Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 5—“မုန်ညင်းစေ့နှင့်တူ၏”

    မ၊ ၁၃:၃၁၊၃၂။ မာကု၊ ၄:၃၀-၃၂။
    လုကာ၊ ၁၃:၁၈၊၁၉။ တို့ကို အခြေပြုပါသည်။

    ခရစ်တော်၏ သြဝါဒများကို နာကြားနေကြသော လူထုပရိသတ်ကြီးထဲတွင် ဖာရိရှဲများ ပါဝင်ကြပါသည်။ တရားနာသူများအနက် ကိုယ်တော်ကို မေရှိယဟု အသိအမှတ်ပြုသူ အဘယ်မျှ နည်းလှပါသနည်းဟု ယင်း ဖာရိရှဲတို့က မထီတရီ မှတ်ချက်ပြုကြ၏။ ဟိတ်ဟန် မရှိ ဤမျှ ရိုးသားသော ဆရာသည် ဣသရေလလူအပေါင်းနှင့်ဆိုင်သော နိုင်ငံတော်ကို အဘယ်သို့ တည်ထောင်နိုင်ပါ လိမ့်မည်နည်းဟု အချင်းချင်း ဆွေးနွေးကြ၏။ ဥစ္စာဘဏ္ဍာကြွယ်ဝခြင်း မရှိ၊ တန်ခိုးအာဏာစက် မရှိ၊ ဂုဏ်အသရေလည်း မရှိသော သူသည် အဘယ်သို့လျှင် ဣသရေလ နိုင်ငံသစ်ကို တည်ထောင်နိုင်ပါလိမ့်မည်နည်း။ ခရစ်တော်သည် သူတို့၏ တွေးတော ယူဆချက်များကို သိတော်မူသောကြောင့် အဖြေပေးတော်မူသည်မှာ၊COLB 76.1

    “ဘုရားသခင်၏ နိုင်ငံတော်ကိုအဘယ်သို့ ပုံပြရအံ့နည်း။ အဘယ် ဥပမာနှင့် ခိုင်းနှိုင်းရအံ့နည်း” လောကီအစိုးရတို့နှင့် နှိုင်းယှဉ်ရန် ဥပမာ မလုံလောက်။ လောကီ အဖွဲ့အစည်း တစ်ခုမျှ ကိုယ်တော်နှင့် အသွင်တူအောင် ပုံမဆောင်နိုင်။ ဘုရားသခင်၏ နိုင်ငံတော်သည် “မုန်ညင်းစေ့နှင့်တူ၏။ မုန်ညင်းစေ့သည် မြေ၌ စိုက်သောအခါ မြေ၌ ရှိသော အစေ့တကာတို့ထက် သေးငယ်သော်လည်း စိုက်ပြီးမှ အပင်ပေါက်၍ မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့် မိုးကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက်သော အကိုင်းအခက်ကြီးတို့ကို ဖြစ်စေတတ်သည်” ဟု ခရစ်တော် မိန့်တော်မူ၏။COLB 76.2

    ဘုရားသခင်စီမံထားတော်မူသည့်အတိုင်း သစ်စေ့တွင်း၌ ရှိသော ဗီဇမျိုးစေ့သည် အသက်ရှင်စေတတ်သော မူလသဘောတရားကို ထုတ်ဖေါ်၍ မျိုးစေ့မှ အပင်ကို ပေါက်စေ၏။ ယင်း မျိုးစေ့မှ အပင်ပေါက်လာစေရန် လူတို့၌ တန်ခိုးအာနိသင် မရှိ၊ ခရစ်တော်၏ နိုင်ငံတော်သည်လည်း ယင်းနည်းအတိုင်းပင် ဖြစ်၏။ ယင်းသည် အသစ်ပြုပြင်ဖန်ဆင်းခြင်း တစ်ရပ် ဖြစ်၏။ ခရစ်တော်၏ နိုင်ငံတော် ပေါ်ထွန်းရန်အတွက် အခြေခံ သဘောတရားများသည် လောကီနိုင်ငံတို့ကို စိုးမိုးသည့် အခြေခံ သဘောတရားများနှင့် ဆန့်ကျင်ဖီလာ၏။ လောကီဆိုင်ရာ အုပ်စိုးမှုများကို ကိုယ်ကာယ စွမ်းအားဖြင့် စိုးမိုး၍ သူတို့၏ နိုင်ငံများကို စစ်နည်းစစ်ဟန်ဖြင့် တည်မြဲစေကြ၏။ သို့သော် နိုင်ငံတော်သစ်ကို အခြေစိုက် တည်ထောင်သောသူမှာ ငြိမ်သက်ခြင်း အရှင်ဘုရင် ဖြစ်တော်မူ၏။ သန့်ရှင်းသောဝိညာဉ်တော်သည် လောကီနိုင်ငံများကို ကြောက်မက်ဖွယ်သော အသားစား သားရဲများနှင့် ပုံဆောင်ထားပါသည်။ သို့သော် ခရစ်တော်သည် “ဤ လောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်ၑ၏ သိုးသငယ်” ဖြစ်တော်မူ၏။ ယော၊ ၁:၂၉။ ကိုယ်တော်၏ အုပ်ချုပ်မှု စီမံကိန်းတွင် သြတ္တပ္ပစိတ်ကို အတင်းအကျပ် တိုက်တွန်းသည့် နည်းစနစ်ကို အသုံးမပြုပါ။ ယုဒလူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို လောကီနိုင်ငံများနည်းတူ တည်ထောင်ရန် စောင့်မျှော်၍ နေကြ၏။ သူတို့သည် စီမံကိန်းများ နှင့် နည်းလမ်းများကို တီထွင်ဖန်တီးကြ၏။ သို့သော် သမ္မာတရား နှင့် ဖြောင့်မတ်ခြင်းတရားကို နှလုံးသွင်းထားခြင်းအားဖြင့် မကောင်းမှု နှင့် ဒုစရိုက်ကို တိုက်ဖျက်ရန် ခရစ်တော်သည် အခြေခံ သဘောတရား တစ်ခုကို ချမှတ်ထားတော်မူ၏။COLB 76.3

    ယေရှုရှင်သည် ဤ ဥပမာကို ဟောကြားနေတော်မူစဉ်တွင် မုန်ညင်းပင်ကို အနီးအဝေး အရပ်ရပ်မှ တွေ့မြင်နေရကြ၏။ သီးနှံပင်၊ မြက်ပင်များအပေါ် မြင့်မားလျက် ရှိ၏။ အခက်အလက်များမှာလည်း လေယူရာတိမ်း ယိမ်းနွဲ့လျက် ရှိကြ၏။ ငှက်အပေါင်းတို့သည်လည်း ဟိုအကိုင်းမှ သည်အကိုင်းသို့ လူးလာပျံသန်းလျက်၊ အရွက်အခက်များ ဝေဆာနေသည့် စပ်ကြားတွင် တေးသံသာလျက်နေကြ၏။ သို့ရာတွင် ယင်းသို့ ကြီးထွားလှသော အပင်ကြီးကို ပေါက်လာစေသော မုန်ညင်းစေ့ကလေးမှာမူကား အစေ့တကာတို့ ထက်ငယ်၏။ ပထမတွင် အစို့နုကလေးထွက်လာ၏။ သို့သော် ယင်း အစို့ငယ်သည် ရှင်သန်စေတတ်သည့် စွမ်းအားနှင့် ပြည့်ဝသဖြင့် လက်ရှိ အခြေသို့တိုင်အောင် ကြီးထွားသန်စွမ်းလေ၏။ ထိုနည်းအတူ ခရစ်တော်၏ နိုင်ငံတော်သည်လည်း အစဦးတွင် သေးသိမ်၍ မထင်မပေါ်နိုင်ဟု ထင်မှတ်စရာ ရှိပါသည်။ လောကီနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အသေးငယ်ဆုံး ဖြစ်သည့် လက္ခဏာ ရှိနေပါသည်။ ခရစ်တော်သည် ဘုရင် ဖြစ်တော်မူသည်ဟု ဆိုရာတွင် လောကီ ဘုရင်များက ပြက်ရယ်ပြုကြ၏။ သို့ရာတွင် ကိုယ်တော်ရှင်၏ တပည့်တော်များအား လွှဲအပ်ထားသော တန်ခိုးကြီးသည့် သမ္မာတရားများတွင် နိုင်ငံတော်နှင့် စပ်ဆိုင်သည့် ဧဝံဂလိတရားတော်သည် အသက်ရှင်တော်မူ၏။ ထိုမျှမက ၎င်း၏ ကြီးပွားမှုသည် အဘယ်မျှ လျင်မြန်လျက် ရှိပါသနည်း။ ၎င်း၏ သြဇာသက်ရောက်မှုသည် အဘယ်မျှ ကျယ်ပြန့်လျက် ရှိပါသနည်း။ ဤ ဥပမာပုံကို ခရစ်တော် ဟောကြားတော်မူစဉ်က ဂါလိလဲ တောင်သူလယ်သမားအနည်းငယ်သာ နိုင်ငံတော်သစ်၏ ကိုယ်စားလှယ်များ ဖြစ်ခဲ့ကြပါသည်။ သခင်ယေရှု၏ ရိုးအသော နောက်လိုက် တံငါသည်များသည် ဆင်းရဲနွမ်းပါးသည် သာမက လူနည်းစု ဖြစ်သောကြောင့် သူတို့နှင့် ဆက်သွယ်ပေါင်းသင်းရန် မသင့်ကြောင့် လူအများအား ထပ်တလဲလဲ ဝါဒ ဖြန့်ရန် အကြောင်းရင်း တစ်ခု ဖြစ်လာပါသည်။ သို့သော် မုန်ညင်းစေ့သည် ကြီးပွား၍ ယင်း၏ အကိုင်းအခက်များသည် ကမ္ဘာအနှံ့အပြား ကျယ်ပြန့်ရမည် ဖြစ်ပါသည်။ လူသားတို့အနေဖြင့် ဘုန်းတန်ခိုးကြီးလှပါသည်ဟု ယူဆရသော လောကီနိုင်ငံတို့သည် ယိုယွင်း ပျက်စီးချိန်ရောက်ရမည် ဖြစ်သော်လည်း ခရစ်တော်၏ နိုင်ငံတော်သည် အမြဲတည်၍ ဘုန်းတန်ခိုးအာနုဘော်တော်နှင့် ပြည့်စုံလိမ့်မည်။COLB 77.1

    ထိုနည်းအတူ စိတ်နှလုံးတွင်း၌ ကျေးဇူးတော်လုပ်ငန်းသည် မူလအစတွင် သေးငယ်ပါ၏။ စကားတစ်ခွန်း၊ လင်းရောက်ခြည်တစ်ပြက်သည် လူ၏ စိတ်နှလုံးတွင်းသို့ ရုတ်တရက် ဝင်ရောက်လာသောအခါ အကျိုးသက်ရောက်မှု ရှိသဖြင့် အသစ်သော အသက်တာတွင် အဂုဏ်တက်စ ပြုလေ၏။ ယင်း အကျိုးသက်ရောက်မှုကို အဘယ်သူ တိုင်းတာနိုင်ပါမည်နည်း။COLB 78.1

    ခရစ်တော်၏ နိုင်ငံတော်ကြီးပွားခြင်းအကြောင်းကို မုန်ညင်းစေ့ ဥပမာနှင့် ပုံဆောင်ထားသည် သာမက နိုင်ငံတော်၏ ကြီးပွားမှု အဆင့်တိုင်းတွင် ထပ်တလဲလဲ ရင်ဆိုင်ရမည့် အတွေ့အကြုံများကိုပါ ပုံဆောင် ထားခြင်း ဖြစ်ပါသည်။ လူမျိုးဆက်တိုင်းတွင် ဘုရားသခင်သည် မိမိ၏ အသင်းတော်အတွက် ထူးခြားသော သမ္မာတရား နှင့် သီးခြားသတ်မှတ်ထားသော အမှုတော် ရှိပါသည်။ လောကီပညာရှင် နှင့် တတ်သိလိမ္မာသော သူတို့ထံမှ ကွယ်ဝှက်ထားသော သမ္မာတရားတော်ကို သူငယ်ကဲ့သို့ စိတ်နှိမ့်ချသော သူများအား ဖွင့်ပြတော်မူ၏။ ယင်းသို့ ကိုယ်ကျိုးစွန့်လွှတ်ရန် ဆင့်ဆိုတော်မူ၏။ ဆင်နွှဲရမည့် တိုက်ပွဲများ နှင့် အောင်ပွဲခံရမည့် အချိန်များလည်း ရှိပါသည်။ အစ ပထမတွင် ထောက်ခံလျက်များ နည်းပါးလိမ့်မည်။ သူတို့သည် လောကီဆိုင်ရာလူကြီးလူကောင်းများ နှင့် လောကီပုံသဏ္ဌာန်ကို ဆောင်သော အသင်းတော်ကြီး၏ ဆန့်ကျင်ဖီလာခြင်း နှင့် မထီမဲ့မြင်ပြုခြင်းကို ခံရကြလိမ့်မည်။ ခရစ်တော်၏ ရှေ့တော်ပြေး ဖြစ်သော နှစ်ခြင်းဆရာ ယောဟန်သည် ယုဒနိုင်ငံသားတို့၏ မာနထောင်လွှားမှု နှင့် ထုံးစံဓလေ့ လိုက်စားခြင်းများကို တစ်ဦးတည်း မားမားမတ်မတ် ရပ်၍ ဆိုဆုံးမခဲ့သည်ကို ကြည့်ပါလော့။ ဥရောပနိုင်ငံသို့ ရှေးဦးစွာ ဧဝံဂလိ တရားတော်ကို သယ်ဆောင်သွားသော သူများကိုလည်း ကြည့်ပါလော့။ တဲရှင်ချုပ်လုပ်သော ရှင်ပေါလု နှင့် သိလတို့သည် သူတို့၏ အပေါင်းအဖေါ်များနှင့် တရောမြို့မှ ဖိလိပ္ပိမြို့သို့ သင်္ဘောလွှင့်ကြသောအခါ အဘယ်မျှလောက် မျှော်လင့်စရာ ကင်းမဲ့၍ မရေမရာ ဖြစ်နေကြပါသနည်း။ အသက်အရွယ် “အိုမင်းမစွမ်း” ရှိသော တမန်တော် ရှင်ပေါလုသည် သံကြိုးနှင့် ချည်နှောင်ခြင်းကို ခံလျက် ကဲသာဘုရင်၏ ရဲတိုက်ထဲတွင် ခရစ်တော်အကြောင်း ဟောပြောရခြင်းကိုလည်း ကြည့်ပါကုန်လော့။ လူနည်းစု အစေခံကျွန်များ နှင့် တောင်သူလယ်သမား ကျေးရွာသားများအနေဖြင့် ဘုရားတရားမဲ့သည့် ရောမအာဏာပိုင်များနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ရသည်ကိုလည်း ကြည့်ရှုထောက်ထားပါလော့။ လောကီပညာဆိုင်ရာ၏ အထွတ်အထိပ် ဖြစ်သော တန်ခိုးအာဏာ လွှမ်းမိုးသည့် အသင်းတော်ကြီးကို ခုခံတွန်းလှန်ခဲ့ရသော မာတင်လုသာ1Martin Luther; ၏ အကြောင်းကိုလည်း ဆင်ခြင်ကြပါကုန်လော့။ သူသည် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို စွဲမြဲစွာ ဆုပ်ကိုင်လျက် ဧကရာဇ်ဘုရင် နှင့် ပုပ်ရဟန်းမင်းကြီး2Pope တို့အား “ကျွန်ုပ်၏ ယုံကြည်ချက် ကို ကျွန်ုပ်သည် စွဲမြဲစွာ ဆုပ်ကိုင်ထားပါ၏။ လက်မလွှတ်နိုင်ပါ။ ဘုရားသခင်သည် ကျွန်ုပ်ကို စောင့်ရှောက်တော်မူပါစေသော” ဟု ကြေငြာခဲ့၏။ ဂျွန်ဝက်စလ1John Wesley. သည် ဓလေ့ထုံးစံများကိုသာ အရေးပေးလိုက်စားသည့် အချိန်၊ ကာမဂုဏ် လိုက်စား၍ ဘုရားမှန် တရားမှန်ကို မကိုးကွယ်ကြသည့် အချိန်တွင် ခရစ်တော် နှင့် ကိုယ်တော်ရှင်၏ ဖြောင့်မတ်ခြင်းတရားကိုဟောကြား၏။ ထိုသူသည် ဘုရားတရား မကြည်ညိုသော လောက၏ အမင်္ဂလာ ဝန်ထုပ်ကြီးကို မိမိ ကိုယ်တိုင် ထမ်းဆောင်နေရသကဲ့သို့ ခရစ်တော်၏ မေတ္တာတော်သတင်းစကားကို သယ်ဆောင်သွားရန် အခွင့်အရေးတောင်းခံလျက် ရှိ၏။ ယင်းကဲ့သို့ တောင်းပန်နေသည်ကို “အမောင်၊ အေးအေးဆေးဆေးသာ ထိုင်နေပါလော့။ ဘုရားတရားကို မကိုးကွယ်သူများအား ပြောင်းလဲစေလိုလျှင် အမောင်၏ အကူအညီကိုသော်လည်းကောင်း၊ ကျွန်ုပ်တို့၏ အကူအညီကိုသော်လည်းကောင်း မလိုဘဲ ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက်ပါလိမ့်မည်ဟု ဘာသာရေးဆိုင်ရာ အသင်းတော်ကြီးက ပြန်ကြားခဲ့၏။COLB 78.2

    ရာစုနှစ်ပေါင်းများစွာက သမ္မာတရားမျိုးစေ့ကို ကြဲဖြန့်ခဲ့သော ပုဂ္ဂိုလ်ကြီးများအတွက် အထိမ်းအမှတ် အဆောက်အအုံများကို ဆောင်လုပ်ခြင်း၊ မင်္ဂလာသြဘာပေးခြင်းများ ပြုလုပ်ကြ၏။ ယင်း သမ္မာတရားမျိုးစေ့ ရှင်သန်ကြီးထွားတိုးတက်ရေး လုပ်ငန်းကိုလည်း လူအများတို့က တစ်ဖက်က နှိမ်နင်းနေကြသည် မဟုတ်ပါလော။ “ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့ သိကြ၏။ ထိုသူ (ခရစ်တော်) သည် အဘယ်က ဖြစ်သည်ကို မသိ” ဟု ရှေးလူများ အော်ဟစ်သံအတိုင်း ထပ်မံ အော်ဟစ်ကြွေးကြော်ကြ၏။ ယော၊၉:၂၉။ ယခင် ခေတ်များမှာကဲ့သို့ ယခုခေတ်အတွက် ထူးခြားသော သမ္မာတရားများသည်လည်း ဘာသာရေးဆိုင်ရာ အာဏာပိုင်များ၌ မရှိ။ အသိပညာ နည်းသော်လည်း ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို ယုံကြည်သည့် အမျိုးသား အမျိုးသမီးများ၌သာ တွေ့ရှိနိုင်ပါသည်။COLB 80.1

    “ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်း အကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသော သူတို့တွင် လောကီပညာရှိအများ မပါ ထင်ရှားသော လူကြီးအများ မပါ။ မင်းအမျိုးအနွယ် ဖြစ်သော သူအများ မပါ။ ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအရာ၌ မိုက်မဲသော သူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိ ရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှါ လောကီအရာ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ၏။ မြတ်သော သူတို့ကို ရှက်ကြောက်စေခြင်းငှါ လောကီအရာ၌ ဆင်းရဲသော သူ၊ မရေရာသော သူ၊ ယုတ်သော သူတို့ကို ရွေးကောက်တော်မူ၏။” ( ၁ ကော၊ ၁:၂၆-၂၈) အကြောင်းမှာ “သင်တို့၏ ယုံကြည်ခြင်းသည် လူပညာအားဖြင့်မတည်၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် တည်စေခြင်းငှါ” ဖြစ်ပါသည်။ (၁ ကော၊ ၂:၄၊၅)COLB 81.1

    ၎င်းအပြင် ယနေ့ နောက်ဆုံးကာလတွင် မုန်ညင်းစေ့၏ ဥပမာသည် ထူးခြားစွာဖြင့် လည်းကောင်း၊ အောင်မြင်ထမြောက်စွာဖြင့် လည်းကောင်း ပြီးမြောက်ရန် အချိန်တန်နေပါပြီ ။ သေးငယ်သော မျိုးစေ့ကလေးမှ ကြီးမားသော အပင် ဖြစ်လာရမည်။ နောက်ဆုံး သတိပေးနှိုးဆော်သည့် သတင်းစကား နှင့် ကရုဏာတရားသည် “မြေကြီးပေါ်မှာ နေသော သူတည်းဟူသော အသီးသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်း” တို့ထံသို့ ရောက်ရမည်။ (ဗျာ၊ ၁၄:၆-၁၅) “ဘုရားသခင်သည် မိမိ နာမအဖို့၊ တစ်ပါးအမျိုးသားထဲက အချို့သော သူတို့ကို နုတ်ယူ” တော်မူ၏။ (တ၊ ၁၅:၁၄) ထိုနောက် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်အားဖြင့် ကမ္ဘာမြေကြီးသည် ထွန်းလင်းလျက် ရှိလိမ့်မည်။ (ဗျာ၊ ၁၈:၁)။COLB 81.2

    * * * * *