Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 28—ကျေးဇူးတော်ဆိုင်ရာ ဆုလာဘ်

    မ၊ ၁၉:၁၆-၃၀။ ၂၀:၁-၁၆။ မာကု၊ ၁၀:၁၇-၃၁။ လုကာ၊ ၁၈:၁၈-၃၀။ တို့ကို အခြေပြုပါသည်။

    ဘုရားသခင် အခမဲ့ ပေးတော်မူသည့် ကျေးဇူးတော်ဆိုင်ရာ သမ္မာတရားတော်ကို ယုဒလူတို့ မျက်ခြည်ပြတ်လုမတတ် ရှိခဲ့ပါသည်။ ဘုရားသခင်၏ ကျေးဇူးမေတ္တာတော်ကို အလုပ်အားဖြင့်သာ ရယူနိုင်သည်ဟု ရဗ္ဗိဓမ္မဆရာများက သွန်သင်ကြပါသည်။ ဖြောင့်မတ်ခြင်း ဆုလာဘ်ကို သူတို့၏ အလုပ်၊ အကျင့်အားဖြင့်သာ ရလိမ့်မည်ဟု သူတို့ မျှော်မှန်းကြ၏။ သို့ဖြစ်ရာ သူတို့သည် အကျိုးအမြတ်ကို မျှော်မြင်၍ ဝတ်ပြုကိုးကွယ်ကြ၏။ ကိုယ်တော်၏ တပည့်တော်များသည်ပင်လျှင် ယင်း သဘောထားမျိုးနှင့် မလွတ်ကင်းကြပါ၊ ထိုကြောင့် ကယ်တင်ရှင်သည် အခါအခွင့်သင့်တိုင်း သူတို့၏ အမှားကို ညွှန်ပြတော်မူခဲ့ပါသည်။ ကိုယ်တော်သည် စပျစ်ဥယျာဉ်၌ လုပ်ဆောင်သော သူများ၏ ဥပမာကို ဟောကြားတော် မမူမီက ဖြစ်ပျက်သော အကြောင်း တစ်ခုကို အမှီပြု၍ မှန်သော အခြေခံ သဘောတရားကို လမ်းဖွင့်ခဲ့ပါသည်။COLB 498.1

    ကိုယ်တော် ကြွချီတော်မူစဉ်တွင် အရာရှိငယ် တစ်ဦးသည် ပြေးလာ၍ ကိုယ်တော်ကို ချဉ်းကပ်ပျပ်ဝပ်လျက် ရိုသေစွာဖြင့် “ကောင်းမြတ်သော ဆရာ၊ ထာဝရအသက်ကို ရအံ့သောငှါ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။COLB 498.2

    အရာရှိငယ်သည် ခရစ်တော်အား ဂုဏ်အသရေ ရှိသော ဓမ္မဆရာ တစ်ဦးအနေဖြင့် စကားပြောခဲ့၏။ ဘုရားသခင်၏ သားတော် ဖြစ်ကြောင်းကို သူ မသိ။ “ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့် ခေါ်သနည်း။ ဘုရားသခင် တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏” ဟု ကယ်တင်ရှင် မိန့်တော်မူ၏။ အဘယ်အကြောင်းကို အမှီပြု၍ ငါ့ကို ကောင်းမြတ်သည်ဟု ခေါ်သနည်း။ ဘုရားသခင် တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏။ သင်သည် ငါ့အား ကောင်းမြတ်သည်ဟု အသိအမှတ်ပြုလျှင် ငါသည် ဘုရားသခင်၏ သားတော် ဖြစ်သည်ကို လည်းကောင်း၊ ကိုယ်စားလှယ်တော် ဖြစ်သည်ကို လည်းကောင်း သင် လက်ခံရမည်။COLB 498.3

    “အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့” ဟု ကိုယ်တော်သည် ထပ်လောင်း၍ မိန့်တော်မူ၏။ ဘုရားသခင်၏ ဂုဏ်တော်သည် တရားတော်၌ ဖေါ်ညွှန်းလျက် ရှိပါ၏။ ထိုကြောင့် သင်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့လိုလျှင် သင်၏ အပြုအမူ အားလုံးသည် ကိုယ်တော်၏ တရားတော်ဆိုင်ရာ အခြေခံ သဘောတရားများနှင့် ညီညွတ်ရမည်။COLB 499.1

    ခရစ်တော်သည် ပညတ်တရားတော်၏ ဆင့်ဆိုချက်များကို ယုတ်လျော့စေသည် မဟုတ်ပါ။ ထာဝရအသက်ကို ရနိုင်ရန် လိုက်နာရမည့် စည်းကမ်းချက်မှာ ပညတ်တော်ကို စောင့်ထိန်းရန် ဖြစ်သည်ဟု မမှားမယွင်းနိုင်သော စကား အသုံးအနှုန်းများဖြင့် မိန့်တော်မူ၏။ အာဒံ မကျဆုံးမီကလည်း ယင်း စည်းကမ်းကိုပင် ပေးထားတော်မူ၏။ ပရဒိသုဘုံတွင် နေထိုင်ခဲ့ရသော လူသည် လုံးဝဥဿုံ နားထောင်၍ စုံလင်ဖြောင့်မတ်ရန် ဘုရားသခင် လိုလားတော်မူသည် နည်းတူ ယနေ့ လူကိုလည်း အလားတူပင် လိုလားတော်မူ၏။ ကျေးဇူးတော်ဆိုင်ရာ ပဋိညာဉ်တရားသစ်အရ လိုအပ်ချက်များမှာ ဧဒင်ဥယျာဉ်တွင် ဆင့်ဆိုခဲ့သည့် လိုအပ်ချက်များအတိုင်း ကျယ်ပြန့်၍ ဘုရားသခင်၏ ပညတ်တရားတော်နှင့် ညီညွတ်ပါ၏၊ တရားတော်သည်လည်း သန့်ရှင်းတော်မူပါ၏၊ တရားမျှတတော်မူပါ၏၊ ကောင်းမြတ်တော်မူပါ၏။COLB 499.2

    “ပညတ်တော်တို့ကို စောင့်ရှောက်လော့” ဟု ခရစ်တော် မိန့်တော်မူသောအခါ “အဘယ် ပညတ်တို့ကို” စောင့်ရှောက်ရပါမည်နည်းဟု ယင်း အရာရှိငယ်က ပြန်၍ မေးလျှောက်ခဲ့ပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းနှင့် ဆိုင်သော နည်းဥပဒေသ တစ်ခုခု ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း သိနာတောင်ပေါ်တွင် ပေးတော်မူခဲ့သည့် ပညတ်တော်ကို ခရစ်တော်က ညွှန်ပြခဲ့ပါသည်။ ပညတ်တော် ဆယ်ပါးကို အက္ခရာတင်ထားသည့် ကျောက်ပြား နှစ်ပြားအနက် ဒုတိယ ကျောက်ပြားပါ ပညတ် အများစုကို ဖေါ်ပြတော်မူပြီးလျှင် “ကိုယ်နှင့် စပ်ဆိုင်သော သူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟု အကျဉ်းချုပ်၍ မိန့်တော်မူ၏။COLB 499.3

    ယင်း လူငယ်ကလည်း “ထို ပညတ်ရှိသမျှကို အကျွန်ုပ်သည် ငယ်သော အရွယ်မှ စ၍ စောင့်ရှောက်ပါပြီ။ အဘယ် အကျင့်လိုသေးသနည်း” ဟု မဆိုင်းမငံ့ ပြန်၍ မေးလျှောက်လေ၏။ ပညတ်တရားတော်နှင့် ပတ်သက်၍ သူ၏ သဘောထားမှာ အပေါ်ယိကသာ ဖြစ်၏။ လူသားတို့၏ အမြင်အားဖြင့် သူသည် စုံလင်ဖြောင့်မတ်သော သူ ဖြစ်၏။ များသောအားဖြင့် သူ၏ ပြင်ပ အသက်တာ လက္ခဏာတွင် မကောင်းမှု မရှိ၊ ချွတ်ယွင်းချက် မရှိအောင် ပညတ်တရားတော်ကို သူ လိုက်နာစောင့်ရှောက်သည်ဟု သူ အမှန်ပင် ထင်မှတ်၏၊ သို့သော် ဘုရားသခင် နှင့် သူ၏ စပ်ကြားတွင် ချွတ်ယွင်းမှု ရှိနေသည်ဟု လျှို့ဝှက်သည့် စိုးရိမ်မှု ရှိနေပါသည်။ ထိုကြောင့် “အဘယ် အကျင့်လိုသေးသနည်း” ဟု ဆက်၍ မေးလျှောက်ခဲ့ပါသည်။COLB 500.1

    “သင်သည် စုံလင်ခြင်းသို့ ရောက်လိုလျှင် သွားလော့၊ ကိုယ်ဥစ္စာများကို ရောင်း၍ ဆင်းရဲသော သူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်၊ သို့ပြီးမှ ငါ့ နောက်သို့လိုက်လော့” ဟု ခရစ်တော် ညွှန်ကြားတော်မူသောအခါ “ထို လုလင်သည် များစွာသော ဥစ္စာကို ရတတ်သော သူ ဖြစ်၍ ထိုစကားကို ကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။”COLB 500.2

    ကိုယ်ကိုကိုယ် ချစ်သော သူသည် ပညတ်တော်ကို လွန်ကျူးသော သူ ဖြစ်ကြောင်း ယင်း အရာရှိငယ် သိမြင်စေရန် ယေရှုရှင် အလိုရှိတော်မူသည် ဖြစ်၍ သူ၏ တစ်ကိုယ်ကောင်းစိတ် ထင်ရှားအောင် စမ်းသပ်စစ်ဆေးလိုက်ခြင်း ဖြစ်ပါသည်။ သူ၏ အကျင့်စာရိတ္တတွင် အန္တရာယ် ဖြစ်နေသည့် အစိတ်အပိုင်းကို ဖေါ်ပြတော်မူ၏။ သို့သော် ထို အရာရှိကလေးကမူကား ထိုထက် ပို၍ သိလိုမြင်လိုသော ဆန္ဒ မရှိတော့ပါ။ လောကသည် သူ၏ ဘုရား ဖြစ်၍ ယင်း ဘုရားကိုသာ သူ မြတ်နိုးကိုးကွယ်ထားပါသည်။ ပညတ်တော်များကို လိုက်နာစောင့်ထိန်းပါသည်ဟု အဆိုပြုသော်လည်း ပညတ်တော်၏ အခြေခံ သဘောတရား သူ့မှာ မရှိပါ။ ဘုရားသခင်ကို လည်းကောင်း၊ လူကို လည်းကောင်း သူသည် အမှန်စင်စစ် ချစ်သည် မဟုတ်ပါ။ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ရန် သူ့အတွက် အဓိက လိုအပ်ချက်မှာ ယင်း ချစ်ခြင်းမေတ္တာပင် ဖြစ်ပါသည်။ သူသည် ကိုယ်ကိုကိုယ်သာ ချစ်မြတ်နိုးသည် ဖြစ်၍ လောကီရေးရာများကိုသာ ဦးစားပေးနေသောကြောင့် ကောင်းကင်နိုင်ငံတော် ဆိုင်ရာ ကျင့်ဝတ်ကျင့်စဉ်များနှင့် ကွာဟနေပါသည်။COLB 500.3

    ထိုအရာရှိငယ်သည် ခရစ်တော်၏ အထံတော်သို့ ရိုးသားစွာ ချဉ်းကပ်သောကြောင့် ကိုယ်တော်၏ စိတ်တော်နှင့် တွေ့ထိတော်မူ၏။ ကိုယ်တော်သည် “ကြည့်ရှုလျက် ချစ်သော စိတ်ရှိ” တော်မူ၏။ ဖြောင့်မတ်ခြင်းတရားကို ဟောကြားသူ ဖြစ်နိုင်သည့် အရည်အချင်းကို ထိုသူ၌ ကိုယ်တော် တွေ့မြင်တော်မူ၏။ ကိုယ်တော်သည် အတတ်ပညာမဲ့သော တံငါသည်များ နောက်တော်သို့ လိုက်ခြင်းကို လက်ခံတော်မူသည် နည်းတူ ပညာအရည်အချင်းနှင့် ပြည့်စုံ၍ ဇာတိဂုဏ် ရှိသော ဤ လူငယ်ကိုလည်း လက်ခံတော်မူပေလိမ့်မည်။ အကယ်၍ ဤ အရာရှိငယ်သည် မိမိ၏ အရည်အချင်းများကို ဝိညာဉ်ကယ်ဆယ်ရေး အမှုတော်အတွက် အသုံးချရန် စိတ်ဝင်စားမည် ဆိုပါက ခရစ်တော်အတွက် လုံ့လဝီရိယ ရှိသော၊ အောင်မြင်သော အမှုတော်ဆောင်ကောင်း တစ်ယောက် ဖြစ်လာနိုင်ပါသည်။COLB 501.1

    သို့သော် သူသည် တပည့်တော်များ လိုက်နာရမည့် စည်းကမ်းများကို ဦးစွာ လက်ခံရပါမည်။ သူသည် မိမိကိုယ်ကို ဘုရားသခင်အား လုံးဝဥဿုံ ဆက်ကပ်ထားရပါမည်။ ကယ်တင်ရှင် ခေါ်တော်မူသောအခါ ယောဟန်၊ ပေတရု၊ မဿဲ နှင့် အပေါင်းအဖေါ်များတို့သည် “ရှိသမျှတို့ကို စွန့်ပစ်လျက် ထ၍ နောက်တော်သို့ လိုက်” ကြ၏။ လု၊ ၅:၂၈။ လူငယ်သည်လည်း အလားတူသော ဆက်ကပ်မှုကို ပြုရပါမည်။ ဤနေရာတွင် ခရစ်တော်သည် မိမိကိုယ်တိုင် အနစ်နာခံနိုင်တော်မူသည် ထက် ပို၍ ကြီးမားသော အနစ်နာခံမှုကို တောင်းဆိုတော်မူသည် မဟုတ်ပါ။ ကိုယ်တော်သည် “စည်းစိမ် ရှိသော်လည်း ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှါ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူ၏။” ၂ ကော၊ ၈:၉။ ထိုလူငယ်သည် ခရစ်တော် ဦးဆောင်တော်မူသည့် လမ်းစဉ်သို့ လိုက်လျှောက်ရန်သာ လိုပါသည်။COLB 502.1

    ခရစ်တော်သည် ယင်း လူငယ်ကို ရှုစားတော်မူ၍ သူ၏ အသက်ဝိညာဉ်ကို ကယ်ဆယ်ရန် လိုလားတော်မူ၏။ လူသား အများအတွက် ကောင်းချီးမင်္ဂလာ ဖြစ်စေရန် တမန်တော်အဖြစ် ယင်း လူငယ်ကိုစေလွှတ်ရန် ကိုယ်တော်ရှင် အလိုရှိတော်မူ၏။ သူ စွန့်လွှတ်အရှုံးခံရမည့် အရာများ အစား ကိုယ်တော်ရှင် နှင့်အတူ လိုက်ပါပေါင်းဖေါ်ရန် အခွင့်အရေးကို ခရစ်တော် ကမ်းလှမ်းတော်မူ၏။ ထိုကြောင့် “ငါ့ နောက်သို့ လိုက်လော့” ဟု ကိုယ်တော် မိန့်တော်မူ၏။ ၎င်း အခွင့်အရေးကို ပေတရု၊ ယာကုပ် နှင့် ယောဟန်တို့က ဝမ်းသာအားရ လက်ခံခဲ့ကြ၏။ ဤ လူငယ်သည်လည်း ခရစ်တော်အား ရိုသေလေးမြတ်ခြင်း ရှိပါ၏။ သူ၏ စိတ်နှလုံးသည် ကယ်တင်ရှင်နှင့် နီးစပ်ခဲ့၏။ သို့သော် ကယ်တင်ရှင်၏ အနစ်နာခံ လမ်းစဉ်ကို လက်ခံရန် သူသည် အသင့် မရှိသေးပေ။ ယေရှုရှင်ထက် သူ၏ ဥစ္စာရတနာကို ဦးစားပေးလိုက်ပါသည်။ ထာဝရအသက်ကို သူ အလိုရှိပါ၏၊ သို့သော် အသက် ဖြစ်၍ ကိုယ်ကျိုး မဖက်သော မေတ္တာကို သူ၏ အသက်ဝိညာဉ်တွင်းမှာ သူ လက်မခံနိုင်ပါ။ သို့ပါ၍ ဝမ်းနည်းစွာဖြင့် ခရစ်တော်အား ကျောပေးကာ ထွက်ခွါသွားရှာလေ၏။COLB 502.2

    ထို လူငယ် ထွက်ခွါသွားသောအခါ ယေရှုရှင်က “ဥစ္စာရတတ်သော သူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန် ဝင်ခဲလှ၏” ဟု မိန့်တော်မူ၏။ ယင်း စကားတော်များကို တပည့်တော်တို့ ကြားနာရကြသောအခါ မိန်းမောတွေဝေကြ၏။ ဥစ္စာ ကြွယ်ဝချမ်းသာသော သူများမှာ ဘုရားသခင်ထံမှ မျက်နှာရသော သူများ ဖြစ်သည်ဟု သူတို့ သင်ယူခဲ့ကြပြီး ဖြစ်၏။ သူတို့ ကိုယ်တိုင်ပင်လျှင် မေရှိယ၏ နိုင်ငံတော်တွင် လောကီ အာဏာစက် နှင့် ကြွယ်ဝချမ်းသာမှုကို လိုလားနေသော သူများ ဖြစ်ကြ၏။ အကယ်၍ ဥစ္စာကြွယ်ဝသူများပင်လျှင် နိုင်ငံတော်သို့ မဝင်ရောက်နိုင်ဟု ဆိုပါက အခြားသူများအတွက် အဘယ်သို့လျှင် မျှော်လင့်စရာ ရှိပါတော့မည်နည်း။COLB 503.1

    “တစ်ဖန် ယေရှုက ငါ့ သားတို့၊ မိမိ ဥစ္စာကို မှီခိုသော သူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန် ဝင်ခဲလှ၏။ ကုလားအုတ်သည် အပ်နဖါးကို လျှိုလွယ်၏။ ငွေရတတ်သော သူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။ ထိုသူတို့သည် သာ၍ မိန်းမောတွေဝေ” ကြ၏။ ယင်း လေးနက်သော သတိပေး စကားများမှာ မိမိတို့အတွက်လည်း ပါဝင်ကြောင်း ထိုအခါမှ တပည့်တော်များ သတိထားမိကြ၏။ ယင်းသို့ ကယ်တင်ရှင် မိန့်တော်မူသည့်အတွက် သူတို့သည်လည်း တန်ခိုးအာဏာ နှင့် ကြွယ်ဝချမ်းသာမှုကို လျှို့ဝှက်စွာ လိုလား စွဲလမ်းနေသူများ ဖြစ်ကြောင်း ဗူးပေါ်သလို ပေါ်လေတော့၏။ သူတို့သည်လည်း စိတ်စနောင့်စနင်း ဖြစ်၍ “အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်မည်နည်း” ဟု အံ့သြပြောဆိုကြ၏။COLB 503.2

    “ယေရှုသည်လည်း သူတို့ကို ကြည့်ရှု၍၊ ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရားသခင် မတတ်နိုင်သည် မဟုတ်၊ ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။”COLB 503.3

    ထိုကဲ့သို့သော သူဌေးသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်နိုင်ခဲ၏။ သူ၏ ဥစ္စာပစ္စည်များသည် သူ့အား အလင်းတရား ရှိသည့် သန့်ရှင်းသူများ၏ အမွေကို ဆက်ဆံပိုင်ခွင့် မပေးနိုင်ပါ။ ကျွန်ုပ်တို့နှင့် မထိုက်မတန်သော ခရစ်တော်၏ ကျေးဇူးတော်အားဖြင့်သာလျှင် ဘုရားသခင်၏ မြို့တော်သို့ မည်သူမဆို ဝင်နိုင်ခွင့် ရှိပါသည်။COLB 504.1

    “သင်တို့သည် အဖိုးနှင့် ဝယ်တော်မူသော သူ ဖြစ်သောကြောင့် ….. မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကို …. မသိကြသလော” ဟု သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မိန့်တော်မူ၏။ ၁ ကော၊ ၆:၁၉၊၂၀။ ဤအချက်ကို လူတို့ ယုံကြည်သောအခါ သူတို့ ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းများသည် ဘုရားသခင် လမ်းညွှန်တော်မူသည့်အတိုင်း ပျောက်သော သူများကို ကယ်ဆယ်၍ ဒုက္ခရောက်သူများ နှင့် နွမ်းပါးသူများအား ချမ်းသာပေးရန်အတွက် သူတို့အား ယုံမှတ်လွှဲအပ်ထားသည့် ပစ္စည်းများ ဖြစ်ကြောင်း သဘောပေါက်ကြလိမ့်မည်။ ယင်း အမှုကို လူမတတ်နိုင်၊ အဘယ်ကြောင့်ဆိုသော် လူ၏ စိတ်နှလုံးသည် လောကီစည်းစိမ်ကို တပ်မက်၏။ ငွေဘုရား၏ အမှုတွင် ချုပ်နှောင်ထားခြင်း ခံရသူသည် ဒုက္ခဆင်းရဲ ရောက်နေသော လူသား၏ အော်ဟစ်သံကို မကြားနိုင်။ သို့သော် ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူ၏။ အတု မရှိသော ခရစ်တော်၏ မေတ္တာတော်ကို စေ့စေ့ ထောက်ရှုခြင်းဖြင့် တစ်ကိုယ်ကောင်းစိတ် အရည်ပျော်၍ ချုပ်ထိန်းနိုင်လိမ့်မည်။ ထိုအခါ ကြွယ်ဝချမ်းသာသော သူသည် ဖါရိရှဲ ရှောလုကဲ့သို့ “ငါ၏ အကျိုးစီးပွားကို ပြုစုသော အရာရှိသမျှတို့ကို ရှုံးစေသော အရာကဲ့သို့ ခရစ်တော်ကြောင့် ငါထင်မှတ်၏။ ထိုမျှမက ငါ၏ သခင်ယေရှုခရစ်ကို သိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍ ခပ်သိမ်းသော အရာတို့ကို ရှုံးစေသော အရာကဲ့သို့ ငါထင်မှတ်၏” ဟု ပြောနိုင်လိမ့်မည်။ ဖိ၊ ၃:၇၊၈။ ထိုအခါ ငါပိုင်ပစ္စည်းဟု အဘယ်သူမျှ သဘောထားကြတော့မည် မဟုတ်ပါ။ ဘုရားသခင်၏ အမျိုးမျိုးအဖုံဖုံသော ကျေးဇူးတော်များအတွက် ဘဏ္ဍာစိုးများ ဖြစ်ရကြသည်ဟူ၍ လည်းကောင်း၊ ကိုယ်တော်အဖို့ လူမျိုး အပေါင်းအတွက် အမှုCOLB 504.2

    တော်ဆောင်များ ဖြစ်ရသည်ဟူ၍ လည်းကောင်း သဘောပိုက်၍ အားရဝမ်းမြောက်ကြလိမ့်မည်။COLB 505.1

    ကယ်တင်ရှင်၏ နှုတ်တော်ထွက် စကားတော်များကြောင့် ကိုယ်အကြောင်းကိုယ် သိသဖြင့် ပထမဦးစွာ အားယူ၍ စကားပြောလိုက်သူမှာ ပေတရု ဖြစ်ပါသည်။ သူ နှင့် သူ၏ ညီအစ်ကို ဖြစ်သူ အခြား တပည့်တော်များအနေဖြင့် ခရစ်တော်အတွက် စွန့်လွှတ်ခဲ့ရသည်များကို စဉ်းစား၍ စိတ်ကျေနပ်နေခဲ့၏။ အရာရှိငယ်အား “ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်” ဟု ကိုယ်တော်ရှင် ကတိပြုခဲ့သည်ကို သတိရသဖြင့် “အကျွန်ုပ်တို့သည် ရှီသမျှကို စွန့်ပစ်၍ ကိုယ်တော် နောက်သို့ လိုက်ကြပါပြီ” ဟု လျှောက်ထားပါသည်။ ယင်းသို့ လျှောက်သည်မှာ သူ နှင့် သူ၏ အပေါင်းအဖေါ်များ အနစ်နာခံရကြသည့်အတွက် မည်သည့် ဆုလာဘ်များ ရကြပါလိမ့်မည်နည်းဟု သဘောထား၍ မေးလျှောက်ခြင်း ဖြစ်ပါသည်။COLB 505.2

    ကယ်တင်ရှင်၏ အဖြေကြောင့် ဂါလိလဲ တံငါသည်များ သည်းလှိုက်ရင်ဖို ဖြစ်ကြ၏။ သူတို့ စိတ်ကူးယဉ်ခဲ့သည်များအတွက် အသရေ တင့်တယ်သော မြင်ကွင်းများကို ပြတော်မူ၏။ “ငါအမှန်ဆိုသည်ကား အလုံးစုံသော အရာတို့ကို အသစ် ပြုပြင်သော ကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ ငါ့ နောက်သို့ လိုက်ကြသော သင်တို့သည် တစ်ဆယ့်နှစ်ခုသော ပလ္လင်ပေါ်မှာ ထိုင်လျက် ဣသရေလလူ တစ်ဆယ့်နှစ်မျိုးကို စစ်ကြော စီရင်ရကြလတ္တံ့” ထိုအပြင် ဆက်လက်၍ မိန့်တော်မူသည်မှာ “အကြာင်သူသည် ငါ့ကြောင့် လည်းကောင်း၊ ဧဝံCOLB 505.3

    * * * * *

    “လူ၏ အမှုကိုသာ ဆောင်ရွက်ကဲ့သို့ မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော့။ …. အမွေတော်တည်းဟူသော အကျိုးကို ထို သခင်ဘုရား၏ လက်တော်မှ ခံရလိမ့်မည်ဟု သိမှတ်ကြလော့။” ကော၊ ၃:၂၃၊၂၄။ “ငါသည် အလျင်အမြန် လာမည်၊ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည် ဖြစ်၍ လူအသီးအသီးတို့အား မိမိတို့ အကျင့်အတိုင်း ဆပ်ပေးမည်။” ဗျာ၊ ၂၂:၁၂။ ဂေလိတရားကြောင့် လည်းကောင်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကို စွန့်၏။ ထိုသူသည် အဆတစ်ရာသော အကျိုးတည်းဟူသော ယခု ကာလ၌ ညှည်းဆဲခြင်း နှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကို လည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့” ဟု ကတိပြုတော်မူ၏။

    သို့သော် တပည့်တော် ပေတရုက “အဘယ်အကျိုးကို ရကြပါမည်နည်” ဟု လျှောက်ထားသည်တွင် သူငှါး၏ သဘောထားပါနေသောကြောင့် ပဲ့ပြင်သွန်သင်ပေးခြင်း မရှိပါက တပည့်တော်များသည် ခရစ်တော်၏ တမန်တော်များ ဖြစ်ထိုက်ကြလိမ့်မည် မဟုတ်ပါ။ သူတို့သည် ယေရှုရှင်၏ မေတ္တာတော် ဆွဲဆောင်မှုဖြင့် ကိုယ်တော်အား ရိုသေမြတ်နိုးပြီးသူများ ဖြစ်ကြသော်လည်း ဖါရိရှဲ ဝါဒ မပျောက် ကြသေးပါ။ သူတို့၏ အလုပ်နှင့် လျော်ညီသည့် အချိုးအစားအတိုင်း ဆုလာဘ်ရကြမည်ဟု မျှော်ကိုး၍ အမှုတော်ကို ဆောင်ရွက်နေကြသေးပါသည်။ ကိုယ်ကိုကိုယ် ချီးမြှင့်ပြီးလျှင် သူ့ထက် ငါသာသည်ဟု အထင်ကြီးနေကြသေးပါသည်။ သူတို့တွင် တစ်ဦးတစ်ယောက် ၌ ချွတ်ယွင်းမှု ရှိပါက အခြား သူများက ထိုသူထက် သာသည်ဟု သဘောထားကြပါသည်။COLB 506.1

    ထိုကြောင့် တပည့်တော်များသည် ဧဝံဂေလိ တရားတော်၏ အခြေခံ သဘောတရားကို မျက်ခြည်မပြတ်ကြစေရန် ခရစ်တော်သည် ဥပမာကို ဆောင်၍ တပည့်တော်များအား သြဝါဒ ပေးတော်မူ၏။ ဘုရားသခင်သည် မိမိ၏ အမှုတော်ဆောင်များနှင့် ဆက်ဆံပုံကို ယင်းဥပမာဖြင့် ဖေါ်ပြတော်မူ၏။ တပည့်တော်များကလည်း ယင်းအတိုင်း သဘောထား၍ ကိုယ်တော်အတွက် အမှုတော် ထမ်းဆောင်ကြရန် ယေရှုရှင် အလိုရှိတော်မူ၏။COLB 506.2

    “ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကို လုပ်ဆောင်သော သူတို့ကို ငှါးခြင်းငှါ နံနက် စောစော ထွက်သွားသော အိမ်ရှင်နှင့် တူ၏” ဟု ဥပမာကို အစချီတော်မူ၏။ ထိုခေတ်က အလုပ်ရှာဖွေသော သူတို့သည် စျေးသို့ သွား၍ စောင့်နေရကြပါသည်။ အလုပ်ရှင်များကလည်း ထိုနေရာ သို့ သွား၍ အလုပ်သမား ရှာဖွေကြသည့် ထုံးစံ ရှိပါသည်။ ဥပမာတွင် အိမ်ရှင်သည် အလုပ်သမားများကို တစ်ချိန်တည်း မဟုတ် အချိန်နာရီ ခွဲခြား၍ တစ်သုတ်စီ ငှါးရမ်းခဲ့သည်ဟု ဖေါ်ပြထားပါသည်။ အစောဆုံး အချိန်က ငှါးရမ်းခဲ့သော အလုပ်သမားများသည် သတ်မှတ်ထားသော လုပ်အားခကို သဘောတူ လက်ခံ၍ အလုပ်ခွင်သို့ ဝင်ရောက်ခဲ့ကြပါသည်။ နောက်ကျမှ ငှါးရမ်းခဲ့သော လုပ်သားများကမူကား အိမ်ရှင်က ချင့်ချိန်၍ ပေးမည့် လုပ်သားခကို သဘောတူခဲ့ကြပါသည်။COLB 506.3

    “ညအချိန် ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က လုပ်ဆောင်သော သူတို့ကို ခေါ်ခဲ့လော့။ နောက်ဝင်သော သူမှ စ၍ အရင်အဦး ဝင်သော သူတိုင်အောင် အခကို ပေးလော့ဟု မိမိ စာရေးကို မှာလိုက်လေ၏။ ထိုကြောင့် ဆယ့်တစ်နာရီ အချိန်၌ ဝင်သော သူတို့သည် လာ၍ ဒေနာရိ တစ်ပြားစီ ခံကြ၏။ အရင်ဝင်သော သူတို့သည် လာကြသောအခါ၊ ငါတို့သည် သာ၍ ရမည်ဟု စိတ်ထဲမှာ ထင်မှတ်သော်လည်း ဒေနာရီ တစ်ပြားစီ ခံရကြ၏။”COLB 507.1

    ဥပမာတွင် အိမ်ရှင်သည် မိမိ၏ စပျစ်ဥယျာဉ် လုပ်သားများနှင့် ဆက်ဆံသည့် ပုံစံမှာ ဘုရားသခင်သည် လူသား မိသားစုကြီးနှင့် ဆက်ဆံပုံကို ပုံဆောင်ထားခြင်း ဖြစ်ပါသည်။ ယင်း ဆက်ဆံပုံမှာ လူတို့တွင် ခေတ်စားနေသည့် ထုံးစံနှင့် ဆန့်ကျင်နေပါသည်။ လောကီ လုပ်ငန်းတွင် လုပ်ငန်း ပြီးစီးသည့်အပေါ် မူတည်၍ လုပ်အားခကို ပေးပါသည်။ လုပ်သားသည် သူ ရသင့်ရထိုက်သော လုပ်အားခကိုသာ မျှော်လင့်ပါသည်။ သို့သော် ခရစ်တော်သည် မိမိ နိုင်ငံတော်၏ အခြေခံ သဘောတရားများကို အဓိပ္ပါယ် ပေါ်လွင်စေရန် ယင်း ဥပမာအားဖြင့် သြဝါဒ ပေးတော်မူ၏။ ကိုယ်တော်၏ နိုင်ငံတော်သည် လောကီနိုင်ငံ မဟုတ်၊ ကိုယ်တော်သည် လူသားတို့၏ စံနှုန်းဖြင့် ထိန်းချုပ်ထားခြင်းကို ခံရသော သူ မဟုတ်။ “ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့် မတူ၊ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့် မတူ၊ မိုးကောင်းကင်သည် မြေကြီးထက် သာ၍ မြင့်သကဲ့သိုု့ ငါ၏ အကျင့်သည် သင်တို့၏ အကျင့်ထက် လည်းကောင်း၊ ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်ထက် လည်းကောင်း သာ၍ မြင့်၏။” ဟု ကိုယ်တော် ဖေါ်ပြတော်မူ၏။ ဟေရှာ၊ ၅၅:၈၊၉။COLB 507.2

    ဥပမာတွင် ပထမ ငှါးရမ်းထားသော လုပ်သားများသည် သတ်မှတ်သဘောတူထားသည့် နှုန်းအတိုင်း အပိုအလို မရှိသော လုပ်အားခကို လက်ခံရရှိကြပါသည်။ နောက်မှ ငှါးသော သူတို့သည် “တော်လျော်စွာ ရကြလိမ့်မည်” ဟု သခင်၏ ကတိပေးစကားကို ယုံကြည်ကြ၏။ လုပ်အားခနှုန်းနှင့် စပ်လျဉ်း၍ မမေးခဲ့သည်မှာ သခင်ကို စိတ်ချယုံကြည်ခြင်းကြောင့် ဖြစ်ပါသည်။ သူ၏ တရားမျှတမှု နှင့် ဖြောင့်မှန်ခြင်းကို သူတို့ ယုံကြည်ကိုးစားကြ၏။ သူတို့၏ လုပ်ငန်း ပြီးမြောက်မှုအပေါ် အခြေမပြုဘဲ သူ၏ စီမံချက်အတိုင်း ရက်ရောစွာ သူတို့အား ဆုလာဘ် ဝေငှပေးကမ်းခြင်းဖြစ်ပါသည်။COLB 508.1

    ထိုနည်းအတူ ဘုရားတရား မသိသော သူများကိုပင် တရားမျှတစွာ စီရင်တော်မူသည့် ဘုရားသခင်အား ကျွန်ုပ်တို့ ယုံကြည်ကိုးစားရန် ကိုယ်တော် အလိုရှိတော်မူ၏။ ကိုယ်တော်သည် မိမိ ဆုလာဘ်များကို ကျွန်ုပ်တို့၏ ကုသိုလ်ကောင်းမှုများ အပေါ် မူတည်၍ ပေးသနားတော်မူသည် မဟုတ်၊ ကြံစည်ထားတော်မူသည့် အတိုင်း “ငါတို့ သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရ အကြံအစည်တော် ရှိသည်နှင့် အညီ …. ငါတို့ကို ကယ်တင်တော်မူ၏။” တိတု၊ ၃:၅။ ၎င်းအပြင် ကိုယ်တော်ကို ယုံကြည်ကိုးစားသော သူတို့အား “တောင်းပန် ကြံစည်သမျှထက် အလွန် ထူးခြားစွာ” ပြုတော်မူလိမ့်မည်။ ဧ၊ ၃:၂၀။COLB 508.2

    လုပ်ငန်း ဆောင်ရွက်မှု အနည်းအများ အပေါ်တွင် မူတည်သည် မဟုတ်။ ၎င်း၏ မျက်မြင် အကျိုးသက်ရောက်မှုပေါ်တွင်လည်း မတည်။ သို့သော် ယင်း လုပ်ငန်းလုပ်ဆောင်ရာတွင် ထားရှိသည့် စိတ်စေတနာ အပေါ် မူတည်၍ ဘုရားသခင် တန်ဖိုးထားတော်မူ၏။ နောက်ဆုံးအချိန် ကုန်လုနီးမှ စပျစ်ဥယျာဉ်သို့ ရောက်လာသော သူများသည် လုပ်ငန်း ဆောင်ရွက်ခွင့်ရကြသည့်အတွက် ကျေးဇူးတရားကို သိနားလည်ကြပါသည်။ သူတို့ကို လက်ခံသူအား အထူး ကျေးဇူးတင်ကြ၏။ နေ့အချိန် ကုန်ဆုံးသောအခါတွင်လည်း လုပ်ငန်းရှင်က တစ်နေ့အတွက် လုပ်အားခကို အပြည့်အဝ ပေးသောကြောင့် များစွာ အံ့အားသင့်နေကြပါသည်။ ယင်း လုပ်အားခ အပြည့်အဝနှင့် မထိုက်တန်ကြောင်း သူတို့ သိကြ၏။ ၎င်းအပြင် သူတို့အပေါ် ကြင်နာမှု ရှိကြောင်း အလုပ်ရှင်၏ မျက်နှာတွင် ပေါ်လွင်လျက် ရှိသည်ကို သူတို့ တွေ့မြင်ရကြသောအခါ အလွန် အားရဝမ်းမြောက်ကြ၏။ လုပ်ငန်းရှင်၏ ကောင်းမြတ်ခြင်း နှင့် ရက်ရောမှုကို သူတို့ မည်သည့်အခါမျှ မမေ့ကြ။ ထိုနည်းအတူ နောက်ဆုံးသော အချိန်တွင် ဒုစရိုက် အပြစ်သားသည် မိမိနှင့် အထိုက်ထန်ပါဘဲလျက် သခင်ဘုရား၏ စပျစ်ဥယျာဉ်တော်သို့ ဝင်ခွင့်ရသည့်အတွက် ဝမ်းမြောက်အားရ လိမ့်မည်။ သူ အမှုဆောင်ရွက်ရသော ကာလ တိုတောင်းလှသည်ဟု ယူဆရသည့်အတွက် ဆုလာဘ် မရထိုက်ဟု ထင်မှတ်ခဲ့သော်လည်း ဘုရားသခင်သည် သူ့အား လက်ခံတော်မူသည့်အတွက်ကိုပင် အားရဝမ်းမြောက်ခြင်းနှင့် ပြည့်ဝ၏။ ခရစ်တော် နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခွင့်ရသည့်အတွက် ကျေးဇူးတင်သည် ဖြစ်၍ နှိမ့်ချယုံကြည်ကိုးစားသော သဘောထားဖြင့် အမှုတော်ကို ထမ်းဆောင်ပါသည်။ ယင်း သဘောထားကို ဘုရားသခင် ဂုဏ်ပြုတော်မူ၏။COLB 508.3

    ကျွန်ုပ်တို့သည် မည်ကဲ့သို့သော ဆုလာဘ်ကို ရကြပါမည်နည်းဟု သို့လောသို့လော တွေးတော်ခြင်း မရှိဘဲ ဘုရားသခင်၌ လုံးဝ ယုံကြည်ကိုးစားကြရန် ကိုယ်တော် အလိုရှိတော်မူ၏။ အသက်ဝိညာဉ်၌ ခရစ်တော် တည်နေတော်မူလျှင် ဆုလာဘ်သည် ပဓါနမဟုတ်၊ ဆုလာဘ်ကို လိုလား၍ ကျွန်ုပ်တို့ အမှုတော် ထမ်းဆောင်ခြင်းလည်း မဟုတ်ပါ။ သို့သော် လုပ်ဆောင်သည့်အတွက် ဆုလာဘ်ကို ပဓါနမထား သော်လည်း ရရှိသည့် အကျိုးကျေးဇူးကို လေးစားရမည်မှာ မှန်ပါသည်။ ကတိတော်အတိုင်း ဘုရားရှင် ပေးသနားတော်မူသည့် ကောင်းချီးမင်္ဂလာများ၏ အကျိုးကျေးဇူးကို ကျွန်ုပ်တို့ သိနားလည်ရန် ဘုရားသခင် အလိုရှိတော်မူ၏။ သို့သော် ကျွန်ုပ်တို့ ဆောင်ရွက်သည့် အမှုကိစ္စတိုင်းအတွက် ဆုလာဘ် သို့မဟုတ် လုပ်အားခရလိမ့်မည်ဟူသော စွဲလမ်းခြင်းဖြင့် အမှုတော်ကို ဆောင်ရွက်ရန် ဘုရားသခင် အလိုတော် မရှိပါ။ ကျွန်ုပ်တို့သည် အမြတ်အစွန်းကို ပဓါနမထား၊ ဆုလာဘ်ကိုလည်း မမျှော်ကိုးဘဲ အမှန်အတိုင်း ဆောင်ရွက်ရန် ဦးစားပေးရမည်။ ဘုရားသခင်ကို လည်းကောင်း၊ လူသား အချင်းချင်းကို လည်းကောင်း ချစ်မြတ်နိုးရန်မှာ ကျွန်ုပ်တို့၏ ရည်ရွယ်ချက် ဖြစ်သင့်ပါသည်။COLB 509.1

    ဥပမာအရ ပထမအကြိမ် ခေါ်တော်မူသံကို ကြားသိရသော်လည်း ဘုရားသခင်၏ စပျစ်ဥယျာဉ်တော်သို့ ဝင်ရောက်၍ အမှုတော်ကို မထမ်းဆောင်သော သူများအား အပြစ်မှ လွှတ်ငြိမ်းခွင့် ပေးမထားပါ။ အိမ်ရှင်သည် နောက်ဆုံး ဆယ့်တစ်နာရီ အချိန်တွင် စျေးသို့သွားသောအခါ အခြားသော သူတို့သည် အလုပ်မလုပ်ဘဲ ရပ်နေကြသည်ကို တွေ့၍ “သင်တို့သည် တစ်နေလုံး အလုပ်ကို မလုပ်ဘဲ ဤ အရပ်၌ အဘယ်ကြောင့်နေကြသနည်း” ဟု မေးရာ “ကျွန်တော်တို့ကို အဘယ်သူမျှ မငှါးပါ” ဟု ပြန်၍ ဖြေကြပါသည်။ ထိုနေ့ နောက်ပိုင်းမှ အခေါ်ခံရသူများသည် ထိုနေ့ နံနက်ပိုင်းက ထိုနေရာတွင် ရှိကြသူများ မဟုတ်ပါ။ သူတို့သည် ခေါ်သံကို ငြင်းပယ်သော သူများ မဟုတ်ကြပါ။ ခေါ်တော်မူသည်ကို ငြင်းပယ်၍ နောက်မှ နောင်တရသော သူတို့သည် ကောင်းစွာသော နောင်တရခြင်း ဖြစ်ပါသည်။ သို့သော် ကျေးဇူးတော်ဆိုင်ရာ ပထမအကြိမ် ခေါ်တော်မူခြင်းကို အရေးမပေး မထီလေးစားပြုလျှင် အန္တရာယ် မကင်းပါ။COLB 510.1

    * * * * *

    “စိုက်ပျိုးသော သူ မတတ်နိုင်၊ ရေလောင်းသော သူလည်း မတတ်နိုင်၊ ကြီးပွားစေတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။ သို့သော်လည်း စိုက်ပျိုးသော သူ နှင့် ရေလောင်းသော သူသည် တစ်လုံးတစ်ဝတည်း ဖြစ်၍ အသီးအသီး မိမိ လုပ်သည်အတိုင်း မိမိ အကျိုးကို ခံရလိမ့်မည်။ ငါတို့သည် ဘုရားသခင်ထံ၌ အလုပ်လုပ်သော သူချင်း ဖြစ်ကြ၏။ …. ယေရှုခရစ်တည်းဟူသော၊ ချလျက်ရှိသော တိုက်မြစ်မှ တစ်ပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင် …. အသီးအသီး လုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။ …. ထို တိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည် မြဲ၏။ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။” ၁ ကော၊ ၃:၇-၁၄။

    * * * * *

    စပျစ်ဥယျာဉ်တွင် လုပ်သား အားလုံးတို့သည် “ဒေနာရီ တစ်ပြားစီ” ရကြသောအခါ ထိုနေ့ စောစောပိုင်းက လုပ်ငန်းခွင်သို့ ဝင်ရောက်ကြသော သူများ မကျေမနပ် ဖြစ်ကြ၏။ သူတို့သည် တစ်ဆယ်နှစ်နာရီပတ်လုံး အလုပ်လုပ်ခဲ့ကြသည်ကို အကြောင်းပြ၍ နေအေးသည့် အချိန်ရောက်မှ တစ်နာရီမျှသာ အလုပ်လုပ်ရသူများထက် ပို၍ လုပ်သားခ ရထိုက်ကြောင်း အဆိုပြုကြပါသည်။ “နောက်ဝင်သော သူတို့သည် တစ်နာရီခန့်မျှသာ လုပ်ဆောင်သော်လည်း တစ်နေ့လုံး အမှုဝန်ကို ထမ်းရွက်၍ နေပူဆင်းရဲခံရသော အကျွန်ုပ်တို့နှင့် အညီအမျှ ကိုယ်တော် စီရင်ပါပြီတကား” ဟု သူတို့က တင်ပြကြပါသည်။COLB 511.1

    ထိုအခါ အိမ်ရှင်က တစ်ယောက်သော သူအား၊ “အဆွေ၊ သင်၌ မတရားသော အမှုကို ငါမပြု၊ ဒေနာရီ တစ်ပြားကို အမှတ်ပြု၍ သင်သည် ငါနှင့် ဝန်ခံသည် မဟုတ်လော၊ သင်၏ ဥစ္စာကို ယူ၍ သွားလော့၊ နောက်ဝင်သော သူတို့အား သင်နှင့် အညီအမျှ ပေးခြင်းငှါ ငါအလိုရှိ၏။ ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှ မပြုရာသလော။ ငါ့ သဘောကောင်းသောကြောင့် သင်သည် မျက်မုန်း ကျိုးရသလောဟု ဆိုလေ၏။”COLB 511.2

    ထိုနည်းတူ နောက်ကျသော သူတို့သည် အရင်ကျကြလိမ့်မည်၊ အရင်ကျသော သူတို့သည် နောက်ကျကြလိမ့်မည်။ ခေါ်တော်မူသော သူ အများ ရှိသော်လည်း ရွေးကောက်တော်မူသော သူ နည်းသည်ဟု မိန့်တော်မူ၏။”COLB 511.3

    ဥပမာအရ ပထမ လုပ်ဆောင်သော သူများသည် မိမိတို့၏ လုပ်ငန်းအရ သူတစ်ပါးထက် အခွင့်သာသော သူများ ဖြစ်သညဟု အဆိုပြုသော သူများကို ပုံဆောင်ထားပါသည်။ သူတို့သည် ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်းများ မရှိပါ။ ကိုယ်ကိုကိုယ် ချီးကျူးသည့် သဘောထားဖြင့် လုပ်ငန်းခွင်သို့ ဝင်ကြ၏။ သူတို့သည် တစ်သက်လုံး ဘုရားသခင်၏ အမှုတော်ဆောင်ဟု အမည်ခံသူများ ဖြစ်ကောင်း ဖြစ်ကြပေလိမ့်မည်။ အမှုတော် ဆောင်ရာတွင်လည်း စားဝတ်နေရေး အခက်အခဲများ၊ ဆင်းရဲဒုက္ခများ၊ စမ်းသပ်စစ်ဆေးခြင်းများနှင့် ပထမဦးစွာ ရင်ဆိုင်ရသူများ ဖြစ်ကောင်း ဖြစ်ကြပေလိမ့်မည်။ ထိုကြောင့် သူတို့သည် မြောက်များစွာသော ဆုလာဘ်နှင့် ထိုက်တန်သော သူများ ဖြစ်သည်ဟု ယူဆကြ၏။ သူတို့သည် ခရစ်တော်၏ အမှုတော်ဆောင်များ ဖြစ်ရသည့် အခွင့်အရေးထက် ဆုလာဘ်ကို ပို၍ နှစ်သက်မြတ်နိုးသော သူများ ဖြစ်ကြ၏။ ထိုသို့ သူတို့ အမှုတော် ဆောင်ရွက်ရသည့်အတွက် လည်းကောင်း၊ အနစ်နာခံရသည့်အတွက် လည်းကောင်း သူတစ်ပါးတို့ထက် ပို၍ ဂုဏ်ပြုခြင်းကို ခံထိုက်သည်ဟု သူတို့ မြင်ကြ၏။ ယင်းသို့ ထင်မြင်ယူဆချက် အတိုင်း အသိအမှတ် ပြုခြင်းကို မခံရကြပါက သူတို့ မကျေနပ်ကြ။ သူတို့သည် သူတို့၏ လုပ်ငန်းကို ချစ်ခြင်းမေတ္တာ နှင့် ယုံကြည်ကိုးစားသော သဘောထားဖြင့် ဆက်လက် ဆောင်ရွက်ကြပါက သူတို့သည် ပထမ အဆင့်တွင်ပင် ဆက်လက် တည်မြဲနေကြပေလိမ့်မည်။ သို့သော် သူတို့၏ ရန်လိုသော သဘော၊ ညည်းညူတတ်သော သဘောထားများသည် ခရစ်တော်၏ သဘောထားနှင့် ဆန့်ကျင်သည် ဖြစ်၍ ယုံကြည်လွှဲအပ်ထားခြင်းကို ခံထိုက်သော သူများ မဟုတ်ကြပါ။ သူတို့သည် ကိုယ်တိုင် တိုးတက် ကြီးပွားရေးကိုသာ လိုလား၍ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်း မရှိကြောင်း ညီအစ်ကို အချင်းချင်း မနာလို ဝန်တိုခြင်း နှင့် ငြူစူ စောင်းမြောင်းသော သဘောထား ရှိကြောင်း ထင်ရှားနေပါသည်။ သခင်ဘုရား၏ ကောင်းမြတ်တော်မူခြင်း နှင့် ရက်ရောတော်မူခြင်းများသည် သူတို့အတွက် ညည်းညူရန် အကြောင်းသာ ဖြစ်လာပါသည်။ ထိုကြောင့် သူတို့၏ အသက်ဝိညာဉ်သည် ဘုရားသခင်နှင့် ဆက်သွယ်မှု မရှိကြောင်း ထင်ရှားနေပါသည်။ လုပ်သားတော်ရှင်နှင့် တွဲဖက် ဆောင်ရွက်ရခြင်းအတွက် အားရဝမ်းမြောက်ဖွယ် ဖြစ်ကြောင်းကို သူတို့ မသိကြပါ။COLB 511.4

    ထိုသို့ သေးသိမ်ကျဉ်းမြောင်းသော သဘော၊ ကိုယ်ကျိုးဖက်သော သဘောများသည် ဘုရားသခင်၏ ရှေ့တော်တွင် အဆိုးရွားဆုံး ဖြစ်ပါသည်။ ယင်း သဘောထား ရှိသူသည် မည်သူနှင့်မျှ တွဲဖက်၍ အမှုတော်ကို မဆောင်ရွက်နိုင်ပါ။ ထိုသူတို့သည် ကိုယ်တော်၏ ဝိညာဉ်တော် နှိုးဆော် တိုက်တွန်းခြင်းကို မခံမယူနိုင်ကြပါ။ COLB 512.1

    ယုဒလူတို့သည် ဘုရားသခင်၏ စပျစ်ဥယျာဉ်တော်သို့ ပထမဦးစွာ အခေါ်ခံရသူများ ဖြစ်ပါသည်။ ထိုအကြောင်းကြောင့် သူတို့သည် ကိုယ်ကိုကိုယ် ဖြောင့်မတ်သည်ဟု သဘောထား၍ အထင်ကြီး ဂုဏ်ယူနေသော သူများ ဖြစ်ကြပါသည်။ သူတို့သည် နှစ်ပေါင်းများစွာ ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်ရကြသောကြောင့် သူတစ်ပါးတို့ထက် ပို၍ ဆုလာဘ်များ ရထိုက်သည်ဟု အထင် ရှိနေခဲ့ကြပါသည်။ ဘုရားသခင်နှင့် ဆိုင်သော ရေးရာကိစ္စများတွင် သူတို့ ရရှိသည့် အခွင့်အရေးများ နည်းတူ သူတစ်ပါး အမျိုးသားများကိုလည်း ညီမျှစွာ အခွင့်အရေး ပေးတော်မူကြောင်း သူတို့ ကြားသိရကြသောအခါ ပြင်းစွာ အမျက်ဒေါသ ထွက်ကြ၏။COLB 513.1

    ကိုယ်တော်၏ နောက်တော်သို့ လိုက်သော ပထမဦးစွာ ခေါ်တော်မူခြင်းကို ခံရသော တပည့်တော်များသည်လည်း အလားတူ မစ္ဆရိယစိတ်များ မမွေးမြူကြစေရန် ခရစ်တော် သတိပေး နှိုးဆော်တော်မူ၏။ ကိုယ်ကိုကိုယ် ဖြောင့်မတ်သည်ဟု သဘောထားခြင်းသည် အသင်းတော်၏ အားနည်းချက်၊ အသင်းတော်၏ အမင်္ဂလာ ဖြစ်လိမ့်မည်ဟု ကိုယ်တော် သိမြင်တော်မူခဲ့၏။ ကောင်းကင်နိုင်ငံတော်တွင် တစ်နေရာ ရရှိရေးအတွက် သူတို့ ကိုယ်တိုင် ကြိုးစား အားထုတ်နိုင်ကြ လိမ့်မည်ဟု လူတို့ ထင်မြင်ယူဆကြလိမ့်မည်။ သူတို့ ကိုယ်တိုင် တိုးတက်မှု တစ်ခုခု ပြုလုပ်မှသာလျှင် ထာဝရအရှင် ဘုရားသခင်သည် လာ၍ ကူညီထောက်ပံ့လိမ့်မည်ဟု တွေးဆထင်မှတ်ကြလိမ့်မည်။ ထိုသို့အားဖြင့် ကိုယ်ကိုကိုယ် မြောက်များစွာ အရေးပေး၍ ယေရှုရှင်ကို အနည်းငယ်မျှသာ အရေးပေးကြလိမ့်မည်။ အနည်းအကျဉ်း တိုးတက်အောင်မြင်မှု ပြုနိုင်သော သူများကလည်း ဘဝင်မြင့်၍ သူတကာထက် သာ၍ ကြီးမြတ်သည်ဟု ကိုယ်ကိုကိုယ် အထင်ကြီးနေလိမ့်မည်။ သူတို့အား ချီးမြှောက်ရန် များစွာ လိုလားနေကြလိမ့်မည်။ အကယ်၍ သူတို့သည် အရေးပါအရာရောက်ဆုံး ဖြစ်သည်ဟု အများက မယူဆကြပါက မနာလိုဝန်တိုကြလိမ့်မည်။ တပည့်တော်များသည် ယင်း အဖြစ်မျိုးနှင့် ကင်းလွတ်ကြစေရန် ခရစ်တော် ကြိုတင်ကာကွယ်တော်မူ၏။COLB 513.2

    မိမိ ကုသိုလ်ကောင်းမှုအတွက် ဝါကြွားခြင်း မှန်သမျှသည် မှားယွင်းမှု ဖြစ်၍ “ပညာ ရှိသော သူသည် မိမိ ပညာ၌ မဝါကြွားစေနှင့်၊ ခွန်အားကြီးသော သူသည် မိမိ ခွန်အား၌ မဝါကြွားစေနှင့်၊ ဥစ္စာရတတ်သော သူသည် မိမိ ဥစ္စာ၌ မဝါကြွားစေနှင့်။ ဝါကြွားသော သူ မည်သည်ကား၊ ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကို ပြုသော ထာဝရဘုရား ဖြစ်ကြောင်း တည်းဟူသော၊ ငါ့ သဘောကို သိနားလည်ခြင်း၌သာ ဝါကြွားစေ၊ ငါသည် ထိုအရာတို့၌ မွေ့လျော်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။” ယေ၊ ၉:၂၃၊၂၄။COLB 513.3

    အကျင့်အားဖြင့် အကျိုးကျေးဇူးကို ရသည် မဟုတ်၊ ကျေးဇူးတော်အားဖြင့်သာ ရနိုင်၏။ အကယ်၍ အကျင့်အားဖြင့် အကျိုးကျေးဇူးကို ရမည်ဆိုပါက မည်သူမဆို ဝါကြွားနိုင်လိမ့်မည်။ “ထိုသို့ ဖြစ်လျှင် ငါတို့ အဘ အာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ်အကျိုး ရသနည်း။ အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်း ရှိ၏။ ဘုရားသခင့် ရှေ့တော်၌ ထိုသို့ မဟုတ်၊ ကျမ်းစာ၌ အဘယ်သို့ လာသနည်း၊ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည် ဖြစ်၍ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်တော်မူ၏။ အကျင့် ရှိသော သူ မည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည် မဟုတ်၊ ခံထိုက်သောအားဖြင့် ခံရ၏။ အကျင့် မရှိသော သူ မည်သည်ကား၊ မတရားသော သူ၏ အပြစ်ကို ဖြေသော သူကို ယုံကြည်လျှင် သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက် ရှိ၏။” ရော၊ ၄:၁-၅။ ထိုကြောင့် လူတစ်ဦးသည် အခြားသူ တစ်ဦးအပေါ်တွင် ဝါကြွားစရာအကြောင်း မရှိ၊ ငြူစူ စောင်းမြောင်းစရာ အကြောင်းလည်း မရှိ။ အဘယ်သူမျှ အခြားသူ တစ်ဦးထက် အခွင့်အရေးသာသည် မဟုတ်၊ အဘယ်သူမျှ အကျိုးကျေးဇူးကို ရထိုက်ပါသည် ဟူ၍ တောင်းဆိုပိုင်ခွင့် မရှိ။COLB 514.1

    ကြီးမြတ်တော်မူသော ထာဝရအကျိုးကျေးဇူးတော်ကို ခံစားကြရာတွင် အရင်ကျသော သူတို့ နှင့် နောက်ကျသော သူတို့သည် အတူတကွ ခံစားရကြလိမ့်မည် ဖြစ်ရာ အရင်ကျသော သူတို့သည် နောက်ကျသော သူများကို ဝမ်းသာအားရ ကြိုဆိုသင့်ပါသည်။ သူတစ်ပါး အကျိုးကျေးဇူး ခံစားရသည်ကို ငြူစူစောင်းမြောင်းသော သူသည် သူကိုယ်တိုင် ကျေးဇူးတော် အားဖြင့်သာ ကယ်တင်ခြင်းခံရသည်ကို မေ့သော သူ ဖြစ်၏။ လုပ်ဆောင်သော သူများ၏ ဥပမာသည် မနာလိုဝန်တိုသော သူများ နှင့် မယုံသင်္ကာ ဖြစ်သော သူတို့ကို ဆုံးမထားခြင်း ဖြစ်ပါသည်။ မေတ္တာသည် သစ္စာတရား၌ ဝမ်းမြောက်ခြင်း ရှိသည် ဖြစ်၍ ငြူစူစောင်းမြောင်းသော သဘောဖြင့် ဂုဏ်ပြိုင်ခြင်း မပြု၊ မေတ္တာတရားနှင့် ပြည့်ဝသော သူသည် မိမိ၏ မစုံလင်သော အကျင့်စာရိတ္တကို ခရစ်တော်၏ ချစ်ဖွယ်သော ဂုဏ်အင်္ဂါတော်နှင့်သာ နှိုင်းယှဉ်လိမ့်မည်။COLB 514.2

    ဤ ဥပမာသည် အမှုတော်ဆောင်သော သူ အားလုံးတို့အား သတိပေး နှိုးဆောထားခြင်း ဖြစ်ပါသည်။ သူတို့၏ အမှုဆောင် သက်တမ်း မည်မျှ ကြာရှည်သည် ဖြစ်စေ၊ သူတို့၏ ဆောင်ရွက်မှု မည်မျှပင် များပြားသည် ဖြစ်စေ၊ ညီအစ်ကို အချင်းချင်း အပေါ် မေတ္တာ မရှိလျှင် လည်းကောင်း၊ ဘုရားသခင်၏ ရှေ့တော်တွင် နှိမ့်ချခြင်း မရှိပါက လည်းကောင်း အချည်းနှီး ဖြစ်ကြ၏၊ ကိုယ်ကိုကိုယ် ချီးမြှောက်ခြင်း၌ ဘာသာတရား မရှိ။ ကိုယ်ကို သိက္ခာတင်သော သူသည် ခရစ်တော်၏ အမှုတော်တွင် အရည်အချင်းနှင့် ပြည့်စုံရန် ရည်ရွယ်ထားသော်လည်း ၎င်း အရည်အချင်းကို ပေးစွမ်းနိုင်သည့် ကျေးဇူးတော်ကို မရနိုင်။ မာန်မာန ထောင်လွှား၍ ကိုယ်ကိုကိုယ် အထင်ကြီးသည့်အခါတိုင်း လုပ်ငန်း ပျက်ယွင်းသည်။COLB 515.1

    ဘုရားသခင်၏ ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်သော အလုပ်မှာ၊ လုပ်ငန်းဆောင်ရွက်ခြင်း အချိန်ကာလ ကြာမြင့်သည့် အပေါ်တွင် မူတည်သည် မဟုတ်ပါ၊ လိုလားစွာဖြင့် လည်းကောင်း၊ ကတိသစ္စာ တည်မြဲစွာဖြင့် လည်းကောင်း ဆောင်ရွက်သည့် အပေါ် မူတည်ပါသည်။ အမှုတော်COLB 515.2

    * * * * *

    “သင့် အမှု၏ အကျိုးကို ထာဝရဘုရား ပေးတော်မူပါစေသော၊ …. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် စုံလင်သော ဆုကို ချတော်မူပါစေသော။” ရု၊ ၂:၁၂။ “ဖြောင့်မတ်သော သူသည် အကျိုးကို ဧကန် အမှန် ခံရ၏။” ဆာ၊ ၅၈:၁၂။ “ဖြောင့်မတ်ခြင်း တရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကို ခံရလိမ့်မည်။” သု၊ ၁၁:၁၈။ ကို ဆောင်ရွက်ရာ၌ ကိုယ်ကိုကိုယ် လုံးလုံးလျားလျား ဆက်ကပ်ထားရန် လိုအပ်ပါသည်။ အငယ်ဆုံးသော တာဝန် တစ်ရပ်ကို ရိုးသားစွာဖြင့် ကိုယ်ကျိုးမဖက် ဆောင်ရွက်ခြင်းသည် အကြီးဆုံးသော လုပ်ငန်း တစ်ခုကို ဆောင်ရွက်ရာ၌ ကိုယ်ကျိုးဖက်သည့်အတွက် ပျက်ယွင်းသည်ထက် ပို၍ ဘုရားသခင် နှစ်သက်တော်မူ၏။ ခရစ်တော် ကဲ့သို့သော စိတ်သဘောထားကို ကျွန်ုပ်တို့ မည်မျှ နှစ်ခြိုက်သည်ကို လည်းကောင်း၊ ကျွန်ုပ်တို့ ဆောင်ရွက်သော လုပ်ငန်းသည် ခရစ်တော်၏ လုပ်ငန်းနှင့် မည်မျှ တူညီမှု ရှိသည်ကို လည်းကောင်း ကိုယ်တော်ရှင် ကြည့်ရှုနေတော်မူ၏။ ကျွန်ုပ်တို့သည် အမှုတော်ကို ဆောင်ရွက်ရာ၌ လုပ်ငန်း အနည်းအများထက် မေတ္တာဖြင့် သစ္စာရှိစွာ ဆောင်ရွက်ခြင်းကို ပို၍ နှစ်သက်တော်မူ၏။

    တစ်ကိုယ်ကောင်းစိတ်ကို အသေသတ်၊ အမြင့်ဆုံးသော အာဏာကို လိုလားသည့် သဘောကို နှင်ထုတ်၊ စိတ်နှလုံးအတွင်းမှာ ကျေးဇူးသိတတ်သော သဘောကို သိုလှောင်၍ ထား၊ အသက်တာကို မေတ္တာတရားနှင့် မွှေးကြိုင်ထုံသင်းစေပြီးမှ သာလျှင် ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်အတွင်း၌ ခရစ်တော် ကိန်းအောင်းတော်မူလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့သည် ဘုရားသခင် နှင့်အတူ လုပ်ဆောင်သော သူများ ဖြစ်သည်ဟူ၍ အသိအမှတ်ပြုတော်မူလိမ့်မည်။COLB 516.1

    သူတို့၏ လုပ်ငန်းတာဝန်သည် မည်မျှပင် ခက်ခဲစေကာမူ စစ်မှန်သော လုပ်သားများသသည် ပင်ပန်းသော အလုပ်ဟူ၍ သဘောထားလိမ့်မည် မဟုတ်ပါ။ သူတို့သည် ကိုယ်ကိုကိုယ် အသုံးချရန် နှင့် အသုံးပြုခံရန် အသင့် ရှိကြလိမ့်မည်။ သို့သော် ယင်း အလုပ်သည် သူတို့အတွက် ဝမ်းမြောက်စရာ ဖြစ်၍ ရွှင်လန်းစွာဖြင့် ပြီးဆုံးအောင် ဆောင်ရွက်ကြလိမ့်မည်။ ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ခရစ်တော် အားဖြင့် ထင်ရှားစွာ ပြတော်မူ၏။ “ငါ့ကို စေလွှတ်တော်မူသော သူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း” ဆိုသည့်မူကို လက်ကိုင်ထား၍ ခရစ်တော် ဝမ်းမြောက်တော်မူသကဲ့သို့ သူတို့ ဝမ်းမြောက်ကြ၏။ ယော၊ ၄:၃၄။ သူတို့သည် ဘုန်းကြီးတော်မူသော အရှင် နှင့်အတူ လုပ်ဆောင်သော သူများ ဖြစ်ကြသည်ဟု သဘောပေါက်လာသောအခါ ပင်ပန်းကြီးစွာ လုပ်ရသော လုပ်ငန်းတာဝန်ဟူ သမျှသည် သာယာသော လုပ်ငန်း ဖြစ်လာ၏၊ စိတ်ရောကိုယ်ပါ ဆောင်ရွက်၏၊ မည်သည့် အခက်အခဲမျိုးနှင့်ပင် ကြုံကြိုက်စေကာမူ ဆောင်ရွက်မည်ဟု စိတ်ထက်သန်လာ၏။ ကိုယ်ကျိုးမဖက်သော စိတ်သဘောထားနှင့် အမှုတော်ကို ဆောင်ရွက်ခြင်းသည် လည်းကောင်း၊ ခရစ်တော် နည်းတူ ဒုက္ခဆင်းရဲ ခံရခြင်းဖြင့် ဂုဏ်အသရေ တိုးတက်ခြင်းသည် လည်းကောင်း၊ ကိုယ်တော်ကဲ့သို့ ကြင်နာတတ်သော သဘောထားခြင်းဖြင့် လည်းကောင်း၊ ကိုယ်တော်၏ အမှုတော်တွင် အတူ ပါဝင် ဆောင်ရွက်ခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်၏ ဝမ်းမြောက်ခြင်း ဒီရေအရှိန်အဟုန်ကို တက်ကြွစေပြီးလျှင် ချီးမြှင့်ခြင်း ခံရပြီးသော ကိုယ်တော်၏ နာမတော်ကို ချီးမွမ်းခြင်း၊ ထောမနာပြုခြင်းများနှင့် ပြည့်ဝစေကြလိမ့်မည်။COLB 516.2

    အမှန်စင်စစ် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ရာတွင် ယင်း စိတ်သဘောမျိုး ရှိရမည်။ ယင်း သဘောထားမျိုး မရှိပါက အရင်ကျသည်ဟု ထင်ရသော်လည်း နောက်ကျသူများ ဖြစ်နေကြလိမ့်မည်။ ယင်း စိတ်သဘောထားမျိုး ရှိသူများမှာ မူကား နောက်ကျနေသည်ဟု ထင်ရသော်လည်း အရင်ကျကြလိမ့်မည်။COLB 517.1

    ကိုယ်ကိုကိုယ် ခရစ်တော်အား ဆက်ကပ်ထားသူ အများ ရှိသော်လည်း ကိုယ်တော်အတွက် ကြီးမြတ်သော အမှုတော် တစ်စုံတစ်ခုကို ဆောင်ရွက်ရန် သို့မဟုတ် ခရစ်တော်၏ အမှုတော်အတွက် တစ်စုံတစ်ရာ အနစ်နာခံရန် မတွေ့မသိသော သူများ ရှိပါသည်။ တရားတော်အတွက် မာတုရ သေခြင်းကို ခံရန် မိမိ ကိုယ်ကို လုံးလုံး အပ်နှံသူသာလျှင် ဘုရားသခင်၏ ရှေ့တော်၌ နှစ်သက်ဖွယ် ဖြစ်သည် မဟုတ်ကြောင်းကို လည်းကောင်း၊ နေ့ရက် အစဉ်အတိုင်း သေဘေး နှင့်တကွ အန္တရာယ်မျိုးစုံကို ရင်ဆိုင်နေရသော သာသနာပြုဆရာ သာလျှင် ကောင်းကင်မှတ်တမ်းတွင် အမြင့်ဆုံးသော နေရာကို ရရှိလိမ့်မည် မဟုတ်သည်ကို လည်းကောင်း သိထားကြပါလျှင် ထိုသူများ သက်သာရာရကြပေလိမ့်မည်။ ခရစ်ယာန် တစ်ဦးသည် မိမိ၏ အသက်တာတွင် ကိုယ်ကိုကိုယ် နေ့စဉ် ဆက်ကပ်ပူဇော်ခြင်း၊ ကြံရွယ် ချက် ရိုးသား၍ သန့်စင်စွာ တွေးတော ဆင်ခြင်ခြင်း၊ အမျက်ဒေါသထွက်စရာနှင့် ရင်ဆိုင်ရသောအခါ စိတ်နှလုံးကို နူးညံ့သိမ်မွေ့စွာ ထိန်းချုပ်နိုင်ခြင်း၊ အနည်းငယ်သော အမှု၌ သစ္စာ ရှိခြင်း၊ နေ့စဉ် အိမ်တွင်းမှု အသက်တာတွင် ခရစ်တော်၏ ဂုဏ်တော်ကို ပုံဆောင်ခြင်း စသည့် အရည်အချင်းများနှင့် ပြည့်စုံလျှင် ကမ္ဘာပေါ်တွင် ထင်ရှားကျော်စောသည့် သာသနာပြုဆရာထက် လည်းကောင်း၊ မာတုရ သေခြင်းခံသူထက် လည်းကောင်း ဘုရားသခင်၏ ရှေ့တော်တွင် နှစ်သက်ဖွယ် ဖြစ်လိမ့်မည်။COLB 517.2

    အကျင့်စာရိတ္တကို တိုင်းတာရာ၌ ဘုရားသခင်၏ စံနှုန်း နှင့် လူတို့၏ စံနှုန်းကွာခြားလှပါသည် တကား။ အိမ်တွင်း၌ ဖြစ်စေ၊ စိတ်နှလုံးအတွင်း၌ ဖြစ်စေ ခုခံနှိမ်နှင်းရသည့် မြောက်များစွာသော စုံစမ်းနှောင့်ယှက်ခြင်းများနှင့် စပ်လျဉ်း၍ ကမ္ဘာက မဆိုထားဘိ၊ မိတ်ဆွေရင်းချာများကပင် သိကြမည် မဟုတ်သော်လည်း ဘုရားရှင် သိတော်မူ၏။ အသက်ဝိညာဉ် အားနည်းပါးလျက် နှိမ့်ချခြင်း ရှိသည်ကို မြင်တော်မူ၏။ မကောင်းမှုကို စဉ်းစားမိသည့်အတွက် ရိုးသားစွာ နောင်တရသည်ကိုပင် သိတော်မူ၏။ ကိုယ်တော်၏ အမှုတော်အတွက် စိတ်နှလုံးကို လုံးလုံးလျားလျား အပ်နှံထားသည်ကိုလည်း သိတော်မူ၏။ မိမိ ကိုယ်တိုင် နှင့် နာရီပေါင်းများစွာ တိုက်ခိုက်ရသော ပြင်းထန်သည့် တိုက်ပွဲများတွင် အောင်မြင်ခြင်းများကိုလည်း မှတ်သားထားတော်မူ၏။ ဤ အရာ အားလုံးတို့ကို ကောင်းကင်တမန်များ နှင့်တကွ ဘုရားသခင် သိတော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့၍ နာမတော်ကို အောက်မေ့သော သူတို့အဖို့ ရှေ့တော်၌ မှတ်တမ်းတင်ထားတော်မူ၏။COLB 518.1

    အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်သည် ကျွန်ုပ်တို့၏ အတတ်ပညာ၌ လည်းကောင်း၊ ကျွန်ုပ်တို့၏ ရာထူးဌာနန္တရ၌ လည်းကောင်း၊ ကျွန်ုပ်တို့၏ လူအင်အား အရေအတွက် သို့မဟုတ် ယုံကြည်စွာ လွှဲအပ်ထားသည့် စွမ်းရည်သတ္တိများ၌ လည်းကောင်း၊ လူ၏ အလိုဆန္ဒများ၌ လည်းကောင်း တည်ရှိသည် မဟုတ်ပါ၊ ကျွန်ုပ်တို့သည် ကိုယ်တိုင်အားဖြင့် အရည်အချင်း မလုံလောက်သည်ကို သိ၍ ခရစ်တော်၌ ဆင်ခြင်သုံးသပ်လျှင် ကိုယ်တော် သည် စွမ်းအား ရှိသမျှ၏ စွမ်းအား ဖြစ်တော်မူ၍ လည်းကောင်း၊ စိတ်ကူးတကာတို့၏ စိတ်ကူး ဖြစ်တော်မူ၍ လည်းကောင်း လိုလားစွာ နားထောင်သော သူသည် အောင်မြင်မှု တစ်ခုပြီး တစ်ခု ဆက်လက် ရရှိလိမ့်မည်။ COLB 518.2

    ကျွန်ုပ်တို့သည် အမှုတော် ဆောင်ရွက်ရာ၌ မည်မျှပင် အချိန်တိုတောင်းစေကာမူ၊ မည်မျှပင် နိမ့်ကျသော အလုပ်တာဝန် ဖြစ်စေကာမူ ရိုးသားစွာဖြင့် လည်းကောင်း၊ ယုံကြည်စွာဖြင့် လည်းကောင်း ခရစ်တော်၏ နောက်တော်သို့ လိုက်လျှောက်ပါက ဆုချီးမြှင့်တော်မူသော အချိန်သို့ ရောက်သောအခါ စိတ်ပျက်ရလိမ့်မည် မဟုတ်။ အမြင့်မြတ်ဆုံးသော သူ နှင့် အတတ်ပညာ အများဆုံးသော သူတို့ လုပ်ဆောင်၍ မရနိုင်သည့် အရာကိုပင် ခွန်အား အနည်းဆုံး နှင့် စိတ်အနှိမ့်ချဆုံးသော သူများ ရရှိနိုင်ပါသည်။ ကိုယ်ကိုကိုယ် ချီးမြှင့်သူအတွက် ကောင်းကင် ရွှေတံခါးဖွင့်ထားသည် မဟုတ်ပါ။ မာန်မာန ထောင်လွှားသော သူအတွက် တံခါးမုခ်ကို ကြွထားသည် မဟုတ်ပါ။ သို့သော် ကလေးငယ် တစ်ဦးက တုန်တုန်ယင်ယင် တို့ထိသည်ကိုပင် ထာဝရတံခါးများကို ကျယ်ဝန်းစွာ ဖွင့်ပေးတော်မူ လိမ့်မည်။ မေတ္တာဖြင့် လည်းကောင်း၊ ယုံကြည်ခြင်းဖြင့် လည်းကောင်း ထာဝရအရှင် ဘုရားသခင်အတွက် အမှုတော်ကို ရိုးသားစွာ ဆောင်ရွက်သော သူများသည် ကျေးဇူးတော်အားဖြင့် မင်္ဂလာ ဆုကျေးဇူးများ ခံစားရကြပေလိမ့်မည်။COLB 519.1

    * * * * *