Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    Chapter 22—အပြော နှင့် အလုပ်

    မ၊ ၂၁:၂၃-၃၂။ ကို အခြေပြုပါသည်။

    “တစ်စုံတစ်ယောက်သော သူ၌ သား နှစ်ယောက် ရှိ၏။ သားအကြီးဆီသို့ သွား၍ ငါ့ သား၊ ယနေ့ ငါ့ စပျစ်ဥယျာဉ်သို့ သွား၍ လုပ်ဆောင်လော့ဟု ဆိုလျှင် သားက ငါ မသွားဘူးဟု ပြန်ပြောသော်လည်း နောက်မှ နောင်တရ၍ သွားလေ၏။ အဘသည် အခြားသော သားဆီသို့ သွား၍ ရှေ့နည်းအတူ ဆိုလျှင် သားက သွားပါမည် အဘ သခင်ဟု ဆိုသော်လည်း မသွားဘဲနေ၏။ ထို သား နှစ်ယောက်တွင် အဘယ်သူသည် အဘ၏ အလိုကို ဆောင်သနည်းဟု မေးတော်မူလျှင် သားအကြီး ဆောင်ပါသည်ဟု လျှောက်ကြ၏။”COLB 329.1

    “သခင်၊ သခင်ဟု ငါ့ကို လျှောက်သော သူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည် မဟုတ်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော်၏ အလိုကို ဆောင်သော သူသာလျှင် ဝင်ရလိမ့်မည်” ဟု တောင်ပေါ် ဒေသနာတွင် ခရစ်တော် မိန့်တော်မူ၏။ မ၊ ၇:၂၁။ ရိုးဖြောင့် မှန်ကန်ခြင်းကို အပြောနှင့် စစ်၍ မရ၊ အလုပ်ဖြင့်သာ ထင်ရှားလိမ့်မည်။ ယင်း တောင်ပေါ် ဒေသနာတော်၌ပင် ခရစ်တော်က “အဘယ်သို့ ထူးမြတ်သနည်း” ဟု မေးတော်မူ၏။ မ၊ ၅:၄၇။ ဆိုလိုသည်မှာ သင်သည် သူတစ်ပါးထက် အဘယ်သို့ ပို၍ ပြုသနည်းဟု မေးတော်မူခြင်း ဖြစ်ပါသည်။ သင်သည် သူတစ်ပါးထက် အဘယ်သို့ ပို၍ ပြောသနည်းဟု မေးတော်မူခြင်း မဟုတ်ပါ။ ထိုကြောင့် “ဤ အရာများကို သင်တို့ သိ၍ သိသည်အတိုင်း ကျင့်လျှင် မင်္ဂလာ ရှိကြ၏။” ဟု မိန့်တော်မူရာတွင် အဓိပ္ပါယ် ပြည့်စုံလှပါ၏။ ယော၊ ၁၃:၁၇။ လျော်ကန်သင့်မြတ်သော အလုပ် မပါလျှင် အပြော၌ တန်ဖိုး မရှိ။ ဤသည်ကား သား နှစ်ယောက် ဥပမာနှင့် စပ်လျဉ်းသည့် သင်ခန်းစာပေတည်း။COLB 329.2

    ခရစ်တော်သည် အပ်နှံခြင်းကို မခံရမီ နောက်ဆုံးအချိန် ယေရုရှလင်မြို့သို့ သွားရောက် လည်ပတ်စဉ်က ယင်း ဥပမာဖြင့် သြဝါဒ ပေးတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ရောင်းဝယ်ဖေါက်ကားနေသော သူများကို ဗိမာန်တော်မှ နှင်ထုတ်ရာတွင် ထိုသူတို့၏ စိတ်ကို ထိခိုက်အောင် ဘုရားသခင်၏ တန်ခိုးတော်ပါသော အသံဖြင့် အမိန့်ပေးတော်မူခဲ့၏။ ထိုသူများသည်လည်း အံ့အားသင့်၍ တုန်လှုပ်ချောက်ချားပြီးလျှင် ဆင်ခြေပေးခြင်း၊ ခုခံခြင်း မပြုမလုပ်နိုင်ဘဲ ကိုယ်တော်၏ အမိန့်တော်ကို နာခံရကြ၏။COLB 329.3

    ယဇ်ပုရောဟိတ်များ နှင့် အကြီးအကဲတို့သည် တုန်လှုပ်ချောက်ချားခြင်း လျော့နည်း၍ ပြန်လာကြသောအခါ ခရစ်တော်သည် ဗိမာန်တော်၌ နာမကျန်း ဖြစ်သူများ နှင့် သေလုနီးသော သူများကို ချမ်းသာပေး ကုသလျက် ရှိတော်မူသည်ကို လည်းကောင်း၊ ဝမ်းမြောက်ခြင်းအတွက် ကြွေးကြော်သံများ နှင့် ကျေးဇူးတော်ကို ချီးမွမ်းသည့် သီဆိုသံများကို လည်းကောင်း သူတို့ ကြားမြင်ရ၏။ အနာရောဂါ ကင်းငြိမ်းခွင့် ရကြသည့် ကလေးသူငယ်များကလည်း စွန်ပလွံခက်များကို ကိုင်လျက် ဒါဝိဒ်၏ သားတော်အား ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော် သီဆိုကြ၏။ အနာရောဂါ ပျောက်ကင်းစေသည့် တန်ခိုးကြီးတော်မူသော အရှင်ကို နို့စို့အရွယ် ကလေးသူငယ်များကလည်း မပီကလာ ပီကလာ အသံများဖြင့် ချီးမွမ်းသီဆိုကြ၏။ သို့သော် ယဇ်ပုရောဟိတ်များ နှင့် အကြီးအကဲများအတွက်မှာမူကား ဤမျှ ထူးခြားလှသည့် အချက်များကပင်လျှင် သူတို့၏ မျက်နှာလိုက်ခြင်း နှင့် မနာလိုဝန်တိုသော စိတ်သဘောများကို မပျောက်မပျက်စေနိုင်ပါ။COLB 330.1

    နောက်တစ်နေ့တွင် ခရစ်တော်သည် ဗိမာန်တော်၌ ဆုံးမသြဝါဒ ပေးတော်မူစဉ် ယဇ်ပုရောဟိတ်အကြီးတို့ နှင့် လူတို့တွင် အကြီးအကဲ ဖြစ်သော သူတို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ “ကိုယ်တော်သည် ဤ အမှုများကို အဘယ်အခွင့်နှင့် ပြုသနည်း၊ ထိုအခွင့်ကို အဘယ်သူ ပေးသနည်း” ဟု မေးလျှောက်ကြပါသည်COLB 330.2

    ယဇ်ပုရောဟိတ်များ နှင့် လူအကြီးအကဲများတို့သည် ခရစ်တော်၏ တန်ခိုးတော်နှင့် စပ်လျဉ်း၍ မမှားမယွင်းနိုင်သော သက်သေ သာဓကများကို တွေ့သိကြ၏။ ဗိမာန်တော်ကို သန့်စင်စေရာ၌လည်း ကိုယ်တော်၏ မျက်နှာတော်တွင် ကောင်းကင်တန်ခိုး ထွန်းလင်းတော်မူသည်ကို သူတို့ တွေ့မြင်ကြ၏။ ကိုယ်တော် မိန့်ကြားတော်မူသည့် တန်ခိုး အာဏာတော်ကိုလည်း သူတို့ မလွန်ဆန်နိုင်ခဲ့ကြ။ ကိုယ်တော်၏ အံ့သြဖွယ်ရာ အနာရောဂါ ကင်းငြိမ်းစေသည့် ဆောင်ရွက်မှုများတွင်လည်း သူတို့၏ မေးခွန်းအတွက် အဖြေ ရှိပါသည်။ ကိုယ်တော် ရရှိထားသော အခွင့်အာဏာကို မငြင်းမဆိုနိုင်ရန် သက်သေသက်ကန်နှင့် ပြခဲ့၏။ သခင်ယေရှု ကိုယ်တော်တိုင်က မိမိသည် မေရှိယ (ခရစ်တော်) ဖြစ်သည်ဟု ကြွေးကြော်စေလိုကြ၏။ သို့မှသာလျှင် သူတို့သည် ကိုယ်တော်၏ စကားများကို အလွဲအသုံးပြု၍ လူထုထကြွအောင် လှုံဆော်လိုကြပါသည်။ ကိုယ်တော်၏ သြဇာသက်ရောက်မှုကို ဖျက်ဆီး၍ ကိုယ်တော်အား အဆုံးစီရင်လိုကြ၏။COLB 330.3

    ကိုယ်တော်၏ ဆောင်ရွက်မှုများတွင် ဘုရားရှင်၏ အင်္ဂါတော် ပါဝင်သည်ကို လည်းကောင်း၊ ကိုယ်တော်ရှင်၌ ဘုရားဇာတိ ရှိတော်မူသည်ကို လည်းကောင်း သူတို့ အသိအမှတ် မပြုနိုင်လျှင် ကိုယ်တော်သည် ခရစ်တော် ဖြစ်ကြောင်း ကိုယ်တိုင် သက်သေခံသည်တိုင်အောင် သူတို့ ယုံကြည်ကြမည် မဟုတ်သည်ကို သခင်ယေရှု သိနှင့်တော်မူ၏။ ကိုယ်တော်သည် သူတို့ စွပ်စွဲပြစ်တင်လိုသည့် အကြောင်းရင်းကို သိနှင့်တော်မူသောကြောင့် ယင်း စွပ်စွဲပြစ်တင်ခြင်းကို သူတို့ အပေါ်သို့ သက်ရောက်စေရန် လွှဲရှောင် ဖြေကြားတော်မူ၏။COLB 331.1

    ထိုကြောင့် ယေရှုက “ငါသည် တစ်စုံတစ်ခုကို မေးဦးမည်။ သင်တို့ ဖြေလျှင် ဤ အမှုများကို အဘယ် အခွင့်နှင့် ငါပြုသည်ကို ငါပြောမည်။ ယောဟန်၏ ဗတ္တိဇံတရားသည် အဘယ်က ဖြစ်သနည်း။ ဘုရားက ဖြစ်သလော၊ လူက ဖြစ်သလော” ဟု သူတို့အား ပြန်၍ မေးတော်မူ၏။COLB 331.2

    ယဇ်ပုရောဟိတ်များ နှင့် အကြီးအကဲတို့သည်လည်း စိတ်ရှုပ်ထွေးရကြ၏။ ထိုကြောင့် “သူတို့သည် အချင်းချင်း ဆင်ခြင်၍ ဘုရားက ဖြစ်သည်ဟု ငါတို့ ဖြေလျှင် သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူ မေးလေဦးမည်။ လူက ဖြစ်သည်ဟု ငါတို့ ဖြေလျှင် လူများကို ကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကို ပုရောဖက်ကဲ့သို့ ထင်မှတ်ကြ၏ဟု အချင်းချင်း ဆင်ခြင်ပြီးမှ အကျွန်ုပ်တို့ မသိပါဟု ယေရှုအား ပြန် ပြောကြ၏။ ကိုယ်တော်ကလည်း ထိုအတူ ဤ အမှုများကို အဘယ်အခွင့်နှင့် ငါ ပြုသည်ကို ငါ မပြော” ဟု အဖြေပေးတော်မူ၏။COLB 331.3

    “အကျွန်ုပ်တို့ မသိပါ” ဟု မဟုတ်မမှန်သော စကားဖြင့် ဖြေကြသည်မှာ ယဇ်ပုရောဟိတ်တို့သည် ကိုယ့်အခြေအနေကိုယ် သိကြသောကြောင့် ကိုယ်ကိုကိုယ် ကာကွယ်ကြရန် အမှားးကို ဖြေဆိုကြပါသည်။ ဗတ္တိဇံဆရာ ယောဟန်သည် ယခု သူတို့ မေးခွန်းထုတ်နေသူအတွက် သက်သေခံသူ အဖြစ် ပေါ်လာသော သူ ဖြစ်၏။ “ဤ လောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့၊” ဟု ယောဟန်က ညွှန်းပြဖေါ်ထုတ်ခဲ့ပါသည်။ ယော၊ ၁:၂၉။ သူသည် ကိုယ်တော်အား ဗတ္တိဇံ ပေးခဲ့ပြီးနောက် ခရစ်တော်သည် ဆုတောင်းပတ္ထနာ ပြုတော်မူစဉ် ကောင်းကင် ဖွင့်လှစ်သဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူချိန်တွင် “ဤ သူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော် ဖြစ်လေ၏။” မ၊ ၃:၁၇။COLB 332.1

    ယောဟန်သည် မေရှိယနှင့် ပတ်သက်သည့် ပုရောဖက် အနာဂတ်စကားများကို ပြန်၍ ဟောလျက်နေသည်ကို လည်းကောင်း၊ ယေရှုရှင် ဗတ္တိဇံ ခံယူတော်မူစဉ်က မြင်ကွင်းကို လည်းကောင်း ယဇ်ပုရောဟိတ်များ နှင့် အုပ်ချုပ်သူ အရာရှိများတို့ သတိရကြသောအခါ ယောဟန်၏ ဗတ္တိဇံတရားသည် ကောင်းကင်မှ ဖြစ်သည်ဟု မပြောရဲကြ။ ယောဟန်သည် ပုရောဖက် ဖြစ်ကြောင်း သူတို့ ယုံကြည်သည်အတိုင်း အသိအမှတ် ပြုကြပါက နာဇရက်မြို့သာ ယေရှုသည် ဘုရားသခင်၏ သားတော် ဖြစ်သည်ဟု ယောဟန် သက်သေခံသည်ကို သူတို့ ငြင်းပယ်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းအပြင် ယောဟန်၏ ဗတ္တိဇံတရားသည်လည်း လူမှ ဖြစ်သည်ဟု ပြောဝံ့ကြသည့် အကြောင်းမှာ လူအများတို့သည် ယောဟန်ကို ပုရောဖက် ဖြစ်သည်ဟု ယုံကြည်နေကြသောကြောင့် “အကျွန်ုပ်တို့ မသိပါ” ဟု သူတို့ ပြောကြ၏။COLB 332.2

    ထိုအခါ ခရစ်တော်သည် ဖခင် တစ်ဦး နှင့် သား နှစ်ယောက် ဥပမာကို ဟောကြားတော်မူ၏။ ဖခင် ဖြစ်သူသည် သားဦး ဖြစ်သူအား “ငါ့ သား၊ ယနေ့ ငါ့ စပျစ်ဥယျာဉ်သို့ သွား၍ လုပ်ဆောင်လော့” ဟု ပြောသောအခါ သားကြီး ဖြစ်သူက ကျွန်တော် “မသွားပါ” ဟု ချက်ချင်း ပြန်ပြော၏။ ဆိုးသွမ်းအပေါင်းအဖေါ်များ လမ်းစဉ်ကို လိုက်၍ ဖခင်၏ စကားကို နားမထောင်ခဲ့၊ သို့သော် နောက်မှ နောင်တရ၍ ဖခင်ဆိုသည့်အတိုင်း နားထောင်လေ၏။COLB 332.3

    ဖခင် ဖြစ်သူသည် ဒုတိယသားအားလည်း ယခင်နည်းတူ “ငါ့ သား၊ ယနေ့ ငါ့ စပျစ်ဥယျာဉ်သို့ သွား၍ လုပ်ဆောင်လော့” ဟု စေလွှတ်ပြန်ရာ “သွားပါမည် အဘ” ဟု ဖခင်အား ကတိပြုသော်လည်း မသွားဘဲနေ၏။COLB 333.1

    ဤ ဥပမာတွင် ဖခင် ဖြစ်သူသည် ဘုရားသခင်ကို လည်းကောင်း၊ စပျစ်ဥယျာဉ်သည် အသင်းတော်ကို လည်းကောင်း၊ သား နှစ်ယောက်သည် အသင်းဝင် နှစ်မျိုး နှစ်စားကို ပုံဆောင်ထားပါသည်။ ကျွန်တော် “မသွားပါ” ဟု ပြော၍ ဖခင်၏ အမိန့်ကို မနာခံသော သားသည် ဘုရားတရားကို ရိုကျိုးကိုင်းညွတ်ပါသည်ဟု မပြောဘဲ ပွင့်ပွင့်လင်းလင်း အပြစ်ကျူးလွန်၍ ဘုရားသခင်၏ ပညတ်တော်ဆိုင်ရာ ပြဌာန်းချက်များကို အများသိ မလိုက်နာ မစောင့်ရှောက်သူများကို ပုံဆောင်ထားပါသည်။ သို့သော် ထိုသူ အများတို့သည် နောက်မှ နောင်တသံဝေဂ ရ၍ ဘုရားသခင် ခေါ်တော်မူခြင်းကို နားထောင်ကြ၏။ “ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ၊ ထိုကြောင့် နောင်တရကြလော့” ဟု ဗတ္တိဇံဆရာ ယောဟန်၏ ဧဝံဂေလိ တရားတော်သည် သူတို့ထံသို့ ရောက်လာသောအခါ လူတို့ နောင်တရကြသဖြင့် သူတို့၏ အပြစ်များကို ဖေါ်ပြ၍ ဝန်ချ တောင်းပန်ကြ၏။” မ၊ ၃:၁၊၂။COLB 334.1

    ကျွန်တော် “သွားပါမည်” ဟု ဝန်ခံပြီးမှ မသွားဘဲ နေသော သားသည် ဖါရိရှဲတို့၏ အကျင့်စာရိတ္တကို ထင်ရှားပေါ်လွင်စေ၏။ ယင်း သားကဲ့သို့ ယုဒခေါင်းဆောင်များတွင် နောင်တသံဝေဂ မရှိ၊ ကိုယ်ကိုကိုယ် အထင်ကြီးကြ၏။ ယုဒအမျိုးသားတို့၏ ဘာသာရေး အသက်တာသည် ဟန်ဆောင်မှု သက်သက် ဖြစ်နေ၏။ ဘုရားသခင်၏ အသံတော်ဖြင့် သိနာတော်ပေါ်တွင် ပညတ်တော်ကို ကြွေးကြော်တော်မူသောအခါ လူအပေါင်းတို့က လိုက်နာပါမည်ဟု ကတိသစ္စာ ပြုကြ၏။ သူတို့သည် “ကျွန်တော် သွားပါမည်” ဟု ပြော၍ မသွားဘဲ နေသော သား ကဲ့သို့ ဖြစ်ကြ၏။ ခရစ်တော်သည် လူသားအဖြစ်နှင့် ကြွလာတော်မူပြီးလျှင် ပညတ်တရား၏ အခြေခံ သဘောတရားကို သူတို့အား ထင်ရှားစွာ ပြသောအခါ သူတို့ ငြင်းပယ်ကြ၏။ ခရစ်တော် လက်ထက်က ယုဒခေါင်းဆောင်များအား မိမိ၌ ဘုရားရှင်၏ အခွင့်အာဏာ နှင့် တန်ခိုးတော် အပြည့်အဝ ရှိကြောင်း သက်သေ သာဓက အမြောက်အများကို ထင်ရှားစွာ ပြခဲ့ရာတွင် ယုံကြည်သော်လည်း ယင်း သာဓကများကို လက်မခံကြ။ သူတို့သည် ယုံကြည်ခြင်း၌ ဆက်လက် တည်မြဲနေကြသည်မှာ နားထောင်လိုသော စိတ် မရှိကြောင်း ခရစ်တော်သည် သက်သေပြနေခြင်း ဖြစ်ပါသည်။ ထိုကြောင့် “သင်တို့သည်အဆက်ဆက် ခံသော နည်းဥပဒေသ အားဖြင့် ဘုရားသခင်၏ ပညတ်တော်ကို ပယ်ကြ၏။ ... လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက်ပင် ငါ့ကို အချည်းအနှီး ကိုးကွယ်ကြ၏။” ဟု ခရစ်တော် မိန့်တော်မူ၏။ မ၊ ၁၅:၆၊၉။COLB 334.2

    ခရစ်တော်၏ ရှေ့မှောက်တွင် ရှိသော လူထု ပရိသတ်ထဲတွင် ကျမ်းပြုဆရာများ၊ ဖါရိရှဲများ၊ ယဇ်ပုရောဟိတ်များ နှင့် ယုဒအရာရှိများ ပါဝင်ကြ၏။ သား နှစ်ယောက်တို့၏ ဥပမာကို ဟောကြား ပြီးသောအခါ တရားနာသူများအား ခရစ်တော်က “ထို သား နှစ်ယောက်တို့တွင် အဘယ်သူသည် အဘ၏ အလိုကို ဆောင်သနည်း” ဟု မေးတော်မူသောအခါ ဖါရိရှဲတို့သည် ကိုယ်ကိုကိုယ် မေ့လျော့၍ “သားအကြီး ဆောင်ပါသည်” ဟု လျှောက်ကြ၏။ ယင်းသို့ ဖြေကြားခြင်းဖြင့် သူတို့ကိုယ် သူတို့ စီရင်ချက် ချမှတ်နေကြသည်ကို သူတို့ သဘောမပေါက်ကြ။ ထိုအခါ ခရစ်တော်၏ နှုတ်တော်မှ “ငါအမှန်ဆိုသည်ကား အခွန်ခံတို့ နှင့် ပြည်တန်ဆာတို့သည် သင်တို့ အလျင် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်တတ်ကြ၏။ အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်သော အကျင့်ကို ကျင့်၍ သင်တို့ ဆီသို့ လာသော်လည်း သင်တို့ မယုံကြည်ကြ။ အခွန်ခံတို့ နှင့် ပြည်တန်ဆာတို့မူကား ယုံကြည်ကြ၏။ ထိုအကြောင်းကို သင်တို့သည် မြင်သော်လည်း ယုံကြည်မည် အကြောင်း နောက်တစ်ဖန် နောင်တမရကြ။” ဟု ခရစ်တော်သည် အတိအလင်း ပြစ်တင် ဆုံးမတော်မူ၏။COLB 335.1

    ဗတ္တိဇံဆရာ ယောဟန် ပေါ်လာ၍ သမ္မာတရားကို ဟောပြောခဲ့ရာ သူ၏ တရားအားဖြင့် အပြစ်သား အများစုတို့သည် အမှားကို သိမြင်၍ ပြောင်းလဲခြင်းသို့ ရောက်ကြ၏။ ထိုကြောင့် သူတို့သည် ကိုယ်ကိုကိုယ် ဖြောင့်မတ်သည်ဟု ယူဆ၍ အရေးကြီးသော သတိပေး နှိုးဆော်စကားကို ငြင်းပယ်ကြသူများ ရှေ့က ကောင်းကင်နိုင်ငံတော်သို့ ဝင်ကြလိမ့်မည်။ အခွန်ခံတို့ နှင့် ပြည်တန်ဆာတို့သည် မသိမတတ်ကြသော်လည်း ဤ ပညာရှိတို့မူကား သမ္မာတရားလမ်းကို သိကြ၏။ သို့သော် ဘုရားသခင်၏ ပရဒိသုဘုံ သွားရာလမ်းအတိုင်း လိုက်လျှောက်ရန် သူတို့ ငြင်းပယ်ကြ၏။ ထိုကြောင့် သူတို့အတွက် အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏ အမွှေးအကြိုင် ဖြစ်ရမည့်အစား သမ္မာတရားသည် သူတို့အတွက် သေခြင်းတိုင်အောင် သေခြင်းဆိုင်ရာ ရနံ့ ဖြစ်တော့၏၊ ပြောင်ကျကျ အပြစ် ကျူးလွန်နေသူများသည် ကိုယ်ကိုကိုယ် စက်ဆုပ်သောကြောင့် ယောဟန်ထံမှ ဗတ္တိဇံကို ခံယူကြ၏။ သို့သော် ဤ ဓမ္မဆရာများမှာမူကား သူတော်ကောင်း ဟန်ဆောင်ကြ၏။ သမ္မာတရားတော်ကို လက်ခံရန်အတွက် သူတို့၏ စိတ်နှလုံး ခိုင်မာခြင်းက ဆူးငြောင့်ခလုတ် ဖြစ်နေပါသည်။ ဘုရားသခင်၏ ဝိညာဉ်တော်က သူတို့၏ အပြစ်ကို ဖေါ်ပြနေပါလျက် သူတို့ တွန်းလှန် ဖြိုဖျက်နေကြ၏။ ဘုရားသခင်၏ပညတ်တော်များကိုလည်း လိုက်နာ စောင့်ရှောက်ရန် ငြင်းဆန်ကြ၏။COLB 335.2

    သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်နိုင်ကြဟု ခရစ်တော်က သူတို့အား မိန့်တော်မူသည် မဟုတ်ပါ။ သို့သော် သူတို့ မဝင်နိုင်အောင် တားဆီးထားသည့် ခလုတ်ဆူးငြောင့်မှာ သူတို့ ကိုယ်တိုင် ဖန်တီးထားသည့် အရာပင် ဖြစ်ကြောင်း ကိုယ်တော်ရှင်က ဖွင့်ပြတော်မူ၏။ ဤ ယုဒခေါင်းဆောင်များ အတွက် တံခါးကို ဖွင့်ထားပြီးလျှင် ဆက်လက် ခေါ်ဖိတ်လျက်ပင် ရှိသောကြောင့် သူတို့ အပြစ်ကို သူတို့ သိမြင်၍ ပြောင်းလဲခြင်းသို့ ရောက်ကြရန် ခရစ်တော် မြင်လိုတော်မူ၏။COLB 336.1

    ယဇ်ပုရောဟိတ်များ နှင့် ဣသရေလ ခေါင်းဆောင်များသည် ဘာသာရေး ထုံးဓလေ့အရ ကျင်းပသော အခမ်းအနားများနှင့်သာ သူတို့COLB 336.2

    * * * * *

    “သင်သည် ယာကုပ်အမျိုး၊ ဣသရေလသားတို့အား ပြန်ပြောရသော အမိန့်တော်ဟူမူကား၊ …. ယခုတွင် သင်တို့သည် ငါ့ စကားကို အမှန်နားထောင်၍ ငါပဋိညာည်ကို စောင့်ရှောက်လျှင် အခြားသော လူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ မြေကြီး ရှိသမျှသည် ငါ၏ ဥစ္စာ ဖြစ်၏။ သင်တို့သည်လည်း မင်းစည်းစိမ် ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသော လူမျိုး ဖြစ်ကြလိမ့်မည်။” ထွ၊ ၁၉:၃-၆။ ၏ အသက်တာကို ကုန်လွန်စေကြ၏။ ယင်း အခမ်းအနားများမှာလည်း မြင့်မြတ်သန့်ရှင်း လွန်းသည့် အတွက် လောကီရေးနှင့် ဆိုင်သော လုပ်ငန်းများနှင့် မဆက်စပ်သင့်ဟု သူတို့ သဘောပိုက်ကြ၏။ ထိုကြောင့် သူတို့၏ အသက်တာများသည် ဘာသာရေးအတွက် သီးသန့်ထားသည်ဟု ယူဆကြ၏။ ၎င်းအပြင် သူတို့သည် ဘုရားတရား ကြည်ညိုလေးစားသော သူများ ဖြစ်ကြောင်း လောကကြီးက တွေ့မြင်စေရန်အတွက် ယင်း အခမ်းအနားများကို လူအများ မြင်သာအောင် ကျင်းပကြ၏။ ဘုရားသခင်ကို ယုံကြည်ကိုးစားပါသည်ဟု ပြောကြသော်လည်း အမှန် ယုံကြည်ခြင်း မရှိကြ။ သမ္မာတရားတော်ကို သွန်သင်နေကြသော်လည်း သမ္မာတရား လမ်းစဉ်အတိုင်း မလိုက်နာကြပါ။

    ဗတ္တိဇံဆရာ ယောဟန်သည် အကြီးဆုံးသော ပုရောက်ဖက်များတွင် တစ်ဦး ပါဝင်ကြောင်းကို လည်းကောင်း၊ သူသည် ဘုရားသခင် စေလွှတ်တော်မူသည့် တမန်တော် တစ်ဦး ဖြစ်ကြောင်း သူတို့၌ သက်သေ သာဓက လုံလောက်စွာ ရှိကြောင်းကို လည်းကောင်း၊ တရားနာ ပရိသတ်တို့အား ခရစ်တော် အထင်အရှား ဖေါ်ပြတော်မူ၏။ တော၌ တရားဟောပြောသော သူ၏ အသံတွင် တန်ခိုးပါ၏။ သူသည် မတွန့်မဆုတ်ဘဲ သူ၏ သတင်းစကားကို ဆောင်ခဲ့၏။ ယဇ်ပုရောဟိတ်များ နှင့် အရာရှိများအား သူတို့၏ အပြစ်ဒုစရိုက်များအတွက် ပြစ်တင် ဆုံးမခဲ့၏။ ကောင်းကင် နိုင်ငံတော်နှင့် ဆိုင်သော လုပ်ငန်း တာဝန်များကို သူတို့အား ပေးအပ်ထားခဲ့သော်လည်း ယင်း တာဝန်များကို လွှဲရှောင်ကြသဖြင့် အဘ ခမည်းတော်၏ အမိန့်တော်ကို ဖီဆန်ရာ ရောက်သဖြင့် အပြစ် ကျူးလွန်ခြင်း ဖြစ်ကြောင်း ထောက်ပြခဲ့၏။ သူသည် အပြစ် ဒုစရိုက်နှင့် စေ့စပ်ခြင်း မပြုမလုပ်၊ အများသော သူတို့သည်လည်း သူတို့၏ မဖြောင့်မတ်သော လမ်းစဉ်ကို စွန့်လွှတ်ကြ၏။COLB 337.1

    ထိုကြောင့် ယုဒခေါင်းဆောင်တို့၏ လမ်းစဉ်သည် စစ်မှန်ခဲ့ပါက ယောဟန်၏ သက်သေခံချက်ကို နာခံ၍ ခရစ်တော်သည် မေရှိယ ဖြစ်သည်ဟု လက်ခံကြလိမ့်မည်။ သို့သော် သူတို့သည် နောင်တရခြင်း နှင့် ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးများကို မသီးကြ။ သူတို့ အထင်သေးသော သူများသည် သူတို့ ရှေ့က ဘုရားသခင်၏ နိုင်ငံတော်သို့ တိုးဝှေ့ဝင်ရောက်ကြ၏။ ဥပမာတွင် ကျွန်တော် “သွားပါမည် အဘ” ဟု ဝန်ခံသော သားသည် ကိုယ်ကိုကိုယ် သစ္စာ ရှိ၍ နားထောင်ခြင်းလည်း ရှိပါသည်ဟု ဆိုသော်လည်း အချိန်တန်သောအခါ သူ၏ လုပ်ရပ်သည် အစစ်အမှန်မဟုတ်ကြောင်း ပေါ်လွင် ထင်ရှားနေသူကို ပုံဆောင်ထားပါသည်။ သူသည် သူ၏ ဖခင်ကို အစစ်အမှန် ချစ်မြတ်နိုးသူ မဟုတ်။ ထိုနည်းအတူ ဖါရိရှဲတို့သည်လည်း သူတို့ကိုယ် သူတို့ သန့်ရှင်းသူများ ဖြစ်သည်ဟု ကြွားဝါကြပါသည်။ သို့သော် စစ်ဆေးသောအခါ ချိန်ခွင်၌ လျော့နေကြောင်း တွေ့ရ၏။ သူတို့အတွက် အကျိုးကျေးဇူး ရှိမည်ဆိုပါက ပညတ်တော်၏ တောင်းဆိုချက်များကို အထူး တိကျအောင် လိုက်နာစေကြ၏။ သို့သော် သူတို့ ကိုယ်တိုင်က လိုက်နာရန် လိုအပ်လာသောအခါ ဘုရားသခင်၏ ကျင့်ဝတ်ဆိုင်ရာ တရားတော်၏ အဓိပ္ပါယ်များကို ဆင်ခြေလိမ်များဖြင့် လိမ္မာပါးနပ်စွာ အကြောင်းပြ လွှဲရှောင်ကြ၏။ ထိုကြောင့် ခရစ်တော်က “သူတို့၏ အကျင့်အတိုင်း မကျင့်ကြနှင့်၊ အကြောင်းမူကား သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင် မကျင့်ကြ။” ဟု ထိုသူများအား ရည်မှတ်၍ မိန့်တော်မူ၏။ မ၊ ၂၃:၃။ သူတို့သည် ဘုရားသခင်ကို လည်းကောင်း၊ လူကို လည်းကောင်း အစစ်အမှန် ချစ်ကြသည် မဟုတ်။ ဤ လောကကမ္ဘာကြီးကို ကောင်းချီးပေးရာ၌ ဘုရားသခင်နှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် သူတို့အား ခေါ်တော်မူ၏။ သို့သော် ယင်း ခေါ်တော်မူသံကို အမည်အားဖြင့်သာ လက်ခံကြပြီးလျှင် လက်တွေ့လုပ်ဆောင်ရာတွင် သွေဖည်ကြ၏။ သူတို့သည် ကိုယ်ကိုကိုယ် စိတ်ချ ယုံကြည်၍ သူတော်ကောင်းများ ဖြစ်သည်ဟု ဝါးကြွားကြသော်လည်း ဘုရားသခင်၏ ပညတ်တော်များကို သွေလှန်ကြ၏။ ဘုရားသခင် ခန့်အပ်ထားတော်မူသော လုပ်ငန်းကို သူတို့ မဆောင်ရွက်ကြဘဲ ပညတ်တော်ကိုလွန်ကျူးသည့် အပြစ်များကြောင့် ဘုရားသခင်သည် ယင်း နားထောင်ခြင်း ကင်းမဲ့သော လူမျိုးနှင့် ပြတ်စဲလုနီးခဲ့၏။COLB 337.2

    ကိုယ်ကိုကိုယ် ဖြောင့်မတ်သည်ဟု သဘောထားခြင်းသည် စစ်မှန်သော ဖြောင့်မတ်ခြင်း မဟုတ်ပါ။ ယင်းသို့ စွဲလမ်းခြင်း ရှိနေသူများသည် သေခြင်းနှင့် ဆိုင်သော လှည့်ဖြားခြင်းကို စွဲကိုင်ထားခြင်းသာ ဖြစ်၍ ယင်း အကျိုးကို ခံရကြပေလိမ့်မည်။ မျက်မှောက်ကာလတွင်လည်း ဘုရားသခင် ၏ ပညတ်တော်များကို လိုက်နာ စောင့်ရှောက်ကြပါသည်ဟု လူအများတို့က အဆိုပြုကြ၏။ သို့သော် သူတစ်ပါးအား တစ်ဆင့် ကူးစက်နိုင်လောက်သည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ သူတို့မှာ မရှိ။ ဤ လောကကို ကယ်တင်ရန် ကိုယ်တော်နှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် သူတို့အား ခရစ်တော် ခေါ်တော်မူ၏။ သို့သော် သူတို့က ကျွန်တော် “သွားပါမည် အဘ” ဟု သာ ပြော၍ ကျေနပ် ရောင့်ရဲနေကြပါသည်။ အမှန်အားဖြင့် သူတို့ မသွားကြ။ ဘုရားသခင်၏ အမှုတော်ဆောင်များနှင့် လက်မတွဲကြ။ ပျင်းရိသော သူများ ဖြစ်ကြ၏။ သစ္စာ မရှိသော သားကဲ့သို့ ဘုရားသခင်အား မမှန်သော ကတိကို ပြုကြ၏။ သူတို့သည် အသင်းတော်၏ လေးနက်သော ပဋိညာဉ်ကို ခံယူလျက် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို လက်ခံနာယူပါမည် ဟူ၍ လည်းကောင်း၊ ဘုရားသခင်၏ အမှုတော်အတွက် ကိုယ်ကိုကိုယ် ဆက်ကပ်ပါမည် ဟူ၍ လည်းကောင်း ကတိသစ္စာ ပြုကြပြီးသော်လည်း လက်တွေ့အားဖြင့် မဆောင်ရွက်ကြပါ။ ဘုရားသခင်၏ သားများ ဖြစ်ကြသည်ဟု အမည် ခံထားကြသော်လည်း သူတို့၏ ဘဝ အသက်တာ နှင့် အကျင့်စာရိတ္တများက ဆန့်ကျင်နေကြ၏။ သူတို့သည် မိမိတို့၏ စိတ်အလိုကို ဘုရားသခင်အား ဆက်ကပ်ထားခြင်း မပြုကြ။ သူတို့၏ အသက်တာသည် လိမ်လည်သော အသက်တာသာ ဖြစ်၏။COLB 338.1

    အနစ်နာ ခံရန် အကြောင်း မပေါ်ပေါက်လျှင် နားထောင်ပါမည် ဆိုသော ကတိကို သူတို့ အတည်ပြုဟန် လက္ခဏာ ရှိသော်လည်း ကိုယ်ကိုကိုယ် ငြင်းပယ်၍ အနစ်နာ ခံရန် လိုအပ်လာသောအခါတွင် လည်းကောင်း၊ လက်ဝါးကပ်တိုင်ကို ချီပင့်ရန် လိုအပ်လာသောအခါတွင် လည်းကောင်း သူတို့ နောက်ဆုတ်ကြ၏။ သို့ဖြစ်၍ တာဝန် ပျက်ကွက်ခြင်း တိုးပွားလာသည်နှင့် အမျှ ဘုရားသခင်၏ ပညတ်တော်များကို သိသိသာသာ ကျူးလွန်ခြင်းသည်လည်း အကျင့်ဓလေ့ ဖြစ်လာတော့၏။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို နားဖြင့် ကြားရသော်လည်း ဝိညာဉ်ရေးနှင့် စပ်လျဉ်း၍ သိမှတ်တတ်သည့် စွမ်းအား မရှိတော့ပါ။ စိတ်နှလုံးသည် ခိုင်မာ၍ သြတ္တပ္ပစိတ်သည်လည်း သံပူနှင့် ခတ်ခြင်းကို ခံရသဖြင့် လောင်ကျွမ်းခြင်းသို့ ရောက်တော့၏။COLB 339.1

    ခရစ်တော်နှင့် ဆန့်ကျင်ဘက် မဖြစ်ရုံ နှင့် ကိုယ်တော်၏ အမှုတော်ကို ဆောင်ရွက်နေသည်ဟု မယူဆပါနှင့်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်ကိုကိုယ် လှည့်ဖြားလျက် ရှိကြ၏။ ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့အား ပေးအပ်ထားသည့် အချိန်ကို ဖြစ်စေ၊ ဥစ္စာပစ္စည်းကို ဖြစ်စေ၊ အခြား မည်သည့် ယုံမှတ်လွှဲအပ်ထားသည့် ဆုကျေးဇူးကိုပင် ဖြစ်စေ အသုံးမပြု မပေးမကမ်းဘဲ ထားခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ဆန့်ကျင်သော အမှုကို ဆောင်ရွက်နေကြ၏။COLB 340.1

    စာတန်သည် မိမိ တပ်ကို အင်အား ပြည့်တင်းရန်အတွက် သတိမမူ ဂရုမစိုက် မလှုပ်မရှားဘဲ ငိုက်မျဉ်းနေသည့် ခရစ်ယာန် အမည်ခံများကို အသုံးပြု၏။ အများသော သူတို့သည် ခရစ်တော်အတွက် အတိအကျ အမှုတော် မဆောင်ရွက်သော်လည်း ကိုယ်တော်၏ ဘက်တော်သားများ ဖြစ်သည်ဟု ယူဆကြ၏။ ထိုသို့ ယူဆခြင်းဖြင့် ရန်သူသည် ကြိုတင်၍ နယ်ယူထားခြင်းဖြင့် အခွင့်သာနေပါသည်။ အရှင်သခင်အတွက် ဝီရိယစိုက်သော အမှုဆောင်များ မဖြစ်ကြသောကြောင့် လည်းကောင်း၊ တာဝန်များကိုကျေပွန်အောင် မဆောင်ရွက်ဘဲထားခြင်းကြောင့် လည်းကောင်း၊ ပြောသင့်သည့် စကားများကို မပြောဘဲ နေခြင်းကြောင့် လည်းကောင်း ခရစ်တော် ဘက်သို့ ခေါ်ဆောင်ရောက်ရှိရမည့် အသက်ဝိညာဉ်များကို စာတန်က ချုပ်ချယ်နိုင်ရန် အခွင့်အရေးပေးလိုက်ခြင်း ဖြစ်သည်။COLB 340.2

    ကျွန်ုပ်တို့သည် ပျင်းရိဖင့်နွဲနေခြင်းအားဖြင့် လည်းကောင်း၊ ထကြွလုံ့လ မရှိခြင်းဖြင့် လည်းကောင်း မည်သည့် အခါမျှ ကယ်တင်ခြင်းကို မရမယူနိုင်။ ကူညီထောက်ပံ့ခြင်း ကင်းမဲ့၍ အချည်းနှီးနေသော အသက်တာသည် အစစ်အမှန် ပြောင်းလဲသူ၏ အသက်တာ မဖြစ်နိုင်။ ရေစုန်ကို မျှော၍ လိုက်ခြင်းဖြင့် ကောင်းကင်သို့ မရောက်နိုင်။ လူပျင်းသည်လည်း ထို နေရာအရပ်သို့ မဝင်နိုင်။ နိုင်ငံတော်သို့ ဝင်ရောက်နိုင်ရန် မကြိုးပမ်းလျှင် လည်းကောင်း၊ နိုင်ငံတော်နှင့် ဆိုင်သော ပညတ်များတွင် ပါဝင်သည့် ထုံးနည်း ဥပဒေများကို သင်ကြားနာယူရန် ကျွန်ုပ်တို့ လေးလေးစားစား စူးစမ်းရှာဖွေခြင်း မပြုလျှင် လည်းကောင်း ထိုနေရာတွင် ပါဝန်ရန် ထိုက်တန်လိမ့်မည် မဟုတ်ပါ။ ဤ လောကတွင် ဘုရားသခင်နှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုသော သူသည် ကောင်းကင်နိုင်ငံတော်တွင်လည်း ကိုယ်တော်ရှင်နှင့် ပူးပေါင်း ဆောင်ရွက်လိမ့်မည် မဟုတ်ပါ၊ ထိုသူကို ကောင်းကင်နိုင်ငံတော်သို့ ခေါ်သွင်းလျှင် လုံခြုံစိတ်ချရလိမ့်မည် မဟုတ်ပါ။COLB 340.3

    ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို သိလျက် မလိုက်နာသူများထက် အခွန်ခံ နှင့် ဆိုးသော သူများက ပို၍ မျှော်လင့်ချက် ရှိပါသည်။ ကိုယ်ကိုကိုယ် အပြစ် ရှိသော သူ ဖြစ်သည်ဟု မြင်၍ ယင်း အပြစ်ကို ဖုံးကွယ်၍ မရနိုင်ဟု သိမြင်သော သူသည် လည်းကောင်း၊ ဘုရားသခင်၏ ရှေ့တော်၌ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံးသည် ဖေါက်ပြန် ပျက်စီးတတ်သည် ဟူ၍ သိမြင်သော သူသည် လည်းကောင်း၊ ကောင်းကင်နိုင်ငံတော် နှင့် ထာဝရ ကင်းကွာရတော့်မည်ကို ထိတ်လန့် စိုးရိမ်သော သူ ဖြစ်၏။ သူသည် သူ၏ ရောဂါ အခြေအနေကို သိသောကြောင့် ယင်း ဝေဒနာ ပျောက်ကင်းရန် “ငါ့ ထံသို့ လာသော သူကို ငါသည် အလျှင်းမပယ်” ဟု မိန့်တော်မူသည့် တစ်ဆူတည်းသော သမားတော်ကြီးကို ရှာဖွေသော သူ ဖြစ်၏။ ယော၊ ၆:၃၇။ ဘုရားသခင်သည် ထိုသူတို့အား မိမိ စပျစ်ဥယျာဉ်တော်တွင် လုပ်ဆောင်သူများအဖြစ် အသုံးပြုတော်မူလိမ့်မည်။COLB 341.1

    ခေတ္တမျှ ဖခင်၏ အမိန့်ကို မနာခံသည့် သား အား ခရစ်တော် အပြစ် မတင်၊ ချီးမွမ်းခြင်းလည်း မပြုပါ။ အမိန့်ကို မနာခံသည့် ပထမသားကို ပုံဆောင်သော လူတန်းစားသည် ယင်းသို့ ပြုခြင်းအတွက် မည်သို့မျှ ဂုဏ်ပြုချီးကျူးခြင်းကို မခံစားထိုက်ပါ။သူတို့၏ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ခြင်းကို ကောင်းသော အကျင့်သီလဟု သဘောထားရန် မဟုတ်ပါ။ သမ္မာတရားတော် နှင့် သန့်ရှင်းခြင်း ပါရမီအားဖြင့် သန့်စင်စေခြင်းကို ခံရသော သူသည် ခရစ်တော်အတွက် ရဲရင့်စွာ သက်သေခံသူ ဖြစ်လိမ့်မည်။ သို့သော် အပြစ် ရှိသော သူက ယင်းအတိုင်း အသုံးပြုလျှ် ရမ်းကားခြင်း နှင့် မထီမဲ့မြင်ပြုခြင်းသာ ဖြစ်၍ ဘုရားသခင်ကို ပြစ်မှားရာ ရောက်ပါသည်။ သူတော်ကောင်း ယောင်ဆောင်သော သူ မဟုတ်တိုင်း အပြစ် ရှိသော သူထက် သာသည် မဟုတ်ပါ။ စိတ်နှလုံးကို သန့်ရှင်းသော ဝိညာဉ်တော် နှိုးဆော်သော အခါ ရွှေ့ဆိုင်းခြင်း မပြုဘဲ တုံ့ပြန်မှသာလျှင် ကျွန်ုပ်တို့အတွက် စိတ်ချရပါသည်။ “ယနေ့ ငါ့ စပျစ်ဥယျာဉ်သို့ သွား၍ လုပ်ဆောင်လော့” ဟု ခေါ်ဖိတ်သံကို ကြားရလျှင် မငြင်းပယ်ပါနှင့်။ “ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ရှိသည် ဖြစ်၍ ခိုင်မာသော စိတ်နှလုံး မရှိကြနှင့်။” ဟေဗြဲ၊ ၄:၇။ နားထောင်ရန် ရွှေ့ဆိုင်းခြင်းအတွက် အနန္တရာယ် ရှိပါသည်။ ခေါ်ဖိတ်သံကို နောက်တစ်ဖန် ကြားကောင်းမှ ကြားရပေလိမ့်မည်။COLB 341.2

    မိမိ ကြိုက်နှစ်သက်၍ ပြုလုပ်နေသော မကောင်းမှု တစ်ခုကို အချိန်တန်လျှင် အလွယ်တကူ စွန့်လွှတ်နိုင်ပါသည်ဟု မည်သူမျှ ကိုယ်ကိုကိုယ် အထင်မကြီးပါစေနှင့်။ ထိုသို့ မပြုနိုင်ပါ။ မကောင်းမှု မှန်သမျှသည် အကျင့်စာရိတ္တကို အားနည်း ယုတ်လျော့စေ၍ မကောင်းဓလေ့ကို အားပေး အားမြှောက်ပြုသဖြင့် ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံးကို ယိုယွင်းပျက်စီးစေပါသည်။ သင် ပြုမိသော အမှားအတွက် နောင်တရကောင်း ရပေလိမ့်မည်။ ၎င်းအပြင် မှန်သော လမ်းသို့ ဆက်၍ လိုက်လျှောက်လျက် ရှိကောင်း ရှိပေလိမ့်မည်၊ သို့သော် သင်၏ အသိဉာဏ် ထိုင်းမှိုင်းပြီးလျှင် မကောင်းမှုနှင့် အကျွမ်းတဝင် ဖြစ်ခဲ့ပြီးသောကြောင့် အမှားအမှန်ကို ပိုင်းခြား ဝေဖန်ရန် အခက် ကြုံလိမ့်မည်။ မကောင်းသော အလေ့အထကို ပုံသွန်းပြီး ဖြစ်သောကြောင့် စာတန်သည် သင့်အား ကြိမ်ဖန်များစွာ ဖိစီးတိုက်ခိုက်လိမ့်မည်။COLB 342.1

    “ယနေ့ ငါ့ စပျစ်ဥယျာဉ်သို့ သွား၍ လုပ်ဆောင်လော့” ဟု ဆိုသော အမိန့်သည် လူတိုင်းတွင် စစ်မှန် ရိုးဖြောင့်သော စိတ် ရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါသည်။ အပြောတွင် အလုပ် ပါဝင်ပါလိမ့်မည်လော။ ခေါ်တော်မူခြင်းကို ခံရသော သူသည် စပျစ်ဥယျာဉ်ကို ပိုင်တော်မူသော အရှင်အတွက် မိမိ အသိဉာဏ် ရှိသမျှကို အသုံးပြု၍ သစ္စာ ရှိစွာဖြင့် အတ္တ ကောင်းကျိုးကို မငဲ့ကွက်ဘဲ လုပ်ဆောင်ပါမည်လား။COLB 342.2

    ကျွန်ုပ်တို့ ဆောင်ရွက်ရမည့် လုပ်ငန်း ပုံစံနှင့် စပ်လျဉ်း၍ တမန်တော် ရှင်ပေတရုက သြဝါဒ ပေးခဲ့သည်မှာ “ဘုရားသခင်ကို လည်းကောင်း၊ ငါတို့ သခင်ယေရှုခရစ်ကို လည်းကောင်း သိသော ဉာဏ်အားဖြင့် ကျေးဇူးတော် နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ များပြားပါစေသော။ ထိုသို့နှင့် အညီ ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကို သိသော ဉာဏ်အားဖြင့် ငါတို့အား အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် စပ်ဆိုင်သော အရာ ရှိသမျှတို့ကို ဘုရားတန်ခိုးတော်သည် ပေးသနားတော်မူပြီ။ ထိုသို့သောအားဖြင့်လည်း အလွန် ကြီးမြတ်၍ အဖိုးထိုက်သော ကတိများကို ငါတို့၌ အပ်ပေးတော်မူပြီ။ အကြောင်းမူကား ထို ကတိတော်များကို အမှီပြု၍ သင်တို့သည် လောကီတပ်မက်ခြင်း အညစ်အကြေးနှင့် ကင်းလွတ်သဖြင့် ဘုရားပကတိကို ဆက်ဆံရသော သူ ဖြစ်မည် အကြောင်းတည်း။COLB 342.3

    “ထိုသို့အလို့ငှါ သင်တို့သည် ယုံကြည်ခြင်း၌ သီလကို လည်းကောင်း၊ သီလ၌ ပညာကို လည်းကောင်း၊ ပညာ၌ ကာမဂုဏ် ချုပ်တည်းခြင်းကို လည်းကောင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း၌ သည်းခံခြင်းကို လည်းကောင်း၊ သည်းခံခြင်း၌ ဘုရားဝတ်ပြု၍ မွေ့လျော်ခြင်းကို လည်းကောင်း၊ ထို မွေ့လျော်ခြင်း၌ ညီအစ်ကို စုံမက်ခြင်းကို လည်းကောင်း၊ ညီအစ်ကို စုံမက်ခြင်း၌ ချစ်ခြင်း မေတ္တာကို လည်းကောင်း အလွန် ကြိုးစား အားထုတ်၍ ထပ်ဆင့်ကြလော့။” ၂ ပေ၊ ၁:၂-၇။COLB 343.1

    သင်၏ စိတ်နှလုံး စပျစ်ဥယျာဉ်ကို သစ္စာ ရှိစွာ ပြုစု ပျိုးထောင်ပါက ဘုရားသခင်သည် သင့်အား မိမိနှင့် အတူ ပူးပေါင်းဆောင်ရွက်သော သူ ဖြစ်စေတော်မူလိမ့်မည်။ ထိုအခါ သင့်အတွက် သာမက သူတစ်ပါး အတွက်ပါ ဆောင်ရွက်ရန် လုပ်ငန်း ရှိလိမ့်မည်။ အသင်းတော်ကို စပျစ်ဥယျာဉ်နှင့် ပုံဆောင်ရာ၌ ကျွန်ုပ်တို့သည် ကိုယ်ချင်းစာတရား နှင့် အမှုတော် ဆောင်ရွက်ခြင်းကို အသင်းသားများ အတွက်သာ ကန့်သတ်ထားရမည်ဟု ခရစ်တော် သြဝါဒ ပေးတော်မူသည် မဟုတ်ပါ။ ဘုရားသခင်၏ စပျစ်ဥယျာဉ်တော်ကို တိုးချဲ့ရမည်။ ကမ္ဘာ အရပ်ရပ်သို့ နှံ့ပြားစေလိုတော်မူ၏။ ကျွန်ုပ်တို့သည် ကျေးဇူးတော် နှင့် အမိန့်တော်ကို လက်ခံရရှိသည်နှင့် တစ်ပြိုက်နက် အဖိုးတန် အပင်များကို မည်သို့ မည်ပုံ ကြည့်ရှု စောင့်ရှောက်ရမည်ကို သူတစ်ပါးတို့အား အသိပညာဝေငှ ပေးကမ်းရမည်။ ယင်းနည်းအားဖြင့် ဘုရားသခင်၏ စပျစ်ဥယျာဉ်တော်ကို တိုးချဲ့နိုင်ကြပေလိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၊ ချစ်ခြင်း နှင့် သည်းခံခြင်းအတွက် သာဓကများကို စောင့်၍ ကြည့်နေတော်မူ၏။ အပြစ်ဒုစရိုက်ကြောင့် အာဒံ နှင့် ဧဝ တို့ ထွက်ခွါခဲ့ရသော ဧဒင်အိမ်တော် ဖြစ်သည့် ဘုရားသခင်၏ ပရဒိသုဘုံသို့ ကျွန်ုပ်တို့ ဝင်ရောက်ခွင့် ရရှိနိုင်ရန် ဤ ကမ္ဘာပေါ်ရှိ ဘုရားသခင်၏ စပျစ်ဥယျာဉ်တော်၌ ကျွမ်းကျင်သော ဥယျာဉ်စောင့်များ ဖြစ်လာသည်တိုင်အောင် ကျွန်ုပ်တို့ ရရှိသော ဝိညာဉ်ရေးဆိုင်ရာ အခွင့်အရေး ရှိသမျှကို အသုံးပြု မပြု ဘုရားသခင်သည် စောင့်၍ ကြည့်နေတော်မူ၏။COLB 343.2

    ဘုရားသခင်သည် မိမိ၏ လူတို့အတွက် ဖခင် အဖြစ် ရပ်တည်တော်မူသည် ဖြစ်၍ ကျွန်ုပ်တို့က သစ္စာ ရှိစွာ အမှုတော် ဆောင်ရွက်ရန် တောင်းဆိုတော်မူ၏။ ခရစ်တော်၏ အသက်တာကို ဆင်ခြင်ကြည့်ပါ။ ကိုယ်တော်သည် လူသားတို့၏ ရှေ့မှ ခေါင်းဆောင်တော်မူ၍ ခမည်းတော်၏ အမှုတော်ကို ဆောင်ရွက်ရာ၌ သားသမီးတိုင်း ပြုသင့် ပြုထိုက်သည်ကို ပုံစံနမူနာ ပြတော်မူ၏။ ခရစ်တော် နားထောင်တော်မူသကဲ့သို့ ယနေ့ လူသားတို့ နားထောင်ရန် ဘုရာရှင် အလိုရှိတော်မူ၏။ ကိုယ်တော်သည် ခမည်းတော်၏ အမှုတော်ကို မေတ္တာဖြင့် လည်းကောင်း၊ လိုလားစွာဖြင့် လည်းကောင်း၊ ရက်ရောစွာဖြင့် လည်းကောင်း ထမ်းဆောင်တော်မူ၏။ “အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရွက်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ် နှလုံးထဲမှာ ရှိပါ၏။” ဟု ကိုယ်တော် မိန့်မြွက်တော်မူ၏။ ဆာ၊ ၄၀:၈။ မိမိ လာရောက် ထမ်းဆောင်ရသည့် အမှုတော် ပြီးမြောက်ရေးအတွက် ခရစ်တော်သည် မည်သည့် အနစ်နာခံမှုကိုမျှ ကြီးမားလွန်းသည် ဟူ၍ လည်းကောင်း၊ မည်သည့် ကြိုးပမ်းမှုကိုမျှ ခက်ခဲလွန်းသည် ဟူ၍ လည်းကောင်း မှတ်တော် မမူပါ။ သက်တော် တစ်ဆယ့်နှစ် နှစ် ရှိစဉ်က “အကျွန်ုပ်သည် အဘ၏ အိမ်၌ နေရသည်ကို မသိပါသလော” ဟု မေးတော်မူ၏။ လု၊ ၂:၄၉။ ကိုယ်တော်သည် ခေါ်တော်မူသံကို ကြားသည် ဖြစ်၍ အမှုတော်ကို ထမ်းဆောင်တော်မူ၏။ ထိုကြောင့် “ငါ့ကို စေလွှတ်တော်မူသော သူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီခြင်းအမှုသည် ငါ့ စားစရာ ဖြစ်၏။” ဟု လမ်းညွှန် မိန့်ကြားတော်မူ၏။ ယော၊ ၄:၃၄။COLB 344.1

    ကျွန်ုပ်တို့သည်လည်း ထိုနည်းတူ ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်ရကြပါသည်။ နားထောင်မှု အဆင့်အမြင့်ဆုံး အထိ ဆောင် ရွက်သူ သာလျှင် အမှုတော်ကို ထမ်းဆောင်ခြင်း ဖြစ်၏။ ဘုရားသခင်၏ သားသမီး ဖြစ်လိုသော သူများသည် ဘုရားသခင်နှင့် လည်းကောင်း၊ ခရစ်တော်နှင့် လည်းကောင်း၊ ကောင်းကင်တမန်များနှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်သော သူများ ဖြစ်ကြောင်း သက်သေ ပြရမည်။ ယင်းနည်းဖြင့် လူတိုင်းအား စစ်ဆေး စမ်းသပ်တော်မူ၏။ ကိုယ်တော်အတွက် သစ္စာ ရှိစွာဖြင့် အမှုတော် ထမ်းဆောင်သူများအား “ထိုသူတို့သည် ငါစီရင်သော နေ့ရက်၌ ငါ ပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ကြလိမ့်မည်။ အဘ၏ အမှုကို ဆောင်သော သားကို အဘ နှမြောသကဲ့သို့ ထိုသူတို့ကို ငါ နှမြောမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ မာလ၊ ၃:၁၇။ COLB 344.2

    ဘုရားသခင်သည် အရာခပ်သိမ်းကို အဆင်သင့် ဖြစ်အောင် ကြိုတင် စီမံထားတော်မူ၏။ အကြီးဆုံးသော ရည်ရွယ်ရင်းမှာ လူတို့အား စမ်းသပ်ခြင်း နှင့် သူတို့၏ အကျင့်စာရိတ္တကို တိုးတက်ဖွံ့ဖြိုးအောင် ပြုစုပျိုးထောင်ရန်အတွက် အခွင့်အရေး ပေးထားတော်မူခြင်း ဖြစ်ပါသည်။ ယင်းနည်းအားဖြင့် လူတို့သည် ကိုယ်တော်၏ ပညတ်များကို လိုက်နာ စောင့်ရှောက်ခြင်း ရှိမရှိ စမ်းသပ် စစ်ဆေးတော်မူ၏။ ကျွန်ုပ်တို့သည် ကောင်းသော အကျင့်အားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို ဝယ်ယူနိုင်သည် မဟုတ်ပါ။ သို့သော် ယင်း ကောင်းသော အကျင့်က ကျွန်ုပ်တို့တွင် ကျွန်ုပ်တို့၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ရှိကြောင်း ပြပါသည်။ ကျွန်ုပ်တို့၏ စိတ်အလိုကို ဘုရားသခင်အား ဆက်ကပ်ထားပါက ကျွန်ုပ်တို့သည် ကောင်းသော အကျင့်များကို ကျင့်ခြင်းအားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို ရရှိရန် ကြိုးစားကြလိမ့်မည် မဟုတ်ပါ။ ကိုယ်တော်၏ မေတ္တာတော်ကို အခမဲ့ လက်ဆောင် အဖြစ် ကျွန်ုပ်တို့ လက်ခံရယူ၍ ကိုယ်တော်ကို ချစ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ ပညတ်တော်များကို လိုက်နာ စောင့်ရှောက်ခြင်း၌ အားရဝမ်းမြောက်ခြင်း ရှိကြပေလိမ့်မည်။COLB 345.1

    ယနေ့လောကတွင် လူ နှစ်မျိုး နှစ်စားသာ ရှိပါသည်။ ၎င်းအပြင် တရားစီရင်ရာနေ့တွင်လည်း ယင်း နှစ်မျိုး နှစ်စားကိုသာ အသိအမှတ် ပြု တော်မူလိမ့်မည်။ ၎င်းတို့မှာ ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာ စောင့်ရှောက်သော သူ နှင့် ကျူးလွန်သော သူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့ သစ္စာ ရှိမရှိ ခရစ်တော် စစ်ဆေး စမ်းသပ်တော်မူသည်မှာ “ငါ့ကို ချစ်လျှင် ငါ့ ပညတ်တို့ကို စောင့်ရှောက်ကြလော့။” …. “ငါ့ ပညတ်တို့ကို ရ၍ စောင့်ရှောက်သော သူသည် ငါ့ကို ချစ်သော သူ ဖြစ်၏။ ငါ့ကို ချစ်သော သူကို ငါ့ ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကို ချစ်၍ သူ့အား ကိုယ်တိုင် ထင်ရှားမည်။ … ငါ့ကို မချစ်သော သူသည် ငါ့ စကားကို နားမထောင်၊ သင်တို့ ကြားသော စကားသည် ငါ့ စကား မဟုတ်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ စကားတော် ဖြစ်၏။ …. ငါသည် ငါ့ ခမည်းတော်၏ ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏ မေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည် ငါ့ ပညတ်ကို စောင့်ရှောက်လျှင် ငါ့ မေတ္တာ၌ တည်နေကြလိမ့်မည်။” ဟု ကိုယ်တော်ရှင် လမ်းညွှန် မိန့်ကြားတော်မူ၏။ ယော၊ ၁၄:၁၅-၂၄။ ၁၅:၁၀။COLB 345.2

    * * * * *

    Larger font
    Smaller font
    Copy
    Print
    Contents