Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    Chapter 21—“အလွန် နက်လှသော ချောက်ကြီး”

    လုကာ၊ ၁၆:၁၉-၃၁။ ကို အခြေပြုပါသည်။

    လူတို့သည် ထာဝရ ကံကြမ္မာအတွက် ပစ္စုပ္ပန် ဘဝ အသက်တာတွင် ဆုံးဖြတ်ကြကြောင်း သူဌေးကြီး နှင့် လာဇရုတို့၏ ဥပမာဖြင့် ခရစ်တော် သွန်သင်တော်မူ၏။ ကရုဏာတံခါး မပိတ်မီ ကာလတွင် ဘုရားသခင်၏ ကရုဏာတော်ကို အသက်ဝိညာဉ်တိုင်းသို့ ကမ်းလှမ်းထားတော်မူ၏။ သို့သော် လူတို့သည် ကိုယ်စိတ်အလိုသို့ လိုက်ခြင်းဖြင့် မိမိတို့အား ကမ်းလှမ်းထားသော အခွင့်အရေးများကို လက်လွှတ်လျှင် ထာဝရအသက်နှင့် အဆက်ပြတ်ကြ၏။ သူတို့အတွက် ကရုဏာတော် တံခါးကို တစ်ဖန် ဖွင့်၍ ပေးတော်မူမည် မဟုတ်ပါ။ သူတို့ ကိုယ်တိုင် ရွေးချယ်ခြင်းအားဖြင့် ဘုရားသခင် နှင့် သူတို့၏ စပ်ကြားတွင် မကူးမကျော်နိုင်သော ချောက်ကြီးကို တည်မြဲစေကြ၏။COLB 312.1

    ဤ ဥပမာသည် ဘုရားသခင်အား ခိုလှုံကိုးစားခြင်း မပြုသော သူကြွယ် နှင့် ဘုရားသခင်အား ခိုလှုံကိုးစားသော ဆင်းရဲနွမ်းပါး သူတို့၏ ခြားနားပုံကို ဖေါ်ပြထားခြင်း ဖြစ်ပါသည်။ ထို သူ နှစ်ဦးတို့၏ အခြေအနေ ပြောင်းပြန် ဖြစ်မည့် အချိန် ရောက်လိမ့်မည်ကို ခရစ်တော် ဖေါ်ညွှန်းထားတော်မူ၏။ လောကီစည်းစိမ် မရှိသော်လည်း ဘုရားသခင်အား ယုံကြည်ကိုးစားလျက် ဒုက္ခဆင်းရဲခြင်းကို ခံနိုင်ရည် ရှိလျှင် တစ်နေ့သောအခါ ယခု မျက်မှောက် ကာလတွင် အမြင့်ဆုံးသော အခြေအနေကို ရရှိထားသော်လည်း ကိုယ်ကိုကိုယ် ဘုရားသခင်အား ဆက်ကပ်ထားခြင်း မပြုသော သူတို့ထက် ချီးမြှောက်ခြင်းကို ခံရကြလိမ့်မည်။COLB 312.2

    “သူဌေးတစ်ယောက်သည် နီမောင်းသော ကမ္မလာ နှင့် ပိတ်ချောကို ဝတ်ဆင်၍ ကာမဂုဏ် စည်းစိမ်၌ နေ့တိုင်း ပျော်မွေ့လျက် နေ၏။ လာဇရု အမည် ရှိသော သူ ဆင်းရဲတစ်ယောက်သည် တစ်ကိုယ်လုံး၌ အနာစိမ်းပေါက်၍ သူဌေး၏ စားပွဲမှ ကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင်းတသော စိတ်နှင့် သူဌေး အိမ်တံခါးနားမှာ တုံးလုံးနေ၏။” ဟု ခရစ်တော် မိန့်တော်မူ၏။COLB 312.3

    ဤ သူဌေးသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်ဟု ပွင့်လင်းစွာ ဝန်ခံသော တရားသူကြီးကို ပုံဆောင်ထားသည့် လူတန်းစားနှင့် မသက်ဆိုင်ပါ။ သူ့ကိုယ်သူ အာဗြဟံ၏ သား ဟု အမည်ခံသော သူ ဖြစ်ပါသည်။ သူတောင်းစားသည် မြင်မသင့် ရှုမကောင်း ဖြစ်နေသော်လည်း ရိုက်မောင်း ပုတ်မောင်း မလုပ်၊ နှင်မထုတ်၊ ပုံပန်းသဏ္ဌာန်အားဖြင့်လည်း စက်ဆုပ်ဖွယ်ကောင်းသော ထို သူဆင်းရဲသည် သူ၏ ဝင်းခြံတံခါးဝတွင် ထိုင်၍ သူဌေး ထွက်ဝင်နေသည်ကို ကြည့်ရှုငေးမောရခြင်းဖြင့် သူ့အတွက် ချမ်းသာခြင်း ရမည်ဆိုပါက ထို တံခါးဝ၌ တုံးလုံး လဲနေခြင်းကို သူဌေး မမြစ်တား။ သို့သော် ဆင်းရဲဒုက္ခ ခံစားနေရသော ညီအစ်ကို၏ လိုအပ်ချက်ကို အတ္တစိတ်ကြောင့် အလေးမပြု ဂရုမထားဘဲနေ၏။COLB 313.1

    ထိုခေတ်က နာမကျန်း ဖြစ်သူများကို ကြည့်ရှု စောင့်ရှောက်ထားရန် ဆေးရုံဆေးခန်း မရှိခဲ့။ ရောဂါဝေဒနာ ခံစားရသူ နှင့် ဆင်းရဲနွမ်းပါး သူတို့အတွက် အထောက်အပံ့ နှင့် ကြင်နာမှု ရရှိရန် ဘုရားသခင်က ဥစ္စာပစ္စည်း အမြောက်အများ ပေးအပ်ထားသော သူကြွယ်များကို အသိပေး၍ ချဉ်းကပ်ရကြပါသည်။ ဥပမာတွင် ပုံဆောင်ထားသည့် သူဌေး နှင့် သူတောင်းစားတို့မှာ ယင်း ကိစ္စအတွက် ဖြစ်ပါသည်။ လာဇရု၌ မိတ်ဆွေ မရှိ၊ နေစရာ အိမ် မရှိ၊ သုံးစွဲစရာလည်း ငွေ မရှိ၊ စားစရာ ဆိုပါက ဗလာနတ္တိ၊ ထိုကြောင့် ထောက်ပံ့မှုကို အလွန်ပင် လိုအပ်နေသော သူ ဖြစ်၏။ ကြွယ်ဝချမ်းသာ၍ ဂုဏ်အသရေ ရှိသော သူဌေးသည် လိုလေသေးမရှိ၊ အရာခပ်သိမ်းကို ရရှိနေပါလျက် လာဇရုမှာမူကား နေ့ရှိသမျှ ယင်း အခြေအနေ၌ပင် တည်မြဲတည်နေ၏။ ဒုက္ခရောက်နေသော လူသားချင်းကို သက်သာ ချောင်ချိစေရန်အတွက် ဖေါဖေါသီသီ ထောက်ပံ့ပေးကမ်းနိုင်သော ထို သူဌေးသည် ကိုယ် အသက်ကိုသာ ပဓါနထား၏။ ယနေ့လောက လူအများစုသည်လည်း ယင်းအတိုင်းပင် နေထိုင် သက်ရှင်ကြ၏။COLB 313.2

    ယနေ့ ကျွန်ုပ်တို့၏ ဝန်းကျင်တွင် စားစရာ မလုံလောက်သူ၊ ဝတ်စရာ ချို့တဲ့သူ၊ နေစရာ အိမ် မရှိသူ အမြောက်အများ ရှိနေပါသည်။ ယင်းသို့ ဆင်းရဲဒုက္ခ ခံစားနေရသဖြင့် ကူညီထောက်ပံ့ခြင်းကို လိုအပ်နေသူများအတွက် ကျွန်ုပ်တို့၏ ဥစ္စာပစ္စည်းများကို ဝေငှပေးကမ်းခြင်း မပြုမလုပ်ပါက တစ်နေ့သောအခါ ကျွန်ုပ်တို့သည် ပြစ်တင်စီရင်ခြင်းကို ခံရကြပေလိမ့်မည်။ တပ်မက်မောခြင်း ရှိသမျှသည် ရုပ်တု ကိုးကွယ်ခြင်း ကဲ့သို့သော မှားယွင်းမှု ဖြစ်ပါသည်။ ကိုယ်စိတ်အလိုသို့ လိုက်ခြင်း ရှိသမျှသည်လည်း ဘုရားသခင်၏ ရှေ့တော်၌ အပြစ်ကျူးလွန်ခြင်း ဖြစ်၏။COLB 313.3

    သူဌေးကြီးသည် ဘုရားသခင်၏ ဥစ္စာပစ္စည်းများအတွက် ဘဏ္ဍာစိုးအဖြစ် ခန့်ထားခြင်း ခံရသူ ဖြစ်သောကြောင့် သူတောင်းစား၏ ကိစ္စမျိုးတွင် တရားသဖြင့် စီရင်ရန် သူဌေးကြီးတွင် တာဝန် ရှိပါသည်။ “သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိ ရှိသမျှနှင့် ချစ်လော့” (တရား၊ ၆:၅)။ ၎င်းအပြင် “ကိုယ်နှင့် စပ်ဆိုင်သော သူကို ကိုယ်နှင့်အမျှ ချစ်ရမည်” ဟု ပညတ်ထားတော်မူ၏။ (ဝတ်၊ ၁၉:၁၈)။ သူဌေးကြီးသည် ယုဒလူမျိုး ဖြစ်၍ ယင်း ပညတ်များသည် ဘုရားသခင်၏ ပညတ်များ ဖြစ်ကြောင်း သိ၏။ သို့သော် သူ့အား အပ်နှင်းထားသည့် ဥစ္စာပစ္စည်းများ နှင့် စွမ်းရည်သတ္တိများကို အသုံးပြုခြင်းအတွက် ရှင်းလင်းရန် တာဝန် ရှိသည်ကို သူ သတိ မရချေ။ သူသည် ဘုရားသခင်၏ ထံမှ ကောင်းချီးမင်္ဂလာ မြောက်များစွာကို ခံစားရသော်လည်း ဖန်ဆင်းရှင်၏ ဂုဏ်တော်ကို ထင်ရှားစေရန်အတွက် ယင်း ကောင်းချီးမင်္ဂလာများကို အသုံးပြုရမည့် အစား မိမိ၏ ဂုဏ်ထင်ရှားစေဖို့ နှင့် အတ္တကောင်းကျိုးအတွက် သက်သက် အသုံးပြုခဲ့၏။ သူ ခံစားရသည့် မြောက်များစွာသော ဆုကျေးဇူးများ၏ အချိုးအစားအတိုင်း လူသားတို့အတွက် မြှင့်တင်ရေး လုပ်ငန်းတွင် အသုံးပြုရန် တာဝန် ရှိပါသည်။ ဘုရားသခင်သည် ယင်းသို့ ပညတ်တော်မူသော်လည်း သူဌေးကြီးသည် မိမိ၏ တာဝန်ကို မသိ။ သူ ချေးငှါးသော ငွေအပေါ်တွင် သူ အတိုး ယူ၏။ သို့သော် ဘုရားသခင်က သူ့အား ချေးငှါးထားသော ငွေပေါ်တွင် အတိုး ဆက်ကပ်ခြင်း မပြု။ သူသည် အသိပညာနှင့် ပြည့်စုံ၍ စွမ်းရည် သတ္တိ ရှိသူ ဖြစ်၏။ သို့သော် ပိုမို အကျိုး ဖြစ်ထွန်းအောင် အသုံးမပြု။ ဘုရားသခင် နှင့် စာရင်းရှင်းရမည်ကို သတိမမူဘဲ မိမိ၏ စွမ်းအား ရှိသမျှကို အပျော်အပါးအတွက် သက်သက် အသုံးပြု၏။ သူ့ကို ဝန်းရံလျက် ရှိသော အရာခပ်သိမ်းသည် သူ့ကို ရွှင်မြူးစေရန်အတွက် ဖြစ်၍ သူ၏ မိတ်ဆွေအပေါင်းအသင်းများကလည်း သူ၏ အလိုသို့ လိုက်၍ မြှောက်ပင့် ပြောဆိုလျက် သူ၏ ကိုယ်ကျိုးအတွက် ဆောင်ရွက်ပေးကြ၏။ သူသည် သူ၏ အပေါင်းအသင်းများတွင်သာ လုံးဝ အာရုံစူးစိုက်နေသဖြင့် ဘုရားသခင်၏ ကရုဏာတော်ဆိုင်ရာ အမှုတော်တွင် ကိုယ်တော်နှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် သတိမရတော့ပါ။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို နားလည် သဘောပေါက်၍ ကိုယ်တိုင် လိုက်နာ ကျင့်သုံးရန် အခွင့်အရေးများ ရရှိခဲ့သော်လည်း အပျော်အပါး လိုက်စားခြင်းကို နှစ်သက်သည့် အသိုက်အဝန်းနှင့် ပေါင်းသင်းဆက်ဆံရန် ရွေးချယ်ခဲ့သည့်အတွက် အချိန်ပို မရှိတော့သည့် အလျောက် ထာဝရအရှင်ဘုရားသခင်ကို မေ့လျော့တော့၏။COLB 314.1

    ထို သူ နှစ်ယောက်တို့၏ အခြေအနေ ပြောင်းသော အချိန်ရောက်လာ၏။ ဆင်းရဲသော သူသည် နေ့စဉ်နှင့်အမျှ ဒုက္ခဆင်းရဲခြင်းကို ခံခဲ့ရ၏။ သို့သော် သည်းခံခြင်းဖြင့် လည်းကောင်း၊ မျိုသိပ်အောင့်အည်းခြင်းဖြင့် လည်းကောင်း ခံနိုင်ရည် ရရှိခဲ့၏။ အချိန်တန်သောအခါ အသက်ကုန်ဆုံး၍ မြေ၌ မြှပ်နှံခြင်းကို ခံခဲ့ရ၏။ သူ့အတွက် ဝမ်းနည်းပူဆွေးသူ မရှိ၊ သို့သော် သူ ခံစားရသည့် ဒုက္ခဆင်းရဲခြင်းကို စိတ်ရှည်စွာ သည်းခံခြင်းအားဖြင့် ခရစ်တော်အတွက် သက်သေခံခဲ့၏။ ယုံကြည်ခြင်းကို စစ်ဆေးရာ၌လည်း ခံနိုင်ရည် ရှိခဲ့၏။ ထိုကြောင့် ကွယ်လွန်သောအခါ ကောင်းကင်တမန်တို့သည် သူအား အာဗြဟံ၏ ရင်ခွင်သို့ ပို့ဆောင်ကြသည်ဟု ပုံဆောင်ထားပါသည်။COLB 315.1

    ခရစ်တော်ကို ယုံကြည်သော သူများတွင် ဒုက္ခဆင်းရဲ ခံရသော သူဆင်းရဲများကို လာဇရုနှင့် ပုံဆောင်ထားပါသည်။ ဘုရားကိုယ်တော်ရှင်၌ သူတို့၏ ယုံကြည်ခြင်းသည် စာတွေ့ မဟုတ်၊ အမှန်တကယ် ဖြစ်သောကြောင့် တံပိုးမှုတ်သံနှင့် တကွ ခရစ်တော်၏ အသံတော်ကို ကြား၍ သင်္ချိုင်းများမှ ထာလာကြပြီးလျှင် သူတို့အတွက် ထားရှိသော ဆုကျေးဇူးများကို ခံစားရကြပေလိမ့်မည်။COLB 315.2

    “သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုလ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို လည်းကောင်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို လည်းကောင်း အဝေးက မြင်လျှင် အို အဘ အာဗြဟံ၊ အကျွန်ုပ်ကို ကယ်မ သနားတော်မူပါ။ အကျွန်ုပ်သည် ဤ မီးလျှံ၌ ပြင်းပြစွာခံရသောကြောင့် လာဇရုသည် မိမိ၏ လက်ဖျားကို ရေ၌ နှစ်၍ အကျွန်ုပ် လျှာကို အေးစေခြင်းငှါ သူ့ကို အကျွန်ုပ် ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။”COLB 316.1

    ခရစ်တော်သည် တရားနာ ပရိသတ်တို့၏ အယူအဆများ အပေါ်မူတည်၍ ဤ ဥပမာကို ဟောကြားတော်မူ၏။ လူသည် သေလွန်ပြီးနောက် ထမြောက် ရှင်ပြန်ချိန် မတိုင်မီတွင် အသိတရား ရှိနေသေးသည်ဟု တရားနာသူတို့တွင် အများသော သူတို့ ယုံကြည်ကြ၏။ ကယ်တင်ရှင်သည် သူတို့၏ အယူအဆကို သိမြင်တော်မူသောကြောင့် အရေးကြီးသည့် သမ္မာတရားကို သူတို့ စိတ်၌ စွဲမှတ်နိုင်စေရန် အတွက် သူတို့၌ ထားပြီးသော သဘောတရား အပေါ်မူတည်၍ ယင်း ဥပမာကို ဖန်တီးတော်မူ၏။ သူတို့သည် ဘုရားသခင်နှင့် မည်သို့မည်ပုံ ဆက်နွယ်လျက် ရှိသည်ကို ရုပ်လုံးပေါ်စေရန် သူတို့ ရှေ့မှောက်တွင် ကြေးမုံကို ထောင်၍ ပြတော်မူ၏၊ လူ၏ တန်ဖိုးကို သူ ပိုင်သော ဥစ္စာပစ္စည်းများဖြင့် ဆုံးဖြတ် သတ်မှတ်သည် မဟုတ်ကြောင်း၊ သူ ပိုင်သော ပစ္စည်းဥစ္စာများသည် ဘုရားသခင်က သူ့အား ချေးငှါးထားခြင်းသာ ဖြစ်ကြောင်း ပေါ်လွင် ထင်ရှားစေရန် သူတို့တွင် ခေတ်ထနေသော သဘောတရားကိုပင် အသုံးပြုတော်မူ၏။ ယင်း ဆုကျေးဇူးများကို အလွဲသုံးစားပြုလျှင် ဘုရားသခင်ကို ချစ်ကြောက် ရိုသေ၍ ယုံကြည်ကိုးစားသည့် အဆင်းရဲအနွမ်းပါးဆုံးသော သူ၊ ဒုက္ခဆင်းရဲ အရောက်ဆုံးသော သူတို့၏ အောက်သို့ ကျဆင်းစေလိမ့်မည် ဖြစ်ကြောင်း သရုပ်ဖေါ်၍ သြဝါဒ ပေးတော်မူ၏။COLB 316.2

    လူသည် သေလွန်ပြီးနောက်မှ ဝိညာဉ်ကယ်တင်ခြင်းကို ရယူနိုင်လိမ့်မည် မဟုတ်ကြောင်း တရားနာပရိသတ် နားလည်သဘောပေါက်စေရန် ခရစ်တော် အလိုရှိတော်မူ၏။ “ငါ့သား၊ သင်သည် အသက်ရှင်စဉ် အခါချမ်းသာရသည်ကို လည်းကောင်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကို လည်းကောင်း အောက်မေ့လော့။ ယခုမူကား သူသည် သက်သာခြင်း ရှိ၏၊ သင်သည် ဒုက္ခဝေဒနာကို ခံရ၏။ ထိုမှတစ်ပါး ငါတို့ နှင့် သင်တို့ စပ်ကြား၌ အလွန် နက်လှသော ချောက်ကြီး တည်ရှိလျက် ရှိ၏။ ထိုကြောင့် ဤ အရပ်မှ သင်တို့ ရှိရာသို့ ကူးချင်သော သူ မကူးနိုင်၊ ထို အရပ်မှ ငါတို့ ရှိရာသို့ ကူးချင်သော သူလည်း မကူးနိုင်။” ဟု အာဗြဟံက ဖြေကြား သကဲ့သို့ ခရစ်တော် ပုံဆောင်ထားတော်မူ၏။ ယင်းနည်းအားဖြင့် ဒုတိယ အကြိမ် ကရုဏာတံခါးဖွင့်ပေးရန် မျှော်လင့်ချက် မရှိကြောင်း သရုပ်ဖေါ်ထားခြင်း ဖြစ်ပါသည်။ လူသည် ယခု ဘဝ၌သာ ထာဝရ အသက်အတွက် ထိုက်တန်အောင်ပြင်ဆင်ရန် အချိန်ပေးထေားတော်မူပါသည်။COLB 316.3

    သူဌေးကြီးက မိမိသည် အာဗြဟံ၏ သား ဖြစ်သည်ဟူသော သဘောတရားကို စွန့်ပယ်ခြင်း မပြုပါ။ သူသည် ဒုက္ခရောက်သောအခါ အာဗြဟံထံမှ အကူအညီ တောင်းခံသည်ဟု ပုံဆောင်ထားပါသည်။ “အို အဘ အာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ” ဟု သူ ဆုတောင်း၏။ ဘုရားသခင်၏ ထံတော်သို့ ဆုတောင်းပတ္ထနာပြုသည် မဟုတ်၊ အာဗြဟံထံမှသာ တောင်းခံခြင်း ဖြစ်၏။ ထိုသို့ ပြုခြင်းဖြင့် သူသည် အာဗြဟံအား ဘုရားသခင်ထက် ပို၍ အားကိုးရာရောက်၏။ သူ၏ ကယ်တင်ခြင်းအတွက် အာဗြဟံနှင့် ဆက်နွယ်မှု အပေါ်တွင်သာ အားကိုး အားထားပြု၏။ လက်ဝါးကပ်တိုင်ပေါ်တွင် ရိုက်ထားခြင်းကို ခံနေရသော လူဆိုးကြီးက “သခင်၊ ကိုယ်တော်သည် နိုင်ငံတော် တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါ” ဟု သခင်ယေရှုကို လျှောက်၏။ (လု၊ ၂၃:၄၂။) ထိုအခါ ကိုယ်တော်က ယနေ့ ငါ အမှန်ဆိုသည်ကား (ငါသည် ဤ လက်ဝါးကပ်တိုင်၌ နှိမ့်ချခြင်း နှင့် ဒုက္ခဝေဒနာကို ခံလျက် ရိုက်ထားခြင်း ခံရသည့်နည်းတူ) သင်သည် ငါနှင့် အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု ချက်ချင်း မိန့်တော်မူ၏။ သို့သော် သူဌေးကြီးမူကား အာဗြဟံ၏ ထံမှသာ ဆုပတ္ထနာတောင်းခံ၏။ သူ၏ ပတ္ထနာအတိုင်း ခွင့်ပြုခြင်းကိုလည်း မခံရ။ ခရစ်တော် တစ်ဦးတည်းသာလျှင် “ဣသရေလ လူတို့အား နောင်တ တရား နှင့် အပြစ်လွှတ်ခြင်း အခွင့်ကို ပေးစေခြင်းငှါ …. အစိုး ရသော အရှင်အရာ၌ လည်းကောင်း၊ ကယ်တင်သော သခင်အရာ၌ လည်းကောင်း” ချီးမြှောက်ခြင်းကို ခံရတော်မူ၏။ တ၊ ၅:၃၁။ “ထို သခင်၏ နာမတော်မှ တစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမ တစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” တ၊ ၄:၁၂။COLB 317.1

    သူဌေးကြီးသည် မိမိ၏ အသက်တာကို မိမိ ကြိုက်နှစ်သက်သည့် ပုံစံအတိုင်း နေထိုင်ခဲ့ရာ ထာဝရကာလအတွက် စီမံစုဆောင်းခြင်း မပြုရသေးကြောင်း အချိန်နှောင်းမှ သတိရ၏။ မိမိ၏ မိုက်မှားမှုကို သဘောပေါက်သောအခါ မိမိကဲ့သို့ပင် ကိုယ်ကျိုးအတွက် သက်သက် အသက်ရှင်၍ ကိုယ့်အလိုသို့သာ ဆက်လက် လိုက်လျှောက်နေမည့် သူ၏ ညီများကို သတိရ၏။ ထိုအခါ သူဌေးကြီက “အို အဘ၊ ထိုသို့မှန်လျှင် အကျွန်ုပ်၌ ညီ ငါးယောက် ရှိသည် ဖြစ်၍ သူတို့သည် ဤ ပြင်းပြစွာ ခံရာ အရပ်သို့ မရောက်မည် အကြောင်း သူတို့အား သက်သေခံစေခြင်းငှါ လာဇရုကို အကျွန်ုပ် အဘ အိမ်သို့ စေလွှတ်တော်မူပါ” ဟု တောင်းလျှောက်လေ၏။ သို့သော် “အာဗြဟံက သင်၏ ညီတို့၌ မောရှေမှ စ၍ ပုရောဖက်များ ရှိကြ၏။ ပုရောဖက်တို့၏ စကားကို နားထောင်ကြစေဟု ဆို၏။ သူဌေးကလည်း မဟုတ်ပါ အဘ အာဗြဟံ၊ သေသော လူစုထဲက တစ်ယောက်သော သူသည် ထမြောက်၍ သူတို့ ရှိရာသို့ သွားလျှင် သူတို့သည် နောင်တရကြပါလိမ့်မည်ဟု ဆိုသော် အာဗြဟံက သူတို့သည် မောရှေ၏ စကား၊ ပုရောဖက်တို့၏ စကားကို နားမထောင်လျှင် တစ်ယောက်သော သူသည် သေခြင်းမှ ထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံ ဆို၏။”COLB 318.1

    သူဌေးကြီက သူ၏ ညီများအတွက် သက်သေခံ ထပ်မံ စေလွှတ်ရန် တောင်းလျှောက်သောအခါ ယင်းသို့ ထပ်မံ စေလွှတ်သည်တိုင်အောင် သူတို့အား ဖျောင်းဖျ၍ ရလိမ့်မည် မဟုတ်ကြောင်း အတိအလင်း ပြောလိုက်၏။ သူသည် ယင်းသို့ တောင်းလျှောက်ခြင်းဖြင့် ဘုရားသခင်၏ အပေါ်တွင် ရောက်ပြန်ဟပ်စေ၏။ ကျွန်တော်အား လုံလောက်စွာ သတိပေးနှိုးဆော်ခဲ့ပါက ယခုအခါ ကျွန်တော်သည် ဤ နေရာတွင် ရှိလိမ့်မည် မဟုတ်ပါဟု သူဌေးကြီးက ဆင်ခြေပေးသကဲ့သို့ ဖြစ်နေပါသည်။ အာဗြဟံ၏ အဖြေမှာ သင်၏ ညီများအား လုံလုံလောက်လောက် သတိပေးထားပြီး ဖြစ်ကြောင်း ပုံဆောင်ထားခြင်း ဖြစ်ပါသည်။ အလင်းတရားကို သူတို့အား ပေးထားပြီးသော်လည်း သူတို့ မမြင်မသိကြ။ သမ္မာတရားကို သူတို့ ထံသို့ ပေးပို့ ပြသထားပြီးသော်လည်း သူတို့ မကြားမမြင်လိုကြ။COLB 318.2

    “သူတို့သည် မောရှေ၏ စကား၊ ပုရောဖက်တို့၏ စကားကို နားမထောင်လျှင် တစ်ယောက်သော သူသည် သေခြင်းမှ ထမြောက်သော်လည်း မယုံကြည်နိုင်ကြ။” ယုဒအမျိုးသားများ၏ သမိုင်းတွင် ယင်း စကားများအတိုင်း အမှန် ဖြစ်ခဲ့ပါသည်။ ခရစ်တော်၏ နောက်ဆုံးလည်း ဖြစ်၊ အထွတ်အထိပ်လည်း ဖြစ်သော နိမိတ်လက္ခဏာသည် ဗေသနိရွာတွင် သေလွန်ပြီးသော လာဇရုကို လေးရက် ကြာပြီးမှ ထမြောက်စေခြင်း ဖြစ်၏။ ထိုမျှ အံ့ချီးဖွယ်ဖြစ်သော သက်သေကို ကယ်တင်ရှင်သည် ဘုရား ဖြစ်တော်မူ၍သာ ပြနိုင်ခဲ့သော်လည်း ယုဒလူတို့ မယုံကြည်ဘဲ ငြင်းပယ်ကြ၏။ လာဇရုသည် သေခြင်းမှ ထမြောက်၍ သူတို့ ရှေ့မှောက်တွင် သက်သေခံခဲ့၏။ သို့သော် သူတို့သည် မိမိတို့၏ စိတ်နှလုံးများကို ခိုင်မာစေလျက် မယုံကြည်သည် သာမက လာဇရုကို သတ်ခြင်းငှါ တိုင်ပင်ကြ၏။ (ယော၊ ၁၂:၉-၁၁)။COLB 319.1

    တရားတော် နှင့် ပုရောဖက်များသည် လူသားတို့အား ကယ်တင်ရန်အတွက် ဘုရားသခင် ခန့်ထားတော်မူသည့် ကိုယ်စားလှယ်များ ဖြစ်ကြ၏။ ခရစ်တော်က သူတို့သည် ဤ သက်သေခံချက်များကို အလေးဂရုပြုကြပါစေဟု မှာကြားတော်မူ၏။ နှုတ်ကပါတ် တရားတော်ပါ ဘုရားရှင်၏ အသံတော်ကို သူတို့ နားမထောင်ကြလျှင် တစ်ယောက်သော သူသည် သေခြင်း မှ ထမြောက်၍ သက်သေခံသည်တိုင်အောင် သူတို့ အလေးပေးကြလိမ့်မည် မဟုတ်ပါ။COLB 319.2

    မောရှေ နှင့် ပုရောဖက်တို့ကို အလေးဂရုပြုသော သူတို့အတွက် ဘုရားသခင် ပေးသနားထားတော်မူပြီးသော အလင်းတရားထက် ပို၍ လိုကြလိမ့်မည် မဟုတ်ပါ။ သို့သော် လူတို့သည် အလင်းတရားကို ငြင်းပယ်လျက် ခွင့်ပြုထားသော အခွင့်ကောင်းများ၏ အကျိုးသက်ရောက်မှုကို မသိလျှင် တစ်ယောက်သော သူသည် သေခြင်း မှ ထမြောက်၍ သတင်းစကား ယူ ဆောင်လာသော်လည်း သူတို့ နားထောင်ကြလိမ့်မည် မဟုတ်ပါ။ ယင်း သက်သေခံချက်အားဖြင့်လည်း သူတို့ စိတ်ချ ယုံကြည်ကြလိမ့်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် တရားတော် နှင့် ပုရောဖက်များကို ငြင်းပယ်ထားပြီး၍ သူတို့၏ စိတ်နှလုံး ခိုင်မာလွန်းသဖြင့် အလင်းတရား အားလုံးကိုလည်း ငြင်းပယ်ကြလိမ့်မည်။COLB 319.3

    တစ်ကြိမ် တစ်ခါက ကြွယ်ဝခဲ့သည့် သူဌေးကြီး နှင့် အာဗြဟံတို့ အပြန်အလှန် စကားပြောဆိုကြပုံမှာ ဥပမာ တင်စားထားခြင်းသာ ဖြစ်ပါသည်။ လူတိုင်းအား ပေးအပ်ထားသည့် တာဝန် ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်နိုင်စေရန် လုံလောက်သော အလင်းတရားကိုလည်း ပေးအပ်ထားကြောင်း ၎င်း ဥပမာမှ သင်ခန်းစာ ထုတ်ယူရန် ဖြစ်ပါသည်။ လူ၏ တာဝန်များသည် သူ့အား ခွင့်ပြုထားသည့် အခွင့်အရေးများ၏ အချိုးအစား အတိုင်းပင် ဖြစ်ပါသည်။ လူအား ဘုရားရှင် ပေးအပ်ထားတော်မူသော လုပ်ငန်းတာဝန်ကို ကောင်းစွာ ဆောင်ရွက်နိုင်စေရန် လုံလောက်သော အလင်းတရားကိုလည်း ပေးထားတော်မူ၏။ အနည်းငယ်မျှသော အလင်းတရားအားဖြင့် လမ်းညွှန်ထားသည့် တာဝန်ကိုလူသည် ဆောင်ရွက်ခြင်း မပြုပါက ပို၍ ထင်ရှားသော အလင်းတရားကို ရရှိသော်လည်း ပေးအပ်ထားသည့် ကောင်းချီးမင်္ဂလာများကို ပိုမို တိုးတက်အောင် မပြုမလုပ်ဘဲ သစ္စာမဲ့ခြင်းကိုသာ ပို၍ ထင်ရှားပေါ်လွင်စေလိမ့်မည်။ “အနည်းငယ်သော အမှု၌ သစ္စာ ရှိသော သူသည် ကြီးသော အမှု၌လည်း သစ္စာ ရှိလိမ့်မည်။ အနည်းငယ်သော အမှု၌ သစ္စာ မရှိသော သူသည် ကြီးသော အမှု၌လည်း သစ္စာ မရှိ။” လု၊ ၁၆:၁၀။ မောရှေ နှင့် ပုရောဖက်များက ပေးထားပြီးသော အလင်းတရားကို မခံမယူဘဲ ထူးခြား အံ့သြဖွယ်သော နိမိတ်လက္ခဏာများကို သူတို့ အလိုရှိသည် အတိုင်း ပြသည်တိုင်အောင် သူတို့ ယုံကြည်ကြလိမ့်မည် မဟုတ်ပါ။COLB 320.1

    သူဌေးကြီး နှင့် လာဇရုတို့၏ ဥပမာတွင် ပုံဆောင်ထားသော လူ နှစ်မျိုးနှစ်စားသည် မတွေ့မမြင်နိုင်သော ကမ္ဘာတွင် အဘယ်သို့ ဖြစ်ကြလိမ့်မည်ကို မှန်းဆထားခြင်း ဖြစ်ပါသည်။ မတရားသော နည်းလမ်းဖြင့် ရရှိထားသော ကြွယ်ဝမှု မဟုတ်လျှင် ယင်း ကြွယ်ဝမှု၌ အပြစ် မရှိ။ ချမ်းသာ ကြွယ်ဝသော သူ တစ်ယောက်သည် ၎င်း၏ ကြွယ်ဝခြင်းအတွက် ပြစ်တင် ရှုတ်ချခြင်းကို ခံရသည် မဟုတ်၊ ယင်းသို့ ယုံမှတ်လွှဲအပ်ထားသည့် ဥစ္စာပစ္စည်းများကို ကိုယ်ကျိုးအတွက် သက်သက် အသုံးပြုမှသာလျှင် ပြစ်တင် ရှုတ်ချခြင်းကို ခံရလေ၏။ မိမိ၏ ငွေကို ကောင်းမှုအတွက် အသုံးပြုခြင်းဖြင့် ဘုရားသခင်၏ ပလ္လင်တော်ရင်း၌ ဘဏ္ဍာ သိုမှီးထားခြင်းက များစွာပင် ပို၍ ကောင်းမွန်ပါသည်။ ယင်းနည်းဖြင့် ထာဝရ ကြွယ်ဝခြင်းကို ဆည်းပူးသူအတွက် သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ နွမ်းပါးခြင်း ဘဝသို့ ရောက်စေလိမ့်မည် မဟုတ်ပါ။ သို့သော် မိမိ၏ ဘဏ္ဍာများကို ကိုယ်ကျိုးအတွက် သက်သက် သိုလှောင်ထားသော သူသည် ယင်းသို့ သိုလှောင်ထားသည့် ဥစ္စာဘဏ္ဍာ အနည်းငယ်ကိုမျှ ကောင်းကင်နိုင်ငံတော်သို့ ယူဆောင်သွားနိုင်လိမ့်မည် မဟုတ်ပါ။ ထိုသူသည် သစ္စာ ရှိသော ဘဏ္ဍာစိုး မဟုတ်ကြောင်း ကိုယ်ကိုကိုယ် ထင်ရှားလေ၏။ သူ၏ အသက်တာတွင် ကောင်းကျိုးများကို ခံစားရသော်လည်း ဘုရားသခင်၏ ကျေးဇူးတော်ကို မေ့သော သူ ဖြစ်၏။ ကောင်းကင် ဘဏ္ဍာကို ဆည်းပူးရန် ပျက်ကွက်သော သူလည်း ဖြစ်၏။COLB 320.2

    အခွင့်အရေးများစွာ ရှိသည့် သူဌေးကြီးဆိုသည်မှာ မိမိတို့အတွက် ပိုမို ကောင်းမွန်သော ဝိညာဉ်ရေးဆိုင်ရာ အခွင့်အရေးများကို တမလွန် ဘဝသို့ သယ်ဆောင်သွားနိုင်ရန်အတွက် မိမိတို့ ခံစားရသော ဆုကျေးဇူးများကို ကောင်းစွာ ပြုစုပျိုးထောင်သင့်ကြောင်း ပုံဆောင်ထားခြင်း ဖြစ်ပါသည်။ ကယ်တင်ခြင်း စီမံကိန်း၏ အကြောင်းရင်းမှာ အပြစ်ဒုစရိုက်ကို ပယ်ဖျက်သုတ်သင်ရန် အတွက် သက်သက် မဟုတ်၊ အပြစ်ဒုစရိုက်၏ အာနိသင်ကြောင့် ပျက်စီးသိမ်ဖျင်းသွားသည့် ဝိညာဉ်ဆုကျေးဇူးများကို လူသားအား ပြန်လည် ပေးဆပ်ရန် ဖြစ်၏။ ငွေကို တမလွန်ဘဝသို့ သယ်ဆောင်သွားခြင်း မပြုမလုပ်နိုင်ပါ။ ထို အရပ်တွင်လည်း ငွေ မလိုပါ။ သို့သော် ခရစ်တော်၏ ထံတော်သို့ အသက်ဝိညာဉ်များ ပို့ဆောင်သည့် အမှုတော်တွင် ပါဝင်သော ကောင်းမှုများကိုသာ ကောင်းကင် တံတိုင်းတော်တွင်းသို့ သယ်ဆောင်သွားနိုင်ပါသည်။ သို့သော် မိမိတို့ လူသားအချင်း ချင်း ကူညီရိုင်းပင်းရန် လိုအပ်သည်များကိုလည်း မပြုမလုပ်၊ ဤ လောကတွင် ဘုရားသခင်၏ အမှုတော်ကို တိုးတက်ဖွံ့ဖြိုးရေး၌လည်း မပါမဝင်ဘဲ ဘုရားသခင် ပေးသနားတော်မူသည့် ဆုကျေးဇူးများကို မိမိ ကိုယ်ကျိုးအတွက် သက်သက် အသုံးပြုသော သူသည် ဖန်ဆင်းတော်မူသော အရှင်၏ ဂုဏ်တော်ကို ရှုတ်ချရာရောက်၏။ ထိုသူတို့သည် ဘုရားသခင်၏ ဘဏ္ဍာတော်ကို လုယူသူများ ဖြစ်ကြောင်း သူတို့၏ အမည်များနှင့် ယှဉ်၍ ကောင်းကင် စာရင်းတွင် မှတ်တမ်းတင်ထားပါသည်။COLB 321.1

    သူဌေးကြီးတွင် ငွေဖြင့် ဝယ်ယူ၍ ရနိုင်သော အရာ အားလုံး ရှိ၏၊ သို့သော် ဘုရားသခင်နှင့် စာရင်းရှင်းရန် လုံလောက်သည့် ဥစ္စာဘဏ္ဍာ မရှိ၊ သူ၏ လက်ဝယ်တွင် ရှိသော ဥစ္စာပစ္စည်း မှန်သမျှကို သူပိုင်သည်ဟု သဘောထား၍သက်ရှင်နေထိုင်ခဲ့၏။ ဘုရားသခင် ခေါ်တော်မူခြင်း နှင့် ဒုက္ခဆင်းရဲ ခံရသည့် ရှားပါးနွမ်းပါးသူများ၏ တောင်းခံသံများကို လျစ်လျူရှုခဲ့၏။ သို့သော် အချိန်တန်သောအခါ သူ ကိုယ်တိုင် လျစ်လျူ မရှုနိုင်သော ခေါ်သံကို ကြားရတော့်၏။ ဘဏ္ဍာစိုးအရာတွင် ဆက်လက်၍ မနေရတော့ဘဲ နေအိမ်ဥပစာမှ ထွက်ခွာရန် သူ ကိုယ်တိုင် မငြင်းဆန် မခုခံနိုင်သော အာဏာပိုင်၏ အမိန့်သံကို နာခံရလေ၏။ တစ်ကြိမ် တစ်ခါက ချမ်းသာကြွယ်ဝသော သူဌေးကြီးသည် မျှော်ကိုးရာ ကင်းမဲ့သည့် ဆင်းရဲခြင်း ဘဝသို့ ဆိုက်ရောက်တော့၏။ ကောင်းကင် ရက်ကန်းစင်မှ ရက်လုပ်ထားသည့် ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်ရုံသည် သူ့ကို မည်သည့်အခါတွင်မျှ ဖုံးအုပ်ထားနိုင်လိမ့်မည် မဟုတ်တော့ပါ။ တစ်ကြိမ်တစ်ခါက ပိတ်ချော မျိုးကောင်း နှင့် အဖိုးအထိုက်တန်ဆုံး ဖြစ်သည့် နီမောင်းသော ဝတ်ရုံကို ဝတ်ဆင်သူသည် အဝတ်အချည်းစည်း ဖြစ်လေ၏။ သူ့အတွက် ကရုဏာတံခါး ပိတ်လေပြီ။ သူသည် ဤ လောကသို့ မည်သည့် အရာကိုမျှ မယူဆောင်ခဲ့ ဤ လောကမှလည်း မည်သည့် အရာကိုမျှ ယူဆောင်၍ မသွားနိုင်ပါတကား။COLB 322.1

    ခရစ်တော်သည် ကြာချည်ကို လှပ်၍ ယဇ်ပုရောဟိတ်များ၊ အုပ်စိုးသော သူများ၊ ကျမ်းပြုဆရာများ နှင့် ဖါရိရှဲများအား ယင်း မြင်ကွင်းကို ဖွင့်၍ ပြတော်မူပြီးလျှင် ဤ လောက၏ဥစ္စာပစ္စည်းများနှင့် ပြည့်စုံကြွယ်ဝသော်လည်း ဘုရားသခင်၏ ဘက်၌ ကြွယ်ဝခြင်း မရှိသော သူတို့၊ ဤ အခြင်းအရာကို ကြည့်ရှုကြလော့၊ ယင်း မြင်ကွင်းကို မကြည့်ရှု မဆင်ခြင်ဘဲ နေကြမည်လော၊ လူတို့ များစွာ အလေးအမြတ် ပြုသော အရာကို ဘုရားသခင် စက်ဆုပ်ရွံ့ရှာတော်မူ၏။ “လူသည် ဤ စကြဝဠာကို အကြွင်းမဲ့ အစိုးရ၍ မိမိ အသက်ဝိညာဉ် ရှုံးလျှင် အဘယ် ကျေးဇူး ရှိသနည်း။ မိမိ အသက်ဝိညာဉ်ကို အဘယ် ဥစ္စာနှင့် ရွေးနိုင်သနည်း။” ဟု ခရစ်တော် မေးတော်မူ၏။ မာကု၊ ၈:၃၆၊၃၇။COLB 322.2

    Larger font
    Smaller font
    Copy
    Print
    Contents