားသခင်နှင့် လုပ်ဖော်ဆောင်ဖက် ဖြစ်ရခြင်း၏ အခွင့်အရေး။ CCB1 158

ဘုရားသခင်သည် မိမိ၏ အမှုတော်ကို ထောက်ပံ့ဖို့အတွက် လူကို မှီခိုအားကိုးနေတော်မူသည် မဟုတ်။ လူအတွက် အကောင်းဆုံး အမှု ဖြစ်သည်ဟု သိမြင်တော်မူလျှင်၊ ဘုရားသခင်သည် ကောင်းကင်မှ တိုက်ရိုက် ဥစ္စာဘဏ္ဍာကို ချပေးနိုင်တော်မူသည်။ လူကို အားမကိုးဘဲ၊ ကောင်းကင်တမန်တို့သည် လောကအား သမ္မာတရားကို ဖြန့်ဖြူးရန် စေလွှတ်ခြင်း အမှုကို ဘုရားသခင်သည် ပြုလုပ်နိုင်တော်မူလိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်၌ သမ္မာတရားကို ရေးထားနိုင်၍ ၎င်းအားဖြင့် မိမိ အလိုရှိသော အရာတို့ကို လောကအား ထင်ရှားစွာ ဖော်ပြနိုင်တော်မူ၏။ ဘုရားသခင်သည် လူ၏ ရွှေ၊ ငွေကို အားကိုးတော်မူသည် မဟုတ်။ ဘုရားသခင်က၊ “တောတိရိစ္ဆာန် ရှိသမျှတို့ နှင့် တစ်တောင်သော တောင်ပေါ်မှာ ရှိသော တိရိစ္ဆာန်တို့သည် ငါ၏ ဥစ္စာ ဖြစ်ကြ၏။ ငါသည် ငတ်မွတ်လျှင် သင့်ကို မပြော။ လောကဓါတ် နှင့် လောကဥစ္စာသည် ငါ၏ ဥစ္စာ ဖြစ်၏” ဟု မိန့်တော်မူ၏။ ဆာ၊ ၅၀: ၁၀၊ ၁၂။ ဘုရားသခင်၏အမှုတော် တိုးတက်ဖို့ ကျွန်ုပ်တို့အား လုပ်ကိုင်ဆောင်ရွက်စေတော်မူရာ၌၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကောင်းကျိုးကို ရည်ရွယ်လျက် စီမံထားတော်မူပါသည်။ ကျွန်ုပ်တို့အား မိမိ နှင့်အတူ လုပ်ဖော်ဆောင်ဖက် ဖြစ်စေတော်မူခြင်းဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချီးမြှောက်တော်မူပြီ။ လူတို့သည် ပေးကမ်းခြင်းအမှုကို အမြဲ ပြုနိုင်မည် အကြောင်း လူသည် ကူညီဆောင်ရွက်သင့်သည်ဟု ဘုရားသခင်က စီမံထားတော်မူ၏။ CCB1 158.1

ကျင့်ဝတ်နှင့် ဆိုင်သော တရားက ဥပုသ်နေ့ကို စောင့်ရန် ပညတ်ထား၏။ ထိုတရားကို ကျူးလွန်ခြင်း မပြု၊ ၎င်းကို ဖျက်ခြင်းဖြင့် ခံရမည့် အပြစ်ဒဏ် နှင့် ချည်နှောင်ခြင်း မခံရလျှင်၊ ၎င်းကို စောင့်ခြင်းသည် ဝန်ထုပ် တစ်ခု မဟုတ်။ ဆယ်ဖို့တစ်ဖို့ ပေးခြင်း စည်းကမ်းသည် ၎င်းကို မစွန့်ပယ်သော သူတို့အဖို့ ဝန်ထုပ် မဟုတ်။ ဟေဗြဲလူတို့အား ပညတ်ထားသော စည်းကမ်းကို အစပြုစီမံတော်မူသော အရှင်သည် ၎င်းကို မပြုပြင် မပြောင်းလဲချေ။ သခင်ခရစ်တော်အားဖြင့် ကယ်တင်ခြင်းတရားသည် ခရစ်ယာန် ကာလတွင် သာ၍ စုံလင်စွာ ထင်ရှားရမည် ဖြစ်သောကြောင့်၊ ထိုစည်းကမ်းသည် ယခု ပျက်ကွက်သွားမည် အစား၊ ၎င်းကို သာ၍ ပြည့်စုံ၊ ကျယ်ဝန်းစွာ လိုက်နာ ဆောင်ရွက်ရကြမည်။ CCB1 159.1

သခင်ခရစ်တော် အသေခံတော်မူပြီးနောက် တိုက်ခိုက်ပွဲကို ခံရပ်နိုင်စေခြင်းငှါ ကျယ်ပြန့်လာသော ဧဝံဂေလိတရားကို သာ၍ ကြီးကျယ်စွာ ထောက်ပံ့ဖို့ လိုသည်။ ထိုကြောင့် ဟေဗြဲလူတို့၏ အုပ်စိုးခြင်း လက်ထက်မှာထက် ပေးကမ်းစွန့်ကြဲခြင်း ဥပဒေသည် သာ၍ အရေးကြီးစွာ လိုပေသည်။ လောကကြီး၏ အခြားသော ကာလ တစ်စုံ တစ်ကာလမှာထက် ယခု ဘုရားသခင်သည် မလျော့ဘဲ သာ၍ များသော အလှူကို အလိုရှိတော်မူ၏။ လက်ဆောင် နှင့် အလှူငွေတို့ကို ခံစားရသော အလင်းတရား နှင့် ကောင်းကြီးမင်္ဂလာအလျောက် ပေးကမ်းရမည်ဟု သခင်ယေရှုက အခြေခံ စည်းကမ်းကို ထားတော်မူ၏။ ကိုယ်တော်က၊”အကြင်သူ၌ များစွာသော ဥစ္စာကို အပ်နှင်း၏။ ထိုသူကို များစွာ တောင်းလိမ့်မည်” ဟု မိန့်တော်မူ၏။ လု၊ ၁၂: ၄၈။ 113T 390-392; CCB1 159.2

ဘုရားသခင်၏ နှုတ်ကပတ်တော်မှ အလင်းများသည် ထွန်းတောက်လျက် ရှိ၍ ဂရုမစိုက်ခဲ့သော အခွင့်အရေးများကို သိရှိလာရန် နိုးကြားလာရကြမည်။ လူအပေါင်းတို့သည် ဘုရားသခင်အား ဆယ်ဖို့တစ်ဖို့ နှင့် အလှူငွေတို့အားဖြင့် မိမိ ပိုင်ဆိုင်ရာတို့ကို ပြန်ပေးရာ၌ သစ္စာရှိကြလျှင်၊ ဤခေတ်ကာလအတွက် သတင်းစကားကို လောကသည် ကြားသိဖို့ လမ်းပွင့်လာလိမ့်မည်။ ဘုရားသခင် လူများတို့၏ စိတ်နှလုံးသည် သခင်ခရစ်တော်၏ မေတ္တာနှင့် ပြည့်ဝနေလျှင်၊ အသင်းသားတိုင်းသည် ကိုယ်ကို ဆက်ကပ်ပူဇော်သော သဘော နှင့် လုံးလုံး ပြည့်ဝနေကြလျှင်၊ အားလုံးတို့သည် လုံးလုံး စိတ်အားထက်သန်မှုကို ပြကြလျှင်၊ ပင်ရင်းဋ္ဌာနအတွက် သော်လည်းကောင်း၊ နိုင်ငံခြားအတွက် သော်လည်းကောင်း ငွေကြေးမလုံလောက်ခြင်း ရှိမည် မဟုတ်။ ကျွန်ုပ်တို့၏ ငွေများသည် အဆများစွာ တိုးပွားလာလိမ့်မည်။ အသုံးဝင်သော လမ်းပေါင်းများစွာ ပွင့်လာ၍ ကျွန်ုပ်တို့အား ဝင်လာရန် ခေါ်ဖိတ်လိမ့်မည်။ ကရုဏာတော်နှင့် ဆိုင်သော သတင်းစကားကို လောကအား ကြားပြောရာ၌၊ ဘုရားသခင်၏ အကြံတော်ကို မိမိ၏ လူများက လိုက်နာဆောင်ရွက်ကြလျှင်၊ သခင်ခရစ်တော်သည် ဤအချိန်ထက် စော၍ မြေကြီးပေါ်သို့ ကြွလာတော်မူလိမ့်မည်၊ ၎င်းပြင် သန့်ရှင်းသူတို့သည် ဘုရားသခင်၏ မြို့တော်ထဲသို့ ဝင်ရကြလိမ့်မည်။ 126T 449, 450; CCB1 159.3