Go to full page →

တစ်ဦးတည်း၏ ဆုံးဖြတ်ချက်ကို အကောင်းဆုံးဟု ထင်မှတ်ခြင်းသည် ဘေးရောက်ခြင်း။ CCB1 222

လူတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ကို အကောင်းဆုံးဟု ထင်မှတ်တတ်သော သူတို့သည် ကြီးစွာ ဘေးဥပဒ် တွေ့ကြုံရတတ်သည်။ အလင်း၏ လမ်းကြောင်းများ ဖြစ်လျက် ဘုရားသခင်က မိမိ၏ အမှုတော်ကို မြေကြီးပေါ်၌ တည်ထောင်၍ တိုးတက်စေခြင်းငှါ ပြုလုပ်စေဖို့ အလိုရှိတော်မူသော သူတို့ထံမှ ဤကဲ့သို့သော သူတို့ကို ခွဲထုတ်ထားရန် စာတန်သည် အထူးပင် လေ့လာကြိုးစားလျက် ရှိသည်။ သမ္မာတရားကို တိုးတက် ပြန့်ပွားစေရာ၌ ခေါင်းဆောင် တာဝန်တို့ကို ဆောင်ရွက်ရန် ဘုရားသခင် ခန့်ထားတော်မူသော သူတို့ကို ငြင်းပယ်ခြင်း၊ သို့မဟုတ် ရှုတ်ချခြင်းသည် မိမိ၏ လူများအား ကူညီအားပေး၍ ခွန်အားနှင့် ပြည့်စုံစေရန် ဘုရားသခင် စီမံခန့်ထားတော်မူသော နည်းကို ငြင်းပယ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်တွင် ဆောင်ရွက်နေသော သူ တစ်စုံ တစ်ယောက်သည် ဤအချက်များကို ဂရုမစိုက်ဘဲ၊ မိမိ၏ အလင်းသည် အခြား မည်သည့် နည်းမျှ မလာရ၊ ဘုရားသခင်ထံမှ တိုက်ရိုက်လာရမည်ဟု ထင်မှတ်ခြင်းသည် မိမိ ကိုယ်ကို ရန်သူ၏ လှည့်ဖြားခြင်းကို ခံစေပြီး ဆုံးရှံးသွားစေသော အခြေအနေ၌ ထားခြင်း ဖြစ်သတည်း။ CCB1 222.2

ယုံကြည်သော သူအပေါင်းတို့၌ တည်ရှိအပ်သော ရင်းနှီးစွာ ဆက်သွယ်ခြင်း နည်းအားဖြင့်၊ ခရစ်ယာန် အချင်းချင်း၊ အသင်းတော် အချင်းချင်းသည် စည်းလုံးခြင်း ရှိရမည်ဟု ထာဝရဘုရားသည် မိမိ၏ အမျှော်အမြင်အတိုင်း စီမံထားတော်မူ၏။ ထိုသို့အားဖြင့် လူ၏ အစွမ်းသတ္တိသည် ဘုရားနှင့် ပူးပေါင်း ဆောင်ရွက်နိုင်၏။ အလုပ်အကိုင် ရှိသမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လက်အောက်သို့ ရောက်ရှိသွား၍ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဆိုင်သော ဝမ်းမြောက်ဖွယ် သတင်းစကားကို လောကအား ကြွေးကြော်ရန် သေချာစွာ စီမံအုပ်ချုပ်လျက် ကြိုးစားဆောင်ရွက်ခြင်း အမှုတွင် ယုံကြည်သူ အပေါင်းသည် ပူးပေါင်း ဆောင်ရွက်ကြလိမ့်မည်။8AA 164; CCB1 223.1

လူကိုယ်ခန္ဓာ၏ အင်္ဂါအစိတ်အပိုင်း အမျိုးမျိုးသည် ကိုယ်တစ်ကိုယ်လုံး ဖြစ်ရန် အားလုံး စုပေါင်း၍ တစ်ကိုယ်လုံးကို အုပ်စိုးသော အသိဉာဏ်၏ သြဇာကို ခံယူလျက် အင်္ဂါ အသီးအသီးတို့သည် မိမိတို့၏ ဆိုင်ရာ လုပ်ငန်းကို ဆောင်ရွက်ကြသည် နည်းတူ သခင်ခရစ်တော်၏ အသင်းတော်ရှိ အသင်းသားတို့သည် အချိုးအစားကျသော ကိုယ်ခန္ဓာ တစ်ခု ဖြစ်လာရန် စုပေါင်းပြီးလျှင်၊ ခန္ဓာ တစ်ခုလုံး၏ သန့်ရှင်းသော အသိဉာဏ်၏ သြဇာကို ခံယူရကြသည်။9ITT 443; CCB1 223.2