Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    Chapter 9—ပုလဲရတနာ

    မ၊ ၁၃:၄၅၊၄၆။ ကို အခြေပြုပါသည်။

    ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် ရွေးနုတ်ခြင်းဆိုင်ရာ မေတ္တာတော်၏ ကောင်းချီးမင်္ဂလာများကို ပုလဲရတနာနှင့် နှိုင်းယှဉ်ထားပါသည်။ မြတ်သော ပုလဲတို့ကို ရှာသော ကုန်သည်၏ ဥပမာ နှင့် ကိုယ်တော်၏ သင်ခန်းစာကို သရုပ်ဖေါ်ထားပါသည်။ “ထို ကုန်သည်သည် အလွန် အဖိုးထိုက်သော ပုလဲကို တွေ့သောအခါ သွား၍ မိမိ၌ ရတတ်သမျှကို ရောင်းပြီးလျှင် ထို ပုလဲကို ဝယ်လေ၏။” ခရစ်တော် ကိုယ်တိုင်သည် အဖိုးထိုက်သော ပုလဲရတနာ ဖြစ်တော်မူ၏။ ကိုယ်တော်၌ ခမည်းတော် ဘုရားသခင်၏ ဇာတိ အဖြစ်တော်နှင့် ပြည့်စုံသော ဂုဏ်တော်အပေါင်း ကိန်းဝပ်တော်မူ၏။ ကိုယ်တော်သည် ခမည်းတော်၏ ဘုန်းတော်ဖြင့် ထွန်းတောက်၍ ခမည်းတော်၏ ပုံသဏ္ဌာန်တော်နှင့် ထပ်တူ ဖြစ်တော်မူ၏။ ကိုယ်တော်၏ ဂုဏ်အင်္ဂါတော်၌ ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည် ထင်ရှားတော်မူ၏။ သမ္မာကျမ်းစာတော်မြတ်၏ စာမျက်နှာတိုင်းတွင် ကိုယ်တော်၏ ရောင်ခြည်တော် ထွန်းတောက်၏။ ခရစ်တော်၏ ဖြောင့်မတ်ခြင်းသည် ဖြူသောပုလဲရတနာကဲ့သို့ သန့်ရှင်းဖြူစင်၍ အပြစ်အနာ၊ အစွန်းအညစ် မရှိ၊ အဖိုးထိုက်သော ဘုရားသခင်၏ လက်ဆောင်တော်ကြီးကို သာလွန် ကောင်းမွန်စေရန် လူသားအနေဖြင့် မည်သို့မျှ ထပ်လောင်း မဆောင်ရွက်နိုင်။ ယင်း လက်ဆောင်တော်ကြီးတွင် အပြစ်အနာအဆာ မရှိ။ ခရစ်တော်၌ “ပညာ ဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာ ရှိသမျှတို့သည် ဝှက်ထားလျက် ရှိကြ၏။” ကော၊ ၂:၃။ ကိုယ်တော်သည် “ပညာမှ စ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်း ဖြစ်တော်မူ၏။” ၁ ကော၊ ၁:၃၀။ ဤ လောကအတွက် လည်းကောင်း၊ နောင်လာလတ္တံ့သော လောကအတွက် လည်းကောင်း လူသားတို့၏ လိုအပ်ချက်များ နှင့် မျှော်မှန်းချက်များကို ခရစ်တော်အားဖြင့်သာ ပြည့်စုံကုံလုံစွာ လက်ခံ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့၏ ရွေးနုတ်ရှင်သည် အဖိုးအထိုက်တန်ဆုံးသော ပုလဲရတနာ ဖြစ်သောကြောင့် ကိုယ်တော်နှင့် နှိုင်းယှဉ်ပါက ခပ်သိမ်းသော အရာတို့ကို ရှုံးစေသော အရာကဲ့သို့ ထင်မှတ်ရ၏။COLB 124.1

    ခရစ်တော်သည် “မိမိ ဒေသ အရပ်သို့ ကြွလာသော်လည်း မိမိ လူမျိုးတို့သည် သူတို့ကို လက်မခံဘဲနေကြ၏။” ယော၊ ၁:၁၁။ ဘုရားသခင်၏ အလင်းတော်သည် လောကီမှောင်မိုက်၌ လင်း၍ “မှောင်မိုက်သည် မခံမယူ။” ယော၊ ၁:၅။ သို့သော် ကောင်းကင် လက်ဆောင်တော်ကို လူတိုင်း လျစ်လျူ မရှုကြပါ။ သမ္မာတရားတော်ကို ရိုးသားစွာ လိုလားသော သူတစ်စုအား ဥပမာတွင် ကုန်သည်နှင့် ပုံဆောင်ထားပါသည်။ နိုင်ငံအများစုတွင် အမြော်အမြင် ကြီးသော သူအများသည် စိတ်အား ထက်သန်စွာဖြင့် စာပေကျမ်းဂန်များတွင် လည်းကောင်း၊ သိပ္ပံပညာရပ်များတွင် လည်းကောင်း၊ ဘာသာ အသီးသီးတွင် လည်းကောင်း အသက်ဝိညာဉ်အတွက် ရတနာ ရှာဖွေကြပါသည်။ ယုဒ လူမျိုးတို့တွင်လည်း သူတို့၌ မရှိသေးသော အရာများကို စူးစမ်းရှာဖွေခဲ့သော သူအများ ရှိခဲ့ပါသည်။ ဓလေ့ထုံးစံအရ တည်မြဲလာခဲ့သော ဘာသာ အယူဝါဒ တစ်ခုဖြင့် ကျေနပ်မှု မရှိသောကြောင့် ဝိညာဉ်တော်နှင့်ဆိုင်၍ မြင့်မြတ်သော ဘာသာအယူဝါဒကို သူတို့ လိုလား တောင့်တကြ၏။ ခရစ်တော်၏ အရွေးချယ်ခံ တပည့်တော်များသည် ဒုတိယ အမျိုးအစားတွင် ပါဝင်ကြပါသည်။ ကော်နေလိ နှင့် အဲသယောပိ အမတ်တို့သည် ပထမ အမျိုးအစားတွင် ပါဝင်ကြ၏။ ကောင်းကင်မှ အလင်းတော်ကိုသူတို့ ဆုတောင်းလျက် စောင့်မျှော်၍ နေကြရာ ခရစ်တော် ကြွလာတော်မူသောအခါ ဝမ်းမြောက်စွာ လက်ခံကြပါသည်။COLB 125.1

    ဥပမာတွင် ပုလဲရတနာသည် လက်ဆောင်ဖြစ်သည်ဟု ပုံဆောင်ထားခြင်း မဟုတ်ပါ။ ကုန်သည် သည် မိမိ ရတတ်သမျှကို ရောင်း၍ ဝယ်ယူရပါသည်။ ကျမ်းစာ၌ ခရစ်တော်အား လက်ဆောင်တော် ဖြစ်သည်ဟု ဖေါ်ပြချက် ရှိပါသဖြင့် ဤ ဥပမာ၏ အဓိပ္ပါယ်ကို အများသော သူတို့က မေးကြပါသည်။ ခရစ်တော်သည် လက်ဆောင်တော် ဖြစ်ပါသည်။ သို့သော မိမိအတွက် မည်သည့် အရာကိုမျှ ချိန်လှပ်ထားခြင်း မပြုဘဲ ကိုယ် စိတ် နှလုံး သုံးပါးလုံးကို ကိုယ်တော်ရှင်အား ဆက်ကပ်ထားသူများအတွက်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်ကိုကိုယ် ခရစ်တော်များ ဆက်ကပ် အပ်နှံထားရပါမည်။ ကိုယ်တော်၏ ဆင့်ဆိုချက် အားလုံးကို လိုလားစွာ လိုက်နာ၍ အသက်တာကို ခရစ်တော်အား ဆက်ကပ်ထားရပါမည်။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာနှင့်တကွ ကျွန်ုပ်တို့၏ စွမ်းရည်သတ္တိ ရှိသမျှကို ကိုယ်တော်ရှင် ပိုင်တော်မူသည် ဖြစ်၍ ကိုယ်တော်၏ အမှုတော်အတွက် ဆက်ကပ်ထားရမည်။ ကျွန်ုပ်တို့သည် ဤကဲ့သို့ မိမိတို့ ကိုယ်ကို ကိုယ်တော်အား လုံးဝ ဥဿုံဆက်ကပ်ထားပါက ခရစ်တော်သည် ကောင်းကင်ဘဏ္ဍ ရှိသမျှ နှင့် မိမိကိုယ်တော်တိုင်ကို ကျွန်ုပ်တို့အတွက် ပေးတော်မူ၏။ ထိုအခါ ကျွန်ုပ်တို့သည် အဖိုးထိုက်တန်သော ပုလဲရတနာကို လက်ခံ ရရှိကြ၏။COLB 125.2

    ကယ်တင်ခြင်းသည် အခမဲ့ ပေးသော လက်ဆောင် ဖြစ်သော်လည်း ယင်းကို ဝယ်ရ ရောင်းရပါသည်။ ဘုရားရှင်၏ ကရုဏာတော် စီမံအုပ်ချုပ်သော စျေးကွက်တွင် မြတ်သော ပုလဲရတနာကို အခကြေးငွေ မပေးဘဲ ဝယ်ယူသည်ဟု ပုံဆောင်ထားပါသည်။ ယင်း စျေးကွက်တွင် လူတိုင်း ကောင်းကင် ကုန်ပစ္စည်းများကို ရနိုင်ပါသည်။ သမ္မာတရားတည်းဟူသော ကျောက်မျက်ရတနာ ဘဏ္ဍာတိုက်ကို လူတိုင်းအတွက် ဖွင့်လှစ်ထားပါသည်။ “အဘယ်သူမျှ မပိတ်နိုင်သော တံခါးကို သင့် ရှေ့၌ ငါ ဖွင့်ထားပြီ” ဟု ထာဝရအရှင်ဘုရားသခင် မိန့်တော်မူ၏။ ဗျာ၊ ၃:၈။ ယင်း တံခါးသို့ သွားရာလမ်း၌ ဓါးလက်နက် အစောင့်အကြပ် မရှိ။ အခန်းအတွင်း နှင့် တံခါးဝ၌ ရှိသော အသံများက လာကြပါဟု ဖိတ်ခေါ်နေကြ၏။ ကယ်တင်ရှင်ကလည်း မေတ္တာတော်ဖြင့် အမှန်ပင် ဖိတ်ခေါ်၍ နေတော်မူ၏။ “သင်သည် ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့် ချွတ်ပြီးသော ရွှေကို …. ငါ့ထံမှာ ဝယ်လော့ဟု သင့်အား ငါသည် အကြံပေး၏။” ဗျာ၊ ၃:၁၈။COLB 126.1

    ခရစ်တော်၏ ဧဝံဂလိတရားတော်သည် လူတိုင်းပိုင်ဆိုင်ခွင့် ရှိသော ကောင်းချီးမင်္ဂလာ ဖြစ်ပါသည်။ လောကီစည်းစိမ်ဥစ္စာ မည်မျှပင် ပေါကြွယ်ဝစေကာမူ ကယ်တင်ခြင်းကို ရယူနိုင်မည် မဟုတ်ပါ၊ အဆင်းရဲအနွမ်းပါးဆုံးသော သူသည်လည်း အကြွယ်ဝဆုံးသော သူကဲ့သို့ပင် ကယ်တင်ခြင်းကို ဝယ်ယူနိုင်ပါသည်။ ခရစ်တော်သည် ကျွန်ုပ်တို့အား ဝယ်ယူပိုင်ဆိုင်ပြီး ဖြစ်သည့်အလျောက် မိမိတို့ ကိုယ်ကို ကိုယ်တော်ရှင်အား ဆက်ကပ်အပ်နှံ၍ လိုလားစွာ နားထောင်ခြင်းဖြင့်သာ ကယ်တင်ခြင်းကို ရယူနိုင်ပါ သည်။ အဆင့်အတန်း အမြင့်ဆုံးသော ပညာရှိသူပင်လျှင် မိမိ ကိုယ်ပိုင် အရည်အချင်းအားဖြင့် ဘုရားသခင်၏ အနီးသို့ မချဉ်းကပ်နိုင်။ ဖါရိရှဲများသည် လောကီရေးရာ၌ လည်းကောင်း၊ ဝိညာဉ်ရေးရာများ၌ လည်းကောင်း အကျိုးကျေးဇူး မြောက်မြားစွာကို အထူး ခံစားရကြပါသည်။ ထိုကြောင့် ငါတို့သည် “ဥစ္စာရတတ်၏၊ ဘဏ္ဍာများကိုဆည်းပူးပြီ၊ တစ်စုံတစ်ခုမျှမလို” ဟု ဝါကြွားစွာ ပြောကြ၏။ သို့သော် “ကိုယ်တိုင် ပင်ပန်းခြင်း၊ သနားဖွယ် ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်း ရှိခြင်း ဖြစ်သည်ကို” သူတို့ မသိကြ။ ဗျာ၊ ၃:၁၇။ ခရစ်တော်သည် သူတို့အား အဖိုး မဖြတ်နိုင်သော ပုလဲရတနာကို ကမ်းလှမ်းတော်မူသော်လည်း သူတို့အနေဖြင့် လက်ခံပါက ဂုဏ်နိမ့်စရာ ဖြစ်သည်ဟူ သဘောပိုက်ကြသောကြောင့် “အခွန်ခံတို့ နှင့် ပြည့်တန်ဆာတို့သည် သင်တို့ အလျင် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်တတ်ကြ၏” ဟု ခရစ်တော် မိန့်တော်မူ၏။ မဿဲ၊ ၂၁:၃၁။COLB 126.2

    ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို အကျင့်အားဖြင့် မရနိုင်ပါ။ သို့သော် ကျွန်ုပ်တို့အနေဖြင့် ကမ္ဘာပေါ်တွင် ပိုင်သမျှကို စွန့်လွှတ်ပါမည်ဟု သဘောပိုက်လျက် စိတ်ရော ကိုယ်ပါ ဇွဲလုံ့လစိုက်ထုတ်၍ စူးစမ်းရှာဖွေပါမည်။COLB 127.1

    ကျွန်ုပ်တို့သည် အဖိုးထိုက်တန်သော ပုလဲရတနာကို ရှာရမည်။ သို့သော် လောကီ ရောင်းဝယ် ဖေါက်ကားရာ ဌာနများတွင် မတွေ့နိုင်၊ လောကီ နည်းလမ်းများဖြင့်လည်း မရနိုင်။ ကျွန်ုပ်တို့ ပေးရမည့် အဖိုးအခသည် ရွှေငွေ မဟုတ်၊ ဤ အရာများကို ဘုရားသခင် ပိုင်တော်မူ၏။ လောကီရေးရာ နှင့် ဝိညာဉ်ရေးရာ အခွင့်အရေးများအားဖြင့် ကယ်တင်ခြင်းကို ရလိမ့်မည်ဟု အယူအဆ ရှိလျှင် ယင်း ယူဆချက်ကို စွန့်လွှတ်ပါ။ သင်၏ အနေဖြင့် လိုလားစွာ နားထောင်၍ မကောင်းမှု ဒုစရိုက်များကို စွန့်လွှတ်ရန် ကိုယ်တော်ရှင် တောင်းဆိုတော်မူ၏။ “ငါသည် အောင်မြင်၍ ငါ့ ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသော အခွင့်ကို ငါ ပေးမည်။” ဟု ခရစ်တော် မိန့်တော်မူ၏။ ဗျာ၊ ၃:၂၁။COLB 127.2

    ကောင်းကင် ပုလဲရတနာကို အမြဲတစေ လိုက်လံ ရှာဖွေ၍ နေပုံပေါက်သော သူ အချို့ ရှိပါသည်။ သို့သော် သူတို့၏ မှားယွင်းသော အကျင့်စရိုက်များကို လုံးဝ ဥဿုံ မစွန့်မလွှတ်ကြပါ။ သူတို့၏ စိတ်နှလုံးတွင် ခရစ်တော် နေထိုင်တော်မူရန် သူတို့၏ ဇာတိပကတိစိတ်ကို အသေမခံကြသေးပါ။ ထိုကြောင့် သူတို့သည် အဖိုးမဖြတ်နိုင်သော ပုလဲရတနာကို မတွေ့ကြပါ။ လောကီ တပ်မက်ခြင်း နှင့် မသန့်ရှင်းသော ရည်မှန်းချက်များကို မစွန့်မလွှတ်နိုင်ကြသေးပါ။ ကိုယ်ကိုကိုယ် ငြင်းပယ်၍ အနစ်နာခံသော လမ်းစဉ်အတိုင်း လက်ဝါးကပ်တိုင်ကို ထမ်းလျက် ခရစ်တော်၏ နောက်တော်သို့ မလိုက်မလျှောက်ကြပါ။ ခရစ်ယာန် ဖြစ်လုနီးသော်လည်း တင်းပြည့်ကျပ်ပြည့် ခရစ်ယာန် မဖြစ်ကြသေး၍ ကောင်းကင်နိုင်ငံတော်နှင့် နီးပုံပေါက်သော်လည်း ယင်း နိုင်ငံတော်သို့ မဝင်နိုင်ကြပါ။ ကယ်တင်ခြင်းခံရလုနီးပြီ ဖြစ်သော်လည်း လုံးလုံးလျားလျား ကယ်တင်ခြင်း မခံရသေးဟု ဆိုသည့် အဓိပ္ပါယ်မှာ ဆုံးရှုံးလုနီး မဟုတ်၊ လုံးဝ ဆုံးရှုံးသွားခြင်းသာ ဖြစ်တော့၏။COLB 128.1

    မြတ်သော ပုလဲကို ရှာသော ကုန်သည်၏ ဥပမာတွင် ထူးခြားသည့် အဓိပ္ပါယ် နှစ်မျိုး ရှိပါသည်။ ကောင်းကင်နိုင်ငံတော်ကို ရှာနေသော သူများ သာမက ပျောက်ဆုံးနေသော အမွေခံများကို ရှာနေတော်မူသည့် ခရစ်တော်ကိုလည်း ပုံဆောင်ထားပါသည်။ ကောင်းကင်ကုန်သည်ကြီးတည်းဟူသော ခရစ်တော်သည် မြတ်သော ပုလဲများကို ရှာရာတွင် အဖိုးထိုက်တန်သော ပုလဲရတနာတည်းဟူသော ပျောက်ဆုံးနေသည့် လူသားကို တွေ့မြင်တော်မူ၏။ အပြစ် ဒုစရိုက်ကြောင့် ညစ်ညူး၍ ပျက်စီးနေသော လူသားကို ရွေးနုတ်ရန် ဖြစ်နိုင်ကြောင်း ကိုယ်တော် မြင်တော်မူ၏။ အမှား နှင့် အမှန် ယှဉ်ပြိုင် တိုက်ခိုက်နေသည့် စာတန်၏ စစ်မြေပြင် တည်းဟူသော နှလုံးသားများကို မေတ္တာတော်၏ တန်ခိုးဖြင့် ကယ်ဆယ်၍ ရရှိသောအခါ မည်သည့် အခါကမျှ မဆုံးရှုံးခဲ့သော သူများထက် ပို၍ ရွေးနုတ်ရှင် မြတ်နိုးတော်မူ၏။ ဘုရားသခင်သည် လူသားကို စက်ဆုပ်ဖွယ် ဖြစ်သည်ဟူ၍ လည်းကောင်း၊ အချည်းနှီး ဖြစ်သည်ဟူ၍ လည်းကောင်း မှတ်တော်မမူ၊ ခရစ်တော်အားဖြင့် ရှုတော်မူ၍ ရွေးနုတ်ခြင်း မေတ္တာတော်အရ ဖြစ်ပေါ်လာမည့် အခြေအနေကို မြင်တော်မူ၏။ စကြဝဠာ တစ်ခုလုံး၏ ကြွယ်ဝမှု အပေါင်းကို စုပုံ၍ ပုလဲရတနာကို ဝယ်တော်မူ၏။ ယေရှုရှင်သည် ထို ပုလဲကို တွေ့သောအခါ မိမိပိုင် သရဖူတွင် တပ်ဆင်တော်မူ၏။ “သူတို့သည် မြေတော်၌ ထင်ရှားသော သရဖူ မျက်မွန်ကဲ့သို့ ဖြစ်ကြလိမ့်မည်။” ဇာခရိ၊ ၉:၁၆။ “ထို သူတို့သည် ငါ စီရင်သော နေ့ရက်၌ ငါ ပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ကြလိမ့်မည် …. ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။” မာလခိ၊ ၃:၁၇။COLB 128.2

    သို့သော် ခရစ်တော်သည် အဖိုးအထိုက်တန်ဆုံးသော ပုလဲရတနာ ဖြစ်တော်မူ၍ ဤ ကောင်းကင် ဘဏ္ဍာတော်ကို ကျွန်ုပ်တို့ ပိုင်ဆိုင်ခွင့် ရှိပါသည်ဟု ဆိုသည့် အကြောင်းတရားပေါ်တွင်သာလျှင် ကျွန်ုပ်တို့သည် အမြဲတစေ စဉ်းစား၍နေသင့်ပါသည်။ မြတ်သော ပုလဲရတနာ၏ အဖိုး ထိုက်တန်ပုံကို သန့်ရှင်းသော ဝိညာဉ်တော်က လူတို့အား ဖွင့်ပြတော်မူပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးကို ရရှိသော အချိန်သည် ကောင်းကင်လက်ဆောင်တော်ကို ရှာဖွေတွေ့ရှိသည့် ဝိသေသထူးသော အချိန် ဖြစ်ပါသည်။ ခရစ်တော် ဤ လောကတွင် ရှိတော်မူစဉ်က ဧဝံဂလိ တရားတော်ကို လူအများ ကြားနာရသော်လည်း သူတို့၏ ဉာဏ်မျက်စိများသည် မှားယွင်းသော သင်ကြားပြသမှုများအားဖြင့် အမှောင် ဖုံးလွှမ်းနေကြသောကြောင့် နှိမ့်ချသော ဂါလိလဲဆရာတော်ကို ဘုရားသခင်၏ သားတော် ဖြစ်သည်ဟု သူတို့ အသိအမှတ် မပြုကြ။ သို့သော် ခရစ်တော်သည် ကောင်းကင်နိုင်ငံတော်သို့ ပြန်လည် တက်ကြွတော်မူပြီးသည့်နောက် ကိုယ်တော်သည် ဖျန်ဖြေရေး နိုင်ငံတော်၏ ပလ္လင်တော်ပေါ်၌ တင်မြှောက်တော်မူခြင်း ခံရသည်ကို သန့်ရှင်းသော ဝိညာဉ်တော် အထူး သွန်းလောင်းခြင်းဖြင့် ထင်ရှားစွာ ပြတော်မူ၏။ ပင်တေကုတ္တေပွဲနေ့ ရောက်သောအခါ ဝိညာဉ်တော်ကို စေလွှတ်တော်မူ၏။ ခရစ်တော်၏ သက်သေခံများသည် ထမြောက်တော်မူသော ကယ်တင်ရှင်၏ တန်ခိုးတော်အကြောင်း ကြွေးကြော်ကြပါသည်။ ခရစ်တော်၏ ရန်သူများက လိမ်လည်လှည့်ဖြားခြင်းကို ခံရသူတို့၏ မှောင်မိုက် ဖုံးလွှမ်းနေသော ဉာဏ်မျက်စိများ အတွင်းသို့ ကောင်းကင် အလင်းတော် ထိုးဖေါက်ဝင်ရောက်လေ၏။ ကိုယ်တော်ကို “ဣသရေလလူတို့အား နောင်တတရား နှင့် အပြစ်လွှတ်ခြင်း အခွင့်ကို ပေးစေခြင်းငှါ၊ ထိုသူကို အစိုးရသော အရှင်အရာ၌ လည်းကောင်း၊ ကယ်တင်သော သခင်အရာ၌ လည်းကောင်း” ချီးမြှင့်ခံရသည်ကို ယခု သူတို့ တွေ့မြင်ရကြ၏။ တမန်တော်၊ ၅:၃၁။ ပုန်ကန်မှုကို ကျောခိုင်းသော သူတို့င်းအား ပေး မည့် အတိုင်းမသိ များစွာသော ကောင်းကင် ဘဏ္ဍာရတနာများကို လက်တော်၌ ပွေ့ပိုက်ထားတော်မူသည့် ကိုယ်တော်သည် ကောင်းကင်၌ ဘုန်းတော်ရောင်ခြည်နှင့် ဝန်းရံလျက် ရှိသည်ကို သူတို့ မြင်ရကြ၏။ တမန်တော်များသည် ခမည်းတော်ဘုရား၏ တစ်ပါးတည်းသော သားတော်ဆိုင်ရာ ဘုန်းတန်ခိုးတော် အကြောင်းကို ကြားပြောကြသောအခါ ထိုနေ့တွင် လူ သုံးထောင် ယုံကြည်ကြပါသည်။ သူတို့သည် ကိုယ်တိုင်အားဖြင့် အပြစ်နှင့် ပြည့်ဝ၍ ညစ်ညမ်းလျက ရှိကြောင်း၊ ခရစ်တော်သည် သူတို့၏ မိတ်ဆွေ နှင့် ရွေးနုတ်ရှင် ဖြစ်တော်မူကြောင်း သူတို့ ကိုယ်တိုင် သိမြင်အောင် ရှင်းပြကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အပေါ်သို့ သက်ရောက်ခြင်းအားဖြင့် ခရစ်တော်သည် ချီးမြှင့်ခြင်းကို ခံရ၏။ ခရစ်တော်သည် ဘုန်းကြီးတော်မူ၏။ ယုံကြည်သော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက် ထာဝရအသက်ကို ရစေခြင်းငှါ ခရစ်တော်သည် နှိမ့်ချခြင်းကို လည်းကောင်း၊ ဒုက္ခဝေဒနာကို လည်းကောင်း၊ အသေသတ်ခြင်းကို လည်းကောင်း ခံတော်မူသည်ကို ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် တွေ့မြင်ရကြ၏။ ဝိညာဉ်တော်အားဖြင့် ခရစ်တော်ကို ဖေါ်ပြခြင်းသည် ထိုသူတို့အား ကိုယ်တော်၏ ဘုန်းတန်ခိုးတော် အာနုဘော်အကြောင်းကို သဘောပေါက်စေသဖြင့် “အကျွန်ုပ် ယုံကြည်ပါသည်” ဟု အသီးသီး ကြေငြာကြ၏။COLB 130.1

    ၎င်းနောက် ကယ်တင်ရှင် ထမြောက်တော်မူခြင်း၏ ဝမ်းမြောက်စရာ သတင်းစကားများကို လောကီ နိုင်ငံ အရပ်ရပ်သို့ သယ်ဆောင်သွားကြ၏။ အနယ်နယ် အရပ်ရပ်မှ ယုံကြည်သော သူ အမြောက်အများ အသင်းတော်သို့ စုရုံးဝင်ရောက်ကြပါသည်။ ယုံကြည်သော သူများသည်လည်း ထပ်မံ ပြောင်းလဲခြင်းသို့ ရောက်ကြ၏။ တစ်ပါးအမျိုးသားများနှင့် ခရစ်ယာန်တို့ ပေါင်းဖက်၍ အဖိုး ထိုက်တန်သော ပုလဲရတနာကို ရှာဖွေကြ၏။ အားနည်းသော သူသည် “ဒါဝိဒ်မင်းကဲ့သို့” လည်းကောင်း၊ ဒါဝိဒ်မင်းမျိုးသည် “ထာဝရဘုရား၏ ကောင်းကင်တမန်ကဲ့သို့” လည်းကောင်း ဖြစ်လိမ့်မည်အကြောင်း ပုရောဖက် ဟောပြောသော စကား ပြည့်စုံလေ၏။ ဇာခရိ၊ ၁၂:၈။ ခရစ်ယာန်တိုင်းသည် ကိုယ်တော်ကဲ့သို့ စေတနာ ထက်သန်၍ မေတ္တာတရား ပွားများနိုင်ကြောင်း ညီအစ်ကိုတိုင်းက တွေ့မြင်ရကြ၏။ တစ်ခုတည်းသော အာရုံစူးစိုက်မှု စိုးမိုး၏။ တညီတညွတ်တည်းသော ရည်မှန်းချက်သည် အခြားသော ရည်မှန်းချက် အပေါင်းကို ငုံမိလေ၏။ ညီအစ်ကို အပေါင်းသည်လည်း တလုံးတစည်းတည်း ဖြစ်ကြ၏။ ယုံကြည်သော သူတို့၏ တစ်ခုတည်းသော ရည်မှန်းချက်သည် ခရစ်တော်၏ ဂုဏ်သိက္ခာတော်နှင့် တူညီသော အကျင့်စာရိတ္တကို ဆည်းပူး၍ ကိုယ်တော်၏ နိုင်ငံတော်ကို တိုးချဲ့ရေးအတွက် အမှုတော်ဆောင်ရန်ပင် ဖြစ်ပါသည်။ “ယုံကြည်သော သူအပေါင်းတို့သည် စိတ်နှလုံး တညီတညွတ်တည်း ရှိကြ၍ …. သခင်ယေရှု ထမြောက်တော်မူခြင်း အကြောင်းကို တမန်တော်တို့သည် ကြီးသော တန်ခိုးနှင့် သက်သေခံ၍ ထိုသူအပေါင်းတို့သည် ကြီးသော ကျေးဇူးတော်နှင့် ပြည့်စုံကြ၏။” တမန်တော်၊ ၄:၃၂၊၃၃။ ၎င်းအပြင် “ကယ်တင်ခြင်းသို့ ရောက်သော သူတို့လည်း နေ့စဉ် မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။” တ၊ ၂:၄၇။ သူတို့သည် အဖိုးထိုက်တ်သော ပုလဲရတနာကို တွေ့မြင်ရကြပြီ ဖြစ်၍ ခရစ်တော်၏ ဝိညာဉ်တော်သည် လူစုလူဝေးကြီး တစ်ခုလုံးကို သက်ဝင်လှုပ်ရှားစေ၏။COLB 131.1

    ပိုမို အင်အားကြီးမားသည့် အလားတူ မြင်ကွင်းများ ထပ်တလဲလဲ ဖြစ်ပေါ်ပါလိမ့်မည်။ ပင်တေကုတ္တေပွဲနေ့တွင် သွန်းလောင်းတော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည် အလျင်မိုး ဖြစ်၏။ သို့သော် နောက်မိုးသည် အလျင်မိုးထက် ပို၍ ကြွယ်ဝလုံလောက်ခြင်း ရှိလိမ့်မည်။ ဝိညာဉ်တော်သည် ကျွန်ုပ်တို့ တောင်းဆို၍ လက်ခံရန် စောင့်နေတော်မူ၏။ သန့်ရှင်သော ဝိညာဉ်တော်၏ တန်ခိုးတော်ဖြင့် ခရစ်တော်ကို ပြည့်စုံကုံလုံစွာ ပြန်လည် ဖေါ်ထုတ်ရန် ဖြစ်ပါသည်။ လူတို့သည် မြတ်သော ပုလဲရတနာ၏ တန်ဖိုးကို နားလည် သဘောပေါက်၍ တမန်တော် ရှင်ပေါလုကဲ့သို့ “ငါ၏ အကျိုးစီးပွားကို ပြုစုသော အရာ ရှိသမျှတို့ကို ရှုံးစေသော အရာကဲ့သို့ ခရစ်တော်ကြောင့် ငါ ထင်မှတ်၏။ ထိုမျှမက ငါ၏ သခင်ယေရှုခရစ်ကို သိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍ ခပ်သိမ်းသော အရာတို့ကို ရှုံးစေသော အရာကဲ့သို့ ငါ ထင်မှတ်၏။” ဟု ပြောကြလိမ့်မည်။ ဖိ၊ ၃:၇-၉။COLB 132.1

    * * * * *

    Larger font
    Smaller font
    Copy
    Print
    Contents