Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ကျောက်ပေါသော အရပ်၌

    “ကျောက်ပေါသော အရပ်၌ အစေ့ကို ကြဲခြင်း အကြောင်းအရာကား၊ တရားစကားကို ကြား၍ ဝမ်းမြောက်သော စိတ်နှင့် ချက်ချင်း ခံယူသော်လည်း စိတ်နှလုံး၌ အမြစ်မစွဲ ခဏသာ တည်သဖြင့် တရားစကားကြောင့် အမှုအခင်း နှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်း ဖေါက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။”COLB 34.1

    ကျောက်ပေါသော မြေပေါ်တွင် စိုက်ပျိုးသော မျိုးစေ့သည် ထု မနက်သော မြေဆီလွှာနှင့်သာ ဆုံးတွေ့ရ၏။ ပျိုးပင်သည် လျင်မြန်စွာ ပေါက်လာသော်လည်း အမြစ်များသည် ကျောက်ကို မထိုးမပေါက်နိုင်သောကြောင့် ကြီးထွားရှင်သန်ရန် အာဟာရဓါတ် မလုံလောက်သည့်အလျောက် မကြာမြင့်မီ သေကျေပျက်စီးကြ၏။ ဘာသာရေးကို အသက်မွေးဝမ်းကျောင်း ပညာ တစ်ရပ်အနေဖြင့် လိုက်စားသူ အများစုသည် ကျောက်ပေါသော မြေနှင့် တူသော တရားနာသူမာျး ဖြစ်ကြ၏။ ကျောက်သည် မြေဆီလွှာ၏ အောက်တွင် အခြေခံနေသကဲ့သို့ မြေဆီလွှာတည်းဟူသော ကောင်းကျိုးလိုလားသည့် စိတ်၏ နောက်ဆွယ်တွင် ကိုယ်အကျိုးကိုသာ ကြည့်တတ်သော ဇာတိပကတိစိတ်က အခြေခံနေပါသည်။ မိမိကိုယ်ကိုသာ ချစ်မြတ်နိုးသော စိတ်ကို နှိပ်ကွပ်၍ မရ။ ဒုစရိုက်၏ အဆမတန် ဆိုးသွမ်းမှုကို မတွေ့မမြင်နိုင်သောကြောင့် ဒုစရိုက်၏ ပြစ်ဒဏ်ကို စိတ်အာရုံတွင် မခံစားရသဖြင့် စိတ်နှိမ့်ချခြင်း မရှိ၊ မာန်မာနကိုလည်း မချိုးမနှိမ်။ ယင်းကဲ့သို့သော လူစုသည် ယုံကြည်လွယ်၍ အလားအလာ ရှိသော ပြောင်းလဲသူများ ဖြစ်လိမ့်မည်ဟု ယူဆရသော်လည်း သူတို့သည် အပေါ်ရံ ဘာသာရေးသမားများသာ ဖြစ်ကြ၏။COLB 34.2

    လူတို့ ဖေါက်ပြန်ပျက်စီးရကြသည်မှာ သူတို့သည် တရားတော်ကို ချက်ချင်း လက်ခံကြသောကြောင့် မဟုတ်၊ ဝမ်းမြောက် ဝမ်းသာစွာ လက်ခံကြသောကြောင့်လည်း မဟုတ်ပါ။ တမန်တော် ရှင်မဿဲသည် ခရစ်တော်၏ ခေါ်တော်မူသံကို ကြားရသည်နှင့် တစ်ပြိုင်နက် ရှိသမျှကို စွန့်လွှတ်ပြီးလျှင် ထ၍ နောက်တော်သို့ ချက်ချင်း လိုက်လေ၏။ ဘုရားသခင်၏ တရား တော်ကို ကျွန်ုပ်တို့ ကြားနာရသည်နှင့် တစ်ပြိုင်နက် လက်ခံရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဝမ်းမြောက်ဝမ်းသာစွာ လက်ခံခြင်းသည်လည်း အမှန်တရားပင် ဖြစ်၏။ “နောင်တရသေ လူဆိုး တစ်ယောက်၌ သာ၍ ဝမ်းမြောက်ခြင်း ရှိကြ၏။” လုကာ၊ ၁၅:၇။ ၎င်းအပြင် ခရစ်တော်ကို ယုံကြည်သော သူ၏ စိတ်၌လည်း ဝမ်းမြောက်ခြင်း ရှိ၏။ ဥပမာတွင် တရားစကားကို ကြား၍ ဝမ်းမြောက်သော စိတ်နှင့် ချက်ချင်း ခံယူသည်ဆိုသော သူတို့သည် မိမိတို့ စွန့်လွှတ်ရမည့် အရာများကို သတိမမူခဲ့ကြ၊ ဘုရားသခင်၏ တရားတော်အတွက် မည်မျှ ကိုယ်ကျိုးစွန့်ရမည်ကို သူတို့ မစဉ်းစားမိခဲ့ကြ၊ သူတို့သည် တရားတော်ကို အမှန်တကယ် လက်မခံမီက မိမိတို့၏ အကျင့်ဓလေ့များနှင့် အံဝင်ခွင်ကျ ဖြစ် မဖြစ် ချင့်ချိန်ခြင်း မပြုခဲ့ကြ။COLB 34.3

    အပင်၏ အမြစ်များသည် မြေဆီလွှာအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖေါက်ဝင်ရောက်ပြီးလျှင် မျက်စိနှင့် မမြင်နိုင်သည့် အောက်ခြေမှ အပင်ကို ကြီးထွားရှင်သန်စေရန် အစာကျွေးပါသည်။ ခရစ်ယာန်အသက်တာသည်လည်း ယင်းအတိုင်းပင် ဖြစ်ပါသည်။ အသက်ဝိညာဉ်သည် ယုံကြည်ခြင်းအားဖြင့် ခရစ်တော် နှင့် မျက်စိဖြင့် မမြင်နိုင်သော မိတ်သဟာယဖွဲခြင်းမျိုးဖြင့် ဆက်သွယ်၍ ဝိညာဉ်ရေးအသက်တာ ကြီးထွားရှင်သန်ပါသည်။ သို့သော် ကျောက်ပေါသော မြေနှင့်တူသော တရားနာသူများအနေဖြင့်မူကား ခရစ်တော်ကို မှီခိုခြင်းမပြုဘဲ ကိုယ်ကိုကိုယ်အားကိုးကြ၏။ သူတို့သည် မိမိတို့၏ ကောင်းမှုကုသိုလ်များ နှင့် ကောင်းသော စိတ်ထားများကိုသာ အားကိုးသဖြင့် ကိုယ်ကိုကိုယ် ဖြောင့်မတ်သည်ဟု အယူသန်ကြ၏။ ထာဝရဘုရားသခင် ဘက်၌ လည်းကောင်း၊ ကိုယ်တော်၏ အနန္တတန်ခိုးတော်၌ လည်းကောင်း ကြံ့ခိုင်ခြင်း မရှိကြ။ ထိုသို့သောသူသည် ခရစ်တော်၌ မတည်သောကြောင့် “စိတ်နှလုံး၌ အမြစ် မစွဲ။”COLB 35.1

    နွေရာသီ၏ ပူပြင်းသော နေရောင်ခြည်သည် ခံနိုင်ရည် ရှိသော သီးနှံများကို အားဖြည့်၍ မှည့်ဝင်းစေသော်လည်း မြေဆီလွှာအောက် နက်ရှိုင်းခြင်း မရှိသော အမြစ်များကို ဖျက်ဆီးတတ်ပါသည်။ ထိုကြောင့် “စိတ်နှလုံး၌ အမြစ် မစွဲသော သူသည် ခဏသာ တည်သဖြင့် တရားစကားကြောင့် အမှုခင်း နှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်း ဖေါက်ပြန်တတ်၏။” အများသော သူတို့သည် ဧဝံဂလိတရားတော်ကို လက်ခံကြခြင်းမှာ အပြစ်ဒုစရိုက်မှ လွတ်မြောက်ရန် မဟုတ်၊ ဒုက္ခဆင်းရဲ ခံရခြင်းမှ လွတ်မြောက်ရန်အတွက်သာ ဖြစ်ပါသည်။ ဘာသာရေးကို အကာအကွယ် ယူခြင်းအားဖြင့် ဆင်းရဲဒုက္ခ နှင့် ကျပ်တည်းမှု အပေါင်းမှ လွတ်မြောက်လိမ့်မည်ဟု သူတို့ ယူဆကြသောကြောင့် ခဏမျှသာ ရွှင်လန်းဝမ်းမြောက်ကြ၏။ ဘဝ အသက်တာတွင် အဆင်ပြေမှု ရှိနေသမျှ ကာလပတ်လုံး ခရစ်ယာန် ပီသဟန် ရှိနေပါ၏။ သို့သော် စုံစမ်းစစ်ဆေးခြင်းကို ပြင်းထန်စွာ ခံရသောအခါ စိတ်ပျက်အားလျော့ကြ၏။ ခရစ်တော်အတွက် ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်းကို ရင်မဆိုင်နိုင်ကြ။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကြောင့် သူတို့ စွဲလမ်းမြတ်နိုးသော မကောင်းမှု တစ်ခုခု ထင်ပေါ်လာသောအခါ သို့မဟုတ် ကိုယ်ကျိုးစွန့်၍ အနစ်နာခံရန် လိုအပ်လာသောအခါ သူတို့ ဖေါက်ပြန်ကြ၏။ သူတို့၏ အသက်တာကို လုံးလုံးလျားလျား ပြောင်းလဲဖို့အတွက် ခက်ခဲလွန်းသည့် သဘော သက်ရောက်နေပါသည်။ လောလောလတ်လတ် အဆင်မပြေမှု နှင့် ဒုက္ခကို ကြည့်၍ ထာဝရချမ်းသာမှန်ကို မေ့လျော့ကြ၏။ “ထို စကားသည် အလွန်ခက်လှ၏။ အဘယ်သူ နားခံနိုင်မည်နည်း” ဟု ပြော၍ ခရစ်တော်နှင့် ခွဲခွာသွားသော တပည့်တော်များကဲ့သို့ ဖြစ်ကြ၏။ ယော၊ ၆:၆၀။COLB 35.2

    ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်ပါသည်ဟု အဆိုပြုသူ အများ ရှိပါသည်။ သို့သော် ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကိုယ်တိုင် စမ်းသပ်၍ သိနားလည်ထားသည့် အသိပညာ မရှိကြပါ။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် သူတို့ အလိုဆန္ဒ ရှိကြသည်မှာ သူတို့၏ စိတ်အလိုပေါ်တွင်သာ မူတည်သည်ဖြစ်၍ သန့်ရှင်းသော ဝိညာဉ်တော် တိုက်တွန်းမှု မပါသဖြင့် လေးလေးနက်နက် ယုံကြည်စွဲလမ်းကြသည် မဟုတ်ပါ။ သူတို့၏ အနေအထိုင် အကျင့်အကြံများမှာလည်း ဘုရားသခင်၏ ပညတ်တော်နှင့် ညီညွတ်ခြင်း မရှိကြပါ။ခရစ်တော်ကို သူတို့၏ ကယ်တင်ရှင်အဖြစ် လက်ခံကြသည်ဟု အဆိုပြုကြသော်လည်း သူတို့၏ မကောင်းမှု ဒုစရိုက်များကို နှိမ်နင်းအောင်မြင်နိုင်ရန် ကိုယ်တော်သည် သူတို့အား စွမ်းအား ပေးတော်မူမည်ဟု သူတို့ မယုံကြည်ကြ။ သူတို့သည် အသက်ရှင်တော်မူသော ကယ်တင်ရှင်နှင့် ကိုယ်တိုင် မိတ်သဟာယဖွဲ့ခြင်း မရှိသဖြင့် သူတို့၏ အကျင့်စာရိတ္တများသည် ဇာတိပကတိအရ လည်းကောင်း၊ လေ့ကျင့်ပြုပြင်မှုအရ လည်းကောင်း ချွတ်ယွင်းမှုများ ထင်ရှား ရှိနေပါသေးသည်။COLB 36.1

    သာမန်အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ သြဇာသက်ရောက်မှုကို ဝန်ခံခြင်းသည် တစ်ဘာသာ ဖြစ်၍ မိမိ၏ အပြစ်ကို နောင်တ ရရန် သန့်ရှင်းသော ဝိညာဉ်တော်က အပြစ်ဖေါ်ပြ၍ ဆုံးမခြင်းကို လက်ခံခြင်းမှာ တစ်ဘာသာ ဖြစ်ပါသည်။ အများသော သူတို့သည် မကောင်းမှု ဒုစရိုက်ကြောင့် လည်းကောင်း၊ ကိုယ်ကျိုးလိုလားသော စိတ်၏ ကျွန် ဖြစ်နေကြသောကြောင့် လည်းကောင်း ဘုရားသခင်နှင့် အဆက်ပြတ်နေသည်ကို တွေ့သိခံစားရကြသောအခါ ပြုပြင်ပြောင်းလဲရန် အားထုတ်ကြ၏။ သို့သော် ကိုယ်ကိုကိုယ် လက်ဝါးကပ်တိုင်တွင် အသေမခံကြ။ ကိုယ်တော်၏ အလိုတော်အတိုင်း စီမံရန် ခရစ်တော်အား ကိုယ်ကိုကိုယ် လုံးလုံးလျားလျား ဆက်ကပ်အပ်နှံခြင်း မပြုမလုပ်ကြ။ ကိုယ်တော်ရှင်နှင့် ပုံသဏ္ဌန် တူအောင် ပုံသွင်းခြင်းကို သဘောအလိုမတူကြ။ ယေဘုယျအားဖြင့် သူတို့သည် စုံလင်ခြင်း မရှိကြောင်း ဝန်ခံကြသော်လည်း သူတို့၏ ထူးခြားသော မကောင်းမှုများကို မစွန့်မလွှတ်ကြ။ မကောင်းမှု တစ်ခုကို ပြုလေတိုင်း တစ်ကိုယ်ကောင်း စိတ်အင်အား ပိုမို ကြီးထွားလာပါသည်။COLB 37.1

    ယင်းသို့သော သူများအတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ “ဒုတိယမွေးခြင်းကို ခံရမည်” “ဒုတိယမွေးခြင်းကို မခံသော သူမည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ” ဟု နိကောဒင်အား ယေရှုရှင် မိန့်တော်မူသော စကားများ၏ အမှန်တရားကို သူတို့ ကိုယ်တိုင် သဘောပေါက်လက်ခံရကြပါမည်။ ယော၊ ၃:၇၊၃။COLB 37.2

    စစ်မှန်သော သန့်ရှင်းခြင်းသည် ဘုရားသခင်၏ အမှုတော်တွင်ပြည့်စုံကုံလုံ၏။ ဤသည်ကား စစ်မှန်သော ခရစ်ယာန်အသက်တာ၏ ခြေခံ စည်းကမ်းသတ်မှတ်ချက် ဖြစ်၏။ ခရစ်တော်သည် တစ်လုံးတစ်ဝတည်းသော အမှုတော်အတွက် လုံးဝဥဿုံ ဆပ်ကပ်ရန် တောင်းဆိုတော်မူ၏။ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံးနှင့်တကွ စွမ်းအား ရှိသမျှကိုပါ ခရစ်တော် တောင်းဆိုတော်မူ၏။ ကိုယ်ကျိုးကို မြတ်နိုးခြင်း မရှိရ။ ကိုယ်ကျိုးအတွက် အသက်ရှင်သော သူသည် ခရစ်ယာန် မဟုတ်။COLB 37.3

    မေတ္တာသည် လှုပ်ရှားမှု၏ အခြေခံ သဘောတရား ဖြစ်ရမည်။ ကောင်းကင်ပေါ်၌ လည်းကောင်း၊ မြေကြီးပေါ်၌ လည်း်ကောင်း ဘုရားသခင် စီရင်အုပ်ချုပ်တော်မူခြင်း၏ အခြေခံ သဘောတရားသည် မေတ္တာ ဖြစ်၏။ ထို့ကြောင့် ခရစ်ယာန် အကျင့်စာရိတ္တဆိုင်ရာ အခြေခံ အုတ်မြစ်လည်း ဖြစ်ရမည်။ ယင်း မေတ္တာတရား အခြေခံ ရှိမှသာလျှင် သူသည် တည်မြဲသော ခရစ်ယာန် ဖြစ်လိမ့်မည်။ ယင်း မေတ္တာတရား အခြေခံ ရှိမှသာလျှင် သူသည် ဖြားယောင်းသွေးဆောင်မှုကို လည်းကောင်း၊ စစ်ဆေးစုံစမ်းမှုများကို လည်းကောင်း ခုခံနိုင်လိမ့်မည်။COLB 38.1

    ၎င်းအပြင် မေတ္တာသည် အနစ်နာခံမှုအပေါ်တွင် ပေါ်လွင်ထင်ရှားလိမ့်မည်။ ကယ်တင်ခြင်း စီမံကိန်းသည် အနစ်နာခံမှုပေါ်တွင် အခြေခံထားပါသည်။ ယင်း အနစ်နာခံမှုကြီးသည် မည်မျှ ကျယ်ဝန်းသည်၊ မည်မျှ နက်ရှိုင်းသည်၊ မည်မျှ မြင့်မားသည်ကို တိုင်းတာ၍ မရနိုင်ပါ။ ခရစ်တော်သည် ကျွန်ုပ်တို့အတွက် ရှိသမျှကို စွန့်တော်မူသည် ဖြစ်၍ ကိုယ်တော်အား လက်ခံသော သူတိုင်းသည် ရွေးနုတ်တော်မူသော အရှင်အတွက် ရှိသမျှကို စွန့်လွှတ်၍ အနစ်နာခံရန် အသင့် ရှိလိမ့်မည်။ အရာခပ်သိမ်းကို မပြုမလုပ်မီ ကိုယ်တော်ရှင်၏ ဂုဏ်အသရေတော် နှင့် ဘုန်းတော်ကို ဆင်ခြင်ထောက်ချင့်လိမ့်မည်။COLB 38.2

    ကျွန်ုပ်တို့သည် ခရစ်တော်အား ချစ်မြတ်နိုးခဲ့ပါလျှင် ကိုယ်တော်ရှင်အတွက် အသက်ရှင်ရန်ကို လည်းကောင်း၊ ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကို ချီးမွမ်းရန် လည်းကောင်း၊ ကိုယ်တော်ရှင်အတွက် အမှုတော် ဆောင်ရွက်ရန်ကို လည်းကောင်း ချစ်မြတ်နိုးကြလိမ့်မည်။ အမှုတော်ကို ဆောင်ရွက်ရာတွင်လည်း ဝန်မလေးဘဲ ရှိလိမ့်မည်။ ကျွန်ုပ်တို့သည် ကိုယ်တော်အတွက် ပြစ်ဒဏ်ခံခြင်း၊ ပင်ပန်းစွာ အမှုတော်ဆောင်ခြင်း နှင့် အနစ်နာခံခြင်းတို့ကို မက်မောလိမ့်မည်။ ကိုယ်တော်သည် လူသားများအား ကယ်တင်ရန် အလိုဆန္ဒ ပြင်းပြတော်မူသည်ကို ကျွန်ုပ်တို့ ကိုယ်ချင်းစာတတ်ကြ လိမ့်မည်။ ကိုယ်တော်သည် အသက်ဝိညာဉ်များကို သနားညှာတာတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း သနားညှာတာတတ်ကြလိမ့်မည်။COLB 38.3

    ဤသည်ကား ခရစ်တော်၏တရားတော်ဖြစ်၏။ ယင်းတရားတော်အတိုင်း ပြီးပြည့်စုံအောင် မလိုက်မနာပါက ပရိယာယ်ဆင်မှုသာ ဖြစ်လိမ့်မည်။ စာတွေ့ သမ္မာတရားမျှဖြင့် လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းမှုအတွက် တပည့်တော် ဖြစ်ရုံမျှဖြစ် လည်းကောင်း အဘယ် အသက်ဝိညာဉ်မျှ ကယ်တင်ခြင်း ရလိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ခရစ်တော်၏ လူ လုံးလုံးလျားလျား မဖြစ်ပါက ခရစ်တော်နှင့် မဆိုင်ပါ။ ခရစ်ယာန်အသက်တာတွင် စိတ်ပါဝင်စားမှု အပြည့်အဝ မရှိပါက ရည်ရွယ်ချက် အားနည်း၍ ဆန္ဒသဘောထား ပြောင်းလဲလိမ့်မည်။ လှေနံ နှစ်ဘက်ကို နှင်းသကဲ့သို့ ကိုယ်ကျိုးကို ရှာရင်း ခရစ်တော်၏ အစေကိုလည်း ခံဖို့ ကြိုးစား အားထုတ်သော သူသည် ကျောက်ပေါသော မြေနှင့် တူသော တရားနာသူ ဖြစ်၏။ စစ်ဆေးစမ်းသပ်ခြင်းများနှင့် ရင်ဆိုင်ရသောအခါ တည်မြဲလိမ့်မည် မဟုတ်။COLB 39.1

    Larger font
    Smaller font
    Copy
    Print
    Contents