Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    Chapter 6—မျိုးစေ့ကြဲခြင်းဆိုင်ရာ အခြားဩဝါဒများ

    မျိုးစေ့ကြဲသည့် လုပ်ငန်းမှ လည်းကောင်း၊ မျိုးစေ့မှ အပင်ပေါက်သည့် အကြောင်းတွင် လည်းကောင်း အဖိုးထိုက်သော သင်ခန်းစာများကို မိသားစုတွင်း၌ ဖြစ်စေ၊ စာသင်ကျောင်း၌ ဖြစ်စေ သင်ယူနိုင်ပါသည်။ သဘာဝဓမ္မတွင် တန်ခိုးတော်အားဖြင့် ဘုရားသခင် ပြုပြင်စီမံထားတော်မူသော အရာများကို သားသမီးများ နှင့် လူငယ်တို့ မှတ်မိသတိရအောင် သင်ကြားထားကြပါစေ။ သို့ပြုလျှင် သူတို့သည် မတွေ့မမြင်နိုင်သော အကျိုးကျေးဇူးများကို ယုံကြည်ခြင်းအားဖြင့် ခံယူနိုင်ကြလိမ့်မည်။ ဘုရားသခင်သည် မိမိ၏ မိသားစုကြီးအတွက် လိုအပ်သမျှကို ထောက်ပံ့နေသည့် အံ့သြဖွယ်သော လုပ်ငန်းကြီးကို လည်းကောင်း၊ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ မည်ကဲ့သို့ ပါဝင်လုပ်ဆောင်ရမည်ကို လည်းကောငး်၊ သူတို့ သဘောပေါက်နားလည်ကြသောအခါ သူတို့သည် ဘုရားသခင်ကို ပိုမို ယုံကြည်ကိုးစားကြလိမ့်မည်။ ၎င်းအပြင် သူတို့၏ နေ့စဉ် အသက်တာတွင် ဘုရားသခင်၏ ကျေးဇူးတော်သည် မည်မျှ ကြီးမားကြောင်း သူတို့ သဘောပေါက်နားလည်ကြလိမ့်မည်။COLB 82.1

    ဘုရားသခင်သည် နှုတ်ကပါတ်တော်အားဖြင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူစဉ်က မျုးစေ့ကိုလည်း ဖန်ဆင်းတော်မူ၏။ မျိုးစေ့သည် ကြီးထွားရှင်သန်၍ ပွားများလာစေနိုင်သော တန်ခိုးကို ကိုယ်တော်သည် နှုတ်ကပါတ်တော်အားဖြင့် ယင်း မျိုးစေ့၌ ထည့်သွင်းထားတော်မူ၏။ “ဘုရားသခင်က မြေသည် မြက်ပင်တို့ကို လည်းကောင်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို လည်းကောင်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်တို့ကို လည်းကောင်း ပေါက်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။ …. ထိုအမှုအရာ ကောင်းသည်ကို ဘုရားသခင် မြင်တော်မူ၏။ က၊ ၁:၁၁-၁၂။ ယင်း နှုတ်ကပါတ်တော်သည်ပင်လျှင် ယနေ့တိုင်အောင် မျိုးစေ့ကို ပေါက်ပွားစေတော်မူ၏။ နှုတ်ကပါတ်တော်၏ အံ့သြဖွယ်သော လုပ်ဆောင်မှု တန်ခိုးတော်ကြောင်းနှင့် ပတ်သက်၍ “မြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်” သည်ကို လည်းကောင်း၊ “အမိန့်တော် ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်” နေသည်ကို လည်းကောင်း (ဆာလံ၊ ၃၃:၉) နေရောင်ခြည် ရှိရာသို့ အစိမ်းရွက်ကလေးကို ထွက်လာစေသော မျိုးစေ့ကလေးတိုင်းက ကြေငြာနေပါသည်။COLB 82.2

    “အသက်မွေးလောက်သော အစာကို ကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ” ဟု ဆုတောင်းရန် တပည့်တော်များအား ခရစ်တော် သင်ပေးတော်မူ၏။ ၎င်းအပြင် ပန်းပွင်းကလေးများကို လက်ညှိုးညွှန်တော်မူလျက် “မြက်ပင်ကို ဘုရားသခင်သည် ထိုသို့သော အဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင် ထိုမျှမက သင်တို့ကို အဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော” ဟု စိတ်ချယုံကြည်စေရန် အာမခံချက် ပေးတော်မူ၏။ မ၊ ၆:၁၁၊၃၀။ ယင်း အာမခံချက် တည်မြဲစေရန် နှင့် အဆိုပါ ဆိုတောင်းချက် ပြည့်စုံစေရန် ခရစ်တော်သည် စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိတော်မူ၏။ လူကိုကျွေးမွေး၍ ဝတ်ဆင်ပေးနေသည့် မတွေ့မမြင်နိုင်သော တန်ခိုးစွမ်းအား တစ်ရပ်သည် လူသားအတွက် အမြဲတစေ တာဝန် ထမ်းဆောင်လျက် ရှိနေပါသည်။ စွန့်ပစ်လိုက်သည့် သဘော သက်ရောက်သော မျိုးစေ့မှ ရှင်သန်သော အပင် ဖြစ်လာစေရန် ဘုရားသခင်သည် ကိုယ္စားလှယ် အမြောက်အများကို ခန့်ထားတော်မူ၏။ ပြည့်စုံကုံလုံစွာ ရိတ်သိမ်းရသည် တိုင်အောင်လိုအပ်သမျှကိုလည်း သင့်လျော်စွာ ထောက်ပံ့တော်မူ၏။ ထိုကြောင့် ဆာလံဆရာက နှစ်သက်ဖွယ်ရာ ကြွေးကြော်ထားသည်မှာ၊ -COLB 83.1

    မြေကြီးကို အကြည့်အရှု ကြွလာ၍၊ မိုးကို များစွာ ရွာစေလျက်၊
    ရေနှင့်ပြည့်သော ဘုရားသခင်၏ မြစ်အားဖြင့် အလွန်ကြွယ်ဝ
    စေတော်မူ၏။
    ထိုသို့ မြေကို ပြုပြင်ပြီးမှ၊
    မြေသားတို့အဖို့ စပါးကို ပြုပြင်တော်မူ၏။
    မြေရိုးတို့ကို စိုစွတ်စေ၍၊
    လယ်ပြင်ကို တညီတည်း စီရင် ပြီးမှ၊
    မိုးရွာသောအားဖြင့် ပျော့စေ၍၊
    COLB 83.2

    ပေါက်သော အပင်များကို ကောင်းချီးပေးတော်မူ၏။
    နှစ်တို့ကို ကျေးဇူးတော်နှင့် ပတ်ရစ်တော်မူ၍၊
    ခြေတော်ရာတို့သည် ဆီဥယိုတတ်ကြပါ၏။ ဆာလံ၊ ၆၅:၉-၁၁။
    COLB 84.1

    ရုပ်ဝတ္ထုနှင့်ဆိုင်သော ကမ္ဘာလောကကြီး တစ်ခုလုံးသည် ဘုရားသခင်၏ အုပ်ချုပ်မှု လက်အောက်တွင် တည်နေပါသည်။ သဘာဝ၏ တရားဥပဒေများကို သဘာဝက လိုက်နာပါသည်။ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းရှင်၏အကြောင်းကို ကြားပြော၍ အလိုတော်အတိုင်း ဆောင်ရွက်ကြပါသည်။ မိုးတိမ် နှင့် နေရောင်ခြည်သည် လည်းကောင်း၊ နှင်းပေါက်များ နှင့် မိုးရေတို့သည် လည်းကောင်း၊ လေ နှင့် မိုးသက်မုန်တိုင်းသည် လည်းကောင်း ဖြစ်ပျက်နေသမျှတို့သည် ဘုရားကိုယ်တော်ရှင် စီမံခန့်ခွဲရာများ ဖြစ်တော်မူ၍ ကိုယ်တော်ရှင်၏ အမိန့်တော်ကို လုံးလုံးလျားလျား နာခံဆောင်ရွက်ကြ၏။ မျိုးစေ့မှ အညှောက်ငယ်သည် မြေကို ဖေါက်ထွင်း၍ ပေါ်လာခြင်းမှာ ဘုရားကိုယ်တော်ရှင်၏ တရားအမိန့်တော်ကို နာခံခြင်း ဖြစ်၏။ “ရှေးဦးစွာ အညှောက်၊ ထိုနောက် အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသော အဆန်ကို ဖြစ်စေတတ်၏။” မာကု၊ ၄:၂၈။ ဤ အရာများကို ဘုရားသခင်သည် ရာသီဥတုအလိုက် အချိန်မှန် ဖြစ်ထွန်းစေသည် ဖြစ်၍ အမိန့်တော်ကိုလည်း ဖီဆန်ခြင်း မပြုကြ။ ယင်း အကြောင်းကြောင့် လူသည် ဘုရားသခင်၏ ပုံသဏ္ဌန်တော်နှင့်အညီ ဖန်ဆင်းထားပါလျက်၊ စဉ်းစားတတ်သော ဉာဏ် နှင့် စကားပြောဆိုနိုင်သော အစွမ်းသတ္တိများနှင့်လည်း ပြည့်စုံပါလျက်၊ သူ တစ်ဦးတည်းသာလျှင် ကိုယ်တော်၏ လက်ဆောင်တော်များအတွက် ကျေးဇူးတရား မသိဘဲ၊ အလိုတော်သို့လည်း မလိုက်ဘဲနေသည်ဆိုသည်မှာ ဖြစ်နိုင်ပါမည်လား။ ဆင်ခြင်တုံတရားနှင့် ပြည့်စုံသော သတ္တဝါများကသာလျှင် ကျွန်ုပ်တို့၏ ကမ္ဘာလောကကြီးကို ရှုပ်ထွေးမှု အပေါင်းနှင့် ပြည့်ဝလျက် ရှိနေစေပါမည်လော။COLB 84.2

    လူသည် စားနပ်ရိက္ခာ ရရှိရေးအတွက် လုပ်ငန်းမှန်သမျှတွင် ဘုရားရှင်နှင့် ဖက်စပ် လုပ်ဆောင်မှသာလျှင် ရရှိနိုင်သည်ကို တွေ့သိနိုင်ပါသည်။ မိမိ၏ လက်ဖြင့် မျိုးစေ့ကြဲရသည့် တာဝန်ကို မဆောင်ရွက်ပါက စပါးရိတ်သိမ်းခြင်း မရှိနိုင်။ ဘုရားသခင် စီမံထားတော်မူသည့် အင်အားစုများ ဖြစ်သော နေရာက်ခြည် နှင့် မိုးရေ မိုးပေါက်များ၊ နှင်းရည် နှင့် မိုးတိမ်များ မရှိပါကလည်း တိုးပွားများပြားခြင်း ရှိမည် မဟုတ်ပါ။ စီးပွားရေး လုပ်ငန်းများတွင် လည်းကောင်း၊ သိပ္ပံအတတ်နှင့် ပညာရှာမှီးဆည်းပူးရာတွင် လည်းကောင်း ယင်း နည်းအတိုင်းပင် ဖြစ်ပါသည်။ အကျင့်စာရိတ္တ တည်ဆောက်ရာတွင် လည်းကောင်း၊ ခရစ်ယာန်လုပ်ငန်း လမ်းစဉ်တိုင်းတွင် လည်းကောင်း၊ ဝိညာဉ်ရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်းကောင်း ယင်းကဲ့သို့ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ရမည် ဖြစ်သော်လည်း၊ ဘုရားရှင်၏ တန်ခိုးတော်ကိုလည်း လိုအပ်ပါသည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့၏ ကျိုးစားမှုတွင် အကျိုးသက်ရောက်မှု မရှိနိုင်ပါ။COLB 84.3

    လူသည် ဝိညာဉ်ရေး ကိစ္စရပ်များတွင် လည်းကောင်း၊ လောကီရေး ကိစ္စရပ်များတွင် လည်းကောင်း မည်သည့် ကိစ္စရပ်များ၌ မဆို ဆောင်ရွက်အောင်မြင်မှု ရှိသောအခါတိုင်း မိမိကို ဖန်ဆင်းတော်မူသော အရှင်နှင့်အတူ လုပ်ဆောင်သော ကြောင့်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားကိုယ်တော်ရှင်ကို ခိုလှုံကိုးစားခြင်းဖြင့်သာ အသက်ရှင်ရသည်ကို သဘောပေါက်ရန် အထူး အရေးကြီးပါသည်။ လူကို ယုံကြည်စိတ်ချမှုများလွန်းကြ၏။ လူတို့၏ တီထွင်ဖန်တီးမှုများကိုလည်း အားကိုးလွန်းကြ၏။ ဘုရားသခင်က ပေးတော်မူရန် အသင့်ပြင်ဆင်ထားပြီးသော စွမ်းအားများကို ယုံကြည်ကိုးစားခြင်း နည်းလွန်းပါသည်။ “ငါတို့သည် ဘုရားသခင့်ထံ၌ အလုပ်လုပ်သော သူချင်းဖြစ်ကြ၏။” ၁ ကော၊ ၃:၉။ စားနပ်ရိက္ခာကို ရရှိစေရန် လူ၏ စွမ်းအားသည် အတိုင်းအတာ မရှိ နိမ့်ကျသော်လည်း ခရစ်တော်အရှင်နှင့် ကွင်းဆက် ရှိထားပါက ခရစ်တော် ပေးတာ်မူသည့် စွမ်းအားဖြင့် အရာခပ်သိမ်းကို ပြုလုပ်နိုင်ပါသည်။COLB 85.1

    မျိုးစေ့သည် အပင်ပေါက်၍ တရွေ့ရွေ့ ကြီးထွားရှင်သန်လာပုံတွင် ကလေးသူငယ်ကို သွန်သင်ရန်အတွက် သရုပ်ပြ သင်ခန်းစာ တစ်ရပ် ပါဝင် ပါသည်။ “ရှေးဦးစွာ အညှောက်၊ ထိုနောက် အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသော အဆန်ကို ဖြစ်စေတတ်၏။” ယင်း ဥပမာကို ဟောကြားတော်မူသော အရှင်သည် သေးငယ်သော မျိုးစေ့ကို ဖန်ဆင်းတော်မူ၏။ အသက်ရှင်စေသော သတ္တိကိုလည်း ပေးသွင်းထားတော်မူ၏။ ယင်း မျိုးစေ့ကြီးထွားရှင်သန်လာစေရန် စိုးမိုးသော ဓမ္မတာတရားကိုလည်း စီမံခန့်ခွဲထားတော်မူ၏။ ဥပမာပုံအားဖြင့် သင်ကြားထားသည့် သစ္စာတရားမျ၏မူအတိုင်း ကိုယ်တော်၏ အသက်တာတွင် အမှန်ဖြစ်တော်မူခဲ့၏။ ကိုယ်တော်ရှင်၏ ရုပ်ပိုင်းဆိုင်ရာ စိတ်သဘောထားများ နှင့် ဝိညာဉ်ရေးဆိုင်ရာ စိတ်သဘောထားများသည် ဘုရားသခင် စီစဉ်ထားတော်မူသည့်အတိုင်း ဥပမာတွင် ပုံဆောင်ထားသည်နှင့်အညီ လိုက်လျှောက်တော်မူ၏။ လူငယ်တိုင်းကိုလည်း ယင်း နည်းအတိုင်းပင် လိုက်လျှောက်စေလိုတော်မူ၏။ ကိုယ်တော်သည် ကောင်းကင်ဘုံ၏ မြင့်မြတ်တော်မူသော ဘုန်းတော်ရှင်ဘုရင်ကြီး ဖြစ်တော်မူသော်လည်း ဗက်လင်မြို့၌ သူငယ်တော် ဖြစ်ခဲ့ပါသည်။ ခဏတာမျှ နို့စို့သူငယ်၏ မစမဲ့ဘဝတွင် မိခင်၏ စောင့်ရှောက်မှုကို ခံယူခဲ့တော်မူ၏။ ကလေးဘဝတွင် နားထောင်သော ကလေးအဖြစ်နှင့် ကလေးတို့၏ အလုပ်ကို လုပ်ခဲ့၏။ လူကြီးကဲ့သို့ မဟုတ် ကလေးကဲ့သို့ အသိပညာဖြင့်၊ ပြောဆိုပြုကျင့်ခြင်းဖြင့် ကလေး တစ်ယောက်၏ အရည်အချင်းနှင့် လျော်ညီစွာ မိဘတို့၏ အလိုကို အသုံးဝင်သော နည်းလမ်းအားဖြင့် သယ်ပိုးဆောင်ရွက်ခဲ့ခြင်းဖြင့် မိဘတို့အား ဂုဏ်ပြုခဲ့၏။ သို့သော် ယင်းကဲ့သို့ ကြီးပွားလျက် ရှိသော အသက်တာ အဆင့်တိုင်းတွင် ကိုယ်တော်သည် ရိုးသားတည်ကြည်စွာဖြင့် လည်းကောင်း၊ ပကတိ ယဉ်ကျေးသိမ်းမွေ့၍ ဒုစရိုက်ကင်းသော အသက်တာဖြင့် လည်းကောင်း ပြီးပြည့်စုံ၏။ သူငယ်တော် ဘဝနှင့် ပတ်သက်၍ “သူငယ်သည်လည်း ကြီးပွား၍ ပညာ ဉာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း သူ့အပေါ်၌ တည်၏။” လု၊ ၂:၄၀။ ၎င်းအပြင် လူငယ်တော် ဘဝ နှင့်ပတ်သက်၍ “ယေရှုသည်လည်း အစဉ်အတိုင်း ကြီး၍ ပညာတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူတို့ ရှေ့မှာ မျက်နှာရတော်မူ၏။” ဟု သန့်ရှင်းတော်မူသော မှတ်တမ်းတွင် ဖေါ်ပြထားပါသည်။ လု၊ ၂:၅၂။COLB 85.2

    မိဘ နှင့် ဆရာများအတွက် ဆောင်ရွက်ရန် လုပ်ငန်းနှင့် ပတ်သက်၍ အကြံပြုထားသည်မှာ ဥယျာဉ်၌ ရှိသော အပင်များသည့် သဘာဝအလှကို ဖေါ်ဆောင်နေသကဲ့သို့ လူငယ်များသည်လည်း သူတို့၏ ဘဝအသေက်တာ အဆင့်တိုင်းတွင် ပကတိလှပတင့်တယ်ခြင်းကို သူတို့ အသက်တာ နှင့် လိုက်လျောညီထွေ ရှိစေရန် ရည်ရွယ်၍ သူတို့၏ စိတ်နေသဘောထားကို ဆရာမိဘတို့က ပြုစုပျိုးထောင်ပေးရမည်။COLB 87.1

    ဟန်ဆောင်မှု ကင်း၍ ပကတိ သဘောထား ရှိသော ကလေးသူငယ်များသည် လူတို့၏ စိတ်ကို အဆွဲဆောင်နိုင်ဆုံး ဖြစ်၏။ သူတို့အား အထူး ဂရုစိုက် အရေးမပေးသင့်ပါ။ သူတို့ အနေဖြင့် လိမ္မာရေးခြား ပြောဆိုသည့် စကားများကိုလည်း သူတို့ ရှေ့၌ မချီးမွမ်းသင့်ပါ။ သူတို့၏ ပုံပန်းသဏ္ဌာန်၊ သူတို့၏ စကားအသုံးအနှုန်း၊ သို့မဟုတ် သူတို့၏ အပြုအမူများကို ချီးမွမ်းခြင်းအားဖြင့် စိတ်ကြီးဝင်မှုမျိုးကိုလည်း အားမပေးသင့်ပါ။ ဟိတ်ဟန်ထုတ်သည့် သဘောသက်ရောက်သော အဝတ်များ၊ သို့မဟုတ် ငွေ အကုန်အကျများစေသည့် အဖိုးတန် အထည်များကို ဆင်မြန်း မပေးသင့်ပါ။ ယင်းသို့ပြုလျှင် သူတို့အား ဝါကြွားစေရန် အားပေးရာ ရောက်သည့်ပြင် သူတို့၏ အပေါင်းဖေါ်များကလည်း သူတို့အပေါ် မနာလိုစိတ်များ ပေါ်ပေါက်လိမ့်မည်။COLB 87.2

    ငယ်သော ကလေးများကို ကလေးတို့၏ ရိုးသားမှုနှင့် လျော်ညီသော ပညာကို ပေးသင့်ပါသည်။ သူတို့၏ အသက် နှင့် ပကတိလိုက်လျောညီသော ဗဟုသုတဖြင့်လည်းကောင်း၊ သူတို့ကို အထောက်အကူ ပြုစေမည့် တာဝန် နှင့် ပျော်ရွှင်မှုကလေးများအားဖြင့်လည်းကောင်း သူတို့သည် တင်းတိမ်ရောင့်ရဲမှု ရှိကြစေရန် သူတို့ကို လေ့ကျင့် ပညာပေးရမည်။ ကလေးဘဝသည် ဥပမာပုံတွင် ဖေါ်ပြထားသည့် အညှောက်နှင့် တူပါသည်။ ၎င်းအတွက် သီးခြား လှပတင့်တယ်ဖြင်း ရှိပါသည်။ ကလေးသူငယ်များကို အချိန်အခါ မရောက်မီ လူကြီး ဖြစ်အောင် အတင်းအဓမ္မ မပြုသင့်ပါ။ သူတို့၏ ငယ်ရွယ်နုနယ်သော အသက်နှင့် လိုက်လျောညီသည့် ယဉ်ကျေးဖွယ်ရာမှု နှင့် သန့်ရှင်းဖြူစင်မှုကို တာရှည်နိုင်သမျှ ရှည်အောင် လက်ကိုင်ထားပါစေ။COLB 87.3

    ကလေးများအနေဖြင့် သူတို့၏ အသက်နှင့် ကိုက်ညီသော အတွေ့အကြုံ ဗဟုသုတအလိုက် ခရစ်ယာန်များ ဖြစ်နိုင်ပါသည်။ ဘုရားသခင်သည် သူတို့ထံမှ ဤမျှသာ အလိုရှိတော်မူ၏။ သူတို့သည် ဝိညာဉ်ရေး နှင့်ဆိုင်သော အရာများကို သင်ကြားကြရန် လိုအပ်ပါသည်။ ခရစ်တော်ကဲ့သို့သော အကျင့်စာရိတ္တ တည်ဆောက်ရန် မိဘများက တတ်နိုင်သမျှ နည်းပေး လမ်းပြရမည်။ COLB 88.1

    သဘာဝတွင် ဘုရားသခင်၏ တရားတော်အရ အကြောင်းအကြောင့် အကျိုးဖြစ်လာရသည်မှာ မလွဲမမှားနိုင်သော တိကျမှန်ကန်မှု တစ်ရပ် ဖြစ်ပါသည်။ စိုက်ပျိုးခဲ့ပုံကို ရိတ်သိမ်းခြင်းက သက်သေထွက်ဆိုပါသည်။ ပျင်းရိသော အလုပ်သမားကို သူ၏ လုပ်ငန်းက ပြစ်ဒဏ် စီရင်ပါသည်။ သူ၏ တစ်ဖက်တွင် ရိတ်သိမ်းခြင်းက သက်သေခံပါသည်။ ထိုနည်းအတူ ဝိညာဉ်ရေးရာများတွင်လည်း အမှုဆောင်တိုင်း၏ သစ္စာရှိမှုကို သူ၏ လုပ်ငန်းအကျိုးသက်ရောက်မှုဖြင့် တိုင်းတာပါသည်။ သူ၏လုပ်ငန်းတွင် လုံ့လဝီရိယ စိုက်ထုတ်ထားသည်၊ သို့မဟုတ် ပျင်းရိစွာ ဆောင်ရွက်ထားသည်ကို ရိတ်သိမ်းခြင်းက ထင်ရှားစေပါလိမ့်မည်။ ထိုနည်းအတူ သူ၏ ထာဝရ ကံကြမ္မာကိုလည်း ယင်း အတိုင်းပင် ဆုံးဖြတ်လိမ့်မည်။COLB 88.2

    စိုက်ပျိုးသည့် မျိုးစေ့ အမျိုးအစားအလိုက် အသီးကို ရိတ်သိမ်းရပါသည်။ လူ၏ အသက်တာတွင်လည်း ယင်းအတိုင်းပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စိုက်သည့်အတိုင်း ရိတ်ရမည် ဖြစ်၍ သနားကြင်နာခြင်း မျိုးစေ့၊ စာနာထောက်ထားခြင်း မျိုးစေ့ နှင့် မေတ္တာ မျိုးစေ့များကို စိုက်ပျိုးကြရန် လိုပါသည်။ ကိုယ်ကျိုးကိုယ်စီးပွားကိုသာ လိုလာခြင်း၊ ကိုယ်ကိုကိုယ်သာ ချစ်မြတ်နိုင်းခြင်း၊ ကိုယ်ကိုကိုယ်သာ အထင်ကြီးခြင်း၊ ကိုယ်အလိုသို့သာ လိုက်စားခြင်း မှန်သမျှအတွက် အသက်ရှင်သော သူသည် ဇာတိပကတိ မျိုးစေ့ကို ကြဲသောကြောင့် ဇာတိပကတိအားဖြင့် ပုပ်ပျက်တတ်သော အသီးကို ရိတ်သိမ်းရလိမ့်မည်။COLB 88.3

    ဘုရားသခင်သည် မည်သူကိုမျှ ဖျက်ဆီးတော်မမူ။ ပျက်စီးသူတိုင်းသည် ကိုယ်ကိုကိုယ် ဖျက်ဆီးသောကြောင့်သာ ဖြစ်ရမည်။ သြတ္တပ္ပစိတ်၏ သတိပေးနှိုးဆော်ခြင်းကို ငြင်းဆန်သော သူသည် မယုံကြည်သော မျိုးစေ့များကို ကြဲသောကြောင့် တူညီသော အသီးကိုပင် မုချ ရိတ်သိမ်းရလိမ့်မည်။ ဘုရားသခင် ပထမ အကြိမ် သတိပေးနှိုးဆော်ခြင်းကို ငြင်းပယ်သော ရှေးသရောအခါက ဖါရောဘုရင်သည် နှလုံးခိုင်မာခြင်း မျိုးစေ့ကို ကြဲသောကြောင့် နှလုံးမာခြင်း အသီးကို ရိတ်သိမ်းခဲ့ရ၏။ သူ့အနေဖြင့် မယုံကြည်ရန် ဘုရားသခင်က အတင်းအကျပ် ပြုတော်မူသည် မဟုတ်။ မယုံကြည်သော မျိုးစေ့ကို သူကိုယ်တိုင် ကြဲသောကြောင့် အမျိုးတူသော အသီးကို ရိတ်သိမ်းခဲ့ရ၏။ သို့ဖြစ်၍ သူသည် ဆက်ခါဆက်ခါ ငြင်းပယ်ခဲ့ရာ ပျက်စီးပြုန်းတီးလျက် ရှိသော သူ၏ နိုင်ငံတော်ကြီးတွင် အေးစက်၍ သေနေသော သူ၏ သားဦးကို သာမက၊ သူ၏ နန်းတော်တွင်းရှိ သားဦး အားလုံး၊ သူ၏ နိုင်ငံတွင်း၌ ရှိသော မိသားစု အားလုံးမှ သားဦး အားလုံးတို့ပါ သေဆုံးကြသည် သာမက နောက်ဆုံးတွင် သူ၏ စစ်သူရဲ အားလုံးသည် စစ်ရထား၊ စစ်မြင်းများ နှင့်တကွ ပင်လယ်ရေအောက်တွင် နှစ်မြှပ်ရကြသည့် အဖြစ်အပျက်ကို သူကိုယ်တိုင် မြင်ရသည်တိုင်အောင် ဖြစ်ခဲ့၏။ “လူသည် မျိုးစေ့ကြဲသည့်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်” ဟု ကျမ်းစာ၌ ဖေါ်ပြထားသည့်အတိုင်း သူ၏ ရာဇဝင်သည် ကြောက်မက်ဖွယ်ကောင်းော သာဓက ဖြစ်ပါသည်၊ ဂလ၊ ၆:၇။ အကယ်၍ လူတို့သည် ဤ အကြောင်းအရာကို ဧကန်အမှန် သိနားလည်ကြမည် ဆိုပါက မည်ကဲ့သို့ မျိုးစေ့မျိုးကို ကြဲရန် သတိပြုကြလိမ့်မည်။COLB 88.4

    စိုက်ပျိုးသော မျိုးစေ့အလိုက် အသီးအနှံ ဖြစ်ထွန်းသောကြောင့် ယင်း မျိုးစေ့ကို ဆက်ခါဆက်ခါ စိုက်ပျိုးပြန်ရာ အသီးအနှံများ ပွားများလေ၏။ ကျွန်ုပ်တို့သည် သူတစ်ပါးတို့နှင့် ပေါင်းသင်းဆက်ဆံရာတွင်လည်း ယင်း ဓမ္မတာတရားအတိုင်းပင် ဖြစ်ပါသည်။ ပြုလေသမျှ၊ ပြောလေသမျှတို့သည် မျိုးစေ့များ ဖြစ်၍ ယင်း အမျိုးအစားအတိုင်း အသီးအနှံများ ဖြစ်ထွန်းလိမ့်မည်။ ကိုယ်ချင်းစာတရားဖြင့် လည်းကောင်း၊ နားထောင်ခြင်းဖြင့် လည်းကောင်း၊ ကိုယ်ကျိုးစွန့်၍ အနစ်နာခံခြင်းဖြင့် လည်းကောင်း ကြင်နာစွာပြုသော ကောင်းမှုတိုင်းသည် အခြားသော သူတို့တွင် ပြန်လည် ဖြစ်ထွန်း၍ ထိုသူများမှတစ်ဆင့် အသီးများ ဆက်လက် ပြန့်ပွားလိမ့် မည်။ ထိုနည်းအတူ မနာလိုခြင်း၊ ငြူစူခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ပဋိပက္ခပြုခြင်းများသည်လည်း “ခါးစွာသော ပင်မြစ်” တည်းဟူသော မျိုးစေ့ ဖြစ်၍ လူအများအား ညစ်ညူးစေလိမ့်မည်။ (ဟေဗြဲ၊ ၁၂:၁၅)။ ထိုမှတစ်ဆင့် “လူအများ” မည်မျှ ဆက်လက်၍ ညစ်ညူးဆိပ်သင့်ကြပါလိမ့်မည်နည်း။ ထိုကြောင့် ကောင်းမှု မျိုးစေ့ နှင့် မကောင်းမှု မျိုးစေ့ ကြဲခြင်းတို့သည် ယခု ကာလမှအစ ထာဝရကာလတိုင်အောင် အဓွန့်ရှည်လိမ့်မည်။COLB 89.1

    ဝိညာဉ်ရေးရာများတွင် လည်းကောင်း၊ လောကီရေးရာများတွင် လည်းကောင်း ရက်ရက်ရောရော ပြုလုပ်ရန် လိုအပ်ကြောင်း မျိုးစေ့ကြဲသည့် ဥပမာအားဖြင့် သင်ကြားထားပါသည်။ “ရေ ရှိရာ အရပ်တို့၌ မျိုးစေ့ကြဲ …. တတ်သော သင်တို့သည် မင်္ဂလာ ရှိကြ၏။” ဟေရှာ၊ ၃၂:၂၀။ “အနည်းငယ်သော မျိုးစေ့ကို ကြဲသော သူသည် စပါး အနည်းငယ်သာ ရိတ်ရမည်။ များစွာကြဲသော သူသည် များစွာ ရိတ်ရမည်ဟု မှတ်ကြ” ရန် ဘုရားသခင် မိန့်တော်မူ၏။ ၂ ကော၊ ၉:၆။ ရေ ရှိရာ အရပ်တို့၌ မျိုးစေ့ကို ကြဲရမည်ဟု ဆိုရာ၌ ဘုရားသခင်၏ ဆုကျေးဇူးများကို အဆက်မပြတ် ဝေငှပေးကမ်းရမည်ဟု ဆိုလိုပါသည်။ ကျွန်ုပ်တို့၏ ကူညီထောက်ပံ့ခြင်းကို လိုအပ်သော သူများအတွက် လည်းကောင်း၊ ဘုရားသခင်၏ အမှုတော်အတွက် လည်းကောင်း နေရာမရွေး ဝေငှပေးလှူရမည်ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးသွားလိမ့်မည် မဟုတ်ပါ။ “မာျးစွာ ကြဲသော သူသည် များစွာ ရိတ်ရလိမ့်မည်” မျိုးစေ့ကြဲသော သူသည် မိမိ၏ မျိုးစေ့ကို ကြဲဖြန့်ထားသောကြောင့် စပါး မြောက်များစွာကို တိုးပွားရရှိပါသည်။ ဘုရားသခင်၏ ဆုကျေးဇူးများကို သစ္စာ ရှိစွာ ဝေငှ ဖြန့်ဖြူးသူများအတွက်မှာလည်း ယင်း အတိုင်းပင် ဖြစ်ပါသည်။ ဝေငှခြင်းဖြင့် သူတို့ ရရှိသော ကောင်းချီးမင်္ဂလာများကို တိုးပွားစေပါသည်။ သူတို့အနေဖြင့် ဆက်လက် ဝေငှပေးကမ်းရန် လုံလောက်အောင် ပေးမည်ဟု ဘုရားသခင် ကတိပြုတော်မူ၏။ “သူတစ်ပါးအား ပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက် ရှိခြင်း နှင့် သင်တို့ ရင်ခွင်၌ ပေးကြလိမ့်မည်။” လု၊ ၆:၃၈။COLB 90.1

    မျိုးစေ့ကြဲခြင်း၊ စပါးရိတ်သိမ်းခြင်းအကြောင်းတွင် ထိုမျှမက စိတ်ပါဝင်စားစရာများ ရှိပါသေးသည်။ ကျွန်ုပ်တို့သည် ဘုရားသခင် ပေးသနားတော်မူသော လောကီဆိုင်ရာ ဆုကျေးဇူးများကို ဝေငှဖြန့်ဖြူးသောအခါ လက်ခံ ရရှိသူအနေဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းရန် ကျွန်ုပ်တို့၏ မေတ္တာ နှင့် ကြင်နာမှုက ယင်း လက်ခံ ရရှိသူအား နိုးကြားစေပါသည်။ သူ၏ စိတ်နှလုံး မြေဆီလွှာသည် ဝိညာဉ်ရေးဆိုင်ရာ သမ္မာတရား မျိုးစေ့ကို ခံယူရန် ပြင်ဆင်လိမ့်မည်။ မျိုးစေ့ကြဲသော သူအား မျိုးစေ့ ပေးတော်မူသော ကိုယ်တော်ရှင်သည် ယင်း မျိုးစေ့မှ အသက်ရှင်သော အပင်ကို ပေါက်စေခြင်းအားဖြင့် ထာဝရအသက်တည်းဟူသော အသီးကို သီးလိမ့်မည်။COLB 91.1

    စပါးစေ့ကို မြေဆီလွှာအတွင်းသို့ ကျရောက်စေခြင်းသည် လူသားတို့အား ရွေးနုတ်ကယ်တင်ရန်အတွက် ခရစ်တော်သည် ကိုယ်ကိုကိုယ် ပူဇော်ခြင်းနှင့် ပုံဆောင်ထားပါသည်။ “မြေ၌ ကျသော စပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား၊ များစွာသော အသီးကို သီးတတ်၏” ဟု ကိုယ်တော် မိန့်တော်မူ၏။ ယော၊ ၁၂:၂၄။ ထိုကြောင့် ခရစ်တော် အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်၏ နိုင်ငံတော်အတွက် အသီးကို ဖြစ်ထွန်းစေတော်မူ၏။ ကောက်ပဲသီးနှံလောက နှင့်စပ်ဆိုင်သော ဓမ္မတာ တရားအတိုင်း ကိုယ်တော်ရှင် အသေခံတော်မူခြင်းအားဖြင့် အသက်ရှင်ခြင်း အကျိုးကို ဖြစ်စေတော်မူ၏။COLB 91.2

    အသီးအနှံကို ဖြစ်ထွန်းစေလိုသည့် စေတနာဖြင့် ခရစ်တော်နှင့်အတူ အမှုတော်ကို ဆောင်ရွက်သူတိုင်းသည် ရှေးဦးစွာ မြေသို့ ကျ၍ သေရမည်။ လယ်ကွက်အတွင်းရှိ ထယ်ကြောင်းတည်းဟူသော လောက၏ ဆင်းရဲနွမ်းပါးမှုအတွင်းသို့ အသက်ကို ချပေးရမည်။ ကိုယ်ကိုကိုယ်သာ ချစ်မြတ်နိုးခြင်း၊ ကိုယ်ကျိုးကိုယ်စီးပွားကိုသာ လိုလားခြင်း စသည့် စိတ်သဘောများ ပျက်စီရမည်။ သို့သော် ကိုယ်ကိုကိုယ် ပူဇော်ခြင်းတည်းဟူသော အနစ်နာခံခြင်းအားဖြင့် ကိုယ်ကိုကိုယ် မပျက်မစီးအောင် သိုသိပ်ထားခြင်းပင် ဖြစ်ပါသည်။ မြေ၌ မြှပ်နှံသော မျိုးစေ့သည် အသီးကို ဖြစ် ထွန်းစေ၍ ယင်း အသီးကို တစ်ဖန် စိုက်ပျိုးပြန်၏။ ဤသို့ဖြင့် သီးနှံရိတ်သိမ်းခြင်းကို များပြားစေ၏။ လယ်ရှင်သည် မိမိ၏ စပါးမျိုးစေ့ကို ကြဲဖြန့်ခြင်းဖြင့် ယင်း စပါးကို မပျက်မစီးအောင် သိုသိပ်ထားခြင်း ဖြစ်ပါသည်။ ထိုနည်းအတူ လူသားတို့၏ အသက်တာတွင် ပေးကမ်းစွန့်ကြဲခြင်းသည် အသက်ရှင်ခြင်း ဖြစ်၏။ ဘုရားသခင်၏ အမှုတော် နှင့် လူသားအတွက် ရက်ရက်ရောရော ပေးလှူသော အသက်သည် ပျက်စီးဆုံးရှုံးခြင်းနှင့် ကင်း၍ တည်မြဲသော အသက် ဖြစ်လိမ့်မည်။ ဤ လောကတွင် ခရစ်တော်အတွက် မိမိတို့၏ အသက်တာကို ဆက်ကပ်ပူဇော်ထားလျှင် ထာဝရအသက်အတွက် သိုလှောင်ထားခြင်းပင် ဖြစ်ပါသည်။COLB 91.3

    မျိုးစေ့သည် အသစ်သော အသက်ဖြင့် အပင်ပေါက်လာစေရန် ပထမ ပျက်စီးရ၏။ ယင်းနည်းအားဖြင့် ထမြောက်ရှင်ပြန်ခြင်းအကြောင်းကို ကျွန်ုပ်တို့အား သင်ကြားတော်မူ၏။ ဘုရားသခင်ကို ချစ်သော သူတိုင်း အထက် ဧဒင်ဥယျာဉ်တော်တွင် နောက်တစ်ဖန် အသက်ရှင်ခွင့် ရကြလိမ့်မည်။ မြေသင်္ချိုင်းအတွင်း ဆွေးမြေ့၍ မြေကြီး ဖြစ်စေသော လူသား၏ ခန္ဓာကိုယ်သည် “စိုက်သောအခါ ပုပ်တတ်သော သဘော ရှိ၏။ ထမြောက်သောအခါ မပုပ်နိုင်သော အဖြစ်၌ တည်၏။ စိုက်သောအခါ ဂုဏ်အသရေ ပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်း မရှိ၊ ထမြောက်သောအခါ အစွမ်းနှင့် ပြည့်စုံ၏” ဟု ဘုရားသခင် မိန့်တော်မူ၏။ ၁ ကော၊ ၁၅:၄၂၊၄၃။COLB 92.1

    ဤ အကြောင်းအရာများမှာ မျိုးစေ့ကြဲသော သူ နှင့် မျိုးစေ့ ဥပမာတွင် သင်ပြထားသည့် သင်ခန်းစာများအနက် အချို့ ဖြစ်ပါသည်။ ယင်းသည် သဘောဝ၏ အသက်ရှင်သော ဥပမာ ဖြစ်ပါသည်။ ဆရာမိဘတို့သည် ဤ သင်ခန်းစာများကို သင်ကြားပေးကြသောအခါ တတ်နိုင်သမျှ ကိုယ်တွေ့ ဗဟုသုတ ဖြစ်အောင် ကြိုးစားသင့်ကြပါသည်။ ကလေးများအား ကိုယ်တိုင် မြေသြဇာကို ပြုပြင်၍ မျိုးစေ့ကို စိုက်ပျိုးကြပါစေ။ သူတို့ အလုပ် လုပ်နေကြစဉ် ကောင်းသော မျိုးစေ့ သို့မဟုတ် မကောင်းသော မျိုးစေ့နှင့် စိုက်ပျိုးထားသည့် စိတ်နှလုံးဥယျာဉ်အကြောင်းကို ဆရာမိဘတို့က ရှင်းပြသင့်ပါသည်။ ထိုနောက် သဘာဝမျိုးစေ့ကို စိုက်ပျိုးရန် ဥယျာဉ်မြေကို ပြုပြင်ရသကဲ့သို့ စိတ်နှလုံးသည်လည်း သမ္မာတရားမျိုးစေ့ကို ခံယူနိုင်ရန် ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း သင်ကြားပေးရမည်။ မျိုးစေ့ကို မြေကြီး၌ ချနေစဉ်တွင် ခရစ်တော် အသေခံတော်မူခြင်းအကြောင်းကို သင်ပြနိုင်ပါသည်။ အစို့ သို့မဟုတ် အညှောက် ထွက်ပေါ်လာသောအခါ ထမြောက်ရှင်ပြန်ခြင်းဆိုင်ရာ သမ္မာတရားကို သင်ကြားပေးနိုင်ပါသည်။ အပင်များ ရှင်သန်ကြီးထွားနေစဉ်တွင် သဘာဝစိုက်ပျိုးခြင်း နှင့် ဝိညာဉ်ရေးဆိုင်ရာ စိုက်ပျိုးခြင်းတို့၏ ဆီလျော် စပ်ဟပ်ပုံကို ဆက်လက် သင်ကြားပေးနိုင်ပါသည်။COLB 92.2

    လူငယ်များကိုလည်း ယင်းအတိုင်းပင် သင်ကြားပေးသည့်ပါသည်။ မြေသြဇာ ထွန်ယက်တူးဆွပုံကို သူတို့အား လက်တွေ့ သင်ကြားပေးသင့်ပါသည်။ ကျောက်တိုင်း၌ စိုက်ပျိုးရေး လုပ်ငန်းအတွက် ကိုယ်တွေ့ ဆောင်ရွက်နိုင်အောင် မြေနေရာ ဆက်စပ်ထားပါက အထူး သင့်လျော်ပါသည်။ ယင်း မြေနေရာကို ဘုရားသခင်၏ စာသင်ခန်း ဖြစ်သည်ဟု သဘောထားသင့်ပါသည်။ သဘာဝ လောကကြီးသည် ဘုရားသခင်၏ သားသမီးများ သင်အံ လေ့ကျက်ရန်အတွက် သင်ခန်းစာ စာအုပ် ဖြစ်၍ ယင်း စာအုပ်မှ အသက်ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးရန်အတွက် အသိပညာ ရရှိကြပေလိမ့်မည်။COLB 93.1

    မြေဆီလွှာကို ထွန်ယက်တူးဆွရာတွင် လည်းကောင်း၊ မြေနေရာကို ပြုပြင်ရှင်းလင်းရာတွင် လည်းကောင်း သူတို့အတွက် အဆက်မပြတ် သင်ခန်းစာများ ရယူနိုင်ပါသည်။ မြေရိုင်း တစ်နေရာတွင် ချက်ချင်း အသီးအနှံကို ရိတ်သိမ်းရလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် အဘယ်သူမျှ သွားရောက် အခြေစိုက်လိမ့်မည် မဟုတ်ပါ။ မြေနေရာကို စိုက်ပျိုးလုပ်ကိုင် စားသောက်နိုင်လောက်အောင် စိတ်ထက်သန်စွာဖြင့် လည်းကောင်း၊ လုံ့လဝီရိယဖြင့် လည်းကောင်း၊ ဇွဲသတ္တိဖြင့် လည်းကောင်း ကြိုးစား အားထုတ် ဆောင်ရွက်ရမည်။ ယင်းနည်းအတိုင်း ဆောင်ရွက်ရပါမည်။ မြေနေရာကို ထွန်ယက်စိုက်ပျိုး၍ အကျိုးကျေးဇူးကို ခံစားလိုသော သူများ သည် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို နှလုံးသွင်း၍ ဆက်လက် ဆောင်ရွက်ရမည်။ သို့မှသာလျှင် မြေရိုင်းနှင့် တူသော စိတ်နှလုံးသည် သန့်ရှင်သော ဝိညာဉ်တော်၏ ပြုပြင်မှုကြောင်း ပျော့ပျောင်း၍ ကြေမွကျိုးပဲ့နေသည်ကို သူတို့ ခံစားရကြလိမ့်မည်။ မြေဆီလွှာကို လုံ့လဝီရိယစိုက်၍ လုပ်ဆောင်ခြင်း မရှိပါက အသီးအနှံကို ရိတ်သိမ်းရလိမ့်မည် မဟုတ်ပါ။ စိတ်နှလုံး မြေဆီလွှာသည်လည်း ယင်းအတိုင်းပင် ဖြစ်၍ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည့် အသီးအနှံများ ဖြစ်ထွန်းစေရန် ဘုရားသခင်၏ ဝိညာဉ်တော်သည် ယင်း စိတ်နှလုံးမြေဆီလွှာကို စည်းကမ်းသေဝပ်မှု ရှိအောင် ပြုပြင်ထားတော်မူပြီး ဖြစ်ရမည်။COLB 93.2

    ရုတ်တရက် စိတ်ကူးပေါက်လာမှ ထ၍ အလုပ် လုပ်ခြင်းဖြင့် မြေသြဇာမှ အဖိုးထိုက်တန်သော သီးနှံများ ဖြစ်ထွန်းလာမည် မဟုတ်၊ နေ့စဉ် ဂရုစိုက်၍ ဆောင်ရွက်ရန် လိုအပ်ပါသည်။ ကောင်းသော မျိုးစေ့များ သောက်သုံးရမည့် အာဟာရဓါတ်များကို စုပ်ယူသွားမည့် တောပင်များ မကြီးမပွား မရှင်သန်နိုင်အောင် မြေသြဇာကို မကြာခဏ နက်ရှိုင်းစွာ ထွန်ယက်ရမည်။ ထိုနည်းအားဖြင့် ထွန်ယက်စိုက်ပျိုးသော သူတို့သည် ရိတ်သိမ်းရန်အတွက် ပြင်ဆင်ထားသော သူများ ဖြစ်ကြ၏။ သို့ပြုလျှင် မျှော်လင့်စရာ မရှိလောက်အောင် ပျက်စီးယိုယွင်းနေသော လယ်ယာ နှင့် မည်သူမျှ ရင်ဆိုင်ရလိမ့်မည် မဟုတ်ပါ။COLB 94.1

    သဘာဝမှ ဝိညာဉ်ရေးရာ သင်ခန်းစာများကို သင်ယူ၍ လယ်ယာမြေကို ဤကဲ့သို့ လုပ်ဆောင်သော သူများအား ဘုရားသခင် ကောင်းချီးပေးတော်မူပါလိမ့်မည်။ မြေဆီလွှာကို ထွန်ယက်စိုက်ပျိုးသော သူသည် မိမိ ရှေ့မှောက်တွင် မည်ကဲ့သို့ ဥစ္စာဘဏ္ဍာများ ပေါ်ထွက်လာလိမ့်မည်ကို သိကောင်းမှ သိပေးလိမ့်မည်။ ကိုယ်တွေ့ ဗဟုသုတ ရှိသော သူတို့ ထံမှ ရရှိသော နည်းလမ်းများ နှင့် သိနားလည်သော သူများက မှတ်သားစရာ ပြောပြချက်များကို မထီလေးစား မပြုဘဲ ကိုယ်တိုင်ကလည်း ဗဟုသုတ ရှာဖွေ စုဆောင်းသင့်ပါသည်။ ယင်းသို့ ပြုလုပ်ခြင်းသည် တစ်စိတ်တစ်ဒေသအားဖြင့် ကိုယ်တွေ့ လေ့ကျင့် သင်ကြားနေခြင်း ဖြစ်ပါသည်။ လယ်ယာမြေကို ထွန်ယက် စိုက်ပျိုးခြင်းသည် အသက်ဝိညာဉ်အတွက် အတတ်ပညာ တစ်ရပ် ဖြစ်ကြောင်း သက်သေ ထင်ရှားလိမ့်မည်။COLB 94.2

    မျိုးစေ့ကို အပင်ပေါက်စေသော သူ၊ နေ့ရောညပါ ကြည့်ရှုစောင့်ထိန်းသော သူ၊ ယင်းကို ကြီးထွားရှင်သန်စေရန် စွမ်းအားပေးသော သူ ထိုသူသည် အစအဦးတွင် ကျွန်ုပ်တို့အား လူသတ္တဝါအဖြစ် စတင် ဖန်ဆင်းတော်မူသော အရှင် ဖြစ်တော်မူ၍ ကောင်းကင်ဘုံရှင်ဘုရင်ကြီးလည်း ဖြစ်တော်မူသောကြောင့် ကိုယ်တော်သည် မိမိ၏ သားသမီးများကို ထိုထက် ပို၍ အရေးပေးစောင့်ရှောက်တော်မူ၏။ လယ်လုပ်သော သူသည် ကျွန်ုပ်တို့ ယခု ဘဝ အသက်ရှင်စေဖို့ မျိုးစေ့ကို စိုက်ပျိုးသကဲ့သို့ လယ်ရှင် ဘုရားသည် ထာဝရအသက်အတွက် အသီးကို သီးစေဖို့ မျိုးစေ့ကို စိတ်နှလုံးအတွင်း၌ စိုက်ပျိုးတော်မူလိမ့်မည်။COLB 95.1

    * * * * *

    Larger font
    Smaller font
    Copy
    Print
    Contents