Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 20—ရှုံးသော အမြတ်

    လုကာ၊ ၁၂:၁၃-၂၁။ ကို အခြေပြုပါသည်။

    တပည့်တော်များပါလျက် အခြားသော သူများသည် ကိုယ်တော်ကို ဝန်းရံလျက် ရှိစဉ် ကိုယ်တော်သည် ထုံးစံတော် ရှိသည့်အတိုင်း သြဝါဒ ပေးလျက်နေတော်မူ၏။ မကြာမီ သူတို့ ပါဝင်ဆောင်ရွက်ရကြမည့် မြင်ကွင်းများအကြောင်းကို တပည့်တော်များအား ပြောပြနေချိန် ဖြစ်၏။ သူတို့အား ကိုယ်တော်ရှင် ပေးအပ်တော်မူသည့် သမ္မာတရားများကို တိုင်းတစ်ပါးသို့ ဆက်လက် ပေးပို့ ကြေငြာရကြမည် ဖြစ်ကြောင်း၊ ထိုအခါ သူတို့သည် ဤ လောကကို အုပ်စိုးသူများနှင့် ထိပ်တိုက်တွေ့ရကြလိမ့်မည် ဖြစ်ကြောင်း ကိုယ်တော်ကြောင့် သူတို့အား တရားရုံးများသို့ လည်းကောင်း၊ ရာဇဝတ် တရားသူကြီးများ နှင့် ရှင်ဘုရင်များ၏ ရှေ့မှောက်သို့ ခေါ်သွင်းကြလိမ့်မည်ဟူ၍ လည်းကောင်း၊ ထိုအခါ အဘယ်သူမျှ မငြင်းမဆန်နိုင်သော ဉာဏ်ပညာကို သူတို့အား ပေးတော်မူမည် ဖြစ်ကြောင်းကို လည်းကောင်း ကိုယ်တော်သည် သူတို့အား မိန့်မှာနေခြင်းဖြစ်ပါသည်။ တရားနာ ပရိသတ်ကြီး၏ စိတ်နှလုံးများကို လှုပ်ရှားစေလျက် စဉ်းလဲသော ရန်သူများ၏ စိတ်ကို ရှုပ်ထွေးစေသည့် ကိုယ်တော်၏ နှုတ်တော်ထွက် စကားများအရ တပည့်တော်များအား ပေးတော်မူမည်ဟု ကတိထားတော်မူသည့် တန်ခိုးသည် ကိုယ်တော်ရှင်၌ ကိန်းဝပ်တော်မူသည့် ဝိညာဉ်တော် တန်ခိုး ဖြစ်ကြောင်း သူတို့ ကိုယ်တိုင် တွေ့မြင်ကြ၏။COLB 302.1

    သို့သော် ကောင်းကင် ဆုကျေးဇူးတော်ကို မိမိတို့၏ ကိုယ်ကျိုးအတွက် သက်သက် အသုံးပြုလိုသော သူ အများ ရှိပါသည်။ သမ္မာတရားတော်ကို လွယ်ကူစွာ နားလည် သဘောပေါက်အောင် ထင်လင်းစေနိုင်သည့် ခရစ်တော်၏ အံ့သြဖွယ်သော တန်ခိုးတော်ကို သူတို့ ဝန်ခံ အသိအမှတ်ပြုကြ၏။ တပည့်တော်များအား ရာဇဝတ် တရားသူကြီးများ နှင့် ရှင်ဘုရင်များ၏ ရှေ့မှောက်တွင် စကားပြောနိုင်သော တန်ခိုးကို ပေးတော်မူမည်ဟု ကိုယ်တော် ကတိပြုတော်မူသည်ကို သူတို့ ကြားကြ၏။ ကိုယ်တော်၏ တန်ခိုးတော်ကို လောကီရေးရာ အကျိုးသက်ရောက်မှုအတွက် သူတို့အား ပေးပါလိမ့်မည်လော။” COLB 302.2

    “လူအစုအဝေး၌ ပါသော သူတစ်ယောက်က အရှင်ဘုရား၊ အကျွန်ုပ်အစ်ကိုသည် အမွေဥစ္စာကို အကျွန်ုပ်အား ဝေပေးပါမည် အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်၏။” အမွေဥစ္စာ ခွဲဝေရေးနှင့် ပတ်သက်၍ ဘုရားသခင်သည် မောရှေအားဖြင့် ညွှန်ကြားထားတော်မူပြီး ဖြစ်ရာ နှစ်ဆသော အမွေဥစ္စာကို သားဦးအား ပေး၍ (တရား၊ ၂၁:၁၇) ညီငယ်များအား ညီတူညီမျှဝေ ပေးရန် ဖြစ်ပါသည်။ သို့သော် ထိုသူက သူရထိုက်သော အမွေဥစ္စာကို သူ၏ အစ်ကို ဖြစ်သူက မတရားယူထားသည်ဟု ထင်မှတ်သဖြင့် ပြန်လည် ရရှိရေးအတွက် သူ ကိုယ်တိုင် ကြိုးစားအား ထုတ်ခဲ့သော်လည်း မရသောကြောင့် ခရစ်တော် ကြားဝင်ဖျန်ဖြေတော်မူလျှင် မုချ အောင်မြင်လိမ့်မည်ဟု သူ သဘောထား၏။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်လောက်အောင် ဟောကြားနေသည်များကို လည်းကောင်း၊ ကျမ်းပြုဆရာ နှင့် ဖါရိရှဲများကိုပင် လေးလေးနက်နက် ပြစ်တင် ပြောဆိုနေသည်ကို လည်းကောင်း သူ ကြားရသဖြင့် ဤကဲ့သို့ အာဏာတန်ခိုး ရှိသော စကားများဖြင့် သူ၏ အစ်ကိုအား ပြောလျှင် သူ နစ်နာသော ဝေစုကို သူ့အား ပေးရန် သူ၏ အစ်ကိုသည် ငြင်းပယ်ဝံ့မည် မဟုတ်ဟု သူ ယူဆနေပါသည်။COLB 303.1

    ဤသို့ ခရစ်တော်သည် နက်နဲသော သြဝါဒကို မိန့်တော်မူစဉ်တွင် ထိုသူသည် ကိုယ်ကျိုးကိုသာ လိုလားသည့် ပကတိ စိတ်သဘောထားကို ထုတ်ဖေါ်လိုက်ပါသည်။ သူ၏ ပစ္စုပ္ပန်ကာလ ကောင်းစားရေးကိုသာ မျှော်ကိုး၍ ကိုယ်တော်၏ တန်ခိုးတော်ကို သဘောကျ နှစ်ခြိုက်နေခြင်း ဖြစ်ရာ ဝိညာဉ်ရေးရာနှင့် သက်ဆိုင်သည့် သမ္မာတရားများကိုမူကား သူ၏ စိတ်နှလုံး နှင့် ဉာဏ်မျက်စိတို့က မခံမယူနိုင်ပါ။ အမွေဥစ္စာ ရရှိဖို့ ကိစ္စ၌သာ သူ၏ စိတ်နှလုံး နစ်မွန်းနေပါသည်။ ကြွယ်ဝမှု အပေါင်းနှင့် ပြည့်စုံ၍ ဘုန်းတော်ရှင်ဘုရင် ဖြစ်တော်မူသော ယေရှုရှင်သည် ကျွန်ုပ်တို့အတွက်ကြောင့် ဆင်းရဲငြိုငြင်သူ၏ ဘဝကို ခံယူထားတော်မူသော်လည်း မြတ်တော်မူသော မေတ္တာတော်ဆိုင်ရာ ဘဏ္ဍာတော်များကို သူ့အား ဖွင့်ပြနေတော်မူ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သူ့အား ဖေါက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေ တော်” အတွက် အမွေခံအဖြစ် လက်ခံ၇န် တိုက်တွန်း၍ နေတော်မူ၏။ ၁ ပေ၊ ၁:၃။ သူသည် ခရစ်တော်၏ တန်ခိုးတော်ကို ထင်ရှားစွာ တွေ့မြင်နေရသည် ဖြစ်၍ သူ့အတွက် အရေးအကြီးဆုံး ကိစ္စကို မြတ်တော်မူသော အရှင်အား တင်ပြရန်မှာ သူ၏ ထူးခြားသော အခွင့်အရေး ဖြစ်ပါသည်။ သို့သော် ဂျွန်ဗန်းညန်း 1 John Buayan ရေးသားထားသည့် ပုံပြင်မှ နွားချေးဆွဲသည့် ထွန်ခြစ်ကို ကိုင်ထားသော သူကဲ့သို့ မြေကြီးကိုသာ စိုက်ကြည့်နေ၏။ အထက်အရပ်တွင် ရှိသော သရဖူကို သူ မမြင်နိုင်။ ရှမာရိမြို့သား၊ နတ်ဝိဇ္ဇာဆရာ ရှိမုန်ကဲ့သို့ ဘုရားသခင်၏ ဆုကျေးဇူးတော်ကို လောကီ အကျိုးစီးပွားအတွက် အသုံးချလိုက်၏။COLB 303.2

    မြေကြီးပေါ်တွင် ကယ်တင်ရှင်၏ အမှုတော် ပြီးဆုံးရန် များစွာ နီးကပ်ခဲ့လေပြီ။ ကိုယ်တော်ရှင်သည် မိမိ၏ ကျေးဇူးတော်နိုင်ငံကို တည်ထောင်ရန် ကြွလာတော်မူသည် ဖြစ်ရာ အမှုတော် ပြီးပြည့်စုံရန် လ အနည်းငယ်သာ လိုတော့၏။ သို့ပါလျက် မြေကွက်ကလေး တစ်ခုကို အကြောင်းပြု၍ အငြင်းပွားနေသည့် ကိစ္စကို ဆောင်ရွက်ပေးနေမည် ဆိုပါက ကိုယ်တော်သည် လူတို့၏ လောဘစိတ်ကြောင့် မိမိ၏ အမှုတော်မှ လမ်းလွဲသွားပေလိမ့်မည်။ သို့သော်လည်း ယေရှုရှင်သည် မိမိ၏ အမှုတော်မှ မည်သည့်အခါတွင်မျှ လွှဲဖယ်တော်မူလိမ့်မည် မဟုတ်ပါ။ ထိုကြောင့် ကိုယ်တော်က “အချင်းလူ၊ အဘယ်သူသည် သင်တို့ အမှုကို စီရင်ခွဲဝေပိုင်သော အခွင့်ကို ငါ့အား အပ်ပေးသနည်း” ဟု မေးတော်မူ၏။COLB 304.1

    ယေရှုရှင်သည် ထိုအမှုကို သိနှင့်ပြီး ဖြစ်တော်မူသောကြောင့် အမှန်အတိုင်း ပြောလိုက်နိုင်ပေ၏။ သို့သော် ညီအစ်ကို နှစ်ဦးလုံးသည် တပ်မက်သော သူများ ဖြစ်သောကြောင့်သာ ခိုက်ရန် ဖြစ်နေကြသည့်အတွက် ယင်းသို့ အငြင်းပွားသည့် ကိစ္စမျိုးကို ဖြေရှင်းပေးရန်မှာ ကိုယ်တော်၏ အလုပ် မဟုတ်ကြောင်း ကောင်းစွာ မိန့်တော်မူခြင်း ဖြစ်ပါသည်။ ကိုယ်တော် ကြွလာတော်မူသည်မှာ ဧဝံဂေလိ တရားတော်ကို ဟောပြောရန် ဖြစ်၍ ထို တရားတော်အားဖြင့် လူတို့အား ထာဝရကာလဆိုင်ရာ စည်းစိမ်များကို အာရုံစိုက် နိုးကြားစေရန် ဖြစ်ပါသည်။COLB 304.2

    ခရစ်တော်၏ အမှုတော်ဆောင်တိုင်းအတွက် သင်ခန်းစာကို ကိုယ်တော်သည် ဤ ဥပမာအားဖြင့် သွန်သင်တော်မူ၏။ တပည့်တော် တစ်ဆယ့်နှစ်ပါးတို့အား စေလွှတ်တော်မူရာ၌ “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီဟု သတင်းကြားပြောကြလော့။ နာသော သူတို့အား ချမ်းသာ ပေးကြလော့။ သေသော သူတို့ကို ထမြောက်စေကြလော့။ နူသော သူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးကို မပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီ ဖြစ်၍ အဖိုးကို မခံဘဲ ပေးကမ်းကြလော့။” ဟု ကိုယ်တော်ရှင် မှာကြားတော်မူ၏။ မ၊ ၁၀:၇၊၈။ တပည့်တော်တို့သည် လောကီရေးရာနှင့် ဆိုင်သော ကိစ္စရပ်များကို ဖြေရှင်းပေးရန် မဟုတ်ပါ။ ဘုရားသခင် နှင့် လူတို့ကို ရန်ငြိမ်းစေရန်အတွက် ဆောင်ရွက်ရန်မှာ သူတို့၏ လုပ်ငန်းတာဝန် ဖြစ်ပါသည်။ ယင်းလုပ်ငန်းတွင် သူတို့သည် လူသားတို့အား ကောင်းချီးမင်္ဂလာ ပေးနိုင်သော တန်ခိုး ရှိပါ၏။ လူသားသည် အပြစ်ဒုစရိုက် နှင့် ဝမ်းနည်းပူဆွေးရခြင်းကို ခရစ်တော်၌သာ ချမ်းသာရာ ရနိုင်ပါသည်။ လူသားတို့ ခံစားနေရသည့် ကျိန်ခြင်း အမင်္ဂလာ အပေါင်းကို ကိုယ်တော်ရှင်၏ ကျေးဇူးတော်ဆိုင်ရာ ဧဝံဂေလိ တရားတော်ကသာ ပျောက်ကင်းစေနိုင်ပါ၏။ ဆင်းရဲနွမ်းပါးသူအပေါ် ကြွယ်ဝသူက တရားမျှတမှု မရှိခြင်းသည် လည်းကောင်း၊ သူဆင်းရဲများက ချမ်းသာကြွယ်ဝသူများကို ရန်ငြိုးဖွဲ့ခြင်းသည် လည်းကောင်း တူညီသော တစ်ကိုယ်ကောင်း စိတ်နှလုံး အစား မေတ္တာနှင့် ဆိုင်သော စိတ်နှလုံးကို ကိုယ်တော်ရှင်သာလျှင် ပေးနိုင်တော်မူ၏။ လူသားတို့၏ အကျိုးကျေးဇူးအတွက် ကိုယ်တော်ရှင် ဆောင်ရွက်တော်မူသကဲ့သို့ ခရစ်တော်၏ အမှုတော်ဆောင်များသည်လည်း ကောင်းကင်မှ စေလွှတ်တော်မူသည့် ဝိညာဉ်တော်အားဖြင့် ဧဝံဂေလိ တရားတော်ကို ဟောပြောကြပါစေ။ ထိုအခါ လူသားတို့ တန်ခိုးဖြင့် လုံးဝ မပြီးမြောက် မရရှိနိုင်သည့် ချီးမြှင့်ခြင်း နှင့် ကောင်းချီးမင်္ဂလာများကို လူသားတို့ တွေ့သိခံစားရကြပေလိမ့်မည်။COLB 305.1

    ထို မေးခွန်းထုတ်သူအား အနှောင့်အယှက်ပေးနေသေည့် အမှုကိစ္စနှင့် ပတ်သက်၍ လည်းကောင်း၊ အလားတူ အငြင်းအခုံ ပဋိပက္ခများနှင့် ပတ်သက်၍ လည်းကောင်း ကျွန်ုပ်တို့၏ အရှင်ဘုရားသည် အခြေအမြစ်ကို သိတော်မူသည့်အလျောက် “လောဘ လွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ် ရှိသော်လည်း စည်းစိမ်၌ အသက် မတည်ဟု မိန့်တော်မူ၏။”COLB 306.1

    “တစ်ဖန် ဥပမာ စကားကို မိန့်တော်မူသည်ကား၊ သူဌေးတစ်ဦး၌ မြေကောင်း၍ အသီးအနှံ များလှ၏။ ထိုသူဌေးက ငါသည် အဘယ်သို့ ပြုရမည်နည်း၊ အသီးအနှံများကို သိုထားစရာ အရပ် မရှိ၊ ပြုမည် အကြံမူကား၊ ငါ့တိုက်များကို ဖျက်၍ ကျယ်သော တိုက်တို့ကို တည်ပြီးမှ ငါ၏ အသီးအနှံ ဥစ္စာ ရှိသမျှတို့ကို သိုထားမည်။ ငါ့ဝိညာဉ်အားလည်း အချင်း ဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာ သုံးဆောင်ရန် ဥစ္စာများကို သိုထားလျက် ရှိပြီ။ ငြိမ်ဝပ်စွာ နေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့ ငါ ပြောမည်ဟု သူဌေး အကြံ ရှိ၏။ ထိုသို့ အကြံ ရှိစဉ်တွင် ဘုရားသခင်က အချင်း လူမိုက်၊ ယနေ့ ညပင် သင်၏ ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင် သိုထားသော ဥစ္စာကို အဘယ်သူ ပိုင်မည်နည်းဟု သူဌေးအား မိန့်တော်မူ၏။ ထိုအတူ ကိုယ်အဖို့ ဘဏ္ဍာများကို ဆည်းပူး၍ ဘုရားသခင် ရှေ့တော်၌ ဆင်းရဲသော သူ မည်သည်ကား ထို သူဌေးနှင့် တူသည်ဟု မိန့်တော်မူ၏။”COLB 306.2

    လောကီရေးရာများကိုသာလျှင် မိမိတို့အတွက် အရာခပ်သိမ်း ဖြစ်သည်ဟု သဘောထားသူများ အတွက် မိုက်မဲသော သူကြွယ်၏ ဥပမာကို ပုံဆောင်လျက် ခရစ်တော် သြဝါဒ ပေးတော်မူ၏။ ယင်း သူကြွယ်သည် ဘုရားရှင်ထံမှ လိုလေသေး မရှိ အရာခပ်သိမ်းကို ရရှိပါသည်။ ဖြောင့်မတ်သော သူ၊ မဖြောင့်မတ်သော သူတို့အပေါ်၌ နေကို ထွန်းလင်းစေတော်မူသဖြင့် ယင်း သူကြွယ်၏ မြေပေါ်တွင်လည်း နေရောင်ခြည်ကို ထွန်းလင်းစေတော်မူ၏။ ကောင်းကင်မှ မိုးရေတို့ကိုလည်း ကောင်းသောသူ၊ မကောင်းသော သူတို့ အပေါ်သို့ ရွာသွန်းစေတော်မူ၏။ ထာဝရအရှင် ဘုရားသခင်သည် အသီးအနှံများကို ဖွံ့ဖြိုးတိုးတက်စေတော်မူသောကြောင့် လယ်ယာတို့၌လည်း ကောက်ပဲသီးနှံများကို ပေါပေါများများ ဖြစ်ထွန်းစေတော်မူ၏။ ထိုကြောင့် ကြွယ်ဝသော ယင်း သူဌေးသည် မိမိ ရရှိသော ကောက်ပဲသီးနှံများကို မည်သို့မည်ပုံ သိုလှောင်ရမည်ကိုပင် မသိနိုင်လောက်အောင် အခက်အခဲ တွေ့နေပါသည်။ သူ၏ စပါးကျီတို့သည် ပြည့်ဖြိုး မောက်လျှံနေကြ သောကြောင့် ပိုမို ရိတ်သိမ်းရရှိသော သီးနှံများကို သိုလှောင်ရန် နေရာ မရှိတော့ပါ။ ယင်းသို့ သူ့အား ကြွယ်ဝစေတော်မူသော ဘုရားရှင်ကို သူ သတိမရ။ ကိုယ်တော်ရှင်၏ ဥစ္စာဘဏ္ဍာများဖြင့် စွန့်ကြဲပေးကမ်းရန်အတွက် ကိုယ်တော်သည် သူ့အား ဘဏ္ဍာစိုးအရာ၌ ခန့်ထားတော်မူသည်ကို သူ သဘောမပေါက်။ သူသည် ဘုရားသခင်အတွက် ဝေယျာဝစ္စ ဆောင်ရွက်ရသည့် မင်္ဂလာ ရှိသော အခွင့်အရေးကို ရရှိသော်လည်း ကိုယ်တိုင် စည်းစိမ် ခံစားရေးကိုသာ ရှေးရှု၏။COLB 306.3

    ဆင်းရဲနွမ်းပါးသော သူ၊ မိဘမဲ့သော သားသမီး၊ မုဆိုးမ၊ ဒုက္ခဆင်းရဲရောက်သော သူ၊ နှိပ်စက်ညှဉ်းပန်းခြင်း ခံရသော သူတို့၏ အခြေအနေများကို ယင်း သူကြွယ် ကောင်းစွာ သိ၏။ ထိုကြောင့် သူ၏ ဥစ္စာပစ္စည်းများကို ပေးကမ်းစွန့်ကြဲခြင်းဖြင့် သိုလှောင်ထားရန် နေရာ အများ ရှိပါ၏။ သူ၏ ပေါကြွယ်ဝသော ဥစ္စာပစ္စည်း တစ်စိတ်တစ်ဒေသကို လွယ်လင့်တကူ ခွဲဝေပေးခြင်းအားဖြင့် အိမ်ထောင် အများ ဆင်းရဲနွမ်းပါးခြင်းမှ လွတ်မြောက်ကြပေလိမ့်မည်။ ဆာလောင်မွတ်သိပ်သူ အများ ဝစွာ စားရကြလိမ့်မည်။ စားဝတ်နေရေးအတွက် ဆုတောင်းပတ္ထနာသံ အများ ပြည့်စုံခြင်းသို့ ရေၕာက်ကြလိမ့်မည်။ ၎င်းအပြင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းသည့် သံချိုနှောသော ထောမနာသံမား ကောင်းကင်သို့ တက်ကြလိမ့်မည်။ ထာဝရအရှင် ဘုရားသခင်သည် နွမ်းပါးသူများ၏ ပတ္ထနာသံကို နားညောင်းတော်မူ၍ ဆင်းရဲသော သူတို့အဖို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။ (ဆာလံ၊ ၆၈:၁၀) နွမ်းပါးသော သူ အများ သက်သာခွင့် ရကြစေရန် ယင်း သူဌေးအား ကောင်းချီးမင်္ဂလာ မြောက်များစွာဖြင့် သွန်းလောင်းတော်မူ၏။ သို့သော် ဆင်းရဲနွမ်းပါးသူတို့၏ အော်ဟစ်သံကို နားမထောင် ဘဲ “ငါ့ တိုက်များကို ဖျက်၍ ကျယ်သော တိုက်တို့ကို တည်ပြီးမှ ငါ၏ အသီးအနှံ ဥစ္စာ ရှိသမျှတို့ကို သိုထားမည်။ ငါ့ ဝိညာဉ်အားလည်း အချင်း ဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာ သုံးဆောင်ရန် ဥစ္စာများကို သိုထားလျက် ရှိပြီ၊ ငြိမ်ဝပ်စွာ နေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့၊ ငါ ပြောမည်ဟု သူဌေး အကြံရှိ၏။”COLB 307.1

    ထိုသူ၏ ရည်မှန်းချက်များသည် ပျက်စီးခြင်းသို့ ရောက်တတ်သော အဟိတ်တိရစ္ဆာန်ထက် ပို၍ မြင့်မြတ်ခြင်း မရှိပါ။ ဘုရားသခင် မရှိ သကဲ့သို့ လည်းကောင်း၊ ကောင်းကင်ဘုံ မရှိ သကဲ့သို့ လည်းကောင်း၊ နောင်ဘဝ အသက်တာ မရှိ သကဲ့သို့ လည်းကောင်း သူ အသက်ရှင်နေထိုင်၏။ သူ ရရှိသော ဥစ္စာပစ္စည်း မှန်သမျှ သူပိုင် ဖြစ်၍ ဘုရားသခင်ကို ဆက်ကပ်ပူဇော်ခြင်း၊ လူသား အချင်းချင်းကို ကျေးဇူးပြုခြင်း၊ ဝေငှပေးကမ်းခြင်း ပြုရန် မလိုအပ်ဟု သူ ယူဆ၏။ ထိုကြောင့် ဆာလံဆရာက ဤ သူကြွယ်ကို ရည်မှတ်၍ ရေးသားထားသည်မှာ “ဘုရားသခင် မရှိဟု မိုက်သော သူသည် ထင်တတ်၏” ဆာလံ၊ ၁၄:၁။COLB 309.1

    ထိုသူသည် ကိုယ်ကျိုးအတွက် သက်သက် စီမံကိန်း ချမှတ်၍ အသက်ရှင်၏။ သူ၏ နောင်ရေးအတွက် ပြည့်စုံကုံလုံစွာ စုဆောင်းထားပြီးဟု သူ မြင်၏။ လောလောဆယ် လိုလေသေးမရှိ၊ မိမိ၏ လုပ်အားခ ရရှိသမျှ ဥစ္စာဘဏ္ဍာများကို စုဆောင်းသိုလှောင်၍ စည်းစိမ်ခံစားရန်သာ ရှိသည်ဟု သူ ယူဆ၏။ သူ၏ အမြော်အမြင် ကြီးစွာ စီမံခန့်ခွဲမှုကြောင့်သာလျှင် အခြားသူ အပေါင်းထက် ပို၍ ကျေးဇူး ခံစားရသည်ဟု သူ သဘောထား၏။ အတူနေ မြို့သူမြို့သားများက သူ့အား စီရင်အုပ်ချုပ်မှု တော်သည်ဟူ၍ လည်းကောင်း၊ ထမြောက်အောင်မြင်သော သူ ဖြစ်သည်ဟူ၍ လည်းကောင်း ဂုဏ်ပြုချီးမြှင့်ကြ၏။ “မိမိ အကျိုးကို ပြုစုသောအခါ သူတစ်ပါးတို့သည် ချီးမွမ်းတတ်ကြ၏။” ဆာ၊ ၄၉:၁၈။COLB 309.2

    သို့သော် “လောကီ ပညာသည် ဘုရားသခင့် ရှေ့၌ မိုက်မဲခြင်း ဖြစ်၏။” ၁ ကော၊ ၃:၁၉။ သူဌေးသည် အနာဂတ် ကာလတွင် ခံစားရမည့် စည်းစိမ်ကို မျှော်မှန်းနေချိန်၌ ဘုရားသခင်သည် လူ့အတွက် ခြားနားသော အစီအစဉ်ကို ပြုတော်မူ၏။ ဤ သစ္စာမဲ့သော ဘဏ္ဍာစိုးထံသို့ ရောက်လာသော သတင်းစကားဟူမူကား “အချင်း လူမိုက်၊ ယနေ့ ညပင် သင်၏ ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန် ရောက်လိမ့်မည်။” ဤ တောင်းဆိုချက်ကို ငွေဖြင့် ပေးဆပ်၍ မရနိုင်။ သူ အမြတ်တနိုး စုဆောင်း သိုလှောင်ထားသော ဥစ္စာဘဏ္ဍာတို့သည် သေဒဏ်မှ လွတ်ငြိမ်းခွင့် ရအောင် မဝယ်ယူနိုင်။ လုံခြုံရေးအတွက် သူ့ အသက်တာ တစ်လျှောက်လုံး ပင်ပန်းစွာ လုပ်ကိုင်ရှာဖွေ စုဆောင်းခဲ့သည်များ တဒင်္ဂအတွင်း သူ့အတွက် အချည်းနှီး ဖြစ်တော့၏။ “သို့ဖြစ်၍ သင်သည် ပြင်ဆင် သိုထားသော ဥစ္စာကို အဘယ်သူ ပိုင်မည်နည်း။” သူ ပိုင်ဆိုင်သည့် ကျယ်ပြန့်လှစွာသော လယ်မြေများ နှင့် ကောင်းစွာ ဖြည့်ဆည်းထားသော စပါးကျီတို့သည် ပိုင်ရှင်သစ်၏ လက်ဝယ်သို့ ရောက်ကြလေ၏။ “ဥစ္စာကို ဆည်းပူးသော်လည်း အဘယ်သူ ရအံ့သည်ကို မသိရပါ။” ဆာ၊ ၃၉:၆။COLB 309.3

    ယခု အချိန်မျိုးတွင် သူ့အတွက် တန်ဖိုးရှိမည့် တစ်ခုတည်းသော အရာကို သူ မစုမဆောင်းခဲ့။ သူသည် ကိုယ်ကျိုးအတွက် သက်သက် နေထိုင် သက်ရှင်ခဲ့သည် ဖြစ်သောကြောင့် လူသား အချင်းချင်းကို ဝေမျှရန်အတွက် မိမိ ရရှိခဲ့သော ကျေးဇူးမေတ္တာတော်ကို ဆက်လက်ဝေငှရန် ငြင်းပယ်ခဲ့၏။ ဤနည်းအားဖြင့် သူသည် အသက်ကို ငြင်းပယ်ခဲ့၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာသည် အသက် ဖြစ်၏။ ဤ လူသည် ဝိညာဉ်ပကတိကို ရွေးချယ်ရမည့် အစား ဤ လောကနှင့် ဆိုင်သော အရာကို ရွေးချယ်၏။ သူသည် လောကီနှင့် ဆိုင်သောကြောင့် ကွယ်ပျေက်ရ၏။ “ဂုဏ်အသရေနှင့် ပြည့်စုံလျက် ပညာသတိ မရှိသော သူသည်ကား၊ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့် တူ၏။” ဆာ၊ ၄၉:၂၀။COLB 310.1

    “ထိုအတူ ကိုယ်အဖို့ ဘဏ္ဍာကို ဆည်းပူး၍ ဘုရားသခင့် ရှေ့တော်၌ ဆင်းရဲသော သူ မည်သည်ကား ထို သူဌေးနှင့် တူသည်ဟု မိန့်တော်မူ၏။” ရုပ်လုံးဖေါ်ထားခြင်းသည် အချိန်ကာလတိုင်းနှင့် သက်ဆိုင်နေပါသည်။ သင်သည် ကိုယ်ကျိုးအတွက်သာ ကြံစည်ကောင်း ကြံစည်ပေလိမ့်မည်၊ ဥစ္စာဘဏ္ဍာကိုသာ စုဆောင်းကောင်း စုဆောင်းပေလိမ့်မည်၊ ရှေးခေတ် ဗာဗုလုန် ဗိသုကာများကဲ့သို့ အိမ်ကြီး အိမ်ကောင်းများ ဆောက်ကောင်း ဆောက်နေပေလိမ့်မည်၊ သို့သော် သင်သည် ပြစ်ဒဏ်စီရင်သော တမန်များ မဝင်မရောက်နိုင်လောက်အောင် မြင့်မားသော တံတိုင်း နှင့် ခိုင်လုံသော တံခါးကို ဆောက်လုပ်နိုင်မည် မဟုတ်ပါ။ ဗေလရှာဇာ မင်းကြီးသည် နန်းတော်အတွင်း၌ “ကြီးစွာသော ပွဲ” ကို လုပ်၍ “ငွေဘုရား၊ ရွှေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်းကြ၏။” သို့သော် လူ၏ မျက်စိဖြင့် မတွေ့မမြင်နိုင်သူ တစ်ဦး၏ လက်တော်သည် နန်းတော်နံရံပေါ်တွင် ပြစ်ဒဏ်စီရင်ချက်ကို အက္ခရာတင်လေ၏။ နန်းတော်တံခါးဝမှ ရန်သူ စစ်တပ်ချီတက်သံကိုလည်း ကြားနေရ၏။ “ထိုည၌ပင် ခါလဒဲ ရှင်ဘုရင် ဗေလရှာဇာမင်းသည် အသက်ဆုံး၍” တိုင်းတစ်ပါးက ဘုရင် တစ်ပါး နန်းထိုင်လေ၏။ (ဒံ၊ ၅:၁၊၂၃၊၃၀)COLB 310.2

    ကိုယ်ကျိုးအတွက်သာ သက်ရှင်နေထိုခြင်းသည် ပျက်စီးသေဆုံးခြင်း ဖြစ်၏။ ဝိသမလောဘ တည်းဟူသော ကိုယ်ကျိုး ကိုယ်စီးပွားကိုသာ လိုလားသော သူသည် အသက်ရှင်ခြင်းတရားကို ဖြတ်တောက်ခြင်း ဖြစ်၏။ ကိုယ့်ဘက်ကိုသာ ယက်၍ လိုချင် တပ်မက်သော စိတ်သည် စာတန်၏ သဘောတရား ဖြစ်၏။ သူတစ်ပါး၏ ကောင်းကျိုးအတွက် ကိုယ်တိုင် အနစ်နာခံ၍ ပေးကမ်းစွန့်ကြဲတတ်သော စိတ်သည် ခရစ်တော်၏ သဘောတရား ဖြစ်၏။ “သက်သေခံတော်မူချက် ဟူမူကား ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍ ထို အသက်သည်လည်း သားတော်၌ ပါ၏။ သားတော်ကို ရသော သူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို မရသော သူမူကား အသက်ကို မရ။” ၁ ယော၊ ၅:၁၁၊၁၂။COLB 311.1

    ထိုကြောင့် ခရစ်တော်က “လောဘ လွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား စည်းစိမ် ရှိသော်လည်း စည်းစိမ်၌ အသက် မတည်ဟု မိန့်တော်မူ၏။”COLB 311.2

    * * * * *