Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    Chapter 12—ပေးကမ်း ဝေငှရန် တောင်းခံခြင်း

    လုကာ၊ ၁၁:၁-၁၃။ ကို အခြေပြုပါသည်။

    ခရစ်တော်သည် ကျွန်ုပ်တို့အား ဝေငှပေးကမ်းတော်မူရန်အတွက် ခမည်းတော်ထံမှ အမြဲတစေ လက်ခံရရှိနေတော်မူ၏။ “သင်တို့ ကြားသော စကားသည် ငါ့ စကား မဟုတ်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ စကားတော် ဖြစ်၏။” ဟူ၍ လည်းကောင်း၊ ယော၊ ၁၄:၂၄။ “လူသားသည် သူတစ်ပါးကို စေစားခြင်းငှါ မလာ၊ သူတစ်ပါး အစေကို ခံခြင်းငှါ …. ကြွလာသည်” ဟူ၍ လည်းကောင်း ကိုယ်တော် မိန့်တော်မူ၏။ မဿဲ၊ ၂၀:၂၇၊၂၈။ ကိုယ်တော်သည် မိမိအတွက် မဟုတ် သူတစ်ပါးတို့အတွက် အသက်ရှင်တော်မူ၏၊ စဉ်းစားတော်မူ၏၊ ဆုတောင်းပတ္ထနာ တောင်းခံတော်မူ၏။ ကိုယ်တော်သည် ခမည်းတော် ဘုရားသခင်နှင့် အတူ နာရီပေါင်းများစွာ ဆက်ဆံတော်မူပြီးမှ နံနက် အစဉ်အတိုင်း လူတို့ထံသို့ ကောင်းကင် အလင်းတော်ကို ယူဆောင်ခဲ့တော်မူ၏။ နေ့စဉ် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသစ် မွေးဖွားခြင်းကို ခံယူတော်မူ၏။ ခမည်းတော် ဘုရားသည် ကိုယ်တော် ကျိန်းစက်ရာမှ နံနက် စောစော နှိုးတော်မူ၍ သူတစ်ပါးတို့အား ဝေငှပေးကမ်းတော်မူရန်အတွက် ကိုယ်တော်၏ အသက်ဝိညာဉ် နှင့် နှုတ်ခမ်းတော်အပေါ် ဘိသိက် သွန်းလောင်းတော်မူ၏။ ကိုယ်တော်၏ စကားတော်များသည် ပင်ပန်းနွမ်းနယ်သော သူများ နှင့် နှိပ်စက်ညှင်းပန်းခြင်း ခံရသူများအတွက် အထောက်အပံ့ ဖြစ်စေရန် ကောင်းကင် တံတိုင်းတော်မှ အသစ် ထပ်မံ ပေးလိုက်သော စကားတော်များ ဖြစ်ပါသည်။ ကိုယ်တော်က “ငါသည် ပင်ပန်းသော သူအား မစခြင်းငှါ စကားပြောတတ်မည် အကြောင်း အရှင်ထာဝရဘုရားသည် လူတတ်၏ နှုတ်သတ္တိကို ငါ့အား ပေးတော်မူပြီ။ နံနက် အစဉ်အတိုင်း ငါ့ကို နှိုးတော်မူ၏။ စာသင်သော သူကဲ့သို့ နားထောင်စေမည် အကြောင်း ငါ့ နားကို နှိုးဆော်တော်မူ၏” ဟေရှာ၊ ၅၀:၄။COLB 152.1

    တပည့်တော်များသည် ခရစ်တော်၏ ဆုတောင်းပတ္ထနာပြုပုံ နှင့် ဘုရားသခင်နှင့် ဆွေးနွေး ဆက်ဆံသည့် အလေ့အထကို များစွာ နှစ်သက်ကြ ၏။ တစ်နေ့သောအခါ တပည့်တော်များသည် သူတို့၏ သခင်နှင့် ခေတ္တမျှ ကွဲကွာနေပြီးနောက် ကိုယ်တော်သည် စိတ်ပါဝင်စားစွာ ဆုတောင်း ပတ္ထာနာပြုနေတော်မူသည်ကို တွေ့ရကြ၏။ တပည့်တော်များ အနီးသို့ ရောက်လာကြသည်ကို အမှတ် မပြုသကဲ့သို့ ကိုယ်တော်သည် အသံ ကျယ်စွာဖြင့်ပင် ဆက်လက် ဆုတောင်းနေတော်မူ၏။ သူတို့၏ စိတ်နှလုံးများ ပြင်းစွာ လှုပ်ရှားကြသဖြင့် ကိုယ်တော်ရှင် ဆုတောင်းပြီးသောအခါ သူတို့အား ဆုတောင်း “နည်းပေးတော်မူပါ” ဟု လျှောက်ကြပါသည်။COLB 152.2

    ခရစ်တော်သည် တောင်ပေါ်ဒေသနာတွင် ပေးတော်မူခဲ့ပြီး ဖြစ်သည့် ပတ္တနာတော်ကို တစ်ဖန် ပြန်၍ ပေးတော်မူ၏။ ထိုနောက် ကိုယ်တော်သည် တပည့်တော်များအား သင်ကြားပေးလိုတော်မူသည့် အချက်ကို ဥပမာ ပုံဆောင်၍ သြဝါဒပေးတော်မူ၏။COLB 153.1

    “သင်တို့တွင် တစ်စုံတစ်ယောက်သော သူ၌ အဆွေခင်ပွန်း ရှိသည် ဖြစ်၍ သန်းခေါင်အချိန်တွင် ထို အဆွေခင်ပွန်း၏ အိမ်သို့ သွားပြီးလျှင် အဆွေ၊ အကျွန်ုပ် အဆွေခင်ပွန်း တစ်ယောက်သည် ခရီးမှ လာ၍ အကျွန်ုပ်ထံသို့ ရောက်ပါပြီ။ သူ့ကို ကျွေးစရာ မရှိသောကြောင့် မု့န်လုံးချေးနှင့်ပါဟု ဆိုသော် အိမ်ရှင်ကလည်း ငါ့ကို မနှောင့်ယှက်နှင့် ၊ တံခါး ပိတ်လျက် ရှိ၏။ ငါ့ သားသမီးတို့သည် ငါနှင့် အိပ်လျက် ရှိကြ၏။ ငါထ၍ သင့်အား မပေးနိုင်ဟု အိမ်ထဲက ပြန်ပြောသည် အရာမှာ၊ ငါဆိုသည်ကား အဆွေခင်ပွန်း ဖြစ်သည်ကို ထောက်၍ မထ၊ မပေးသော်လည်း အားမလျှော့ဘဲ တောင်း၍ နေသောကြောင့် ထ၍ လိုချင်သမျှကို ပေးလိမ့်မည်” ဟု ကိုယ်တော် မိန့်တော်မူ၏။COLB 153.2

    ဤ နေရာ၌ ခရစ်တော်၏ သြဝါဒတွင် တောင်းခံသော သူသည် တစ်ဆင့် ပေးကမ်းရန်အတွက် တောင်းခံနေခြင်းကို ပုံဆောင်ထားပါသည်။ အကယ်၍ သူသည် စားသောက်စရာမားကို ရှာ၍ မတွေ့မရနိုင်ပါက အချိန်မတော် မိုးချုပ်မှ ရောက်လာသည့် ကိုယ်ပန်း စိတ်နွမ်းနေသော ခရီးသည် အာဂန္တုအတွက် အမှန်တကယ် လိုအပ်နေသော စားစရာကို ပေးကျွေးနိုင်လိမ့်မည် မဟုတ်ပါ၊ သူ၏ အိမ်နီးချင်းကလည်း အနှောင့်အယှက် ပေးသည်ကို မနှစ်သက်သော်လည်း မရမနေလာ၍ တောင်းခံနေသူကို ကြာရှည် စွာ ငြင်းဆိုနေလိမ့်မည် မဟုတ်ပါ၊ သူ့ မိတ်ဆွေ၏ စိတ်ချမ်းသာမှုကို ရှေးရှုလိမ့်မည်။ ထိုကြောင့် နောက်ဆုံးတွင် မရမနေ ပူဆာသည့် အကျိုးကို သူ ခံစားရ၏။ သူ လိုအပ်လည်း ပြည့်စုံလေ၏။COLB 153.3

    ထိုနည်းအတိုင်းပင် တပည့်တော်များသည်လည်း ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာ တောင်းခံရကြပါမည်။ တရားနာ ပရိသတ်ကြီးကို ကျွေးမွေးခဲ့ရာ၌ လည်းကောင်း၊ ကောင်းကင်မုန့် အကြောင်းနှင့် ပတ်သက်၍ သြဝါဒ ပေးတော်မူခဲ့ရာ၌ လည်းကောင်း ခရစ်တော်သည် တပည့်တော်များအား မိမိ၏ ကိုယ်စားလှယ်များအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းပုံစံကို ဖွင့်ပြတော်မူ၏။ သူတို့၏ တာဝန်မှာ လူအပေါင်းတို့အား အသက်မုန့်ကို ဝေငှရန် ဖြစ်ပါသည်။ ယင်းသို့ အသက်မုန့် ဝေငှ ပေးကမ်းရာ၌ သူတို့၏ ယုံကြည်ခြင်းကို အဘယ်မျှလောက် စမ်းသတ်ခြင်း ခံရမည့် အကြောင်းနှင့် ပတ်သက်၍ သူတို့အား အမှုတော် ဆောင်ရန် စေလွှတ်တော်မူသော ကိုယ်တော် သိတော်မူ၏။ သူတို့ မထင်မမှတ်သော အခြေအနေများနှင့် မကြာခဏ ရင်ဆိုင်ရကြသောအခါ လူသားအနေဖြင့် မပြည့်စုံ မလုံလောက်သည်ကို သူတို့ သဘောပေါက်ကြလိမ့်မည်။ အသက်မုန့်ကို ဆာငတ်ခင်မွတ်နေသူများ သူတို့ထံသို့ လာကြသောအခါ သူတို့ ကိုယ်တိုင်အတွက်ပင် မလုံလောက်၍ အားကိုးစရာ မရှိ ဖြစ်နေသည်ကို သူတို့ ခံစားရကြလိမ့်မည်။ သူတို့အနေဖြင့် ဝိညာဉ်ရေး အစာကို လက်ခံရရှိထားပြီး ဖြစ်ရမည်၊ သို့မဟုတ်ပါက တစ်ဆင့် ဝေငှပေးကမ်းနိုင်ကြလိမ့်မည် မဟုတ်ပါ။ မည်သို့ပင် ဖြစ်စေ သူတို့သည် တစ်ဦးတစ်ယောက်ကိုမျှ မကျွေးမွေးဘဲ ပြန်၍ မလွှတ်ရကြ။ ထိုကြောင့် ရိက္ခာ သိုလှောင်ရာ ဌာနကို ခရစ်တော်သည် သူတို့အား ပြထားတော်မူ၏။ ဥပမာတွင် အိမ်ရှင်သည် အချိန်မတော် ညနက်သန်းခေါင်မှ ရောက်လာသော မိတ်ဆွေ ဧည့်သည်ကို မကျွေးမွေးဘဲ အချည်းနှီး ပြန်၍ မလွှတ်ပါ။ သို့သော် ထို အိမ်ရှင်၌ ဧည့်သည်ကို ကျွေးမွေး ဧည့်ခံစရာ ရိက္ခာ မရှိပါ၍ ရှိသော အိမ်နီးချင်းထံသို့ သွား၍ ရအောင် တောင်းခဲ့၏။ ထိုနည်းတူ ဘုရားသခင်သည် မိမိ၏ အမှုတော်ဆောင်များအား ဆာငတ်ခင်မွတ်သော သူတို့ကို ကျွေးမွေးရန် စေလွှတ်တော်မူပါလျက် သူတို့ လိုအပ်သော ကျွေးမွေးစရာ ရိက္ခာကို မပေးဘဲနေ နေပါလိမ့်မည်လား။COLB 154.1

    သို့သော် ဥပမာတွင် ကိုယ်ဖို့သာ ကိုယ်သိတတ်သော အိမ်နီးချင်းသည် ဘုရားသခင်ကို ပုံဆောင်ထားသည် မဟုတ်ပါ။ ဤ နေရာတွင် တူညီမှုကို နှိုင်းယှဉ်ထားခြင် မဟုတ်၊ ကွဲပြားခြားနားမှုကို နှိုင်းယှဉ်ထားသည့် သင်ခန်းစာ ဖြစ်ပါသည်။ ကိုယ်ဖို့သာ ကိုယ်သိတတ်သော သူသည် အရေးတကြီး လာရောက်တောင်းဆိုနေသော အိမ်နီးချင်း၏ အနှောင့်အယှက်မှ လွတ်အောင် ထိုသူ၏ အလိုသို့ လိုက်ခြင်း ဖြစ်ပါသည်။ သို့သော် ဘုရားသခင်သည် ပေးကမ်းခြင်းအရာ၌ ဝမ်းမြောက်တော်မူသည့်ပြင် ကရုဏာတော်နှင့်လည်း ပြည့်စုံတော်မူသည် ဖြစ်၍ မိမိထံသို့ ယုံကြည်ခြင်းဖြင့် ချဉ်းကပ်သူများအတွက် လိုသမျှ ပေးသနားရန် လိုလားတော်မူ၏။ သူတစ်ပါး အကျိုးကို ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော် နည်းတူ ဖြစ်ရန် ကျွန်ုပ်တို့အား ပေးတော်မူ၏။COLB 155.1

    “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ တောင်းသော သူ မည်သည်ကား ရ၏။ ရှာသော သူလည်း တွေ့၏။ ခေါက်သော သူအားလည်း တံခါးကို ဖွင့်၏” ဟု ခရစ်တော် အတိအလင်း မိန့်တော်မူသည်။COLB 155.2

    ကယ်တင်ရှင်က ဆက်လက်၍ မိန့်တော်မူသည်မှာ “သင်တို့တွင် အဘ ဖြစ်သော သူ၌ သားသည် မုန့်ကို တောင်းလျှင် အဘသည် ကျောက်ကို ပေးမည်လော။ ငါးကို တောင်းလျှင် ငါးအစား၌ မြွေကို ပေးမည်လော။ ဥကို တောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော။ သင်တို့သည် အဆိုး ဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသော အရာကို ပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် ဆုတောင်းသော သူတို့အား သန့်ရှင်းသော ဝိညာဉ်တော်ကိုသာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။”COLB 155.3

    ကျွန်ုပ်တို့သည် ဘုရားသခင်၌ ပို၍ ယုံကြည်ခြင်း ခိုင်မြဲစေရန်အတွက် လူ၏ စိတ်တွင် အရင်းနှီးဆုံး တော်စပ်သူကို ခေါ်သကဲ့သို့ ပိုမို မြတ်နိုးဖွယ် ဖြစ်သည့် အမည်ဖြင့် ဘုရားသခင်ကို ခေါ်ရန် ခရစ်တော် သင်ပေးတော်မူ၏။ အနန္တတန်ခိုးတော်အရှင် ဘုရားသခင်ကို ကျွန်ုပ်တို့၏ အဘ ဟု ခေါ်ရန် အခွင့်အရေး ပေးတာ်မူ၏။ ကိုယ်တော်ကို လည်းကောင်း၊ ကိုယ်တော်၏ အကြောင်းကို လည်းကောင်း ဤ အမည်နာမဖြင့် ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်အား မည်မျှ ချစ်ခင် ကိုးစားကြောင်းကို ပြသည်သာမက ကိုယ်တော်ရှင်က ကျွန်ုပ်တို့အား မည်သို့ သဘောထားမည်ကို လည်းကောင်း၊ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် မည်သို့ တော်စပ်မည်ကို လည်းကောင်း ပဋိညာဉ်ပြုခြင်း ဖြစ်ပါသည်။ ယင်း အမည်ဖြင့် ကောင်းချီးမင်္ဂလာ တောင်းခံသောအခါ ကိုယ်တော်ရှင် နားတော်တွင် တေးသံကဲ့သို့ သာယာပါ၏။ ကျွန်ုပ်တို့သည် ဤ အမည်ဖြင့် ခေါ်ဆိုရာ၌ အယူအဆ တစ်ခုကဲ့သို့သာ မဖြစ်စေရန် ကိုယ်တော်သည် အကြိမ်ကြိမ်အဖန်ဖန် ခေါ်ပြခဲ့တော်မူ၏။ ကျွန်ုပ်တို့သည်လည်း ယင်း အခေါ်အဝေါ်နှင့် အကျွမ်းတဝင် ဖြစ်နေစေရန် ကိုယ်တော်ရှင် လိုလားတော်မူ၏။COLB 155.4

    ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိ၏ သားသမီးများဟု သဘောထားတော်မူ၏။ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့အား သတိတရား ကင်းမဲ့သော ဤ လောကကြီးမှ ရွေးနုတ်တော်မူ၍ ကောင်းကင်ဘုံရှင်ကြီး၏ သားသမီးများ ဖြစ်စေလျက် မင်းမျိုးမင်းနွယ်များအဖြစ် ရွေးချယ်တော်မူ၏။ သားငယ်သည် မိမိ၏ လူသား ဖခင်ကို အားထားယုံကြည်သည်ထက် ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်အား ပိုမို နက်ရှိုင်းစွာ ယုံကြည်ကိုးစားရန် ခေါ်ဖိတ်တော်မူ၏။ မိဘတို့သည် သားသမီးများအား ချစ်မြတ်နိုးကြသည်ထက် ဘုရားသခင်သည် ကျွန်ုပ်တို့ အပေါ်တွင် ထားရှိသော မေတ္တာတော်က သာမန် လူသား မေတ္တာထက် ပို၍ ကြီးမားကျယ်ဝန်း၊ နက်ရှိုင်းပါသည်။ ယင်း မေတ္တာတော်ကို တိုင်းတာ၍ မရနိုင်ပါ။ ထိုကြောင့် လူသား မိဘတို့က မိမိတို့၏ သားသမီးများအား ကောင်းသော အရာများကို ပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့ အဘသည် ဆုတောင်းသော သူတို့အား သန့်ရှင်းသော ဝိညာဉ်တော်ကို သာ၍ ပေးတော်မည် မဟုတ်ပါလား။COLB 156.1

    ခရစ်တော်၏ ပတ္ထနာတော်ဆိုင်ရာ သြဝါဒများကို သတိတရားနှင့် ဆင်ခြင်စဉ်းစားသင့်ပါသည်။ ယင်း ပတ္ထနာတော်တွင် ဘုရားသခင်နှင့် ဆိုင်သော အသိပညာ ပါဝင်နေသည် ဖြစ်၍ ကိုယ်တော်၏ ဥပမာတွင် လူ တိုင်း နားလည်သင့်သော အခြေခံ သဘောတရားကို ဖေါ်ပြထားပါသည်။ ပတ္ထနာပြုရာ၌ ကျွန်ုပ်တို့ထားရမည့် မှန်သော စိတ်သဘောထားကို ပြတော်မူ၏။ ကျွန်ုပ်တို့၏ လိုအပ်ချက်များကိုလည်း ဘုရားသခင်အား စိတ်မလျော့ဘဲ တင်ပြရန် အရေးကြီးကြောင်းကိုလည်း သင်ပေးတော်မူ၏။ ၎င်းအပြင် ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့၏ ဆုတောင်းပတ္တနာများကို နားညောင်းတော်မူ၍ အဖြေ ပေးတော်မူမည် ဖြစ်ကြောင်းကိုလည်း ကတိ ပေးတော်မူ၏။COLB 156.2

    ကျွန်ုပ်တို့သည် ဆုတောင်းသောအခါတွင် ကိုယ်ကျိုး သက်သက် မဖြစ်သင့်ပါ။ စွန့်ကြဲပေးကမ်းဖို့ ဆုတောင်းသင့်ပါသည်။ ခရစ်တော်၏ အသက်တာနှင့် ဆိုင်သော အခြေခံ သဘောတရားသည် ကျွန်ုပ်တို့၏ အသက်တာနှင့် ဆိုင်သော အခြေခံ သဘောတရား ဖြစ်ရမည်။ ဤ လောက၌ ကျွန်ုပ်တို့ ဆောင်ရွက်ရမည့် အမှုတော်မှာ ကိုယ်ကျိုးကိုယ် စီးပွားအတွက် မဟုတ်ဘဲ အပြစ်သားကို ကယ်ဆယ်သည့် အမှုတော်တွင် ကိုယ်တော်နှင့် အတူ တွဲဖက် ဆောင်ရွက်ခြင်းအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် ဖြစ်ပါသည်။ ဘုရားသခင်၏ ထံတော်မှ ကောင်းချီးမင်္ဂလာများကို တောင်းခံ၍ သူတစ်ပါးတို့အား ဝေငှစွန့်ကြဲရမည်။ ခံယူနိုင်သည့် အတိုင်းအတာသည် ပေးကမ်းစွန့်ကြဲမှု ပေါ်တွင် မူတည်ပါသည်။ ကျွန်ုပ်တို့၏ ဝန်းကျင်တွင် ရှိနေသူများအား လက်ဆင့်ကမ်းခြင်း မပြုဘဲ ကောင်းကင်ဘဏ္ဍာများကို ဆက်လက် ရရှိနေလိမ့်မည် မဟုတ်ပါ။COLB 157.1

    ဥပမာတွင် အသနားခံသော သူသည် ထပ်တလဲလဲ ငြင်းဆိုခြင်းကို ခံခဲ့ရပါသည်။ သို့သော် သူ၏ အကြံအစည်ကို သူ လက်မလျှော့ခဲ့ပါ။ ထိုနည်းအတူ ကျွန်ုပ်တို့ ဆုတောင်းရာတွင်လည်း ချက်ချင်း အဖြေ မရဘဲ ရှိတတ်ပါသည်။ သို့သော် ခရစ်တော်က ကျွန်ုပ်တို့အနေဖြင့် ပတ္တနာပြုခြင်းကို ရပ်ဆိုင်း မထားသင့်ကြောင်း သင်ပေးတော်မူခြင်း ဖြစ်ပါသည်။ ပတ္ထနာပြုခြင်းသည် ဘုရားသခင် စိတ် ပြောင်းလဲစေရန်အတွက် မဟုတ်ပါ၊ ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်၏ အလိုတော်နှင့် လိုက်လျောညီရန်ပင် ဖြစ်ပါသည်။ ကိုယ်တော်၏ထံ ဆုမင်္ဂလာ တောင်းခံသောအခါ ကျွန်ုပ်တို့ အနေဖြင့် ကိုယ်ကို စစ်ဆေး၍ ကိုယ့်အပြစ်အတွက် နောင်တသံဝေဂရဖို့လိုသည်ကို ကိုယ်တော်ရှင်က တွေ့ကောင်းတွေ့တော်မူလိမ့်မည်။ ထိုကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား စမ်းသပ်စစ်ဆေးခြင်းကို ခံစေတော်မူ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွက် ဆောင်ရွက်ရာ၌ မည်သည့်အတွက် နှောင့်နှေးသည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်အောင် ကိုယ်တော်သည် ကျွန်ုပ်တို့၏ မာန်မာနကို ကျစေတော်မူ၏။COLB 157.2

    ဘုရားသခင်၏ ကတိတော်များပြီးပြည့်စုံစေရန် စည်းကမ်းချက်များ ရှိသည် ဖြစ်၍ တာဝန် တစ်ရပ်ကို ဆုတောင်းခြင်းနှင့် အဘယ်အခါမျှ အစားထိုး၍ မရနိုင်ပါ။ “ငါ့ကို ချစ်လျှင် ငါ့ ပညတ်တို့ကို စောင့်ရှောက်ကြလော့။” “ငါ့ ပညတ်တို့ကို ရ၍စောင့်ရှောက်သော သူသည် ငါ့ကို ချစ်သော သူ ဖြစ်၏။ ငါ့ကို ချစ်သော သူကို ငါ့ ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကို ချစ်၍ သူ့အား ကိုယ်တိုင် ထင်ရှားမည်” ဟု ခရစ်တော် မိန့်တော်မူ၏။ ယော၊ ၁၄:၁၅၊၂၁။ စည်းကမ်းချက်များကို မလိုက်နာသေးဘဲ ကတိတော်များကို အကြောင်းပြု၍ မိမိတို့၏ အသနားခံချက်များကို ဘုရားသခင်၏ အထံတော်သို့ ယူဆောင်လာကြသော သူတို့သည် ထာဝရဘုရားကို ပြစ်မှားကြ၏။ ကတိတော် ပြည့်စုံစေရန် ခရစ်တော်၏ နာမတော်ကို အမှီပြု၍ ဆုတောင်းကြသော်လည်း ခရစ်တော်ကို ယုံကြည်၍ ကိုယ်တော်ကို ချစ်မြတ်နိုးသည့် အပြုအမူများ သူတို့တွင် မရှိပါ။COLB 158.1

    ဘုရားသခင်နှင့် သဘောတူ ဝန်ခံထားသည့် စည်းကမ်းချက်များကို အများသော သူတို့ ပျက်ကွက်ကြ၏။ ဘုရားသခင်၏ အထံတော်သို့ ချဉ်းကပ်သောအခါ ယင်း ချဉ်းကပ်သည့် ကိစ္စနှင့် ပတ်သက်၍ သဘောတူ စာချုပ်တွင် ပါသော စည်းကမ်းချက်ကို ပထမ စစ်ဆေးသင့်ပါသည်။ အကယ်၍ ကျွန်ုပ်တို့အနေဖြင့် ယင်း စည်းကမ်းချက်ကို မလိုက်နာပါက ကျွန်ုပ်တို့အား ငွေထုတ်ပေးရန်အတွက် အချက်အလက် မပြည့်စုံသေးသည့် လက်မှတ်ကို ဘုရားသခင်ထံသို့ ယူဆောင်လာသကဲ့သို့ ဖြစ်နေပါသည်။ ကတိတော်များအတိုင်း အတည် ဖြစ်စေရန် ကျွန်ုပ်တို့သည် ဘုရားသခင်အား တင်ပြတတ်ကြပါသည်။အကယ်၍ ယင်း တင်ပြချက်အတိုင်းသာ ပြည့်စုံစေမည် ဆိုပါက ကိုယ်တော်သည်ပင်လျှင် ကိုယ်တော်၏ နာမတော်ကို ရှုတ်ချရာရောက်မည့် အချက်များ ဖြစ်နေတတ်ပါသည်။COLB 158.2

    ကတိတော်မှာကား၊ “သင်တို့သည် ငါ၌ တည်၍ ငါ့ စကားသည် သင်တို့၌ တည်လျှင် သင်တို့သည် တောင်းချင်သမျှကို တောင်း၌ ရကြလိမ့်မည်။” ယော၊ ၁၅:၇။ ၎င်းအပြင် “ထို သခင်ကို ကိုယ်တိုင် သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ ထို သခင်ကို ငါ သိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသော သူသည် မုသားကို သုံးသော သူ ဖြစ်၍ထိုသူ၌ သစ္စာ မရှိ။ ထို သခင်၏ စကားတော်ကို နားထောင်သော သူမည်သည်ကား ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။” ဟု တမန်တော် ရှင်ယောဟန်ကလည်း ဖေါ်ပြထားပါသည်။ ၁ ယော၊ ၂:၃-၅။COLB 159.1

    တပည့်တော်များအတွက် ခရစ်တော်၏ နောက်ဆုံးသော ပညတ် တစ်ခုမှာ “ငါသည် သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်း ချစ်ကြလော့” ယော၊ ၁၃:၃၄။ ကျွန်ုပ်တို့သည်လည်း ယင်း ပညတ်ကို စောင့်ရှောက်နေကြပါသလား။ သို့မဟုတ် ကျွန်ုပ်တို့သည် ကိုယ်စိတ်အလိုသို့ လုံးလုံး လိုက်၍ ခရစ်တော်နှင့် လုံးဝ မတူညီသော လမ်းစဉ်သို့ လိုက်နေကြပါသလား။ အကယ်၍ ကျွန်ုပ်တို့သည် အခြား သူ တစ်ဦးတစ်ယောက်အား တစ်နည်းနည်းအားဖြင့် စိတ်ဒုက္ခပေးခဲ့ပါက၊ သို့မဟုတ် နစ်နာစေခဲ့ပါက ကျွန်ုပ်တို့၏ အမှားကို ဖေါ်ပြတောင်းပန်၍ ပြန်လည် ပြေငြိမ်းရေးကို ဆောင်ရွက်ရန်မှာ ကျွန်ုပ်တို့၏ တာဝန် ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ရခြင်းမှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အထံတော်သို့ ယုံကြည်စွာ တိုးဝင်ချဉ်းကပ်၍ ကောင်းချီးမင်္ဂလာ တောင်းခံရန်အတွက် အရေးကြီးသော ပြင်ဆင်မှု တစ်ရပ် ဖြစ်ပါသည်။COLB 159.2

    ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြုခြင်းဖြင့် ရှာဖွေသော သူတို့ မကြာခဏ ပျက်ကွက်တတ်သော အချက် တစ်ခု ရှိပါသေးသည်။ သင့်အနေဖြင့် ဘုရားသခင်နှင့် အမှန်အတိုင်း ရိုးသားစွဦ ဆက်ဆံပါ၏လား။ ပုရောဖက် မာလခိအားဖြင့် ဘုရားသခင် မိန့်တော်မူသည်မှာ “ဘိုးဘေးတို့ လက် ထက်မှ စ၍ သင်တို့သည် ငါ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်၊ တိမ်းရှောင်ကြပြီ။ ငါ့ ထံသို့ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ ပြန်လာမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန်လာရပါမည်နည်းဟု သင်တို့ မေးကြသည်တကား။ လူသည် ဘုရားသခင်၏ ဥစ္စာတော်ကို လုယူရမည်လော။ သို့သော်လည်း သင်တို့သည် ငါ့ ဥစ္စာကို လုယူကြပြီ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူပါသနည်းဟု သင်တို့ မေးလျှင်၊ ဆယ်ဖို့ တစ်ဖို့ကို လည်းကောင်း၊ ပူဇော်သကာတို့ကို လည်းကောင်း လုယူကြပြီ။” မာလခိ၊ ၃:၇၊၈။COLB 159.3

    ကောင်းချီးမင်္ဂလာ အပေါင်းကို ပေးတော်မူသော အရှင်အနေဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ ပိုင်ဆိုင်သော ဥစ္စာ အားလုံး၏ တစ်စိတ်တစ်ဒေသကို တောင်းဆိုတော်မူ၏။ ဧဝံဂလိတရားတော် တည်တံ့ ပြန့်ပွားရေးအတွက်ဤ နည်းအားဖြင့် ရန်ပုံငွေ ထောက်ပံ့တော်မူ၏။ ယင်း တစ်စိတ်တစ်ဒေသ ဥစ္စာကို ဘုရားသခင်အား ပြန်လည် ဆပ်ကပ်ခြင်းအားဖြင့် ကိုယ်တော် ပေးသနားတော်မူသော ကောင်းချီးမင်္ဂလာများကို ကျွန်ုပ်တို့ နှစ်သက်မြတ်နိုးကြောင်း ပြသရကြပါမည်။ သို့သော် ကိုယ်တော်ရှင် ပိုင်ဆိုင်တော်မူသော ဥစ္စာဘဏ္ဍာကို ကျွန်ုပ်တို့ ပြန်လည် မဆက်ကပ်သေးဘဲ ကိုယ်တော်ထံမှ ကောင်းချီးမင်္ဂလာကို အဘယ်သို့လျှင်ထပ်မံ တောင်းခံနိုင်ပါမည်နည်း။ ကျွန်ုပ်တို့သည် လောကီ ဥစ္စာပစ္စည်းအတွက် သစ္စာမဲ့သော ဘဏ္ဍာစိုးများ ဖြစ်ခဲ့ပါလျှင် ကိုယ်တော်ရှင်အနေဖြင့် ကောင်းကင် ဘဏ္ဍာများကို ကျွန်ုပ်တို့အား ယုံကြည်စွာ လွှဲအပ်ထားရန် အဘယ်သို့ မျှော်လင့်နိုင်ပါမည်နည်း။ အဖြေမရသော ပတ္တနာများမှာ ယင်း အကြောင်းများကြောင့် ဖြစ်နိုင်ပါသည်။COLB 160.1

    သို့သော် ထာဝရအရှင်ဘုရားသခင်သည် ကြီးမြတ်တော်မူသော ကရုဏာတော်အားဖြင့် အပြစ်ဖြေလွှတ်တော်မူရန် အသင့် ရှိတော်မူသောကြောင့် “ဆယ်ဖို့ တစ်ဖို့ ရှိသမျှကို ဘဏ္ဍာတတိုက်ထဲသို့ သွင်း၍ ငါ့ အိမ်တော်၌စားစရာ ရှိနေစခြင်းငှါ ပြုကြလော့။ ငါသည် မိုးကောင်းကင် ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းချီးမင်္ဂလာ အကုန်အစင် သွန်းလောင်းမည် မသွန်း လောင်းမည်ကို ထိုသို့ စုံစမ်းကြလော့။ …. ကိုက်စားတတ်သော အကောင်ကို သင်တို့အတွက် ငါ ဆုံးမ၍ သင်တို့၏ မြေအသီးအနှံကို မဖျက်ဆီးရ။ သင်တို့၏ စပျစ်ဥယျာဉ်သည် အသီး မသီးဘဲ မနေရ …. လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာ ရှိသော သူ ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့ ပြည်သည်လည်း နှစ်သက်ဖွယ်သော ပြည် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။” မာလခိ၊ ၃:၁၀-၁၂။COLB 160.2

    ဘုရားသခင်၏ အခြားသော တောင်းဆိုချက်တိုင်းသည်လည်း ယင်းအတိုင်းပင် ဖြစ်ပါသည်။ ကိုယ်တော်၏ ဆုကျေးဇူး အားလုံးသည် နားထောင်ခြင်း စည်းကမ်းပေါ်မူတည်၍ ကတိပြုထားခြင်း ဖြစ်ပါသည်။ ဘုရားကိုယ်တော်ရှင်နှင့် အတူ လုပ်ကိုင်ဆောင်ရွက် သူများအတွက် ကိုယ်တော်၌ ကောင်းကင် အပြည့် ကောင်းချီးမင်္ဂလာများ ရှိပါသည်။ ကိုယ်တော်ကို နားထောင်သောသူ အားလုံးတို့သည် ကတိတော်အတိုင်း ပြည့်စုံအောင် ယုံကြည်စွာနှင့် တောင်ခံနိုင်ပါသည်။COLB 161.1

    သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ်၌ စွဲမြဲသည့် ယုံကြည်ကိုးစားမှု ရှိကြောင်း ပြရမည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို စမ်းသပ်ရန်အတွက် သို့မဟုတ် ကျွန်ုပ်တို့၏ အလိုဆန္ဒ အမှန် ဟုတ် မဟုတ် စစ်ဆေးရန် ဘုရားသခင်သည် ကျွန်ုပ်တို့ ဆုတောင်းပတ္ထနာများကို ဆိုင်းငံ့ထားတတ်ပါသည်။ ကိုယ်တော်၏ ကတိတော်အတိုင်း တောင်းလျှောက်ထားခြင်း ဖြစ်ပါက ကိုယ်တော်အား လုံးဝ ဥဿုံ ယုံကြည်ကိုးစားလျက် တောင်းလျှောက်ထားသည့် ကိစ္စကို မငြင်းမပယ်စေရန် စိတ်ပြဌာန်းချက်ဖြင့် ဆက်၍ တောင်းလျှောက်သင့်ပါသည်။COLB 161.2

    တစ်ကြိမ်တစ်ခါ တောင်းလျှင် ရလိမ့်မည်ဟု ဘုရားသခင် မိန့်တော်မူသည် မဟုတ်ပါ။ မမောမပန်းဘဲ မရမနေ ဆုတောင်းပတ္ထနာပြုရမည်။ အားမလျှော့ဘဲ တောင်းလျှောက်နေခြင်းဖြင့် အသနားခံသူအား ပို၍ စိတ်အားထက်သန်သော အနေအထားသို့ ရောက်ရှိစေပါသည်။ ၎င်းအပြင် သူ တောင်းလျှောက်နေသော အရာကို ရရှိရန် ပို၍လိုလားလာပါသည်။ လာဇရု၏ သင်္ချိုင်း၌ သေလွန်သော သူ၏ နှမ မာသအား ခရစ်တော်က “သင်သည် ယုံလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်။” ဟု မိန့်တော်မူ၏။ ယော၊ ၁၁:၄၀။COLB 161.3

    သို့သော် အများသော သူတို့၌ အသက်ရှင်သော ယုံကြည်ခြင်း မရှိ၍ ဘုရားသခင်၏ တန်ခိုးတော်ကိုပို၍ မတွေ့မမြင်ရကြ၊ ၎င်းအပြင် ယုံကြည်ခြင်း မရှိသောကြောင့် သူတို့ အားနည်းကြ၏။ သူတို့အတွက် ဘုရားသခင် တတ်နိုင်တော်မူသည်ထက် ကိုယ်တိုင် ဆောင်ရွက်ခြင်းကို ပို၍ ယုံကြည်ကြ၏။ ထိုကြောင့် ကိုယ်ကိုကိုယ် ကာကွယ်စောင့်ထိန်းကြ၏။သူတို့သည် စီမံချက်များ၊ အကြံအစည်များ ပြုလုပ်ကြသော်လည်း ဆုတောင်းပတ္ထနာပြုခြင်း နည်းသောကြောင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း မရှိကြ။ သူတို့၌ ယုံကြည်ခြင်း ရှိသည်ဟု သူတို့ ထင်မှတ်ကြသော်လည်း ရုတ်တရက် စိတ်ပေါက်လာခြင်းမျှသာ ဖြစ်ပါသည်။ သူတို့၏ အမှန် လိုအပ်ချက်ကို သူတို့ မသိ၍သော် လည်းကောင်း၊ သို့မဟုတ် ဘုရားသခင်သည် ပေးသနားတော်မူရန် လိုလားတော်မူသည်ကို မသိ၍သော် လည်းကောင်း ဘုရားသခင်ထံမှ ဇွဲလုံ့လထား၍ မတောင်းမလျှောက်ကြ။COLB 162.1

    အကူအညီ လိုအပ်နေသော မိတ်ဆွေသည် ညနက်သန်းခေါင်တွင် အိမ်နီးချင်းထံမှ အစားအသောက်များ ရရှိအောင် ဇွဲလုံ့လဖြင့် တောင်းသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဆုတောင်း ပတ္ထနာပြုရာ၌ ပို၍ပင် စိတ်ထက်သန်ခြင်း နှင့် တည်ကြည်ခြင်း ရှိမည် ဆိုပါက ဝိညာဉ်ရေးတွင် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် ပို၍ နီးကပ်ကြလိမ့်မည်။ ကျွန်ုပ်တို့တွင် ယုံကြည်ခြင်း ပိုလာသောကြောင့် ကောင်းချီးမင်္ဂလာ ပို၍ ရကြပါလိမ့်မည်။COLB 162.2

    ယုံကြည်ခြင်းဖြင့် ဆုတောင်းရန်မှာ ကျွန်ုပ်တို့၏ တာဝန် ဖြစ်ပါသည်။ ပတ္ထနာပြုရန် နိုးကြားပါ။ ပတ္ထနာကို နားညောင်းတော်မူသည့် ဘုရားသခင်နှင့် အတူ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုးနိုးကြားကြား ရှိပါ။ ကျွန်ုပ်တို့သည် “ဘုရားသခင့်ထံ၌ အလုပ် လုပ်သော သူချင်း ဖြစ်ကြ” သည်ကို သတိချပ်ပါ။ ၁ ကော၊ ၃:၉။ သင်၏ ဆုတောင်းချက်နှင့် လိုက်လျောညီအောင် ပြောဆို လှုပ်ရှားပါက သင်၏ ပတ္ထနာသည် အပြင် သဏ္ဌာန်သာ ဖြစ်သည်၊ သို့မဟုတ် သင်၏ ယုံကြည်ခြင်း စစ်မှန်သည် မမှန်သည်ကို အတိုင်းမသိ ထူးခြားမှု ရှိကြောင်း စမ်းသပ်ပြီး ဖြစ်လိမ့်မည်။COLB 162.3

    စိတ်ရှုပ်စရာများ ပေါ်ပေါက်၍ အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ လူသား အချင်းချင်း ၏ အကူအညီကို မမျှော်ကိုးပါနှင့်။ ဘုရားသခင်အား လုံးလုံးလျားလျား ဆက်ကပ်ထားပါ။ ကျွန်ုပ်တို့၏ အခက်အခဲများကို သူတစ်ပါးအား ပြောပြသော အလေ့အထသည် ကိုယ်ကိုကိုယ် အားနည်းစေသည် သာမက တစ်ပါးသူကိုလည်း ခွန်အား မတိုးတတ်စေပါ။ သူတို့အနေဖြင့် မည်သို့မျှ မတတ်နိုင်သော ကျွန်ုပ်တို့၏ ဝိညာဉ်ရေး ချို့တဲ့မှု ဝန်ထုပ်ကို သူတို့အပေါ်သို့ တင်ခြင်းသာ ဖြစ်ပါသည်။ မမှားနိုင်သော အနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏ အထံတော်မှ စွမ်းအားကို တောင်းခံရမည့်အစား မှားတတ်သည့် သာမန် လူသား အချင်းချင်းထံမှ ကျွန်ုပ်တို့ အကူအညီ တောင်းလေ့ ရှိကြပါသည်။COLB 163.1

    ဘုရားသခင်သည် ကျွန်ုပ်တို့၏ အနီး၌ပင် ရှိတော်မူသည် ဖြစ်၍ ပညာ ရရှိရေးအတွက် ကမ္ဘာမြေကြီးစွန်းတိုင်ေအောင် သွားရောက် ရှာဖွေရန် မလိုပါ။ သင်၏ လက်ရှိ အစွမ်းသတ္တိများသည် လည်းကောင်း၊ နောက်ထပ် ရနိုသည့် စွမ်းရည်များသည် လည်းကောင်း သင့်အား ထမြောက် အောင်မြင်စေသည် မဟုတ်ပါ။ ဘုရားသခင်သာလျှင် တတ်နိုင်တော်မူသော ကိစ္စ ဖြစ်ပါသည်။ လူ၏ အစွမ်းသတ္တိကို များစွာ လျှော့၍ အားကိုးပြီးလျှင် ယုံကြည်သော သူတိုင်းအတွက် ဘုရားသခင် မည်သို့ တတ်နိုင်တော်မူသည်ကို ပို၍ ယုံကြည်ကိုးစားရမည်။ သင်သည် ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်ရှင် ထံသို့ ရောက်အောင် ချဉ်းကပ်ရန် ကိုယ်တော် အလိုရှိတော်မူ၏။ သင့်အနေဖြင့် ကိုယ်တော်ထံမှ ကြီးမြတ်သော အရာများကို မျှော်မှန်းရန် ကိုယ်တော် အလိုရှိနေတော်မူ၏။ လောကီရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ ဝိညာဉ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း ကိုယ်တော်သည် သင့်အား နားလည် တတ်ကျွမ်းစေလိုတော်မူ၏။ ကိုယ်တော်သည် သင်၏ အသိဉာဏ်ကို ပို၍ ထက်မြက်စေနိုင်တော်မူ၏။ ကျွမ်းကျင်မှု နှင့် ပင်ကိုဉာဏ်ကိုလည်း ပေးနိုင်တော်မူ၏။ သင်၏ စွမ်းရည်သတ္တိများကို လုပ်ငန်းခွင်၌ ထည့်သွင်း၍ ဘုရားသခင်၏ အထံတော်မှ ပညာဉာဏ်ကို တောင်းလျှောက်လျှင် ပေးသနားတော်မူလိမ့်မည်။COLB 163.2

    ခရစ်တော်၏ စကားတော်သည် သင့်အတွက် အာမခံချက် ဖြစ်ပါစေ။ ကိုယ်တော်သည် သင့်အား ဖိတ်ခေါ်ထားတော်မူသည် မဟုတ်ပါလား။ စိတ်ပျက် အားလျော့၍ မျှော်လင့်ချက် မရှိသည့် ပုံစံမျိုးဖြင့် မည်သည့်အခါမျှ မပြော မဆိုပါနှင့်။ အကယ်၍ ပြောဆိုခဲ့ပါလျှင် သင့်အနေဖြင့် များစွာ ဆုံးရှုံးလိမ့်မည်။ အကျဉ်းအကျပ် အခက်အခဲနှင့် ရင်ဆိုင်ရသောအခါ အပြင်သဏ္ဌာန်ကိုသာ ကြည့်၍ ညည်းညူနေပါက သင်၏ ယုံကြည်ခြင်းသည် အလွန် အားနည်း ချည့်နဲ့နေကြောင်း ထင်ရှားပါသည်။ သင်၏ ယုံကြည်ခြင်းအတွက် မည်သည့်အခါမျှ အရှုံးရှိလိမ့်မည် မဟုတ်ဟု သဘောထား၍ ပြောဆိုလှုပ်ရှားပါ။ ထာဝရဘုရားသည် ခပ်သိမ်းသော အင်အားနှင့် ပြည့်စုံကြွယ်ဝတော်မူ၏။ ကမ္ဘာကြီးကိုလည်း ပိုင်စိုးတော်မူ၏။ ယုံကြည်ခြင်းဖြင့် ကောင်းကင်သို့ ရှုမျှော်ပါ။ အလင်းတော်နှင့် လည်းကောင်း၊ တန်ခိုးတော်နှင့် လည်းကောင်း၊ စွမ်းဆောင်နိုင်တော်မူခြင်းနှင့် လည်းကောင်း ပြည့်စုံသည့် ကိုယ်တော်ရှင်ကို ကြည့်ပါ။COLB 164.1

    စစ်မှန်သော ယုံကြည်ခြင်း၌ အချိန်ကြောင့် ဖြစ်စေ၊ ပင်ပန်းခြင်းကြောင့် ဖြစ်စေ ညှိုးငယ်ခြင်း မရှိနိုင်၊ ခိုင်မာသည့် ကိုယ်ကျင့်တရားလည်း မပျက်စီးနိုင်။ ၎င်းအပြင် စွဲမြဲသည့် ကြံရွယ်ချက်လည်း မလျော့နည်းနိုင်ပါ။ “လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သော သူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင်ကို အသစ် ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။” ဟေရှာ၊ ၄၀:၃၀၊၃၁။COLB 164.2

    သူတစ်ပါးအား အကူအညီ ပေးလိုသော်လည်း ယင်းသို့ ကူညီဝေငှလောက်အောင် သူတို့တွင် ဝိညာဉ်ရေး စွမ်းအား နှင့် အလင်းတရား လုံလောက်စွာ မရှိဟု အများသော သူတို့ ထင်တတ်ကြပါသည်။ ထိုသို့သော သူများသည် မိမိတို့၏ အခြေအနေများကို ကျေးဇူးတော် ပလ္လင်ရင်းသို့ တင်ပြ၍ သန့်ရှင်းသော ဝိညာဉ်တော် ရရှိဖို့ အသနားခံကြပါစေ။ ကိုယ်တော်သည် မိမိ ပြုတော်မူသော ကတိတော်တိုင်းကို အတည်ပြုတော်မူ၏။ သမ္မာကျမ်းစာကို သင်၏ လက်တွင် ကိုင်၍ ကိုယ်တော်ရှင် မိန့်တော်မူသည့်အတိုင်း ကျွန်တော်၊ ကျွန်မ ဆောင်ရွက်၍ ပြီးပါပြီဟု လျှောက်ထားပါ။ ထိုကြောင့် “တောင်းကြလော့၊ တောင်းလျှင် ရမည်။ ရှာကြလော့၊ ရှာလျှင် တွေ့မည်။ တံခါးကို ခေါက်ကြလော့၊ ခေါက်လျှင် ဖွင့်မည်။” ဟု ကိုယ်တော် မိန့်တော်မူသည့် ကတိတော်အတိုင်း အသနားခံပါသည်ဟု လျှောက်ထားပါ။COLB 164.3

    ကျွန်ုပ်တို့သည် ခရစ်တော်၏ နာမတော်ကို အမှီပြု၍ ဆုတောင်းပတ္ထနာပြုရမည် သာမက သန့်ရှင်းသော ဝိညာဉ်တော် တိုက်တွန်းမှုကိုလည်း အမှီပြု၍ ဆုတောင်းပတ္ထနာပြုရမည်။ “ငါတို့ ဆုတောင်ခြင်း အမှုကို နှုတ် မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော် စောင်မတော်မူ၏” ဟု ဆိုသည့် အဓိပ္ပါယ်မှာ ဤ အချက်ပင် ဖြစ်ပါသည် ရောမ၊ ၈:၂၆။ ယင်း ပတ္ထနာမျိုးကို အဖြေပေးတော်မူရန် ဘုရားသခင် မြတ်နိုးတော်မူ၏။ စိတ်အားထက်သန်စွာဖြင့် လည်းကောင်း၊ ဇွဲလုံ့လဖြင့် လည်းကောင်း ခရစ်တော်၏ နာမတော်ကို အမှီပြု၍ ဆုတောင်းပတ္ထနာပြုပါက “ငါတို့ တောင်းပန် ကြံစည်သမျှထက် အလွန် ထူးခြားစွာ” အဖြေပေးတော်မူရန် အချိန် နီးကပ်လျက် ရှိပြီဖြစ်ကြောင်း ယင်း ဇွဲလုံ့လ၌ပင် ဘုရားသခင်၏ ကတိတော်ပါဝင်နေပါသည်။ ဧဖက်၊ ၃:၂၀။COLB 165.1

    ထိုကြောင့် “သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သော စိတ်နှင့် ဆုတောင်းသမျှတို့ကိ ရကြလိမ့်မည်။” ဟူ၍ လည်းကောင်း၊ မာကု၊ ၁၁:၂၄။ “သင်တို့သည် ငါ၏ နာမကို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါ ပြုမည်။ အကြောင်းမူကား ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်း ရှိမည် အကြောင်းတည်း” ဟူ၍ လည်းကောင်း ခရစ်တော် မိန့်တော်မူ၏။ ယော၊ ၁၃:၁၃။ ၎င်းအပြင် ကိုယ်တော် ချစ်တော်မူသော တမန်တော် ရှင်ယောဟန်သည် သန့်ရှင်းသော ဝိညာဉ်တော် တိုက်တွန်းမှုဖြင့် “ငါတို့သည် အလိုတော်နှင့် အညီ တစ်စုံတစ်ခုသော ဆုကို တောင်းလျှင် ဘုရားသခင်သည် နားထောင်တော်မူ၏။ ဆုတောင်းသမျှသော စကားတို့ကို နားထောင်တော်မူသည်ကို ငါတို့ သိလျှင် အထံတော်၌ တောင်းသော ဆုတို့ကို ရမည်ဟု သိကြ၏။” ဟု ရှင်းလင်းစွဦ ဖေါ်ပြထားပါသည်။ ၁ ယော၊ ၅:၁၄၊၁၅။ ထိုကြောင့် သင်တို့၏ အသနားခံချက်များကို သခင်ယေရှု၏ နာမတော်ဖြင့် အဘ ခမည်းတော်ထံသို့ အင်အား စိုက်ထုတ်၍ တောင်းလျှောက်ကြပါ။ ဘုရားသခင်သည် ထို နာမတော်ကို ဂုဏ်ပြုတော်မူလိမ့်မည်။COLB 165.2

    ဘုရားသခင်သည် သစ္စာတော်နှင့် ပြည့်စုံတော်မူသည့် အကြောင်း ပလ္လင်တော်၏ ပတ်လည်တွင် ထွန်းတောက်လျက်ရှိသည့် သက်တံ့သည် အာမခံ ဖြစ်၍ကိုယ်တော်သည် ရွေ့လျား တိမ်းယိမ်းခြင်း မရှိ၊ ပြောင်းလဲခြင်း အရိပ်နှင့် ကင်းလွတ်တော်မူ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားသောကြောင့် ကိုယ်တော်၏ ကျေးဇူးတော်ကို မခံစားထိုက်သော်လည်း အံ့သြဖွယ် အကောင်းဆုံးသော ဆုတောင်း ပတ္ထနာကို ကိုယ်တော်တိုင် ကျွန်ုပ်တို့အား သင်ပေးတော်မူ၏။ ၎င်းမှာ “ကိုယ်တော်၏ နာမကြောင့် အကျွန်ုပ်တို့ကို စက်ဆုပ်ရွံရှာတော်မမူပါနှင့်။ ဘုန်းတော် ပလ္လင်၏ အသရေကို ရှုတ်ချတော်မမူပါနှင့်။ အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့နှင့် ဖွဲ့သော ပဋိညာဉ်တော်ကို ဖျက်တော်မမူပါနှင့်။” ယေရမိ၊ ၁၄:၂၁။ ကျွန်ုပ်တို့သည် အပြစ်နှင့် ပြည့်ဝ၍ ကိုယ်တော်ရှင်နှင့် မထိုက်တန်ကြောင်း ဝန်ခံတောင်းပန်လျက် ကိုယ်တော်ထံသို့ တိုးဝင်ချဉ်းကပ်လျှင် ကျွန်ုပ်တို့၏ အော်ဟစ်သံကို နားညောင်းတော်မူမည်ဟု ကိုယ်တော်တိုင် ကတိပြုထားတော်မူပါသည်။ ကျွန်ုပ်တို့အား ထားရှိသော ကတိတော်တည်ရန်အတွက် ပလ္လင်တော်၏ ဂုဏ်တော်ကို အာမခံအဖြစ် ထားတော်မူ၏။COLB 166.1

    ခရစ်တော်ကို ပုံဆောင်သော အာရုန်ကဲ့သို့ သန့်ရှင်းရာဌာနတော်တွင် ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် မိမိလူတို့၏ အမည်များကို နှလုံးသားပေါ်တွင် မှတ်သားထားတော်မူ၏။ ကျွန်ုပ်တို့၏ မြတ်တော်မူသော ယဇ်ပုရောဟိတ်မင်းသည် ကိုယ်တော်အား ယုံကြည်ကိုးစားရန် ကျွန်ုပ်တို့အား COLB 166.2

    တိုက်တွန်းထားသမျှသော စကားတော် အပေါင်းကို သတိရတော်မူ၏။ ကိုယ်တော်သည် မိမိ၏ ကတိတော်ကို အမြဲတစေ ဂရုပြုနေတော်မူ၏။COLB 167.1

    ကိုယ်တော်ကို ရှာသော သူတိုင်း တွေ့ကြလိမ့်မည်။ တံခါးခေါက်သော သူတိုင်းကို တံခါး ဖွင့်ပေးတော်မူလိမ့်မည်။ ငါ့ကို မနှောင့်ယှက်နှင့်၊ တံခါးပိတ်ထားပြီ၊ ငါသည် တံခါးကို မဖွင့်လိုဟု တာဝန်မဲ့သော စကားကို ပြောတော်မူမည် မဟုတ်။ သင့်အား ငါအကူအညီ မပေးနိုင် ဟူ၍လည်း အဘယ်သူကိုမျှ ပြောတော်မူလိမ့်မည် မဟုတ်။ ဆာငတ်ခင်မွတ်သော သူကို ကျွေးမွေးရန်အတွက် ညနက်သန်းခေါင် အချိန်၌ပင် အစားအသောက် ရှာဖွေသော သူသည် ရရှိလိမ့်မည်။COLB 167.2

    ဥပမာတွင် ဧည့်သည်ကို ကျွေးမွေးရန် မုန့်တောင်းခံသော သူသည် “လိုချင်သမျှ” ကို ရခဲ့ပါသည်။ ကျွန်ုပ်တို့သည် သူတစ်ပါးအား ပေးကမ်းစွန့်ကြဲရန်အတွက် ဘုရားသခင်သည် မည်သည့် ပမာဏဖြင့် ကျွန်ုပ်တို့အား ပေးတော်မူပါလိမ့်မည်နည်း။ “ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း” ပေးသနားတော်မူပါလိမ့်မည်။ ဧဖက်၊ ၄:၇။ လူသည် လူသား အချင်းချင်း မည်သို့ မည်ပုံ ဆက်ဆံသည်ကို ကောင်းကင်တမန်တို့သည် အာရုံပြု၍ စောင့်ကြပ်ကြည့်ရှုနေကြပါသည်။ မှားယွင်းနေသော သူ တစ်ဦးအတွက် ခရစ်တော်ကဲ့သို့ သနားကြင်နာတတ်သော စိတ်သဘော ရှိသူ တစ်ဦး၏ အနီးသို့ ကောင်းကင်တမန်များ ချဉ်းကပ်၍ ယင်း မှားနေသော သူအတွက် အသက်မုန့် ကဲ့သို့သော စကားများ ပြောရန် မှတ်မိ သတိရစေကြလိမ့်မည်။ ထာဝရဘုရား၏ နှုတ်ကပါတ်တော်သည် သင်၏ ခံတွင်း၌ သမ္မာတရား နှင့် ဖြောင့်မတ်ခြင်းတရားကဲ့သို့ ဖြစ်လိမ့်မည်။COLB 167.3

    အသက်ဝိညာဉ် ကယ်ဆယ်ရေး အတတ်ပညာကို တတ်ကျွမ်းရန် ပညာဉာဏ် ကြီးမြတ်ဖို့ လိုသောကြောင့် သူတစ်ပါးအတွက် ကိုယ်တိုင် အားထုတ်ခြင်း မပြုလုပ်မီ ဆိတ်ကွယ်ရာ အရပ်၌ ဆုတောင်းခြင်းကို များစွာ ပြုရမည်။ လူတို့နှင့် မဆက်ဆံမီ ခရစ်တောနှင့် ဆက်သွယ်ရမည်။ လူတို့အတွက် အမှုတော် ဆောင်ရွက်ရန် ပြင်ဆင်ချက်ကို ကောင်းကင်ဘုံ၏ ကျေးဇူးတော် ပလ္လင်မှ ရယူရမည်။COLB 167.4

    အသက်ရှင်တော်မူသော ထာဝရအရှင် ဘုရားသခင်ကို အလိုရှိသော သင်၏ စိတ်နှလုံး ကြေကွဲပါစေ။ ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်ခြင်းဖြင့် လူသားသည် မည်ကဲ့သို့သော အမှုကိစ္စများကို ဆောင်ရွက်နိုင်ကြောင်း ခရစ်တော်၏ အသက်တာက ဖေါ်ပြထားပါသည်။ ဘုရားသခင်၏ အထံတော်မှ ခရစ်တော် ရရှိခဲ့သမျှကို ကျွန်ုပ်တို့လည်း ရရှိနိုင်ပါသည်။ ထိုကြောင့် တောင်းလျှောက်၍ ရယူပါသည်။ ယာကုပ်ကဲ့သို့ ဇွဲလုံ့လနှင့် ပြည့်စုံသော ယုံကြည်ခြင်းဖြင့် လည်းကောင်း၊ ဧလိယကဲ့သို့ လက်မလျှော့၊ နောက်မဆုတ်သော စိတ်ထားဖြင့် လည်းကောင်း ဘုရားသခင်၏ ကတိတော်များကို သင့် ကိုယ်တိုင်အဖို့ တောင်းလျှောက်ပါ။COLB 168.1

    ဘုရားသခင်၏ ဘုန်းကြီးတော်မူသော သဘောတရားတို့သည် သင်၏ ဉာဏ်မျက်စိကို ပိုင်စိုးပါစေ။ သင်၏ ဘဝ အသက်တာကို ခရစ်တော်၏ အသက်တာနှင့် လျှို့ဝှက်သော ကွင်းဆက်များဖြင့် ဆက်သွယ်လျက် ရှိပါစေ။ ဘုရားသခင်၏ ဘုန်းတော်ကို သိသော ပညာ ရောင်ခြည်သည် ခရစ်တော်၏ ရှေ့တော်တွင် ထွန်းလင်းစေခြင်းငှါ မှောင်မိုက် ဖုံးလွှမ်းရာ အရပ်တွင် အလင်းကို ဖြစ်စေတော်မူသော ဘုရားရှင်သည် သင်၏ စိတ်နှလုံးအတွင်း၌လည်း အလင်းရောက်ကို ထွန်းလင်းစေတော်မူလိမ့်မည်။ ဘုရားသခင်နှင့် ဆိုင်သော အရာများသည် အသက်ကို ရှင်စေတတ်သော တန်ခိုးအာဏာ ဖြစ်၍နားထောင်တတ်သော သူအား ပေးတော်မူလိမ့်မည် ဖြစ်ကြောင်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား ပြတော်မူလိမ့်မည်။ ခရစ်တော်သည် သင့်အား အနန္တတန်ခိုးတော်ရှင်၏ အနီးသို့ ပို့ဆောင်တော်မူလိမ့်မည်။ ၎င်းအပြင် ကိုယ်တော်သည် ကာလအစဉ် အသက်ရှင်တော်မူသောကြောင့် ကျွန်ုပ်တို့အား အစဉ် ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူသည့် ဘုန်းတော်ကို သင်သည် မျှော်ရှုနိုင်မည် သာမက လူအပေါင်းတို့အား ဖေါ်ပြနိုင်လိမ့်မည်။COLB 168.2

    * * * * *

    Larger font
    Smaller font
    Copy
    Print
    Contents