Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခွက် တစ်ဆယ်

    အခွက် တစ်ဆယ်ကိုသာ ရရှိသော သူသည် “သွား၍ မြေ၌ တူးပြီးလျှင် အရှင်၏ ငွေကို ဝှက်ထားလေ၏။”COLB 447.1

    အခွက် တစ်ဆယ် ဖြစ်သည့် အနည်းဆုံးသော ဆုကျေးဇူးကို ရရှိသော သူသည် မိမိ ရရှိသော စွမ်းရည်ကို တိုးတက်ဖွံ့ဖြိုးအောင် အပြုလုပ်သော သူ ဖြစ်၏။ ဤနေရာတွင် စွမ်းရည် အနည်းငယ်မျှသာ ရရှိသော သူတို့သည် ခရစ်တော်၏ အမှုတော်ကို ဆောင်ရွက်ခြင်းမှ ခွင့်လွှတ်ထားခြင်း ခံရသည်ဟု သဘောထားသော သူများကို သတိပေးထားခြင်း ဖြစ်ပါသည်။ အကယ်၍ သူတို့သည် အရေးကြီးသော လုပ်ငန်း တစ်ခုကို ဆောင်ရွက်ရမည် ဆိုပါက ဝမ်းမြောက်ဝမ်းသာစွာ ဆောင်ရွက်မည် ဖြစ်ကြောင်း။ သို့သော် အသေးအဖွဲ့ ကိစ္စရပ်ကိုသာ ဆောင်ရွက်ခွင့် ရရှိသဖြင့် လုံးဝ မဆောင်ရွက်ဘဲ ထားလျှင်လည်း တရားမျှတ ပါသည်ဟု သူတို့ ယူဆကြ၏။ ဤနေရာတွင် သူတို့ မှားနေကြပေပြီ။ ဘုရားသခင်သည် လူ အသီးသီးတို့အား ဆုကျေးဇူး အဖုံဖုံကို စီမံဖြန့်ဖြူးရာ၌ အကျင့်စာရိတ္တများကို စမ်းသပ်စစ်ဆေးနေခြင်း ဖြစ်ပါသည်။ မိမိ ရရှိထားသော စွမ်းရည်သတ္တိ ဆုကျေးဇူးများကို တိုးတက်ဖွံ့ဖြိုးအောင် အားထုတ်ခြင်း မရှိသော သူသည် သစ္စာ မရှိသော ကျွန် ဖြစ်ပါသည်။ အကယ်၍ ထိုသူသည် ငွေအခွက် ငါးဆယ်ကို လက်ခံရရှိမည် ဆိုပါက အခွက် တစ်ဆယ်ကို မြေ၌ တွင်းတူး၍ မြှပ်ထားသကဲ့သို့ အခွက် ငါးဆယ်ကိုလည်း မြှပ်ထားပေလိမ့်မည်။ သူသည် အခွက် တစ်ဆယ်ကို အလွဲ အသုံးချခြင်းအားဖြင့် ကောင်းကင်ဆုကျေးဇူးများကို မထီလေးစားပြုပါသည်။COLB 447.2

    “အနည်းငယ်သော အမှု၌ သစ္စာ ရှိသော သူသည် ကြီးသော အမှု၌လည်း သစ္စာ ရှိလိမ့်မည်။” လု၊ ၁၆:၁၀။ သေးငယ်သော အရာတို့၏ အရေးကြီးပုံကို မကြာခဏ အထင်မှားကြသည့် အကြောင်းရင်းမှာ၊ ထိုအရာများတို့သည် သေးငယ်သောကြောင့်ပင် ဖြစ်သော်လည်း အသက်တာအတွက် စည်းကမ်းသေဝပ်မှုတွင် များစွာ အထောက်အကူ ဖြစ်ပါသည်။ အမှန်အားဖြင့် ခရစ်ယာန် အသက်တာတွင် အရေးမကြီးသော အရာဟူ၍ မရှိပါ။ ကျွန်ုပ်တို့သည် သေးငယ်သော အရာများ၏ အရေးကြီးပုံကို COLB 448.1

    အထင်မှားပါက ကျွန်ုပ်တို့၏ အကျင့်စာရိတ္တ တည်ဆောက်ရေးတွင် များစွာ အန္တရာယ် ရှိပါသည်။COLB 449.1

    “အနည်းငယ်သော အမှု၌ သစ္စာ မရှိသော သူသည် ကြီးသော အမှု၌လည်း သစ္စာ မရှိ” အငယ်ဆုံးသော တာဝန်များ၌ပင် သစ္စာ မရှိသော သူသည် ဖန်ဆင်းရှင်အတွက် မိမိ ထမ်းေးဆာင်ရမည့် တာဝန်များကို သစ္စာ ရှိစွာ မဆောင်ရွက်ပါ။ ယင်းသို့ သစ္စာမဲ့သောကြောင့် သူ့ကိုယ်သူ တန်ပြန်လိမ့်မည်။ ဘုရားသခင်အား လုံးလုံးလျားလျား ဆက်ကပ်အပ်နှံပါက မိမိ ရရှိမည့် ကျေးဇူးတော်၊ စွမ်းအား နှင့် စာရိတ္တဗလများကိုလည်း ဆုံးရှုံးလိမ့်မည်။ ခရစ်တော် နှင့် ခွဲခွာ၍ နေသောကြောင့် စာတန်၏ ဖြားယောင်းမှု လက်အောက်သို့ ရောက်နေသဖြင့် သခင်အတွက် သူ၏ လုပ်ငန်းတွင် အမှားမှား အယွင်းယွင်း ဖြစ်နေလိမ့်မည်။ သေးငယ်သော အမှုကိစ္စများတွင် စစ်မှန်သော အခြေခံ သဘောတရားကို စံထားခြင်း မပြုသောကြောင့် သူ၏ အထူး တာဝန် ဖြစ်သည်ဟု သဘောထားသည့် အရေးကြီးသော ကိစ္စရပ်များတွင် ဘုရားသခင်၏ အလိုတော်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်တော့၏။ ဘဝ အသက်တာ၏ သေးငယ်သော အရေးကိစ္စများတွင် ချွတ်ယွင်းမှုများကို အလေးမထားပါက အရေးကြီးသော အမှုကိစ္စများသို့ တိုင်အောင် ကူးစက်ပါသည်။ သူ့အတွက် သမားရိုးကျ ဖြစ်နေသော အခြေခံ သဘောတရားအပေါ် အမှီတံကဲပြုနေသောကြောင့် ဖြစ်၏။ ထိုကြောင့် ထပ်တလဲလဲ ပြုလုပ်ခဲ့ခြင်းများသည် အလေ့အထများ ဖြစ်လာ၏၊ ယင်း အလေ့အထများမှ တစ်ဆင့် အကျင့်စာရိတ္တ ဖြစ်လာ၏၊ ယင်း အကျင့်စာရိတ္တမှ တစ်ဆင့် ကျွန်ုပ်တို့၏ ပစ္စုပ္ပန်ဘဝ နှင့် ထာဝရကလအတွက် သွားရမည့် ခရီးလမ်းဆုံးကို ဆုံးဖြတ်ပါသည်။ COLB 449.2

    သေးငယ်သော အမှုကိစ္စရပ်များ၌ သစ္စာ စောင့်ခြင်းအားဖြင့်သာလျှင် ပို၍ ကြီးသော တာဝန် ဝတ္တရားများ၌ သစ္စာ တည်မြဲစေရန် လေ့ကျင့်ပေးနိုင်ပေလိမ့်မည်။ ဒံယေလ နှင့် သူ၏ အပေါင်းအဖော်များအား ထင်ရှားကျော်ကြားသည့် ဗာဗုလုန် လူကြီးလူကောင်းများနှင့် တွေ့ဆုံရန် ဘုရားသခင် ခေါ်တော်မူခြင်းမှာ ယင်း ဘုရားမဲ့တရားမဲ့ နေသော လူကြီးလူကောင်းများသည် စစ်မှန်သော ဘာသာအယူဝါဒ၏ အခြေခံ သဘော တရားများကို သိကျွမ်းကြစေရန်အတွက် ဖြစ်ပါသည်။ ဘုရားတရား အမှန်ကို မကိုးကွယ်သည့် တိုင်းပြည် အလယ်၌ ဒံယေလသည် ဘုရားသခင်၏ ဂုဏ်တော်ကို ဖေါ်ထုတ်ရန် ဖြစ်ပါသည်။ ဤမျှလောက် ဂုဏ်အသရေ ရှိ၍ ယုံကြည်လွှဲအပ်ခြင်း ခံရသည့် တာဝန်ကို ထမ်းဆောင်ရန် ဒံယေလသည် မည်သို့မည်ပုံ ထိုက်တန်ပါသနည်း။ သေးငယ်သော အမှုကိစ္စများတွင် သစ္စာ ရှိမှုက သူ၏ ဘဝ အသက်တာ တစ်ခုလုံးကို ရုပ်ဖေါ်ထားသောကြောင့်ပင် ဖြစ်ပါသည်။ သူသည် အသေးငယ်ဆုံးသော အရေးကိစ္စတွင် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေသည် ဖြစ်၍ ဘုရားသခင်သည် သူ နှင့်အတူ လုပ်ဆောင်တော်မူ၏။ ဘုရားသခင်သည် ဒံယေလ နှင့် သူ၏ အဖေါ်များအား “အထူးထူးသော သိပ္ပံအတတ်ပညာတို့ကို သိစေခြင်းငှါ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ်သတ္တိကို ပေးသနားတော်မူ၏။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံ နှင့် အိပ်မက်ကို နားလည်နိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံ” စေတော်မူ၏။ ဒံ၊ ၁:၁၇။COLB 449.3

    ဘုရားသခင်သည် ဒံယေလအား ဗာဗုလုန်နိုင်ငံတွင် ကိုယ်တော်အတွက် သက်သေခံရန် ခေါ်တော်မူသကဲ့သို့ ကျွန်ုပ်တို့ကိုလည်း ယနေ့ ဤ ကမ္ဘာတွင် ကိုယ်တော်၏ သက်သေခံများ ဖြစ်ရန် ခေါ်တော်မူ၏။ ဘဝ အသက်တာ၏ အငယ်ဆုံးသော အမှုကိစ္စ၌ ဖြစ်စေ၊ အရေးအကြီးဆုံးသော အမှုကိစ္စ၌ ဖြစ်စေ လူအပေါင်းတို့ မျက်မှောက်တွင် ဘုရားသခင်၏ နိုင်ငံတော်နှင့် ယှဉ်သော ကျင့်ဝတ္တရားများကို ဖေါ်ညွှန်းရန် ဘုရားရှင် အလို ရှိတော်မူ၏။COLB 450.1

    ခရစ်တော်သည် ဤလောကတွင် သက်တော် ထင်ရှား ရှိခဲ့စဉ်က သေးငယ်သော အမှုကိစ္စများကို ဂရုစိုက်ရန် သြဝါဒပေးတော်မူ၏။ ကြီးမြတ်တော်မူသည့် ရွေးနုတ်ခြင်း စီမံကိန်းကြီးသည် ကိုယ်တော် အသက်ဝိညာဉ်အတွက် အမြဲတစေ လေးသော ဝန်ထုပ်ကြီး ဖြစ်ခဲ့၏။ ကိုယ်တော်သည် သြဝါဒ ပေးလျက်၊ အနာရောဂါများကို ကင်းငြိမ်းစေလျက် နေတော်မူစဉ်က ကိုယ်ခန္ဓာ စွမ်းအား ရှိသမျှ၊ အသိဉာဏ် ရှိသမျှ အစွမ်းကုန် အသုံးချတော်မူ၏။ သို့ပါလျက် ဘဝ အသက်တာ နှင့် သဘာဝ လောကတွင် အရိုးဆုံး၊ အလွယ်ကူဆုံးသော အရာများကို သတိပြုတော်မူ၏။ ကိုယ်တော်၏ အထိရောက်ဆုံးသော သြဝါဒများမှာ ဘုရားသခင်၏ နိုင်ငံတော်နှင့် ယှဉ်သည့် အကြီးမြတ်ဆုံးသော သမ္မာတရားတော်များကို သဘာဝ၏ အလွယ်ကူဆုံး နားလည်နိုင်သော အရာများနှင့် သရုပ်ဖေါ်ထားခြင်းပင် ဖြစ်ပါသည်။ ကိုယ်တော်၏ အချို့တဲ့ဆုံးသော၊ အားအနည်းဆုံးသော တပည့်တော်များ၏ အသက်တာအတွက် အမှန်လိုအပ်သည့် အရာများကို လျစ်လျူရှုတော် မမူပါ။ ကိုယ်တော်သည် အမှန်စင်စစ် လိုအပ်သဖြင့် မျက်ရည်ကျလျက် တောင်းလျှောက်သံတိုင်းကို ကြားတော်မူ၏။ လူအုပ်ကြီးထဲတွင် အတိ ဒုက္ခရောက်နေသည့် အမျိုးသမီးက လက်နှင့် တို့ထိလိုက်သည်ကို သိတော်မူ၏။ ယုံကြည်ခြင်း အပြည့်အဝ ရှိသဖြင့် တို့ရုံမျှ တို့သည်ကိုပင် အရေးယူတော်မူ၏။ ယာဣရု၏ သမီးငယ်ကို သေခြင်းမှထမြောက်စေပြီးသောအခါ သူ၏ မိဘများအား အစားအစာ ကျွေးရန် သတိပေးတော်မူ၏။ ကိုယ်တော်သည် မိမိ တန်ခိုးတော်အားဖြင့် သင်္ချိုင်းတွင်းမှ ထမြောက်တော်မူသောအခါ ကိုယ်တော်အား ရစ်ပတ်ထားသည့် အဝတ်ကို ခေါက်ထားရန် ဂုဏ်နိမ့်ဖွယ် ဖြစ်သည် ဟူ၍ သဘောမထားဘဲ သေသေသပ်သပ် ခေါက်၍ နေရာတကျထားခဲ့တော်မူ၏။COLB 450.2

    ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့အား ခေါ်တော်မူခြင်းမှာ အသက်ဝိညာဉ်များကို ကယ်ဆယ်ရန်အတွက် ခရစ်တော် နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါသည်။ ယင်း လုပ်ငန်းကို ဆောင်ရွက်ရန် ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်နှင့် ပဋိညာဉ် ဖွဲ့ထားကြသည် ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ယင်း လုပ်ငန်းတာဝန်ကို ကျေပွန်အောင် မဆောင်ရွက်ပါက ခရစ်တော်ကို သစ္စာဖေါက်ခြင်း ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့သည် ယင်း တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ကြမည် ဆိုပါက ခရစ်တော်၏ ပုံစံ နမူနာအတိုင်း သေးငယ်သော ကိစ္စများတွင် သစ္စာရှိရမည့်ပြင် သြတ္တပ္ပစိတ် ကြည်လင်စွာဖြင့် အာရုံစိုက်ရမည်။ ယင်းအချက်သည် ခရစ်ယာန်တို့ ကြိုးစား အားထုတ် ဆောင်ရွက်ရမည့် အကျိုးသက်ရောက်မှု လုပ်ငန်းတိုင်းအတွက် အောင်မြင်ခြင်းဆိုင်ရာ လျှို့ဝှက်ချက် ဖြစ်ပါသည်။COLB 451.1

    ကိုယ်တော်ရှင်၏ လူတို့သည် ကိုယ်တော်ရှင် လိုလားစွာ ပေးသနားတော်မူသည့် စွမ်းရည်သတ္တိကို ပိုင်ဆိုင်ရခြင်းအားဖြင့် ထိပ်ဆုံးသို့ ရောက်အောင် တိုးတက်ကြီးပွားလျက် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် ကိုယ်တော်ရှင် အလို ရှိတော်မူ၏။ ကျွန်ုပ်တို့သည် လောကီသားတို့၏ အစီအစဉ်ထက် ပို၍ ကောင်းသော အစီအစဉ်ပေါ်တွင် လုပ်ငန်း ဆောင်ရွက်ရသည် ဖြစ်ကြောင်း ထင်ရှားစေရန် ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့အတွက် ပြည့်စုံကုံလုံစွာ စီမံထားတော်မူ၏။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို လည်းကောင်း၊ ကိုယ်တော်သည် လူတို့၏ စိတ်နှလုံးကို ပြုပြင်နိုင်တော်မူသည် ဟူ၍ လည်းကောင်း၊ ယုံကြည်သောကြောင့် သိမှတ်တတ်သော စွမ်းရည်နှင့် လည်းကောင်း၊ အသိဉာဏ် ထက်မြက်ခြင်းနှင့် လည်းကောင်း၊ ကျွမ်းကျင်မှု နှင့် သိပ္ပံအတတ်ပညာတွင် လည်းကောင်း ထူးချွန်သူများ ဖြစ်ကြောင်း ပြရကြပါမည်။COLB 452.1

    သို့သော် ဆုကျေးဇူး အမြောက်အများ မရရှိသော သူများကလည်း စိတ်မပျက်သင့်ပါ။ သူတို့၏ အကျင့်စာရိတ္တတွင် အားနည်းချက်ကို သစ္စာနှင့် စောင့်ထိန်းလျက် ကျေးဇူးတော်အားဖြင့် ကြံ့ခိုင်အောင် အားထုတ်ပြီးလျှင် သူတို့ ရရှိသမျှသော ဆုကျေးဇူးများကို အသုံးပြုရမည်။ ကျွန်ုပ်တို့ ဘဝ အသက်တာ တစ်လျှောက် ပြုလေသမျှတို့၌ ရိုးသားြေဖာင့်မတ်ခြင်းတွင် ကျေးဇူးသစ္စာစောင့်ခြင်းကို ပေါင်းစပ်လျက် အမှုတော် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် အရည်အချင်း တိုးတက်ဖွံ့ဖြိုးအောင် ပြုစု ပျိုးထောင်ရမည်။COLB 452.2

    ပေါ့လျော့ပျက်ကွက်သည့် အလေ့အထကို ဇွဲကောင်းကောင်းနှင့် နှိမ်နင်းပါ။ အကြီးလေးဆုံးသော အမှားများကိုပင်လျှင် သတိလစ်၍ ဖြစ်ရပါသည်ဟု ဆင်ခြေပေးလျှင် လုံလောက်သည်ဟု အများ ထင်မှတ်မှားကြပါသည်။ သို့သော် သူတို့သည် အခြားသော သူများနည်းတူ သိမှတ်တတ်သော စွမ်းရည်သတ္တိ ရှိကြသည် မဟုတ်ပါလော။ ထိုကြောင့် သူတို့သည် သူတို့၏ ဦးနှောက်များတွင် စွဲမှတ်တတ်သည့် စွမ်းရည်နှင့် ပြည့်ဝအောင် လေ့ကျင့်ထားသင့်ပါသည်။ မေ့လျော့တတ်ခြင်း နှင့် ပေါ့လျော့ ခြင်းတို့သည် အပြစ် ဒုစရိုက်များ ဖြစ်ပါသည်။ သင်သည် လျစ်လျူရှုသည့် အလေ့အထကို ပုံသွန်းထားလျှင် သင်၏ အသက်ဝိညာဉ် ကယ်ဆယ်ရေးအတွက်လည်း လျစ်လျူရှုထားလိမ့်မည် ဖြစ်သောကြောင့် နောက်ဆုံးတွင် သင်သည် ဘုရားသခင်၏ နိုင်ငံတော်အတွက် အသင့် မရှိ ဖြစ်နေလိမ့်မည်။COLB 452.3

    ကြီးမြတ်တော်မူသည့် သမ္မာတရားများကို သေးငယ်သော အရာများနှင့် ဆက်စပ်ရမည်။ လက်တွေ့ဘာသာရေးကို နေ့စဉ် သေးနုပ်သော တာဝန်များနှင့် တွဲဖက်ရမည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို စိတ်နှောင့်နှေးခြင်း မရှိဘဲ နားထောင်ခြင်းသည် မည်သူအတွက် မဆို အကြီးမြတ်ဆုံးသော အရည်အချင်း ဖြစ်ပါသည်။COLB 453.1

    ဘာသာရေးဆိုင်ရာ လုပ်ငန်း တစ်စုံတစ်ရာနှင့် တိုက်ရိုက် ဆက်သွယ်မှု မရှိသောကြောင့် မိမိတို့၏ အသက်တာများသည် အသုံးမဝင်ဟု အများသော သူတို့ ယူဆကြပါသည်။ သူတို့သည် ဘုရားသခင်၏ နိုင်ငံတော် တိုးတက်ရေးအတွက် ဘာတစ်ခုမျှ မဆောင်ရွက်ရကြဟု ထင်မှတ်နေကြ၏။ ယင်းသည် မှားသော အယူအဆ ဖြစ်ပါသည်။ သူတို့ ဆောင်ရွက်ရသော လုပ်ငန်းသည် တစ်စုံတစ်ယောက်သော သူက ဧကန်မုချ လုပ်ရမည့် အလုပ် ဖြစ်ပါက သူတို့သည်လည်း ဘုရားသခင်၏ မိသားစု အသိုက်အဝန်းတွင် ပါဝင်သည် ဖြစ်၍ သူတို့ကိုယ် သူတို့ အသုံးမဝင်သော သူများဟူ၍ မစွပ်စွဲသင့်ပါ။ အနိမ်ကျဆုံးသော လုပ်ငန်း တာဝန်များကိုပင် လျစ်လျူရှုရန် မဟုတ်ပါ။ ရိုးဖြောင့်သော လုပ်ငန်း မှန်သမျှသည် မင်္ဂလာ ဖြစ်၍ ယင်းကို သစ္စာရှိစွာ ထမ်းဆောင်ခြင်းဖြင့် ပို၍ မြင့်မြတ်သော တာဝန်ကို ထမ်းဆောင်ရန် လေ့ကျင့်ထားသည့် သာဓက ဖြစ်လိမ့်မည်။COLB 453.2

    မည်မျှပင် နိမ့်ကျသော လုပ်ငန်းတာဝန် ဖြစ်စေကာမူ မိမိကိုယ်ကို ဘုရားသခင်အား လုံးလုံးလျားလျား ဆက်ကပ်အပ်နှံ၍ ဆောင်ရွက်ပါလျှင် အကြီးမြတ်ဆုံးသော အမှုတော်ကို ဆောင်ရွက်သကဲ့သို့ပင် ဘုရားသခင် လက်ခံတော်မူဖွယ် ဖြစ်ပါသည်။ စိတ်သဘောထား ရိုးဖြောင့်စွာဖြင့် လည်းကောင်း၊ ဝမ်းမြောက်ဝမ်းသာစွာဖြင့် လည်းကောင်း ဆက်ကပ်ပူဇော်သည့် အလှူမှန်သမျှ နည်းသည်ဟူ၍ မရှိပါ။COLB 453.3

    ကျွန်ုပ်တို့သည် မည်သည့် အရပ်၌ပင် ရှိစေကာမူ အလိုအလျောက် ဖြစ်ပေါ်လာသမျှသော တာဝန်ကို ထမ်းဆောင်ရန် ခရစ်တော် အလိုရှိတော်မူ၏။ အကယ်၍ ယင်း ကိစ္စမျိုး အိမ်တွင်း၌ ဖြစ်ပေါ်လာပါက လိုလားစွာဖြင့် လည်းကောင်း၊ စိတ်အား ထက်သန်စွာဖြင့် လည်းကောင်း နေအိမ်၏ သာယာမှုကို ရှေးရှု၍ ဆောင်ရွက်ပါ။ သင်သည် မိခင် ဖြစ်ပါက သားသမီးများအား ခရစ်တော်အတွက် လေ့ကျင့်ပညာပေးပါ။ ဤ တာဝန်သည် သာသနာပြုဆရာ တစ်ဦးအတွက် တရားပလ္လင်၌ တာဝန် ရှိသကဲ့သို့ သင့်အတွက် ဘုရားသခင်၏ အမှုတော်ကို အမှန်ထမ်းဆောင်ခြင်း ဖြစ်ပါသည်။ သင်၏ တာဝန်သည် စားဖိုဆောင်၌ ဖြစ်ပါက စုံလင်သည့် စားဖိုမှူး တစ်ယောက် ဖြစ်ရန် အားထုတ်ပါ။ ကျန်းမာခြင်းနှင့် လည်းကောင်း၊ အာဟာရနှင့် လည်းကောင်း၊ အရသာနှင့် လည်းကောင်း ပြည့်စုံသည့် အစားအသောက်ကို ပြုပြင်ပါ။ ချက်ပြုတ်စဉ် အကောင်းဆုံး ပစ္စည်းများကို အသုံးပြု၍ အလေးနက်ဆုံးသော အရာများကို ဆင်ခြင်ရန် သတိပြုပါ။ သင်၏ တာဝန်သည် လယ်ယာမြေကို ထွန်ယက်သည့် အလုပ် ဖြစ်ပါက လည်းကောင်း၊ ကူးသန်းရောင်းဝယ်ခြင်း သို့မဟုတ် အခြား လုပ်ငန်းရပ် တစ်ခုခု ဖြစ်ပါက လည်းကောင်း လက်ရှိ လုပ်ငန်းတာဝန်တွင် အောင်မြင်မှု ရရှိအောင် ကြိုးစားဆောင်ရွက်ပါ။ သင်၏ လုပ်ငန်းတွင် စိတ်ပါဝင်စားမှု ရှိပါ။ သင်၏ လုပ်ငန်းတာဝန် ရှိသမျှတွင် ခရစ်တော်ကို ပုံဆောင်ပါ။ ကိုယ်တော်သည် သင်၏ နေရာတွင် ရှိပါက ကိုယ်တော် ဆောင်ရွက်တော်မူမည်ကဲ့သို့ သင်လည်း ဆောင်ရွက်ပါ။COLB 454.1

    သင်၏ စွမ်းရည်သတ္တိ မည်မျှပင် သေးငယ်စေကာမူ သင့်အတွက် ဘုရားသခင် တစ်နေရာ သတ်မှတ်ထားပါသည်။ ယင်း သေးငယ်သည့် တစ်ခုတည်းသော စွမ်းရည်သတ္တိကို ပညာဉာဏ်နှင့် ယှဉ်၍ အသုံးချပါက သတ်မှတ်သီးသန့်ထားသည့် လုပ်ငန်းတာဝန်ကို ပြီးမြောက် အောင်မြင်ပါလိမ့်မည်။ သေးငယ်သော တာဝန်များတွင် သစ္စာစောင့်သိ ရိုသေခြင်းအားဖြင့် ကျွန်ုပ်တို့သည် “အပေါင်း” စီမံကိန်းတွင် တာဝန်ယူ၍ ဘုရားသခင်က “အမြှောက်” စီမံကိန်းတွင် ကျွန်ုပ်တို့အတွက် ဆောင်COLB 454.2

    ရွက်ပေးတော်မူလိမ့်မည်။ ယင်း သေးငယ်သော အရာများအားဖြင့် ကိုယ်တော်၏ အမှုတော်တွင် မြတ်နိုးဖွယ်သော အကျိုးသက်ရောက်မှုများ ဖြစ်လာလိမ့်မည်။COLB 455.1

    အသက်ရှင်သော ယုံကြည်ခြင်းကို ရွှေအပ်ချည်မျှင်ကလေးများ ပမာ အလွန်သေးငယ်သည့် လုပ်ငန်း တာဝန်ကလေးများ၌ပင်လျှင် ရောယှက်ပေါင်းစပ်၍ နေပါစေ။ ထိုသို့ ပြုလျှင် နေ့စဉ်လုပ်ငန်း တာဝန်သည် ခရစ်ယာန် အသက်တာကို ရှင်သန်ရင့်ကျက်စေလိမ့်မည်။ သခင်ယေရှုကို အမြဲတစေ စေ့စေ့ထောက်ရှု၍ နေကြလိမ့်မည်။ ကိုယ်တော်၏ အပေါ်၌ ထားသော မေတ္တာသည် တာဝန်ယူ ဆောင်ရွက်လေသမျှအတွက် အလွန် အရေးပါသော စွမ်းအား ဖြစ်လိမ့်မည်။ ထိုကြောင့် ကျွန်ုပ်တို့၏ စွမ်းရည်သတ္တိများကို မှန်ကန်စွာ အသုံးချခြင်းအားဖြင့် ဆက်သွယ်ထားနိုင်ပေလိမ့်မည်။ ဤအရာသည် စစ်မှန်သော သန့်စင်ခြင်း ဖြစ်၍ သန့်စင်ခြင်းဆိုသည်မှာ ဘုရားသခင်၏ အလိုတော်ကို စုံလင်စွာ နားထောင်ခြင်းအားဖြင့် နေ့စဉ် တာဝန်ဝတ္တရားကို ရွှင်လန်းဝမ်းမြောက်စွာ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။COLB 455.2

    သို့သော် အများသော ခရစ်ယာန်တို့သည် မိမိတို့ထံသို့ ကြီးမြတ်သော လုပ်ငန်းတာဝန် တစ်စုံတစ်ခု ရောက်ရှိလာရန် စောင့်ဆိုင်းနေတတ်ကြပါသည်။ သူတို့ ရည်မှန်းချက်အတိုင်း ကျေနပ်လောက်အောင် ကြီးမြတ်သည့် လုပ်ငန်းတာဝန်ကို မတွေ့ရသောအခါ နေ့စဉ် အသက်တာ၏ သာမန် တာဝန်များကို သစ္စာ ရှိစွာ ထမ်းဆောင်ရန် ပေါ့လျော့ကြပါသည်။ ယင်း တာဝန်များကို သူတို့ စိတ်မဝင်စားကြပါ။ သူတို့သည် ဘုရားသခင်၏ သစ္စာတော်ကို စောင့်သိ ရိုသေကြောင်း ပြသရန် နေ့ရက်အစဉ်အတိုင်း ရရှိသော အခွင့်အရေးများကို လက်လွှတ်လိုက်ကြ၏။ သူတို့သည် ကြီးမြတ်သော အလုပ် တစ်စုံတစ်ခုကို စောင့်မျှော်လျက် နေစဉ်တွင် သူတို့၏ အသက်တာကို ကုန်လွန်စေသဖြင့် အသက်တာ၏ တာဝန်ကို မကျေပွန်ကြ။ အသက်တာ၏ လုပ်ငန်း မပြီးမြောက်ကြ။COLB 455.3