Go to full page →

ပေးတော်မူသော အတိုးအပွားထဲမှ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင် တောင်းတော်မူခြင်း။ CCB1 160

ဆယ်ဖို့တစ်ဖို့ ပေးလှူခြင်း စည်းကမ်းသည် မောရှေလက်ထက် မရောက်မီကပင် တည်ရှိ၏။ သေချာသော စည်းကမ်းကို မောရှေအား မပေးမီ၊ အာဒံလက်ထက်ကပင် လူများတို့သည် ဘာသာရေးအတွက် ဘုရားသခင်အား လက်ဆောင်များကို ဆက်ကပ်ပေးလှူရကြ၏။ ဘုရားသခင် အလိုရှိတော်မူသည်အတိုင်း၊ ဘုရားသခင်၏ ကျေးဇူးကရုဏာ နှင့် ကောင်းကြီးမင်္ဂလာများအတွက် ကျေးဇူးဆပ်သော သဘောကို ယဇ်ပူဇော်သက္ကာအားဖြင့် ဖော်ပြရကြသည်။ လူမျိုး အစဉ်အဆက် ဤအမှုကို ဆက်လက်ပြုကျင့်လာကြသဖြင့် အာဗြဟံသည် အမြင့်ဆုံးသော ဘုရား၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်အား ဆယ်ဖို့တစ်ဖို့ကို ပေးလှူခြင်းဖြင့် ဤထုံးစံကို လိုက်နာခဲ့၏။ ယောဘလက်ထက်၌လည်း ဤစည်းကမ်းဥပဒေသည် တည်ရှိခဲ့၏။ ကြေးငွေ မရှိ လှည့်လည်နေရ၍ အိမ်မှ ထွက်ပြေးနေရသော ယာကုပ်သည် ဗေသလမြို့၌ ညအခါ တစ်ယောက်တည်း ကျောက်ကို ခေါင်းအုံးလျက် အိပ်စဉ်၊ ထိုနေရာ၌ ထာဝရဘုရားအား၊ ပေးသနားတော်မူသမျှတို့ကို ဆယ်ဖို့တစ်ဖို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။ က၊ ၂၈: ၂၂။ ဘုရားသခင်က လူတို့အား ပေးလှူစေရန် အတင်းအကြပ် စေခိုင်းတော်မူသည် မဟုတ်။ သူတို့ ပေးသမျှသည် အလိုအလျောက် ပေးခြင်း ဖြစ်ရမည်။ စေတနာ မရှိဘဲ ပေးလှူသော အရာတို့နှင့် ဘဏ္ဍာတော်တိုက်ကို ပြည့်စေခြင်းငှါ အလိုရှိတော်မမူ။ CCB1 160.1

အလိုရှိတော်မူသော ပမာဏမှာ၊ ဘုရားသခင်က အတိုးအပွား၏ ဆယ်ဖို့တစ်ဖို့ ဖြစ်သည်ဟု သတ်မှတ်ထားတော်မူ၏။ လူတို့သည် မိမိတို့၏ သြတ္တပ္ပစိတ်နှင့် ပေးလှူလိုသော စေတနာအလျောက် ဤအလှူကို ပေးရမည်။ ဤစည်းကမ်းချက်ကို မိမိတို့ သဘောအတိုင်း လွတ်လပ်စွာ ဝေဖန်ပိုင်းခြား ပြုလုပ်ရမည်။ ၎င်းပြင် သြတ္တပ္ပစိတ်အလျောက် လွတ်လပ်စွာ ပြုလုပ်နိုင်သော်လည်း၊ လူအပေါင်းတို့အဖို့ လိုက်နာရန် သေချာသော စီမံကိန်း တစ်ခုကို ပြုလုပ်ထားပြီ။ အတင်းအကြပ် ပြုလုပ်ဖို့ မလိုပါ။ CCB1 161.1

မောရှေ၏ လက်ထက်၌ ဘုရားသခင်က လူတို့အား သူတို့၏ အတိုးအပွား ရှိသမျှထဲမှ ဆယ်ဖို့တစ်ဖို့ကို ပေးလှူရန် မိန့်တော်မူပြီ။ ဘုရားသခင်သည် ဤအသက်တာ၏ ဥစ္စာများကို လူတို့အား အပ်ပေးတော်မူ၍ မိမိတို့ အစွမ်းသတ္တိအလျောက် ဥစ္စာများကို တိုးပွားစေရမည်၊ ထိုနောက် ဘုရားသခင်အား ပြန်၍ ပေးလှူရကြမည်။ ဘုရားသခင်က၊ သင်တို့ အားကိုးဖို့ကို ပေး၍ ဆယ်ဖို့တစ်ဖို့သည် ငါဥစ္စာ ဖြစ်၏ဟု မိန့်တော်မူ၏။ လူသည် ဆယ်ဖို့တစ်ဖို့ကို မပေးလျှင် ဘုရားသခင်၏ ဥစ္စာကို လုယူ၏။ အပြစ်ဖြေခြင်းယဇ်၊ ငြိမ်သက်ခြင်းယဇ် နှင့် ကျေးဇူးတော် ချီးမွမ်းခြင်း အလှူများကို အတိုးအပွား၏ ဆယ်ဖို့တစ်ဖို့ အပြင် ထပ်၍ ပေးရဦးမည်။ CCB1 161.2

ဘုရားသခင် တောင်းတော်မူသော အတိုးအပွား၏ ဆယ်ဖို့တစ်ဖို့ကို မပေးဘဲ နေသမျှတို့ကို ကောင်းကင်စာစောင်တွင် လုယူခြင်း အမှုကဲ့သို့ မှတ်ထား၏။ ထိုသို့သော သူသည် ဖန်ဆင်းရှင်ကို လှည့်ဖြား၏။ ၎င်းပြင် ဤသို့ ဂရုမစိုက် ပေါ့လျော့မှု အပြစ်ကို သူတို့သည် သိမြင်လာသောအခါ၊ သူတို့၏ အပြုအမူကို ပြောင်းလဲပြီး ထိုအခါမှ စ၍ မှန်သော နည်းလမ်းအတိုင်း အစပြုရုံမျှနှင့် မလုံလောက်သေးပါ။ ချေးငှါးသော သူအား ပြန်ပေးဖို့ရန် အပ်နှံထားသော ဥစ္စာကို အလွဲသုံးစားပြုခြင်းအတွက် ကောင်းကင်စာရင်းတွင် မှတ်သားထားသော ဂဏန်းများကို ဤသို့ပြုခြင်းဖြင့် ပြင်၍ ရမည် မဟုတ်။ ဘုရားသခင်အား သစ္စာမရှိဘဲ ပြုမူခြင်း၊ ယုတ်ညံ့စွာ ကျေးဇူးကင်းမဲ့ခြင်းအတွက် နောင်တရဖို့ လိုပေသည်။ CCB1 161.3

ဘုရားသခင်၏ လူတို့သည် မည်သည့် ခေတ်ကာလ၌ မဆို ဘုရားသခင်၏ စီမံကိန်းကို ဝမ်းမြောက်စွာ စေတနာနှင့် လိုက်နာလျက် ဘုရားသခင်၏ အလို CCB1 161.4

တော်နှင့် အညီ ကျင့်၍ မိမိတို့၏ ဥစ္စာများဖြင့် ဘုရားသခင်ကို ချီးမြှောက်ကြသော အခါတိုင်း၊ သူတို့၏ စပါးကျီတို့သည် ပြည့်လျက် ရှိကြလိမ့်မည်။ သို့ရာတွင် သူတို့သည် ဘုရားသခင်ထံမှ ဆယ်ဖို့တစ်ဖို့ နှင့် အလှူငွေတို့ကို လုယူထားကြသောအခါ၊ သူတို့သည် ဘုရားသခင်၏ ဥစ္စာကို သာမက မိမိတို့၏ ဥစ္စာကိုပင် လုယူနေကြသည်ကို သိရှိရကြမည်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်အား ပေးလှူသော အလှူကို ကန့်သတ်ထားသည် နှင့်အမျှ ဘုရားသခင်ကလည်း သူတို့အား ပေးတော်မူသော ကောင်းကြီးမင်္ဂလာများကို ကန့်သတ်ထားတော်မူ၏။ 133T 393-395; CCB1 162.1

ကံမကောင်း၍ အကြွေးတင်နေသော လူသည် မိမိ၏ လူအချင်းချင်းအား အကြွေးပေးရန် ထာဝရဘုရား၏ အဖို့ကို မယူသင့်။ ဤအမှုကိစ္စတို့တွင် သူသည် စုံစမ်းခြင်း ခံနေရသည်ကို လည်းကောင်း၊ ထာဝရဘုရား၏ အဖို့ကို မိမိအတွက် အသုံးပြုခြင်းသည် ပေးတော်မူသော အရှင်၏ ဥစ္စာကို လုယူခြင်း ဖြစ်သည်ကို လည်းကောင်း သူသည် ဆင်ခြင်အပ်သည်။ သူသည် သူ၌ ရှိသမျှအတွက် ဘုရားသခင်အား ကြွေးတင်နေသူ ဖြစ်၏။ သို့ရာတွင် လူတို့၏ အကြွေးအတွက် ထာဝရဘုရားက သီးသန့်ထားသော ငွေကို အသုံးပြုသောအခါ၊ သူသည် နှစ်ဆကြွေးတင်နေသော သူ ဖြစ်လာ၏။ “ဘုရားသခင်၌ သစ္စာမရှိ” ဟူသော စကားကို ကောင်းကင်စာရင်း၌ သူ၏ အမည်တွင် ရေးထား၏။ မိမိ သက်သာစေဖို့ ထာဝရဘုရား၏ ဥစ္စာကို အသုံးပြုခြင်းအတွက် သူသည် ဘုရားသခင် နှင့် စာရင်းရှင်းရလိမ့်မည်။ ဘုရားသခင်၏ ငွေများကို အလွဲသုံးစားပြု၍ ထင်ရှားသော စည်းကမ်းမရိုသေမှုတို့ကို အခြား ကိစ္စများတွင်လည်း ဤကဲ့သို့သော သဘောကို တွေ့မြင်ရလိမ့်မည်။ ဘုရားသခင်၏ ဥစ္စာကို လုယူမည့် သူသည် အထက် ကောင်းကင်၌ ဘုရားသခင်၏ အိမ်ထောင်တွင် ဝင်စားခွင့်ကို မရရှိနိုင်သော အကျင့်စာရိတ္တမျိုးကို ပွားများစေ၏။ 146T 391; CCB1 162.2