Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 17—“ယခုနှစ် ရှိပါစေဦး”

    လုကာ၊ ၁၃:၁-၉။ ကို အခြေပြုပါသည်။

    ခရစ်တော်၏ သြဝါဒတွင် တရားစီရင်ခြင်း အကြောင်းကို ကြိုတင် သတိပေးပုံ နှင့် ချမ်းသာပေးရန် ပန်ကြားပုံကို ဆက်စပ်ထားပါသည်။ ကိုယ်တော်က “လူသားသည် လူတို့၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည် မဟုတ်၊ ကယ်တင်အံ့သောငှါ ကြွလာသည်” ဟု မိန့်တော်မူ၏၊ လု၊ ၉:၅၅။ “လောကီသားတို့အား အပြစ် စီရင်ခြင်းငှါ ဘုရားသခင်သည် သားတော်ကို ဤ လောကသို့ စေလွှတ်တော်မူသည် မဟုတ်၊ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။” ယော၊ ၃:၁၇။ ကိုယ်တော်၏ ကရုဏာတော်ဆိုင်ရာ သာသနာတော်သည် ဘုရားသခင်၏ တရားမျှတမှု ရှိသော တရားစီရင်ခြင်းနှင့် မည်သို့ ဆက်စပ်နေပုံကို အသီး မသီးသော သင်္ဘောတဖန်းပင် ဥပမာတွင် သရုပ်ဖေါ်ထားပါသည်။COLB 253.1

    ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီ ဖြစ်ကြောင်း ခရစ်တော်သည် လူတို့အား ကြိုတင် သတိပေးနှိုးဆော်တော်မူ၏။ ၎င်းအပြင် လူတို့၏ အသိပညာ ကင်းမဲ့ခြင်း နှင့် ဂရုမစိုက် အမှုမထားခြင်းများကို ပြတ်သားစွာ ဆုံးမတော်မူ၏။ ရာသီဥတု အခြေအနေကို ကြိုတင် မှန်းဆနိုင်သည့် ကောင်းကင်လက္ခဏာများကို သူတို့ လျင်မြန်စွာ အကဲခတ်တတ်ကြသော်လည်း ကိုယ်တော်၏ အမှုတော်ကို ဖေါ်ညွှန်းသည့် လက္ခဏာများကိုမူကား သူတို့ ကွဲကွဲပြားပြား မသိနားမလည် ကြပါ။COLB 253.2

    သို့သော် ရှေးကာလ လူတို့သည် သူတို့ကိုယ် သူတို့ ကောင်းကင်က အထူး ချစ်မြတ်နိုးသော သူများ ဖြစ်သည်ဟု ယူဆကြ၍ ဆုံးမသြဝါဒဆိုင်ရာ သတင်းစကားများသည် သူတို့အတွက် မဟုတ်၊ အခြား တစ်ပါးသော သူများအတွက် ဖြစ်သည်ဟု အလွယ်တကူ ယူဆကြသကဲ့သို့ ယခု မျက်မှောက် ကာလ လူများကလည်း ယင်းအတိုင်းပင် ယူဆနေကြပါသည်။ တရားနာသူများသည် မကြာသေးမီက အကြီးအကျယ် လှုပ်လှုပ်ရွရွ ဖြစ်သွားသည့် အကြောင်း တစ်ခုကို ခရစ်တော်အား လျှောက်ထားကြပါ သည်။ ယုဒပြည် မြို့ဝန်မင်း ပုန္တိပိလတ်၏ လုပ်ရပ် အချို့သည် လူ အချို့တို့ကို ထိခိုက်နစ်နာစေ၏။ ယေရုရှလင်မြို့တွင် လူအများစု စိတ်ပါဝင်စား၍ အုတ်အုတ်ကျက်ကျက် ဖြစ်စေသော ကိစ္စ တစ်ခုကို ပိလတ်မင်းက အကြမ်းဖက်၍ နှိမ်နင်းရန် အားထုတ်ခဲ့ပါသည်။ တစ်ကြိမ်က သူ၏ စစ်သည်များသည် ဗိမာန်တော် ဥပစာအတွင်းကိုပင် ကျူးကျော်၍ ဂါလိလဲ ဘုရားဖူးများ ယဇ်ပူဇော်ရန် ယဇ်ကောင်ကို သတ်နေချိန်တွင် ယင်း ဂါလိလဲလူများကို ခုန်ဖြတ် သတ်ပစ်ကြပါသည်။ ယုဒလူတို့က ယင်းသို့ ကပ်ဆိုက်ရခြင်းမှာ ယင်း ဒုက္ခကို ခံရသော သူများ၏ အပြစ်ဒုစရိုက်အတွက် တရားစီရင်ခြင်းကို ခံရသည်ဟု သဘောထားကြသဖြင့် ယင်း အကြောင်းကို တင်ပြကြသော သူများကလည်း လျှို့ဝှက်စာွ ကျေနပ်မှုဖြင့် လျှောက်ထားကြခြင်း ဖြစ်ပါသည်။ သူတို့သည် ထို ဒုက္ခခံရသူများထက် များစွာ ပို၍ ကောင်းသောကြောင့် ဘုရားသခင်က သူတို့ကို ဒုက္ခရောက်သော ဂါလိလဲလူတို့ထက် ပို၍ မျက်နှာသာ ပေးသည်ဟု ထင်မှတ်ကြ၏။ ထိုကြောင့် ယေရှုရှင်က ၎င်း ဂါလိလဲလူတို့ကို ပြစ်တင်စကား ပြောမည်ဟု သူတို့ မျှော်လင့်ကြ၏။ အဘယ်ကြောင့်ဆိုသော် အဆိုပါ ဂါလိလဲလူတို့သည် ထိုက်သင့်သော ပြစ်ဒဏ်ကို ခံရကြသည်ဟု သူတို့ အမှန် ယုံကြည်ကြပါသည်။COLB 253.3

    ခရစ်တော်၏ တပည့် တော်များကမူကား မိမိတို့၏ အယူအဆကို အတိအကျ မဖွင့်ဟသေးဘဲ သူတို့ သခင်၏ သဘောထားကို ငံ့မျှော်နေကြပါသည်။ အဘယ်ကြောင့်ဆိုသော် သူတစ်ပါး၏ အကျင့်စာရိတ္တကို ဝေဖန်ခြင်း အကြောင်းနှင့် ပတ်သက်၍ လည်းကောင်း၊ အပြစ်အလျောက် ဆပ်ပေး စီရင်ခြင်းနှင့် ပတ်သက်၍ သူတို့၏ မစုံလင်သော ဆုံးဖြတ်ချက်များအရ တိုင်းတာခြင်း အကြောင်းများကို လည်းကောင်း ကိုယ်တော်သည် သူတို့အား ချက်ကျလက်ကျ သင်ခန်းစာများ ပေးထားခဲ့ပြီ ဖြစ်ပါသည်။ သို့ပါလျက် ခရစ်တော်က ဤ သူများအား သူတစ်ပါးထက် အပြစ်ကြီးသူများ ဖြစ်ကြောင်း ရှုတ်ချ ပြောဆိုမည်ဟု သူတို့ မျှော်လင့်ကြ၏။ ထိုကြောင့် ခရစ်တော်၏ အဖြေကို သူတို့ အားလုံး အံ့သြနေကြပါသည်။COLB 254.1

    ကယ်တင်ရှင်သည် ပရိသတ်ဘက်သို့ လှည့်၍ “ထို ဂါလိလဲလူတို့သည် ထိုသို့ ခံရသောကြောင့် အခြားသော ဂါလိလဲလူအပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။ သာ၍ အပြစ်ရှိသည် မဟုတ်၊ သင်တို့ ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။” ဟု မိန့်တော်မူ၏။ ယင်းသို့ ထိတ်လန့်ဖွယ်ဖြစ်သော ဘေးဒုက္ခများသည် သူတို့ စိတ်သဘောများကို နှိမ့်ချ၍ အပြစ်ဒုစရိုက်မှ နောင်တရကြစေရန် ပုံစံနမူနာများ ဖြစ်ပါသည်။ ခရစ်တော်၌ မခိုလှုံသော သူအပေါင်းတို့ အပေါ် မကြာမီ ပေါက်ကွဲတော့မည့် လက်စားချေ မုန်တိုင်း အစပျိုးနေလေပြီ။COLB 255.1

    ယေရှုရှင်သည် တပည့်တော်များ နှင့် ပရိသတ်များကို သြဝါဒပေးနေတော်မူစဉ် အနာဂတ် မျက်စိဖြင့် ရှုတော်မူရာ ယေရုရှလင်မြို့ကြီးကို စစ်သည်များ ဝန်းရံတပ်ချလျက် ရှိသည်ကို မြင်တော်မူ၏။ ရွေးချယ်ထားသည့် သန့်ရှင်းသော မြို့တော်သို့ လူမျိုးခြား စစ်သည်များ၏ စစ်ချီသံကို ကိုယ်တော် ကြားတော်မူ၏။ ဝန်းဝိုင်းပိတ်ဆို့ တိုက်ခိုက်ခြင်းခံနေရသော မြို့တော်အတွင်း ထောင်သောင်းမက များစွာသော လူတို့သည်လည်း ပျက်စီးဆုံးရှုံးကြသည်ကို မြင်တော်မူ၏။ အများသော ယုဒလူတို့သည်လည်း ဖေါ်ပြခဲ့ပြီးသော ဂါလိလဲလူများကဲ့သို့ ဗိမာန်တော်အတွင်း ယဇ်ပူဇော်ရင်း အသတ်ခံရကြလိမ့်မည်။ တစ်ဦးချင်းအပေါ် ကျရောက်ခဲ့ပြီးသော ဘေးဒုက္ခများသည် အလားတူ အပြစ်ကျူးလွန်သော လူမျိုးအား ဘုရားသခင် သတိပေး နှိုးဆော်နေခြင်း ဖြစ်တော်မူ၏။ “သင်တို့ ရှိသမျှသည်လည်း နောင်တ မရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။”ဟု ယေရှုရှင် မိန့်တော်မူ၏။ ကရုဏာ တံခါးကို မပိတ်သေးဘဲ သူတို့အတွက် ခေတ္တ ဆိုင်းငံ့ထားပေလိမ့်ဦးမည်။ ငြိမ်သက်ခြင်း ချမ်းသာနှင့် စပ်ဆိုင်သော အရာများကို သိနားလည်ရန် သူတို့အတွက် အချိန် ရှိနေဆဲ ဖြစ်ခဲ့ပါသည်။COLB 255.2

    ကိုယ်တော်ရှင် ဆက်လက်၍ မိန့်တော်မူသည်မှာ “လူ တစ်ယောက်သည် ဥယျာဉ်၌ စိုက်သော သင်္ဘောသဖန်းပင် တစ်ပင် ရှိ၏။ ထို အပင်သို့ လာ၍ အသီးကို ရှာသော်လည်း မတွေ့။ ထိုအခါ ဥယျာဉ်စောင့်အားလည်း သုံးနှစ်ပတ်လုံး ဤ သင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကို ရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို နှောင့်ယှက်ရသနည်း။”COLB 255.3

    ခရစ်တော်၏ တရားကို နာယူသော သူများသည် ကိုယ်တော်၏ စကားတော်များကို နားမလည်စရာ အကြောင်း မရှိပါ။ ဒါဝိဒ်မင်ကြီးက ဣသရေလလူမျိုးသည် အဲဂုတ္တုပြည်မှ ထုတ်ဆောင်ခဲ့သော စပျစ်နွယ်ပင် ဖြစ်သည်ဟု သီချင်း စပ်ဆိုထားပါသည်။ “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား ဣသရေလအမျိုးတည်း၊ နှစ်သက်တော်မူသော ပျိုးပင်ကား ယုဒလူမျိုးတည်း၊” ဟု ပရောဖက် ဟေရှာယက ကျမ်းပြုထားခဲ့ပါသည်။ ဟေရှာ၊ ၅:၇။ ကယ်တင်ရှင် ကြွလာတော်မူသော ခေတ်၏ လူမျိုးဆက်သည် ကိုယ်တော်ရှင် အထူး စောင့်ရှောက်၍ ကောင်းချီး ပေးတော်မူခြင်းကို ခံရသည့် ထာဝရဘုရား၏ ဥယျာဉ်တွင်း၌ ရှိသော သင်္ဘောသဖန်းပင်ကို ပုံဆောင်ထားပါသည်။COLB 256.1

    ဘုရားသခင်၏ လူမျိုးအတွက် ဘုန်းအသရေတော်ကို ထင်ရှားစေရန် ကိုယ်တော်၏ စီမံကိန်းနှင့် ပတ်သက်၍ နှစ်သက်ဖွယ်ရာ မှတ်တမ်းတင်ထားသည်မှာ “ထို သူတို့သည် ဖြောင့်မတ်ခြင်း သပိတ်ပင်၊ ဘုန်းအသရေတော်ဖို့ ထာဝရဘုရား စိုက်ပျိုးတော်မူသော အပင် ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်။” ဟေရှာ၊ ၆၁:၃။ ယာကုပ်သည် မိမိ၏ အသက် ကုန်ဆုံးလုနီးသောအခါ သူ၏ အချစ်ဆုံး သားအား “ယောသပ်သည် သန်သော ပျိုးပင်၊ ရေတွင်းနားမှာ သန်သော ပျိုးပင် ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာ ကျော်သွားကြ၏။” ဟူ၍ လည်းကောင်း၊ “သင့် အဘ၏ ဘုရားသခင်” သည် “သင့်ကို မစတော်မူ” ၍ အနန္တတန်ခိုးရှင်သည် “အထက်မိုးကောင်းကင်၏ မင်္ဂလာ၊ အောက်နက်နဲသော အရပ်၏ မင်္ဂလာ” တို့နှင့် ကောင်းချီးပေးတော်မူပါစေသောဟု ဝိညာဉ်တော် တိုက်တွန်းမှုဖြင့် မင်္ဂလာစကား မြွက်ကြားခဲ့ပါသည်။ က၊ ၄၉:၂၂၊၂၅။ ထိုကြောင့် ထာဝရဘုရားသည် ဣသရေလလူမျိုးအား၊ ကောင်းသော စပျစ်နွယ်ပင်အဖြစ် အသက်ရေတွင်း အနီးတွင် စိုက်ပျိုးတော်မူ၏။ ကိုယ်တော်သည် မိမိ၏ စပျစ်ဥယျာဉ်တော်ကို “မြေကောင်းသော တောင်ပေါ်မှာ” “မြေကို တူး၍ ကျောက်ခဲတို့ကို ရှင်းလင်းစေပြီးမှ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော်မူ၏။” ဟေရှာ၊ ၅:၁၊၂။COLB 256.2

    “ထိုအခါ စပျစ်သီးကို သီးမည်ဟု မျှော်လင့်သည် ရှိသော်၊ ဗောရှသီးကို သီးပါသည်တကား။” ဟေရှာ၊ ၅:၂။ ခရစ်တော်လက်ထက် လူတို့သည် သူတို့ကိုယ် သူတို့ ဘုရားတရား ကြည်ညိုပါသည်ဟု ဆိုရာ၌ ရှေးယခင် ခေတ်က ယုဒလူတို့ထက် ပို၍ ဟိတ်ဟန် ထုတ်ကြပါသည်။ သို့သော် သူတို့သည် ဘုရားသခင်၏ ချစ်ဖွယ်သော ဝိညာဉ် ဆုကျေးဇူးများနှင့် ပို၍ပင် ကင်းဝေကြပါသည်။ ယောသပ်၏ သတင်းကို မွှေးကြိုင်စေခဲ့သော၊ သူ၏ ဘဝအသက်တာကို ထည်ဝါခန့်ညားစေခဲ့သော၊ မွန်မြတ်သည့် အကျင့်စာရိတ္တ အသီးများ ယုဒ အမျိုးသားတို့တွင် မရှိပါ။COLB 257.1

    ဘုရားသခင်သည် သားတော်အားဖြင့် အသီးများ ရှာခဲ့သော်လည်း မတွေ့ပါ။ ဣသရေလသည် မြေကြီးကို ဝန်လေးစေသော သူ ဖြစ်၏။ စပျစ်ဥယျာဉ်အတွင်း၌ အသီးသီးသော အပင်အတွက် မြေနေရာကို သူ ယူထားသောကြောင့် မြေပေါ်၌ သူ ရှိနေခြင်းသည်ပင်လျှင် အမင်္ဂလာ ဖြစ်၏။ ကမ္ဘာလောကကြီးအတွက် ဘုရားသခင် စီမံထားတော်မူသည့် ကောင်းချီးမင်္ဂလာများကို သူ အလွဲသုံးစားပြုခဲ့၏။ ခပ်သိမ်းသော လူအမျိုးအနွယ်တို့၏ အလယ်တွင် ဘုရားသခင်ကို လွဲမှားစွာ ပုံဆောင်ခဲ့ပါသည်။ သူတို့သည် အကျိုးမပြုရုံမျှသာ မဟုတ်၊ ပွင့်ပွင့်လင်းလင်း အနှောင့်အယှက် ပေးခဲ့၏။ သူတို့၏ ဘာသာရေး လမ်းလွဲမှု အဆင့် မြင့်မားနေသောကြောင့် ကယ်တင်ခြင်းထက် ပျက်စီးခြင်းကို ပို၍ ဖြစ်စေ၏။COLB 257.2

    ဥပမာတွင် ဥယျာဉ်စောင့်သည် အပင်ကို ခုတ်ပစ်ရန် အမိန့်အတွက် ပြဿနာ မပေါ်ပါ၊ အသီးမသီးသော အပင်ကို ခုတ်ပစ်ရန်သာ ဖြစ်ပါသည်။ သို့သော် သူသည် ယင်း အသီးမသီးသော အပင်အပေါ် ပိုင်ရှင်ကဲ့သို့ပင် သိ၍ စိတ်ဝင်စားမှု ရှိပါသည်။ ၎င်းအပင် ကြီးထွား၍ အပွင့်အသီး ထွန်းကားခြင်းကို တွေ့မြင်ရသည်ထက် ပို၍ ဝမ်းမြောက်စရာ သူ့အတွက် အခြား မရှိပါ။ ထိုကြောင့် ပိုင်ရှင်၏ အလိုကျ ပြန်၍ တောင်းပန်လိုက်သည်မှာ “ယခုနှစ် ရှိပါစေဦး၊ အကျွန်ုပ်သည် အပင်နား ပတ်လည်ကို တူးဆွ၍ နောက်ချေးကို ဖို့ပါမည်။ အသီး သီးကောင်း သီးပါလိမ့်မည်။COLB 257.3

    ဥယျာဉ်စောင့်သည် ထိုမျှ မျှော်လင့်ချက် ကင်းသော အပင်ကို ပြုစုရန် စိတ်မပျက်ပါ။ ပို၍ ဂရုပြု စောင့်ရှောက်ရန် အသင့် ရှိနေပါသည်။ အပင်၏ ဝန်းကျင် အခြေအနေကို အသင့်မြတ်ဆုံး ဖြစ်အောင် ပြုစု၍ အပင်ကို အထူး အာရုံပြု အရေးပေးပါလိမ့်မည်။COLB 258.1

    ပိုင်ရှင် နှင့် ဥယျာဉ်စောင့်တို့သည် သင်္ဘောသဖန်းပင်ကို တူညီစွာ စိတ်ဝင်စားကြပါသည်။ ထိုနည်းတူ ခမည်းတော် နှင့် သားတော်တို့သည် ရွေးချယ်တော်မူသော လူမျိုးအပေါ် တူညီသော မေတ္တာ ရှိပါသည်။ ဤ နေရာ၌ ခရစ်တော်သည် တရားနာသူများအား ပိုမို ထူးကဲသော အခွင့်အရေးများကို ပေးတော်မူမည် ဖြစ်ကြောင်း၊ သူတို့သည် ကမ္ဘာလောကကြီးအတွက် ကောင်းချီးမင်္ဂလာ အသီးများကို သီးမည့် ဖြောင့်မတ်ခြင်း အပင်များ ဖြစ်လာစေရန် ဘုရားသခင်၏ မေတ္တာတော်သည် နည်းလမ်း ရှိသမျှနှင့် စီမံဆောင်ရွက်လိမ့်မည် ဖြစ်ကြောင်းများကို သြဝါဒပေးတော်မူ၏။COLB 258.2

    ဥပမာတွင် ဥယျာဉ်မှူ၏ ဆောင်ရွက်ချက် မည်သို့ အဆုံးသတ်ကြောင်း ခရစ်တော်၏ သြဝါဒတွင် မဖေါ်ပြဘဲ ဥပမာကို အဆုံးသတ်ခဲ့ပါသည်။ ကိုယ်တော်၏ စကားတော်များကို ကြားနာရသော လူမျိုးဆက်အနေဖြင့် ကောက်ချက်ချရန် ဖြစ်ပါသည်။ သူတို့အတွက် လေးနက်သော သတိပေးချက်မှာ “သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါ” ယင်း မဖျက်မသိမ်းနိုင်သော စကားလုံးများကို အချိန်တန်သောအခါ သူတို့အား ပြောရမည် မပြောရမည် ဆိုသည်မှာ သူတို့အပေါ် မူတည်နေပါသည်။ အမျက်တော် နေ့ကြီး နီးခဲ့လေပြီ။ ဣသရေလလူတို့ထံသို့ ဆိုက်ရောက်နေပြီ ဖြစ်သော ဒုက္ခနှင့် ပတ်သက်၍ ဥယျာဉ်ပိုင်ရှင်သည် ကရုဏာတရား ရှေ့ထား၍ အသီးမသီးသော အပင်များ ဖျက်ဆီးခြင်း ခံရကြမည် ဖြစ်ကြောင်း ကြိုတင် သတိပေးတော်မူ၏။COLB 258.3

    * * * * *

    “ငါ နှင့် ငါ့ စပျစ်ဥယျာဉ် အမှုကို စီရင်ကြပါလော့။ ငါ့ စပျစ်ဥယျာဉ်၌ ငါ ကျေးဇူးပြုနိုင်လျက် မပြုသေးသော အရာ တစ်စုံတစ်ခု ရှိသလော။ စပျစ်သီးကို သီးမည်ဟု မျှော်လင့်သည် ရှိသော ဗောရှသီးကို အဘယ်ကြောင့် သီး သနည်း။” ဟေရှာ၊ ၅:၃၊၄။

    * * * * *

    ထို သတိပေး နှိုးဆော်သံများကို ယနေ့ လူမျိုးဆက်တိုင်အောင် ဆက်၍ ကြားနေရပါသည်။ အို၊ သတိမမူ ဂူ မမြင်သော သူ၊ သင်သည်လည်း ဘုရားသခင်၏ ဥယျာဉ်တော်တွင် အသီးမသီးသော အပင် တစ်ပင် ဖြစ်နေပါသလား။ ဤ ပြစ်ဒဏ်စီရင်သော စကားလုံးများ မကြာမီ သင့်အတွက် ဖြစ်နေလိမ့်မည်လော။ ကိုယ်တော်၏ ဆုကျေးဇူးများကို သင် ခံစားနေရသည်မှာ မည်မျှ ကြနေပါပြီ နည်း။ သင်၏ မေတ္တာ တုံ့ပြန်မှုအတွက် ကိုယ်တော်ရှင် စောင့်ကြည့်နေသည်မှာ မည်မျှ ကြာနေပါပြီ နည်း။ ကိုယ်တော်၏ စပျစ်ဥယျာဉ်တော် အတွင်းမှာ သင့်ကို စိုက်ပျိုး၍ ကောင်းစွာ စောင့်ရှောက်ထားခြင်းကို ခံရသည့်အတွက် မည်မျှ အခွင့်အရေးများ ရရှိခဲ့ပါသနည်း။ သိမ်မွေ့သော ဧဝံဂလိ သတင်းစကားသည် သင့်အား မည်မျှ ကြိမ်ဖန်များစွာ စိတ်လှုပ်ရှားစေခဲ့ပါပြီနည်း။ သင်သည် ခရစ်တော်၏ အမည်ကို ခံယူထား၏။ ကိုယ်တော်၏ ကိုယ်ခန္ဓာတော် ဖြစ်သော အသင်းတော်တွင် သင်သည် အပြင်လက္ခဏာအားဖြင့် အသင်းသား ဖြစ်၏၊ သို့ပါလျက် မြတ်တော်မူသော မေတ္တာနှလုံးဖြင့် သက်ရှင်သော ဆက်သွယ်မှု မရှိသေးသည်ကို သင် သတိမထား။ ကိုယ်တော်၏ အသက်ဒီရေသည် သင်၏ ကိုယ်ခန္ဓာတွင်းသို့ စီးဝင်ခြင်း မရှိ။ ကိုယ်တော်ရှင်၏ ချစ်ဖွယ်သော ဂုဏ်အင်္ဂါတော် ဖြစ်သည့် “ဝိညာဉ်ပကတိ၏ အကျိုး” များကို သင်၏ အသက်တာတွင် မတွေ့မမြင်ရ။COLB 259.1

    အသီး မသီးသော အပင်သည် မိုးရေကို လည်းကောင်း၊ နေရောင်ခြည်ကို လည်းကောင်း၊ ဥယျာဉ်မှူး၏ စောင့်ရှောက်မှုကို လည်းကောင်း ခံယူရရှိပါသည်။ မြေကြီးမှ မြေဆီ အစာအာဟာရဓါတ်ကိုလည်း ခံယူ၏။ သို့သော် ယင်း အသီး မသီးသော အကိုင်းအခက်ကြီးများကြောင့် အသီး သီးသော အပင်တို့သည် လောင်းရိပ်မိ၍ အသီး မသီးနိုင်ကြ။ ထိုကြောင့် သင်သည် ဘုရားသခင်၏ ဆုကျေးဇူးများကို ကြွဝစွာ ခံစားရသော်လည်း ကမ္ဘာလောကကြီးအတွက် အကျိုးမပြု။ သို့ဖြစ်၍ သင်သည် သူတစ်ပါး ခံစားထိုက်သော အခွင့်အရေးများကို လုယူရာ ရောက်နေပါသည်။COLB 259.2

    ရေးရေးမျှပင် ဖြစ်စေကာမူ သင်သည် မြေကြီးကို နှောင့်ယှက်သူ ဖြစ်ကြောင်း သတိထားမိပေ လိမ့်မည်။ သို့ပါလျက် ဘုရားသခင်သည် ကြီးမြတ်တော်မူသော ကရုဏာ ရှိတော်မူသည် ဖြစ်၍ သင့်အား ခုတ်ပစ်ခြင်း မပြု။ သင့်အား မစိမ်းကား၊ ဂရုမစိုက်ဘဲ ကျောခိုင်း၍ မထား၊ ပျက်စီးသည်တိုင်အောင် လည်း စွန့်ပစ်တော်မူသည် မဟုတ်။ ရှေး ရာစုနှစ်ပေါင်းများစွာက ဣသရေလလူတို့အား မိန့်တော်မူခဲ့ပြီးသည့်အတိုင်း ယခုလည်း သင့်အား ကြည့်၍ မိန့်တော်မူသည်မှာ “အို ဧဖရိမ်၊ ငါသည် သင့်ကို အဘယ်သို့ စွန့်နိုင်မည်နည်း။ အို ဣသရေလ၊ သင်ကို အဘယ်သို့ အပ်နိုင်မည်နည်း။ …. ပြင်းစွာ အမျက်ထွက်သည်အတိုင်း မပြုလို။ ဧဖရိမ်ကို အထပ်ထပ် မဖျက်ဆီးလို၊ ငါသည် လူ မဟုတ်၊ ဘုရားသခင် ဖြစ်၏။” ဟောရှေ၊ ၁၁:၈၊၉။ ကယ်တင်ရှင်သည် သင်နှင့် ပတ်သက်၍ ယခုနှစ် ရှိပါစေဦး။ အကျွန်ုပ်သည် အပင် အနီးပတ်လည်ကို တူးဆွ၍ ပြုပြင်မွမ်းမံပါဦးမည်ဟု ကရုဏာ ကြွယ်ဝစွာဖြင့် မိန့်တော်မူ၏။COLB 260.1

    တိုးမြှင့်ထားသော ကရုဏာတော် အချိန်အတွင်း ခရစ်တော်သည် ဣသရေလ အမျိုးသားများအတွက် မငြီးငွေ့နိုင်သော မေတ္တာတော်ဖြင့် အမှုဆောင်ခဲ့တော်မူ၏။ လက်ဝါးကပ်တိုင်ပေါ်၌ပင် “အို အဘ၊ သူတို့၏ အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသော အမှုကို မသိကြ” ပါဟု သူတို့အတွက် ဆုပတ္ထနာ တောင်းလျှောက်တော်မူ၏။ လု၊ ၂၃:၃၄။ ကိုယ်တော်သည် ကောင်းကင်သို့ တက်ကြွတော်မူပြီသည်နောက် ဧဝံဂလိ တရားတော်ကို ပထမဦးစွာ ယေရုရှလင်မြို့တော်၌ ဟောပြောကြ၏။ ထိုမြို့၌ သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းခြင်းကို ခံရကြ၏။ ထိုမြို့၌ ပထမ ဧဝံဂလိ အသင်းတော်သည် ထမြောက်တော်မူပြီးသော ကယ်တင်ရှင်၏ တန်ခိုးတော်ကို ဖေါ်ထုတ် ဟောပြောကြ၏။ ထိုမြို့၌ သတေဖန်သည် “ကောင်းကင်တမန်၏ မျက်နှာ” ကို ဆောင်လျက် (တ၊ ၆:၁၅) အသက်စွန့်၍ သက်သေခံလေ၏။ “ငါ့ စပျစ်ဥယျာဉ်၌ ငါ ကျေးဇူးပြုနိုင်လျက် မပြုသေးသော အရာ တစ်စုံတစ်ခု ရှိသလော” ဟု ခရစ်တော် မိန့်တော်မူသည်နှင့် အညီ ကောင်းကင်က ပေးနိုင်သမျှကို ပေးတော်မူ၏။ ဟေရှာ၊ ၅:၄။ ထိုကြောင့် ကိုယ်တော်သည် သင့်အတွက် ဆောင်ရွက်တော် မှုခြင်း နှင့် စောင့်ရှောက်တော်မူခြင်း နည်းသည် မဟုတ် ပို၍ပင် များပါ၏။ ထိုမျှမက “ငါ ထာဝရဘုရားသည် ဥယျာဉ်စောင့် ဖြစ်၏။ မခြားမလပ် ရေလောင်းမည်၊ အဘယ်သူမျှ မဖျက်စေခြင်းငှါ နေ့ညမပြတ် စောင့်ရှောက်မည်။” ဟု ကိုယ်တော် မိန့်တော်မူ၏။ ဟေရှာ၊ ၂၇:၃။COLB 260.2

    “အသီး သီးကောင်း သီးပါလိမ့်မည်၊ သို့မဟုတ် နောက်မှ” -COLB 261.1

    ဘုရားသခင်နှင့် စပ်ဆိုင်သော တန်ခိုးအင်အားစုများ၏ ပြုပြင်ခြင်းကို တုံ့ပြန်ခြင်း မပြုသော စိတ်နှလုံးသည် သန့်ရှင်းသော ဝိညာဉ်တော် ဆွဲဆောင်ခြင်းကို ခံယူနိုင်ခြင်း မရှိသည်တိုင်အောင် ခိုင်မာသည့် အခြေသို့ ဆိုက်ရောက်လိမ့်မည်။ ယင်း အခြေသို့ ဆိုက်ရောက်သောအခါ “ခုတ်ပစ်လော့၊ အဘယ်ကြောင့် မြေကို နှောင့်ယှက်ရသနည်း၊” ဟု အမိန့်ပေးခြင်းကို ခံရလိမ့်မည်။COLB 261.2

    ယနေ့ သင့်အား ဖိတ်ခေါ်လျက် ရှိနေသည်မှာ “အို ဣသရေလ …. သင်၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လော့။ …. သူတို့ ဖေါက်ပြန်ခြင်းကို ပြုပြင်မည်၊ ကိုယ်အလိုအလျောက် စုံမက်မည်။ ငါသည် နှင်းကဲ့သို့ ဣသရေလအပေါ်မှာ နေမည်။ သူသည် နှင်းပွင့်ကဲ့သို့ ပွင်းလိမ့်မည်။ လေဗနုန်တောကဲ့သို့ အမြစ်စွဲလိမ့်မည်။ …. ထို အပင်၏ အရိပ် အောက်၌ နေသော သူတို့သည် အသစ် ပြုပြင်ခြင်း ရှိ၍ စပါးကို ပြုစုကြလိမ့်မည်။ စပျစ်နွယ်ပင်ကဲ့သို့ တိုးပွား၍ …. ငါ့ ကျေးဇူးကြောင့် အသီးနှင့် ပြည့်စုံလိမ့်မည်။ ဟောရှေ၊ ၁၄:၁-၈။COLB 261.3

    * * * * *