Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    မြေသြဇာကို ပြင်ဆင်ထားခြင်း

    မျိုးစေ့ကြဲသူ၏ ဥပမာ အားလုံးတွင် မျိုးစေ့ ကြဲခြင်း၏ အကျိုးသက်ရောက်မှု အဖုံဖုံသည် မြေသြဇာပေါ်တွင် အခြေပြုချက် ရှိကြောင်း ခရစ်တော်သည် ဥပမာပုံဆောင်၍ ဟောကြားတော်မူ၏။ အကြောင်းအရာတွင်းတိုင် မျိုးစေ့ကြဲသော သူ နှင့် မျိုးစေ့များမှာ အတူတူပင် ဖြစ်ပါသည်။ ထိုကြောင့် ဘုရားသခင်၏ တရားစကားသည် ကျွန်ုပ်တို့၏ စိတ်နှလုံး နှင် အသက်တာများတွင် အကျိုးသက်ရောက်မှု မရှိပါက အကြောင်းရင်းမှာ ကျွန်ုပ်တို့သာလျှင် ဖြစ်ပါသည်။ သို့သော် အကျိုးသက်ရောက်မှုအတွက် ကျွန်ုပ်တို့ လုံးဝ မတတ်နိုင်သည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ကိုယ်ကိုကိုယ် ပြောင်းလဲခြင်း မပြုနိုင်သည်မှာ မှန်ပါသည်။ သို့သော် ကျွန်ုပ်တို့တွင် ရွေးချယ်ပိုင်ခွင့် ရှိသည် ဖြစ်၍ ကျွန်ုပ်တို့်သည် မည်ကဲ့သို့သော သူ ဖြစ်လာမည်ကို ကျွန်ုပ်တို့သာလျှင် ဆုံးဖြတ်ရမည် ဖြစ်ပါသည်။ လမ်းဘေးက မြေ၊ ကျောက်ပေါသော မြေ နှင့် ဆူးပင်များ ရှိရာ မြေများနှင့် တူသော တရားနာသူများသည် ယင်း အခြေအနေများ၌ပင် ရှိမြဲရှိနေကြရန် မလိုပါ။ လောကီရေးရာများတွင် နစ်မွန်းမေသော လူတို့အားမကောင်းမှု ဒုစရိုက်၏ လှည့်ဖြားခြင်းမှ လွတ်မြောက်စေရန် ဘုရားသခင်၏ ဝိညာဉ်တော်သည် အမြဲတစေ စောင့်ရှောက် ရှာဖွေလျက်၊ မဖေါက်ပြန် မပျက်စီးနိုင်သော ရတနာကို အလိုဆန္ဒ ရှိလာစေရန် နိုးထစေ၏။ ဝိညာဉ်တော်ကို တွန်းလှန်ခြင်းအားဖြင့်သာ လူသည် ဘုရားသခင်၏နှုတ်ကပါတ် တရားတော်ကို အလေးမမူ ဂရုမစိုက်ဖြစ်လာတတ်ပါသည်။ ကောင်းသော မျိုးစေ့ပင် အမြစ်စွဲခြင်းမျ တားဆီးသော စိတ်နှလုံး ခိုင်မာခြင်း နှင့် တိုးတက် ဖွံ့ဖြိုးခြင်းကို ဟန့်တားသည့် ဒုစရိုက် တောပင်များ ကြီးထွားရှင်သန်ရခြင်းမှာ သူတို့ကိုယ်တိုင်၌သာ တာဝန် ရှိပါသည်။COLB 49.1

    စိတ်နှလုံးဥယျာဉ်ကို ကြည့်ရှုပြုစုရမည်။ အပြစ်ဒုစရိုက်အတွက် လေးလေးနက်နက် နောင်တရခြင်းအားဖြင့် မြေသြဇာကို တူးဆွရမည်။ စာတန်ဆိုင်ရာ အဆိပ်ပင်များ အမြစ်ပါ မကျန် နုတ်ပစ်ရမည်။ တစ်ကြိမ်တစ်ခါက ဆူးပင်များ ကြီးထွားစိုးမိုးခဲ့သော မြေသြဇာကို ပြန်လည် ပြုပြင်ရန် လုံ့လဝီရိယ စိုက်ထုတ်ရမည်။ ထိုနည်းတူ မကောင်းမှုဒုစရိုက်ဘက်သို့ ယိမ်းညွတ်နေသော ဇာတိပကတိစိတ်ကို နှိမ်နင်းရန်မှာလည်း ယေရှုရှင်၏ တန်ခိုးတော် နှင့် နာမတော်အားဖြင့် စိတ်အားထက်သန်စွာ အားထုတ် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထာဝရအရှင်ဘုရားသခင်က မိမိ၏ ပုရောဖက်များအားဖြင့် “သင်တို့၏ လယ်ကို ထွန်ကြလော့၊ ဆူးပင်တို့တွင် မျိုးစေ့ကို မကြဲကြနှင့်” “ကိုယ်အဖို့ ဖြောင့်မတ်ခြင်း မျိုးစေ့ကို ကြဲ၍ ကရုဏာတော် အသီးအနှံကို ရိတ်ကြလော့” ဟု မိန့်တော်မူ၏။ ယေ၊ ၄:၃။ ဟော၊ ၁၀:၁၂။ ယင်း အမှုကိစ္စကို ကျွန်ုပ်တို့အတွက် ပြီးမြောက်အောင် ဆောင်ရၕွက်ရန် ကိုယ်တော်ရှင် အလိုရှိတော်မူသည် ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် သြဝါဒပေးထားခြင်း ဖြစ်ပါသည်။COLB 49.2

    ဧဝံဂလိတရားတော်ကို တရားနာသူများ လက်ခံနိုင်အောင် မျိုးစေ့ကြဲသော သူများသည် စိတ်နှလုံးမြေသြဇာများကို ပြုပြင်ပေးရန် တာဝန် ရှိပါသည်။ နှုတ်ကပါတ် တရားတော်အတွက် အမှုတော်ဆောင် လုပ်ငန်းတွင် ဟောပြောမှု များလွန်း၍ တစ်ဦးချင်း ရင်းနှီးစွာ တွေ့ထိဆွေးနွေးမှု နည်းလွန်းပါသည်။ လမ်းလွဲနေသော အသက်ဝိညာဉ်များအတွက် တစ်ဦးချင်း ရင်းရင်းနှီးနှီး ဆွေးနွေး၍ အမှုဆောင်ရန် လိုအပ်နေပါသည်။ ခရစ်တော်ကဲ့သို့ ကရုဏာရှေ့ထားလျက် ထာဝရအသက်နှင့် စပ်ဆိုင်သည့် မြင့်မြတ်သော အရာများကို စိတ်ပါဝင်စားမှု ရှိအောင် လူအများအား တစ်ဦးချင်း အေးချမ်းစွာ ဆွေးနွေးခြင်းဖြင့် အမှုတော်ကို ဆောင်ရွက်သင့်ပါသည်။ သူတို့၏ စိတ်နှလုံးများသည် လူသွားလမ်းပမာ၊ မာကျောလျက် ရှိမည် ဖြစ်၍ ကယ်တင်ရှင်၏ အကြောင်းကို သူတို့အား တင်ပြပါက အချည်းနှီး ဖြစ်လိမ့်မည်ဟု ယူဆရသော်လည်း ဆင်ခြင်တုံတရားအရ လည်းကောင်း၊ ဆွေးနွေး နှီးနှောခြင်းအားဖြင့် လည်းကောင်းအောင်မြင်မှုကို မရသည်တိုင်အောင် ခရစ်တော်၏ မေတ္တာတော်သည် တစ်ဦးချင်း အမှုတော်ဆောင်ရွက်မှု၌ ထင်ရှား၍ ကျောက်နှင့်တူသော စိတ်နှလုံးကို ပျော့ပျောင်းစေပြီးလျှင် သမ္မာတရားမျိုးစေ့ အမြစ်စွဲစေလိမ့်မည်။COLB 51.1

    သို့ဖြစ်ရာ မျိုးစေ့များသည် မြေဆီလွှာ တိမ်သောကြောင့် လည်းကောင်း၊ ဆူးပင်တောပင်တို့ ညှဉ်းဆဲသောကြောင့် လည်းကောင်း မပျက်စီးစေရန် မျိုးစေ့ကြဲသူတို့သည် သင့်လျော်သလို ဆောင်ရွက်ရန် လိုအပ်ပါသည်။ ခရစ်ယာန် အသက်တာ စတင်သည်နှင့်တစ်ပြိုင်နက် ယုံကြည်သူတိုင်းအား တရားတော်၏ အခြေခံ သဘောတရားများကို သင်ကြားပေးရမည်။ ခရစ်တော် အသေခံတော်မူခြင်း သက်သက်ဖြင့် သူသည် ကယ်တင်ခြင်းကို ခံစားရလိမ့်မည် မဟုတ်ကြောင်း သူ့အနေဖြင့် ခရစ်တော်၏ အသက်တာကို သူ၏ အသက် ဖြစ်အောင်၊ သူ၏ အကျင့်စာရိတ္တကို ခရစ်တော်၏ ဂုဏ်သိက္ခာတော်ကဲ့သို့ ဖြစ်အောင် သူကိုယ်တိုင် အားထုတ်ရမည်ဟု သင်ပေးရမည်။ ယုံကြည်သူတိုင်း ကျရာ တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ ကိုယ်အလိုသို့ လိုက်ခြင်းကို ရှောင်ရမည် ဖြစ်ကြောင်း နားလည် သဘော ပေါက်အောင် သင်ကြားထားရမည်။ စစ်သည်ကောင်းများကဲ့သို့ ခက်ခဲခြင်းမျိုးစုံကို သည်းခံလျက် ကိုယ်ကိုကိုယ် ငြင်းပယ်၍ ခရစ်တော်၏ နောက်တော်သို့ လိုက်ပြီးလျှင် ကိုယ်တော်၏ အမှုတော်အတွက် ပါဝင်ဆောင်ရွက်ခြင်းဖြင့် သုခချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံလိမ့်မည် ဖြစ်ကြောင်း သူတို့ နားလည် သဘောပေါက်အောင် သင်ကြားထားရမည်။ ကိုယ်တော်၏ မေတ္တာတော်ကို ယုံကြည်ကိုးစား၍ သူတို့၏ လောကီစိုးရိမ်ခြင်းများကို ကိုယ်တော်အား လွှဲအပ်ထားရမည် ဖြစ်ကြောင်း သူတို့အား သင်ကြားထားရမည်။ ကိုယ်တော်ရှင်အတွက် အသက်ဝိညာဉ်များ ကယ်တင်ခြင်းအားဖြင့် ရရှိသည့် ဝမ်းမြောက်ခြင်း အရသာကို သူတို့ မြည်းစမ်းကြပါစေ။ သူတို့သည် လမ်းလွဲနေသူများအတွက် စေတနာ မေတ္တာထားခြင်းဖြင့် ကိုယ်ကျိုးကို မေ့ကြလိမ့်မည်။ လောကီပျော်ရွှင်မှုမျိုးစုံ၏ ဆွဲဆောင်မှု စွမ်းအား ပျက်ပြယ်၍ ယင်း ဝန်ထုပ်ကြီးကို စိတ်ပျက်ကြလိမ့်မည်။ သမ္မာတရား ထယ်သွားသည် သူ့ အလုပ်ကို သူ လုပ်ဆောင်လိမ့်မည်။ မြေရိုင်းကို တူးဆွလိမ့်မည်။ ဆူးပင်များ၏ ပင်စည်ကိုသာ ဖြတ်မည် မဟုတ်၊ အမြစ်ပါ မကျန် နုတ်ပစ်လိမ့်မည်။COLB 51.2

    Larger font
    Smaller font
    Copy
    Print
    Contents