Go to full page →

အသင်းတော်၌ ငြင်းခုံကွဲပြားခြင်းကို တွေ့ကြုံရခြင်း။ CCB1 220

ယေရုရှလင်မြို့၌ အရပ်ရပ်ရှိ အသင်းတော်တို့မှ အထွေထွေ စည်းဝေးအတွက် စုရုံးလာကြသော ညီအစ်ကိုတို့ နှင့် အန္တိအုပ်မြို့မှ လာသော စေတမန်တို့သည် တွေ့ဆုံကြ၏။ တစ်ပါးအမျိုးသားတို့ အထဲတွင် အမှုဆောင်ရွက်ရာ၌ အောင်မြင်ကြကြောင်းကို စေတမန်တို့က ညီအစ်ကိုတို့အား ပြောပြကြ၏။ ထိုနောက် ပြောင်းလဲသော ဖာရိရှဲ တစ်ချို့သည် အန္တိအုတ်မြို့သို့ ရောက်လာ၍ ပြောင်းလဲသော တစ်ပါးအမျိုးသားတို့သည် ကယ်တင်ခြင်း ခံရမည် အကြောင်း အရေဖျားလှီးခြင်းကို ခံလျက် မောရှေ၏ တရားကို ကျင့်ရမည်ဟု ပြောဆိုကြသောကြောင့် ရှုပ်ထွေးခြင်း ဖြစ်ခဲ့ကြောင်းကို ထင်ရှားစွာ သူတို့က ပြောပြကြ၏။ ဤပြဿနာကို အစည်းအဝေးတွင် စိတ်ပါဝင်စားစွာ ဆွေးနွေးကြ၏။ CCB1 220.3

ပြောင်းလဲသော တစ်ပါး အမျိုးသားတို့သည် စီရင်ထုံးဖွဲ့ချက် တရားများကို စောင့်ရှောက်ဖို့ မလိုဟု သန့်ရှင်းသော ဝိညာဉ်တော်က သိမြင်တော်မူသဖြင့်၊ ဤကိစ္စနှင့် သက်ဆိုင်၍ တမန်တော်တို့၏ သဘောသည် ဘုရားသခင် ဝိညာဉ်တော်၏ သဘောကဲ့သို့ ဖြစ်၏။ ထိုစည်းဝေး၌ ယာကုပ်သည် ဦးဆောင်လျက် သူ၏ ဆုံးဖြတ်ချက်ကို ဖော်ပြထား၏။ “တစ်ပါးအမျိုးသားတို့အထဲမှ ဘုရားသခင့် ထံတော်သို့ ပြောင်းလဲသော သူတို့ကို မနှောင့်ယှက်သင့်ဟု ငါသဘောရှိ၏။” ဤသို့အားဖြင့် ဆွေးနွေးပွဲသည် ပြီးဆုံးသွား၏။ CCB1 221.1

ဤနေရာ၌ အစည်းအဝေးက ဆုံးဖြတ်သော အချက်ကို ယာကုပ်သည် ကြော်ငြာရန် ရွေးကောက်ခြင်း ခံရသည်ဟု ထင်ရသည်။ သို့ရာတွင် ပြောင်းလဲလာသော တစ်ပါးအမျိုးသားတို့သည် ခရစ်ယာန် အခြေခံတရားတို့နှင့် မညီညွတ်သော အကျင့်ဓလေ့တို့ကို ပယ်ရှားရကြမည်။ ထိုကြောင့် တမန်တော် နှင့် သင်းအုပ်တို့သည် တစ်ပါးအမျိုးသားတို့ထံ စာရေးလျက်၊ ရုပ်တုရှေ့မှာ ပူဇော်သော အသားကို လည်းကောင်း၊ အသွေးကို လည်းကောင်း၊ လည်ပင်းညှစ်၍ သတ်သော အရာကို လည်းကောင်း၊ မတရားသော မေထုန်ကို လည်းကောင်း ရှောင်ကြဉ်ဖို့ ဆုံးမ သွန်သင်ရန် သဘောတူကြ၏။ သူတို့အား ပညတ်တော်ကို စောင့်၍ သန့်ရှင်းစွာ နေထိုင်ရန် တိုက်တွန်းသေး၏။ အရေဖျားလှီးခြင်း ခံဖို့ သင့်သည်ဟု ပြောဆိုနေသူတို့အား ထိုသို့ မပြောစေရန် တမန်တော်တို့က မှာထားပြီ ဖြစ်ကြောင်းကိုလည်း သူတို့အား သေချာယုံကြည်စိတ်ချစေ၏။6A A 190,195 CCB1 221.2

ဤအမှုကို ဆုံးဖြတ်သော အစည်းအဝေးတွင် ယုဒ နှင့် တစ်ပါးအမျိုးသား ခရစ်ယာန် အသင်းတော်များကို တည်ထောင်ပေးရာ၌ ထင်ရှားသော တမန်တော်များ၊ ဓမ္မဆရာများ နှင့် အရပ်ရပ်မှ ရွေးချယ် စေလွှတ်သော စေတမန်များ ပါဝင်၏။ ယေရုရှလင်မြို့မှ သင်းအုပ်များ နှင့် အန္တိအုတ်မြို့မှ ကိုယ်စားလှယ်များလည်း ရောက်လာကြသဖြင့်၊ သြဇာ အရှိဆုံး အသင်းတော်များ၏ ကိုယ်စားလှယ်များလည်း ဖြစ်ကြ၏။ ထင်ရှားစွာ ဝေဖန်ပိုင်းခြားနိုင်သော ဉာဏ်၊ ဘုရားသခင်၏ အလိုတော်အားဖြင့် တည်ထောင်ထားသော အသင်းတော်၏ ဂုဏ်အသရေနှင့် အညီ အစည်းအဝေးသည် ဆွေးနွေးဆုံးဖြတ်၏။ သူတို့သည် ကောင်းစွာ ဆင်ခြင်ဆုံးဖြတ်ရာ၌၊ ဘုရားသခင်သည် တစ်ပါးအမျိုးသားတို့ အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်ကို သွန်းလောင်း ချပေးတော်မူ ခြင်းဖြင့် ငြင်းခုံလျက် ပြဿနာကို ဖြေဆိုတော်မူကြောင်း သူတို့ အားလုံး သိမြင်ကြ၏။ ၎င်းပြင် ဝိညာဉ်တော်၏ လမ်းပြခြင်းကို လိုက်နာဖို့ သူတို့၌ တာဝန်ရှိကြောင်း သိနားလည်ကြ၏။ CCB1 221.3

ခရစ်ယာန် အဖွဲ့အစည်း တစ်ခုလုံးက ပြဿနာကို ဆုံးဖြတ်ရကြသည် မဟုတ်။ သြဇာရှိလျက် ကောင်းစွာ ဝေဖန် ပိုင်းခြားနိုင်သော တမန်တော်များ နှင့် သင်းအုပ်တို့က ဆုံးဖြတ်ချက်ကို စီမံ ထုတ်ဝေရလျက် ၎င်းဆုံးဖြတ်ချက်ကို ခရစ်ယာန် အသင်းတော်များက အများအားဖြင့် လက်ခံရကြသည်။ သို့ရာတွင် လူအပေါင်းတို့က ထိုဆုံးဖြတ်ချက်ကို သဘောမကျကြ။ ကိုယ်ကို ထင်ပေါ်စေလို၍ ကိုယ်ကိုကိုယ် အားကိုးသော ညီအစ်ကို တစ်စုက ဤအချက်ကို ငြင်းဆိုလျက် သဘောမတူကြချေ။ ဤသူတို့သည် မိမိတို့ သဘောအတိုင်း တာဝန်ကို ဆောင်ရွက်လိုကြသည်။ သူတို့သည် ညည်းညူလျက်၊ အပြစ်ရှာလျက်၊ အသစ်သော စီမံကိန်းတို့ကို အကြံပေးလျက် ဧဝံဂေလိ သတင်းစကားကို ကြားပြောရန် ဘုရားသခင် ခန့်ထားတော်မူသော သူတို့၏ အလုပ်ကို ဖြိုဖျက်ရန် ကြံစည်နေကြ၏။ ရှေးဦးစွာကပင် အသင်းတော်သည် ထိုသို့သော အတားအဆီးများကို တွေ့ကြုံခဲ့ရ သဖြင့်၊ ကပ်ကာလ၏ အဆုံးတိုင်အောင်အစဉ်သဖြင့် ထိုကဲ့သို့ တွေ့ကြုံရလိမ့်မည်။7AA 196,197; CCB1 222.1