Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခြားသော စွမ်းရည်များ

    ဥပမာတွင် ဖေါ်ပြထားသော အစွမ်းသတ္တိများတွင် ဝိညာဉ်တော်၏ အထူး ဆုကျေးဇူး အားလုံး မပါဝင်သေးပါ။ စွမ်းရည်သတ္တိများ တွင် ပင်ကို မူလအတိုင်း ဖြစ်စေ၊ ဆည်းပူးထားသည့်အတိုင်း ဖြစ်စေ၊ သို့မဟုတ် ဇာတိပကတိအတိုင်း ဖြစ်စေ၊ ဝိညာဉ်ပကတိအတိုင်း ဖြစ်စေ လက်ခံရရှိထားသမျှသော ဆုကျေးဇူးများ နှင့် စွမ်းရည်သတ္တိများ အားလုံး ပါဝင်ပါသည်။ အားလုံးကို ခရစ်တော်၏ အမှုတော်အတွက် အသုံးချရပါမည်။ ကိုယ်တော်၏ တပည့်တော်များ ဖြစ်လာရာတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ကိုယ်တိုင်နှင့်တကွ ကျွန်ုပ်တို့ ပိုင်ဆိုင်သမျှကို ကိုယ်တော်ရှင်အား ဆက်ကပ်အပ်နှံကြပါသည်။ ယင်း ဆုကျေးဇူး အပေါင်းကို ကိုယ်တော်၏ ဘုန်းတော် ထင်ရှားစေရန် နှင့် လူသား အချင်းချင်းအတွက် ကောင်းချီးမင်္ဂလာ ဖြစ်စေရန် ကျွန်ုပ်တို့ အသုံးချဖို့ သန့်စင် မြင့်မြတ်စေပြီးမှ ပြန်၍ ပေးတော်မူ၏။COLB 405.2

    ဘုရားသခင်သည် လူတိုင်းအား “အသီးအသီး အစွမ်းသတ္တိ ရှိသည် အတိုင်း” ပေးသနားတော်မူ၏။ စွမ်းရည်သတ္တိများကို ရုတ်တရက် အလွယ်တကူ ခွဲဝေးပေးအပ်ထားခြင်း မဟုတ်ပါ။ ငွေအခွက် ငါးဆယ် အသုံးချနိုင်သည့် စွမ်းရည် ရှိသော သူသည် အခွက် ငါးဆယ်ကို လက်ခံရရှိပါသည်။ ငွေအခွက် နှစ်ဆယ်ကိုသာ အကျိုးထူးအောင် အသုံးပြုနိုင်သော သူသည် ခွက် နှစ်ဆယ်ကို လက်ခံရရှိခဲ့ပါသည်။ အခွက် တစ်ဆယ်တည်းကိုသာ သင့်မြတ်အောင် အသုံးချနိုင်မည့် သူသည် အခွက် တစ်ဆယ်ကိုသာ လက်ခံရရှိပါသည်။ မိမိအား ယုံကြည်စွာ လွှဲအပ်ထားသည့် ဆုကျေးဇူးသည် နည်းသည် ဖြစ်စေ၊ များသည် ဖြစ်စေ ကိုယ်တော် ခွဲဝေတော်မူသည့် အချိုးအတိုင်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သူသည် တူညီသော ဂုဏ်ပြုခြင်းကို ခံရမည် ဖြစ်၍ ပို၍ မရကောင်းလားဟု ဝမ်းနည်းစရာ အကြောင်း မရှိပါ။ အခွက် ငါးဆယ်ကို လက်ခံ ရရှိသော သူသည် အခွက် ငါးဆယ်ကို တိုးပွားအောင် ဆောင်ရွက်၍ ပြန်လည် ပေးအပ်ရန် ဖြစ်ပါသည်။ အခွ် တစ်ဆယ်ကိုသာ လက်ခံ ရရှိသူမှာလည်း အခွက် တစ်ဆယ် တိုးပွားအောင် ဆောင်ရွက်ရန်သာ လိုပါသည်။ ဘုရားသခင်သည် “မတတ်နိုင်သော အမှုကို မထောက်ဘဲ တတ်နိုင်သော အမှုကို ထောက်၍” ပြန်လည် ပေးအပ်ရန် လိုလားတော်မူ၏။ ၂ ကော၊ ၈:၁၂။COLB 406.1

    ဥပမာတွင် “အခွက် ငါးဆယ်ကို ခံသော သူသည် သွား၍ ကုန်သွယ်ခြင်းကို ပြုသဖြင့် အခြားသော အခွက် ငါးဆယ်ကို အမြတ်ရလေ၏။ ထိုနည်းတူ အခွက် နှစ်ဆယ်ကို ခံသော သူသည်လည်း အခြားသော အခွက် နှစ်ဆယ်ကို အမြတ်ရလေ၏။”COLB 407.1

    စွမ်းရည်သတ္တိ မည်မျှပင် နည်းစေကာမူ အသုံးချရန် ဖြစ်ပါသည်။ အရေးကြီးသော အချက်မှာ ကျွန်ုပ်တို့ မည်မျှ လက်ခံ ရရှိသည့် အပေါ်တွင် မူတည်သည် မဟုတ်ပါ၊ ကျွန်ုပ်တို့ ရရှိသမျှကို မည်သို့ မည်ပုံ အသုံးချမည်ဆို သည့် အပေါ် မူတည်ပါသည်။ ကျွန်ုပ်တို့၏ စွမ်းရည်ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်မှာ ပထမ ဘုရားသခင် နှင့် လူသား အချင်းချင်းအတွက် အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရန် တာဝန် ရှိပါသည်။ ကျွန်ုပ်တို့သည် အရည်အချင်းတွင် လည်းကောင်း၊ အသုံးဝင်မှုတွင် လည်းကောင်း နေ့စဉ်တိုးတက်မှု မရှိပါက အသက်တာ၏ ရည်ရွယ်ချက် မှန်းခြေမကိုက်ပါ။ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ပါသည်ဟု အမည်ခံလျှင် ကိုယ်တော်အတွက် တတ်စွမ်းသမျှ အမှုတော် ထမ်းပါမည်ဟု ကတိသစ္စာ ပြုသည် ဖြစ်၍ ကျွန်ုပ်တို့၏ စွမ်းရည်သတ္တိ ရှိသမျှကို အမြင့်ဆုံး စုံလင်သည် တိုင်အောင် ပြုစုပျိုးထောင်ရမည်၊ သို့မှသာလျှင် အများဆုံး ကျေးဇူးပြု လုပ်ငန်းကို ကျွန်ုပ်တို့ တတ်စွမ်းသမျှ ဆောင်ရွက်နိုင်ကြပေလိမ့်မည်။COLB 407.2

    ဘုရားသခင်၌ ကြီးမြတ်သည့် လုပ်ငန်း တစ်ခု ပြီးမြောက်ဖို့ ရှိနေသည် ဖြစ်၍ ယခု ပစ္စုပ္ပန် အသက်တာတွင် သစ္စာ အရှိဆုံး နှင့် စိတ်အပါဝင်ဆုံး အမှုတော် ထမ်းဆောင်သူကို အနာဂတ် အသက်တာတွင် အများဆုံး အမွေ ပေးတော်မူလိမ့်မည်။ ဘုရားသခင်သည် မိမိအတွက် ကိုယ်စားလှယ်များကို ကိုယ်တော်တိုင် ရွေးချယ်တော်မူ ပြီးလျှင် မိမိ၏ လုပ်ငန်း စီမံကိန်းတွင် သူတို့အား တစ်နေ့လျှင် တစ်မျိုးတစ်ဖုံ စမ်းသပ် စစ်ဆေးတော်မူ၏။ ကိုယ်တော်၏ စီမံကိန်းကို သစ္စာ ရှိသော စိတ်ထားနှင့် ဆောင်ရွက်သည့်အခါတိုင်း ထိုသူအား မိမိ၏ ကိုယ်စားလှယ် အဖြစ် ရွေးချယ်တော်မူခြင်းမှာ လုပ်ငန်း စုံလင်မှုကြောင့် မဟုတ်ပါ။ ကိုယ်တော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် သူတို့သည် စုံလင်ခြင်းသို့ ရောက်မည် အကြောင်းတည်း။COLB 408.1

    မြင့်မြတ်သော ရည်မှန်းချက်ထားရန် စိတ်ပြဌာန်း သူကိုသာ ဘုရားသခင် လက်ခံတော်မူလိမ့်မည်။ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ရန် လူသား ကိုယ်စားလှယ်တိုင်းအား ဘုရားသခင် တာဝန် ပေးအပ်တော်မူ၏။ လူတိုင်း ကျင့်ဝတ် စုံလင်စေရန် အလို ရှိတော်မူ၏။ ဓလေ့ထုံးစံကြောင့် ဖြစ်စေ၊ ကျင့်သားရနေသောကြောင့် ဖြစ်စေ မကောင်းမှု ပြုသည့် အခြေသို့ ရောက်အောင် ကျွန်ုပ်တို့သည် မည်သည့်အခါမျှ ဖြောင့်မတ်ခြင်း စံနမူနာကို လျှော့်မထားသင့်ပါ။ အကျင့်စာရိတ္တ မစုံလင်ခြင်းသည် မကောင်းမှု ဒုစရိုက် ဖြစ်သည်ဟု ကျွန်ုပ်တို့ နားလည် သဘောပေါက်ထားသင့်ပါသည်။ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာ ရှိသမျှသည် ဖြောင့်မတ်စုံလင်သည် ဖြစ်၍ ခရစ်တော်အား မိမိ၏ ကယ်တင်ရှင် အဖြစ် လက်ခံသော သူတိုင်း ယင်း ဂုဏ်အင်္ဂါတော်များကို ပိုင်ဆိုင်ခွင့် ရှိပါသည်။COLB 408.2

    ဘုရားသခင်နှင့်အတူ အမှုတော်ဆောင်မည့် လူများသည် မိမိတို့၏ ကိုယ်လက်အင်္ဂါ အားလုံး နှင့် စိတ်နေသဘောထားပါ စုံလင်အောင် ကြိုးစားရမည်။ စစ်မှန်သော ပညာ ဆိုသည်မှာ တာဝန်ရှိသမျှကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် ကာယစွမ်းအား၊ ဉာဏစွမ်းအားများ နှင့် စာရိတ္တစွမ်းအားများကို စုံလင်အောင် အသင့် ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ အမှုတော်အတွက် ကိုယ် စိတ် နှလုံး သုံးပါးလုံးကို လေ့ကျင့်ပေးခြင်းလည်း ဖြစ်ပါသည်။ ယင်း ပညာသည် သာလျှင် ထာဝရ အသက်တာသို့ ပို့ပေးနိုင်စွမ်း ရှိပေလိမ့်မည်။COLB 409.1

    ခရစ်ယာန်တိုင်းအား ထာဝရအရှင် ဘုရားသခင်က အလုပ် မျိုးစုံအတွက် ထက်မြက်ခြင်း နှင့် ကျွမ်းကျင်ခြင်း၌ ကြီးထွားစေလိုတော်မူ၏။ ကျွန်ုပ်တို့သည် စိတ်ပါကိုယ်ရောက် အမှုတော် ထမ်းဆောင်စေရန် ခရစ်တော်သည် မိမိ အသွေးတော် အားဖြင့် လည်းကောင်း၊ ဆင်းရဲဒုက္ခခံခြင်း အားဖြင့် လည်းကောင်း အဖိုးအခကို ပေးတော်မူ၏။ ကျွန်ုပ်တို့သည် အမှုတော်ကို ဆောင်ရွက်ရာ၌ မည်သို့ စိတ်သဘော ထားရမည်ကို လည်းကောင်း၊ မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကို လည်းကောင်း စံနမူနာ ဖြစ်စေရန် ကိုယ်တော်သည် ဤ လောကသို့ ကြွလာတော်မူခဲ့၏။ “သားတော်ကို ယုံကြည်သော သူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက် ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ” သော ဘုရားသခင် (ယော၊ ၃:၁၆) အား ကျွန်ုပ်တို့သည် များစွာ ချစ်မြတ်နိုးခြင်းဖြင့် လည်းကောင်း၊ ကိုယ်ကိုကိုယ် ဆက်ကပ်ခြင်းဖြင့် လည်းကောင်း ကိုယ်တော်၏ နာမတော်ကို ဤ လောကတွင် ဘုန်းထင်ရှားစေ၍ ဂုဏ်တော်သည် ထိပ်ဆုံးသို့ ရောက်သည်တိုင်အောင် ကျွန်ုပ်တို့သည် အမှုတော်COLB 409.2

    တိုးတက် ကြီးပွားရေးအတွက် လေ့လာသင်ကြားရန် ကိုယ်တော်ရှင် အလိုရှိတော်မူ၏။COLB 410.1

    သို့သော် ကျွန်ုပ်တို့သည် အကျင့်စာရိတ္တ စုံလင်မှု ရရှိရန်မှာ လွယ်ကူသော အမှုကိစ္စ ဖြစ်သည်ဟု ခရစ်တော်က အာမခံချက် ပေးမထားပါ။ မြင့်မြတ်၍ စုံလင်သော အကျင့်စာရိတ္တ ဆိုသည်မှာ ရိုးရာ ဇာတိက ပါလာသည် မဟုတ်ပါ။အကြောင်းအားလျော်စွာ ရရှိထားခြင်းလည်း မဟုတ်ပါ။ မြင့်မြတ်သော အကျင့်စာရိတ္တကို ခရစ်တော်၏ ကျေးဇူးကရုဏာတော် နှင့် ကောင်းမှုများ အားဖြင့်သာ ရထိုက်ပါသည်။ ဘုရားသခင်သည် စွမ်းရည်သတ္တိ နှင့် ဉာဏ်မျက်စိကို ပေးတော်မူ၏။ ၎င်းမှတစ်ဆင့် ကျွန်ုပ်တို့ အကျင့်စာရိတ္တကို ပုံသွန်းရ၏။ ပုံသွန်းရာတွင် မိမိ ကိုယ်တိုင် နှင့် ပြင်းထန် ခက်ခဲသော တိုက်ပွဲများ ဆင်နွှဲရပါသည်။ ရိုးရာဓလေ့ထုံးစံ ဘက်သို့ လိုက်တတ်သည့် စိတ်နှင့် အကြိမ်ကြိမ် ဆိုင်ပြိုင်တိုက်လှန် ရပါလိမ့်မည်။ ကိုယ်ကိုကိုယ် စေ့စေ့စပ်စပ် ဝေဖန် သုံးသပ်ရမည်။ မသင့်မလျော်သည့် စရိုက် တစ်ခုကိုမျှ မပြုပြင် မပြောင်းလဲဘဲ ချန်မထားရ။COLB 410.2

    ကျွန်ုပ်၏ အကျင့်စာရိတ္တ ချွတ်ယွင်းမှုကို ပြုပြင်၍ မရတော့ပါဟု မည်သူမျှ မပြောပါစေနှင့်။ ယင်းသို့ ဆုံးဖြတ်ထားပါက ထာဝရအသက်ကို လက်လွှတ်ရမည်မှာ သေချာပါသည်။ ထိုသို့ လက်လွှတ်ရခြင်းမှာလည်း သင်၏ ဆန္ဒကြောင့်သာ ဖြစ်ပါသည်။ ဆန္ဒ မရှိလျှင် မအောင်မြင်နိုင်ပါ။ ခက်ခဲမှု အမှန် ပေါ်ပေါက်ရခြင်းမှာ စိတ်နှလုံး ယိုယွင်းညစ်ညူးသည့်အတွက် ဘုရားသခင်၏ အုပ်ချုပ်လမ်းညွှန်မှုကို မလိုက်နာလိုသောကြောင့် ဖြစ်ပါသည်။COLB 410.3

    အမှုတော်ကို ထူးခြားစွာ ဆောင်ရွက်နိုင်ရန် ဘုရားသခင်က အရည်အချင်း ပြည့်စုံစွာ ပေးထားသော်လည်း ထမြောက်အောင်မြင်ခြင်း နည်းလှသည်မှာ ကြိုးစားအားထုတ်မှု နည်းသောကြောင့် ဖြစ်ပါသည်။ ထောင်သောင်းမက များစွာသော သူတို့သည် အသက်ရှင်ခြင်းအတွက် တိကျသော ရည်မှန်းချက် မရှိ၊ မီအောင် တက်လှမ်းရန် ရည်မှန်းချက်လည်း မထားပါ။ ထိုသို့သော သူသည် မိမိတို့ ဆောင်ရွက်မှု အချိုးအစား အတိုင်းသာ ခံစားခွင့် ရှိကြပေလိမ့်မည်။COLB 410.4

    သင်ကိုယ်တိုင် ရည်မှန်းထားသည့် အဆင့်ထက် ကျော်လွန်၍ မရောက်နိုင်သည်ကို သတိရပါ။ ထိုကြောင့် မြင့်မားသော ရည်မှန်းချက် ထား၍ ခဲရာခဲဆစ် ကြိုးစားအားထုတ်ရသော်လည်း ကိုယ်ကျိုးစွန့်၍ အနစ်နာခံလျက် အောင်မြင်သည့် အဆင့်သို့ တက်သော လှေကားကို တစ်ထစ်ပြီး တစ်ထစ် အဆုံးတိုင်အောင် တက်ရမည်။ အဘယ်အရာကမျှ မဟန့်တားပါစေနှင့်။ လူသည် မလှုပ်မရှား နိုင် လောက်အောင်သော် လည်းကောင်း၊ သူတစ်ပါး ထံမှ အကူအညီ မတောင်းခံနိုင် လောက်အောင်သော် လည်းကောင်း ကံကြမ္မာပိုက်ကွန်ဖြင့် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားသည် မဟုတ်ပါ။ ဖီလာကန့်လန့် ဖြစ်သော အခြေအနေများကပင် ၎င်းတို့ကို အောင်မြင်ရန် ခိုင်မာစွာ စိတ်ပြဌာန်းဖို့ ဖန်တီးပေးသင့်ပါသည်။ အတားအဆီး တစ်ခုကို ချိုးဖေါက် ကျော်ဖြတ်နိုင်သည် နှင့်အမျှ ရှေ့သို့ ဆက်လက် ချီတက်နိုင်ရန် စွမ်းရည် နှင့် ရဲရင့်ခြင်း သတ္တိ ပို၍ ရရှိလိမ့်မည်။ မှန်ရာ ဘက်သို့ ရှေးရှု၍ စိတ်ပြဌာန်းချက်ဖြင့် တွန်းအား ပေးပါက အခြေအနေများသည် သင့်အတွက် ဆူးငြောင့်ခလုတ် မဖြစ်ဘဲ အကူအညီပင် ဖြစ်ကြပေလိမ့်မည်။COLB 411.1

    သခင်ဘုရား၏ ဘုန်းတော် ထင်ရှားစေရန်အတွက် ယဉ်ကျေးဖွယ်ရာသော အကျင့်စာရိတ္တ တည်ဆောက်ဖို့ ဆန္ဒ ပြင်းပြပါစေ။ သင်၏ အကျင့်စာရိတ္တ တည်ဆောက်သည့် အဆင့်တိုင်းတွင် ဘုရားသခင်၏ အလိုတော်နှင့် ညီပါစေ။ ဧနောက်သည် လူမျိုးဆုတ်ယုတ်လာသော ကာလတွင် ဘုရားသခင်၏ အလိုတော်နှင့် ညီအောင် သက်ရှင်နေထိုင်ခဲ့သည့်အတွက် သင်သည်လည်း ဘုရားသခင်၏ အလိုတော်နှင့် ညီအောင် နေထိုင်နိုင်ပါသည်။ ယနေ့ လောကတွင်လည်း ဧနောက် ကဲ့သို့သော သူ အများ ရှိပါသည်။COLB 411.2

    တိုင်းရေးပြည်ရေး တတ်သိလိမ္မာ၍ တိုင်းပြည်ကို ကောင်းစွာ အုပ်ချုပ်စိုးမိုးနိုင်သည် သာမက မည်သည့် ဖြားယောင်းမှုမျိုးကမျှ မဖေါက်ပြန်စေနိုင်သည့် သစ္စာတည်သော ဒံယေလ ကဲ့သို့ ရပ်တည်ပါ။ သင်၏ ဒုစရိုက်အပြစ် ရှိသမျှကို သင်ပုန်းချေရန် မိမိ၏ အသက်တော်ကို စွန့်တော်မူသည်တိုင်အောင် သင့်အား ချစ်တော်မူသည့် အရှင် စိတ်မနာပါစေနှင့်။ “ငါ နှင့် ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ” ဟု ကိုယ်တော် မိန့်တော်မူ၏။ ယော၊ ၁၅:၅။ ဤ အချက်ကို သတိရပါ၊ သင် ပြုမိသော အမှားများက သင့်ကို သတိပေးနှိုးဆော်သည့် အထိမ်းအမှတ်များ ဖြစ်သည်ဟု သဘောထားလျှင် သင်သည် အောင်မြင်သော သူ ဖြစ်၏။ ယင်းသို့ ပြုခြင်းဖြင့် အရှုံးကို အနိုင် ဖြစ်စေသောကြောင့် သင်၏ ရန်သူကို စိတ်ဓါတ် ကျဆင်းစေသဖြင့် သင်၏ ရွေးနုတ်ရှင်ကို ဂုဏ်ပြုခြင်း ဖြစ်ပါသည်။COLB 411.3

    ဘုရားသခင် နှစ်သက်တော်မူသည့် အတိုင်း ပုံသွန်းထားသော အကျင့်စာရိတ္တ ရတနာ တစ်ခုတည်းကိုသာ ကျွန်ုပ်တို့သည် ဤ ကမ္ဘာမှ ကမ္ဘာသစ်သို့ သယ်ဆောင်သွားနိုင်ပါလိမ့်မည်။ ဤ လောကတွင် ခရစ်တော်၏ သြဝါဒကို ခံယူသော သူများသည် ဘုရားကိုယ်တော်ရှင်နှင့် စပ်ဆိုင်သော သူများ ဖြစ်၍ မိမိတို့ ကြိုးစားအားထုတ် ရရှိသမျှကို ကောင်းကင် အိမ်တော်သို့ သယ်ဆောင်သွားနိုင် ပါသည်။ ၎င်းအပြင် ကောင်းကင်တွင် ကျွန်ုပ်တို့သည် အမြဲတစေ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နေရပေလိမ့်မည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဤ လောကတွင် အကျင့်စာရိတ္တ တိုးတက် မြင့်မားရေးအတွက် အားထုတ်ရန် မည်မျှ အရေးကြီးပါသနည်း။COLB 412.1