Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    Chapter 11—“အသစ် အဟောင်း”

    မ၊ ၁၃:၅၁၊၅၂။ ကို အခြေပြုပါသည်။

    လူပရိသတ်ကို သြဝါဒ ပေးနေစဉ်တွင်ပင် ခရစ်တော်သည် အနာဂတ် လုပ်ငန်းစဉ်အတွက် တပည့်တော်များအား ပညာ ပေးတော်မူ၏။ ကိုယ်တော်၏ သင်ခန်းစာတိုင်းတွင် တပည့်တော်များ အတွက် သြဝါဒများ ပါဝင်ပါသည်။ ပိုက်ကွန်ဥပမာကို ပေးတော်မူပြီးသည်နောက် ကိုယ်တော်က “ဤ အရာ အလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလော” ဟု မေးတော်မူရာ တပည့်တော်များက “နားလည်ပါပြီ သခင်” ဟု လျှောက်ကြပါသည်။ ထိုနောက် သူတို့ လက်ခံ ရရှိထားပြီး ဖြစ်သော သမ္မာတရားများနှင့် ပတ်သက်၍ သူတို့၏ တာဝန်ဝတ္တရားများကို အခြားသော ဥပမာဖြင့် သူတို့အား သြဝါဒပေးတော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာကို သင်ပြီးသော ကျမ်းဆရာ မည်သည်ကား၊ မိမိ ဘဏ္ဍာထဲက အထူးထူး အပြားပြားသော အသစ် အဟောင်းတို့ကို ထုတ်ဖေါ်သော အိမ်ရှင်နှင့် တူ၏။”COLB 135.1

    ဥစ္စာဘဏ္ဍာများကို ရရှိသော အိမ်ရှင်သည် ယင်း ဥစ္စာဘဏ္ဍာများကို သိုလှောင်ထားခြင်း မပြု။ အခြား သူများအား ဝေငှပေးကမ်းရန် ထုတ်ယူလာ၏။ ယင်းသို့ ဝေငှ အသုံးပြုခြင်းကြောင့် ဥစ္စာဘဏ္ဍာများ တိုးပွားများပြားလေ၏။ အိမ်ရှင်၌ မွန်မြတ်သော အရာ အဟောင်း အသစ်များ ရှိ၏။ ထိုနည်းတူ မိမိတို့အား ပေးအပ်ထားသည့် သမ္မာတရားများကိုလည်း ကမ္ဘာပေါ်ရှိ လူသတ္တဝါ အပေါင်းတို့အား ဝေငှရမည်ဟု ခရစ်တော်သည် တပည့်တော်တို့အား သြဝါဒပေးတော်မူ၏။ ယင်း သမ္မာတရား အသိပညာသည်လည်း ဝေငှသည်နှင့်အမျှ တိုးပွားခြင်း ရှိပါလိမ့်မည်။COLB 135.2

    ဧဝံဂလိ သတင်းစကားတော်ကို လက်ခံရရှိထားပြီးသော သူတိုင်းသည် ယင်း သတင်းစကားတော်ကို ဆက်လက် ကြေငြာရန် အလိုဆန္ဒ ပြင်းပြလိမ့်မည်။ ကောင်းကင်မှ ဖြစ်ပွားသော ခရစ်တော်၏ မေတ္တာတော်အားဖြင့် ပြောဟောတတ်သည့် စွမ်းရည်ကိုလည်း ရရှိကြလိမ့်မည်။ ခရစ်တော် နှင့် မိသဟာရဖွဲ့ ပြီးသော သူတို့သည် ဘုရားသခင် နှင့် စေလွှတ်တော်မူသော သခင်ယေရှုခရစ်၏ အကြောင်းများကို သိကျွမ်းလိုသည့် ဆန္ဒ အဘယ်မျှ ပြင်းပြကြသည်ကို လည်းကောင်း၊ သူတို့အနေဖြင့် ကျမ်းစာတော်မြတ်ကို စူးစမ်းရှာဖွေ လေ့လာရာတွင် အဘယ်မျှ အကျိုးကျေးဇူး သက်ရောက်သည်ကို လည်းကောင်း၊ သူတို့အနေဖြင့် အဘယ်မျှ ဆုတောင်းပတ္ထနာ ပြုခဲ့ကြသည်ကို လည်းကောင်း၊ သူတို့၏ အသက်ဝိညာဉ်အတွက် အဘယ်မျှ ပူဆွေးဒုက္ခ ရောက်ခဲ့ကြသည်ကို လည်းကောင်း သူတို့အား ခရစ်တော်က “သင်၏ အပြစ်ကို လွတ်စေပြီ” ဟု မိန့်တော်မူကြောင်းကို လည်းကောင်း မိမိတို့၏ ကိုယ်တွေ့ ဗဟုသုတများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ရှေ့ဆောင်လမ်းပြခြင်းကို တစ်လှမ်းခြင်း လိုက်လျှောက်၍ သူတစ်ပါးတို့အား ပြောကြား ဝေငှကြလိမ့်မည်။ ယင်းကဲ့သို့သော အကြောင်းအရာများကို လျှို့ဝှက်ထားမည် ဆိုပါက သဘာဝကျလိမ့်မည် မဟုတ်ပါ။ ၎င်းအပြင် ခရစ်တော်၏ မေတ္တာတော်နှင့် ပြည့်ဝသူများသည်လည်း ထိုသို့ ပြုကြလိမ့်မည် မဟုတ်ပါ။ မြတ်တော်မူသော သမ္မာတရားတော်ကို သူတို့အား ဘုရားသခင်က ပစ္စည်းထိန်းအဖြစ် လွှဲအပ်ထားသည့် ပမာဏအတိုင်း သူတစ်ပါးတို့သည်လည်း အလားတူ ကောင်းချီးမင်္ဂလာ ခံစားကြစေရန် သူတို့ အလိုဆန္ဒ ရှိကြလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ဆိုင်ရာ ဘဏ္ဍာရတနာ၏ ကြွယ်ဝမှုအကြောင်းကို သူတစ်ပါးတို့အား ကြားသိစေသည်နှင့်အမျှ ခရစ်တော်၏ ကျေးဇူးတော်များကို သူတို့အနေဖြင့် ပို၍ ပို၍များပြားစွာ လက်ခံရရှိကြလိမ့်မည်။ သူတို့သည် သူငယ်ကဲ့သို့ ရိုးသားသော စိတ်နှလုံး ရှိ၍ လုံးလုံးလျားလျား နားထောင်သည့် စိတ်သဘော ရှိကြလိမ့်မည်။ သူတို့၏ စိတ်နှလုံးများသည် သန့်ရှင်းခြင်းကို လိုလားတောင့်တကြလိမ့်မည်။ သမ္မာတရား ဘဏ္ဍာများ နှင့် ကျေးဇူးတော်များကိုလည်း ကမ္ဘာပေါ်ရှိ လူသတ္တဝါအပေါင်းတို့အား ဝေငှရန် ပို၍ ပို၍ ထင်ရှားစွာ တွေ့သိခံစားရကြလိမ့်မည်။COLB 135.3

    ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်သည် သမ္မာတရား သိုလှောင်ရုံကြီး ဖြစ်ပါသည်။ ယင်း သိုလှောင်ရုံကြီးတွင် အက္ခရာ တင်ထားသော နှုတ်ကပါတ်တော်၊ သဘာဝ လောကတည်းဟူသော သင်ခန်းစာ စာအုပ် နှင့် ဘုရားသခင် နှင့် လူသားတို့ ဆက်ဆံသည့် ကိုယ်တွေ့ဗဟုသုတ စာအုပ်များ ပါဝင်ပါသည်။ ခရစ်တော်၏ အမှုတော်ဆောင်များသည် ယင်း သိုလှောင်ရုံမှ ဥစ္စာဘဏ္ဍာများကို ထုတ်ယူကြရန် ဖြစ်ပါသည်။ သမ္မာတရားတော်ကို ရှာဖွေစူးစမ်းရာတွင် လူ၏ အသိအမြင်ကို အားထားရန် မဟုတ်၊ ဘုရားသခင်ကိုသာ ကိုးစားရမည်။ လူ၏ အတတ်ပညာသည် ဘုရားသခင်၏ ရှေ့တော်၌ မိုက်မဲခြင်းသာ ဖြစ်၏။ ဘုရားသခင်ကို သိကျွမ်းသည် ပညာဉာဏ်ကို ရှာဖွေသော သူတိုင်းအား ကိုယ်တော်သည် မိမိ ကိုယ်တိုင် သတ်မှတ်ထားသော လမ်းစဉ်များအတိုင်း ပညာဉာဏ်ကို ပေးသနားတော်မူပါလိမ့်မည်။COLB 136.1

    အကယ်၍ ခရစ်တော်၏ နောက်လိုက် တပည့်တော်များသည် ကိုယ်တော်၏ နှုတ်ကပါတ် တရားတော်ကို ယုံကြည်၍ ကိုယ်တွေ့ ကျင့်သုံးမည်ဆိုပါက သဘာဝ လောကတွင် သူတို့ နားမလည် သဘောမပေါက်နိုင်သော သိပ္ပံပညာဟူ၍ မရှိနိုင်။ သူတစ်ပါးအား သမ္မာတရားတော် ဝေငှရန် သဘာဝမှ မရနိုင်သော နည်းလမ်းဟူ၍ မရှိနိုင်။ ခရစ်တော်၏ ကျောင်းတော်သားတိုင်းသည် သဘာဝ သိပ္ပံ သဏ္ဍာတိုက်ကြီးထဲမှ သိပ္ပံပညာပေါင်းစုံကို ထုတ်ယူနိုင်ပါသည်။ ကျွန်ုပ်တို့သည် သဘာဝ၏ အလှအပများကို အာရုံပြုရာ၌ လည်းကောင်း၊ မြေဆီလွှာကို ထွန်ယက် စိုက်ပျိုးရာမှ ရရှိသည့် သင်ခန်းစာများအရ လည်းကောင်း၊ သစ်ပင်ပန်းပင်များ ကြီးထွားရှင်သန်ရာမှ လည်းကောင်း၊ မြေကြီး၊ ပင်လယ် နှင့် ကောင်းကင်၌ ရှိသော အံ့ချီးဖွယ်ရာများမှ လည်းကောင်း သမ္မာတရားတော်နှင့် စပ်လျဉ်း၍ နားလည်သဘောပေါက်စရာ အသစ်အဆန်းများ အမြဲတစေ ရရှိ၍ နေပေလိမ့်မည်။ ၎င်းအပြင် ဘုရားသခင်သည် လူသားနှင့် ဆက်ဆံသည့် နက်နဲသော အကြောင်းအရာများကို လည်းကောင်း၊ လူသား သက်ရှင်နေထိုင်ခြင်းနှင့် စပ်လျဉ်း၍ ကိုယ်တော်၏ နက်နဲသော ပညာဉာဏ်တော် နှင့် စီရင် ဆုံးဖြတ်တော်မူပုံများကို လည်းကောင်း ယင်း သဘာဝ သိုလှောင်ရုံကြီးတွင် ဘဏ္ဍာ ရတနာများအဖြစ် ပြည့်စုံကြွယ်ဝလျက် ရှိသည်ကို တွေ့မြင်ရလိမ့်မည်။COLB 137.1

    သို့သော် ကျဆုံးသော လူသားအတွက် ဘုရားသခင်အား သိကျွမ်းနိုင်သော ပညာကို အက္ခရာ တင်ထားသော နှုတ်ကပါတ် တရားတော်၌ အထင် ရှားဆုံး ဖေါ် ပြထားပါသည်။ ယင်း ဘဏ္ဍာတိုက်ကြီးတွင် စူးစမ်းရှာဖွေ၍ မကုန်မခမ်းနိုင်သော ခရစ်တော်၏ ဘဏ္ဍာ ရတနာများ ကြွယ်ဝစွာ ရှိပါသည်။COLB 137.2

    ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်တွင် ဓမ္မဟောင်းကျမ်း နှင့် ဓမ္မသစ်ကျမ်းတို့ ပါဝင်ပါသည်။ တစ်ကျမ်း မပါလျှင် အခြား တစ်ကျမ်းသည် ပြည့်စုံကုံလုံခြင်း မရှိနိုင်။ ဓမ္မဟောင်းကျမ်းတွင် ပါဝင်သော သမ္မာတရားတော်များသည် ဓမ္မသစ်ကျမ်း၏ သမ္မာတရားများကဲ့သို့ပင် အဖိုးထိုက်တန်ကြောင်း ခရစ်တော် ကြေငြာထားတော်မူ၏။ ခရစ်တော်သည် ယနေ့ လူသားတို့၏ ရွေးနုတ်ရှင် ဖြစ်တော်မူသကဲ့သို့ ကမ္ဘာဦးလူတို့၏ ရွေးနုတ်ရှင်လည်း ဖြစ်တော်မူခဲ့၏။ ကိုယ်တော်သည် ဘုရားဇာတိမှ လူဇာတိကို ယူတင်ဝတ်ဆောင်၍ ဤ လောကသို့ ကြွလာတော်မမူမီ ဧဝံဂလိ သတင်းစကားတော်ကို အာဒံ၊ ရှေသ၊ ဧနောက်၊ မသုရှလ နှင့် နောဧတို့က ဝေငှခဲ့ကြပါသည်။ အာဗြဟံသည် ခါနာန်ပြည်သို့ လည်းကောင်း၊ လောတသည် သောဒုံမြို့သို့ လည်းကောင်း သတင်းစကားတော်ကို ယူဆောင်သွားကြပါသည်။ ယင်းနည်းအားဖြင့် လူမျိုး တစ်ဆက်ပြီး တစ်ဆက် သစ္စာတည်သော သတင်းစကား သယ်ဆောင်သူများသည် ကြွလာတော်မူလတ္တံ့သော ကိုယ်တော်ရှင်၏ အကြောင်းကို ကြွေးကြော်ခဲ့ကြပါသည်။ ယုဒလူတို့၏ စားဝတ်နေရေးတည်းဟူသော စီးပွားရေးဆိုင်ရာ ဘုရားဝတ်ပြုကိုးကွယ်နည်းများကို ခရစ်တော် ကိုယ်တိုင် ပြဌာန်းစီရင်တော်မူခဲ့ပါသည်။ ခရစ်တော်သည် ယုဒလူတို့ ဝတ်ပြုကိုးကွယ်ရာ၌ ပုံဆောင်ပြုလုပ်ခဲ့ကြသော ယဇ်ပူဇော်ခြင်း စနစ်၏ အခြေအမြစ် ဖြစ်၍ သူတို့၏ ဘာသာရေးဆိုင်ရာ ဝတ်ပြုကိုးကွယ်ခြင်း ရှိသမျှသည် ကိုယ်တော်ကို ရည်မှန်း၍ ဥပမာပုံဆောင်ထားခြင်းများ ဖြစ်ပါသည်။ ယဇ်ပူဇော်ခြင်းများ၌ သွန်းသော အသွေးရှိသမျှသည် ပူဇော်တော်မူခြင်းကို ခံယူမည့် ဘုရားသခင်၏ သိုးသငယ်တော်ကို ဖေါ်ညွှန်းထားပါသည်။ ဥပမာပုံဆောင်၍ ယဇ်ပူဇော်ခဲ့ခြင်း ရှိသမျှသည် ကိုယ်တော်ရှင်၌ ပြည့်စုံခြင်းသို့ ရောက်၏။COLB 138.1

    ခရစ်တော်ကို ရှေးခေတ် လူမျိုးစုတို့၏ ဖခင်များအား ထင်ရှားစွာ ဖေါ်ပြခဲ့ခြင်းသည် လည်းကောင်း၊ ယဇ်ပူဇော်ခြင်းဆိုင်ရာ ဝတ်ပြု ကိုးကွယ်ခြင်း၌ ပုံဆောင်ထားခြင်းများသည် လည်းကောင်း၊ ပညတ်တရားတော်၌ ရုပ်လုံးဖေါ်ထားခြင်းသည် လည်းကောင်း၊ ပုရောဖက်များက ဖေါ်ညွှန်းခဲ့ခြင်းများသည် လည်းကောင်း ဓမ္မဟောင်းကျမ်း၏ ကြွယ်ဝမှုများ ဖြစ်ပါသည်။ ခရစ်တော် အသက်ရှင်တော်မူခြင်း၊ အသေခံတော်မူခြင်း နှင့် ထမြောက်တော်မူခြင်းများသည် လည်းကောင်း၊ ခရစ်တော်အား သန့်ရှင်းသော ဝိညာဉ်တော်က ထင်ရှားစွာ ညွှန်ပြခြင်းများသည် လည်းကောင်း ဓမ္မသစ်ကျမ်း၏ ရတနာ ဖြစ်ပါသည်။ ခမည်းတော်၏ မြတ်တော်မူသော ဘုန်းတန်ခိုး ဖြစ်တော်မူသော ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် ဓမ္မဟောင်း နှင့် ဓမ္မသစ် ဖြစ်တော်မူ၏။ ပုရောဖက်များ၏အနာဂတ် စကားများအတိုင်း ခရစ်တော် အသက်ရှင်တော်မူခြင်း အကြောင်း၊ အသေခံတော်မူခြင်း အကြောင်း၊ ကြားဖျန်ဖြေသူအဖြစ် ဆောင်ရွက်တော်မူခြင်း အကြောင်းများကို လည်းကောင်း၊ခရစ်တော်၏ နှိမ့်ချတော်မူခြင်း အကြောင်း၊ ကိုယ်တော်၏ သန့်ရှင်းတော်မူခြင်း နှင့် အပြစ်နှင့် ကင်းလွတ်တော်မူခြင်း အကြောင်း၊ ကိုယ်တော်၏ အတု မရှိသော မေတ္တာတော် အကြောင်းများကို လည်းကောင်း တမန်တော်တို့သည် လောကီနိုင်ငံ အရပ်ရပ်သို့ ထွက်ခွာ၍ သက်သေခံရကြမည် ဖြစ်ပါသည်။ ဧဝံဂလိ တရားတော်ကို ပြည့်စုံကုံလုံစွာ ဟောပြောနိုင်ရန် ကယ်တင်ရှင်၏ အသက်တာတွင် ထင်ရှားခဲ့သည့် အကြောင်းများ နှင့် သွန်သင်တော်မူချက်များကို သာမက ဓမ္မဟောင်းခေတ်က ကိုယ်တော်ကို ဖေါ်ညွှန်းခဲ့သည့်ပုရောဖက် အနာဂတ် စကားများ နှင့် ယဇ်ပူဇော်ခြင်းဆိုင်ရာ ပုံဆောင်ခြင်းများကိုပါ တင်ဆက်ရကြမည် ဖြစ်ပါသည်။COLB 138.2

    ခရစ်တော်သည် မိမိ ကိုယ်တော်တိုင် အစပြုတော်မူခဲ့သော သမ္မာတရားဟောင်းများ နှင့် လူမျိုးစုတို့၏ ဖခင်များ နှင့် ပုရောဖက်များမှ တစ်ဆင့် မိန့်တော်မူခဲ့သော သမ္မာတရားများအတိုင်းပင် သြဝါဒပေးတော်မူခဲ့၏။ သို့သော် ယခု အချိန်တွင် ကိုယ်တော်သည် ယင်း သမ္မာတရားတော်များနှင့် ပတ်သက်၍ အသစ်သော အလင်းကို ပေးတော်မူသောကြောင့် ထူးခြားစွာ အနက်အဓိပ္ပါယ် ထင်ရှားလာပါသည်။ ကိုယ်တော်သည် ယင်းသို့ ရှင်းပြ တော်မူသည့်အတွက်အဓိပ္ပါယ် ပေါ်လွင်သဖြင့် ဝိညာဉ်ရေး တိုးတက်ဖွံ့ဖြိုးလာပါသည်။ ၎င်းအပြင် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်သည် သူတို့အတွက် အမြဲတစေ အဓိပ္ပါယ် ရှင်းလင်းနေစေရန် သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အား ရှင်းပြလိမ့်မည်ဟု တပည့်တော်များအား ကိုယ်တော် ကတိပေးတော်မူ၏။ သူတို့သည်လည်း သမ္မာတရားကို သစ်လွင်သော တင့်တယ်ခြင်းဖြင့် ဟောပြောနိုင်ကြပေလိမ့်မည်။COLB 139.1

    ရွေးနုတ်တော်မူမည့် အကြောင်း ပထမဦးဆုံး အကြိမ် ဧဒင်ဥယျာဉ်၌ ကတိပြုတော်မူခဲ့စဉ်ကစ၍ ခရစ်တော်၏ အသက်တော်၊ ဂုဏ်အင်္ဂါတော် နှင့် ဖျန်ဖြေရေး အမှုတော်များမှာ လူသားတတို့အတွက် လေ့လာသင်ကြားစရာ အကြောင်း ဖြစ်လာပါသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော် ပြုပြင်ခြင်းကို ခံယူရသော သူတိုင်းသည် ဤအကြောင်းအရာများကို အသစ်သော အလင်းတရားဖြင့် တင်ဆက်နိုင်ကြ ပါသည်။ ရွေးနုတ်ခြင်းဆိုင်ရာ သမ္မာတရားများသည် အမြဲတစေ တိုးတက် ပြန့်ပွားလျက် ရှိနေပါသည်။ ၎င်းတို့မှာ အိုဟောင်း၍ သွားသော်လည်း အစဉ်အမြဲ သစ်လွင်နေသည် ဖြစ်၍ သမ္မာတရားကို ရှာဖွေသော သူအား ပိုမို ကြီးမြတ်တော်မူသော ဘုန်းတော် နှင့် တန်ခိုးအာဏာတော်ကို စဉ်ဆက်မပြတ် ဖေါ်ပြတော်မူလိမ့်မည်။COLB 140.1

    ခေတ်ကာလတိုင်းတွင် ယင်း ခေတ်နှင့် ဆိုင်သော လူသားအတွက် ဘုရားသခင်၏ သတင်းစကားနှင့် ဆိုင်သော သမ္မာတရား အသစ် ထွန်းကားပါသည်။ သမ္မာတရားဟောင်းများသည် မရှိမဖြစ် အရေးကြီးပါသည်။ သမ္မာတရားသစ်များသည်လည်း သမ္မာတရားဟောင်းများအပေါ်တွင် အမှတံကဲပြုနေသည် သာမက သမ္မာတရားဟောင်းများ၏ အဓိပ္ပါယ်ကို ဖေါ်ပြခြင်း ဖြစ်ပါသည်။ သမ္မာတရားဟောင်းများကို နားလည်သည့်အပေါ်မူတည်၍ သမ္မာတရားသစ်ကို သဘောပေါက်ပါသည်။ ခရစ်တော်သည် မိမိ ထမြောက်တော်မူခြင်းဆိုင်ရာ သမ္မာတရားတော်ကို တပည့်တော်များအား ဖွင့်ပြတော်မူလိုသောအခါ “မောရှေ၏ ကျမ်းစာမှ စ၍ ပုရောဖက်တို့၏ ကျမ်းစာများ၌” ဟူ၍ အစချီပြီးလျှင် “ကိုယ်တော်ကို ရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက် အနက်ကို ရှင်းလင်းစွာ ဖေါ်ပြတော်မူ ၏။ လုကာ၊ ၂၄:၂၇။ ယင်းသို့ သမ္မာတရားကို အသစ်တစ်ဖန် အနက်ဖွင့်ဆိုတော်မူသည့် အလင်းရောင်သည် သမ္မာတရားဟောင်း၏ဘုန်းတော်ကို ထင်ရှားစေ၏။ အသစ်ကို ငြင်းပယ်သောသူ၊ သို့မဟုတ် ပမာဏ မထားသော သူသည် အဟောင်းကိုလည်း အမှန်တကယ် ပိုင်ပိုင်နိုင်နိုင် ရှိမည် မဟုတ်ပါ။ သူသည် အသက်ရှင်စေတတ်သော တန်ခိုး ရှိသည့် သမ္မာတရားတော်ကို လက်လွတ်သော သူ ဖြစ်သောကြောင့် ထိုသူတွင် အသက် မရှိ ပြင်ပ ရုပ်လက္ခဏာသာ ရှိ၏။COLB 140.2

    ဓမ္မဟောင်းကျမ်းကိုသာ ယုံကြည်ပါသည်ဟု အဆိုပြု၍ ဓမ္မသစ်ကျမ်းကို ပယ်လျက် သမ္မာတရားဟောင်းများကိုသာ ဟောပြောသော သူများ ရှိပါသည်။ သို့သော် ခရစ်တော သြဝါဒများကို ငြင်းပယ်သဖြင့် လူမျိုးစုတို့ ဖခင်များ နှင့် ပုရောဖက်တို့၏ ဟောကြားချက်များကိုလည်း မယုံကြည်ကြောင်း ထင်ရှားနေပါသည်။ ထိုကြောင့် ခရစ်တော်က “သင်တို့သည် မောရှေ၏ စကားကို ယုံလျှင် ငါ့ စကားကို မယုံဘဲ မနေနိုင်ကြ၊ အကြောင်းမူကား မောရှေသည် ငါ့ အကြောင်းကို ဟောထား၏။” ဟု မိန့်တော်မူ၏။ ယော၊ ၅:၄၆။ သို့ဖြစ်၍ သူတို့သည် ဓမ္မဟောင်းကျမ်းကို သင်ကြားကြရာ၌ပင် အမှန်တကယ် တန်ခိုး မရှိပါ။COLB 141.1

    ဧဝံဂလိ တရားတော်ကို ယုံကြည်ပါသည်ဟု အဆိုပြု၍ ယင်း တရားတော်ကိုသာ ဟောပြောနေသော သူအများသည်လည်း ယင်း အမှားမျိုးကိုပင် မှားနေကြပါသည်။ “ထို ကျမ်းစာပင် ငါ၏ သက်သေ ဖြစ်၏” ဟု ခရစ်တော် ညွှန်ပြတော်မူသည့် ဓမ္မဟောင်းကျမ်းကို သူတို့ ပယ်ထားကြပါသည်။ ယော၊ ၅:၃၉။ ကျမ်း နှစ်စောင်လုံးသည် ခွဲခြား၍ မဖြစ်နိုင်သည့် တပေါင်းတစည်းတည်းသော ကျမ်းစာ ဖြစ်၍ ဓမ္မဟောင်းကို ငြင်းပယ်လျှင် ဓမ္မသစ်ကိုပါ ငြင်းပယ်ရာ ရောက်ပါသည်။ ဧဝံဂလိ တရားတော် မပါဘဲ ဘုရားသခင်၏ ပညတ်တော်ကို မှန်ကန်အောင် အဘယ်သူမျှ မတင်ပြနိုင်သကဲ့သို့ ဧဝံဂလိ တရားတော်ကိုလည်း ပညတ်တော် မပါဘဲ မှန်ကန် စုံလင်အောင် တင်ပြနိုင်မည် မဟုတ်ပါ။ ပညတ်တော်သည် ဧဝံဂလိ တရားတော်၏ ပုံသဏ္ဌာန် ဖြစ်၍ ဧဝံဂလိ တရားတော်သည် ပညတ်တော်ကို အနက် ဖွင့်ထားခြင်း ဖြစ်ပါသည်။ ပညတ်တော်သည် အခြေအမြစ် ဖြစ်၏။COLB 141.2

    ဧဝံဂလိ တရားတော်သည် ၎င်း၏ မွှေးကြိုင်သော အပွင့် နှင့် အသီးများ ဖြစ်ပါသည်။COLB 142.1

    ဓမ္မဟောင်းကျမ်းသည် ဓမ္မသစ်ကျမ်းကို အလင်းရောင် ပေးသကဲ့သို့ ဓမ္မသစ်ကျမ်းသည်လည်း ဓမ္မဟောင်းကျမ်းကို အလင်းရောင် ပေးပါသည်။ ကျမ်းတစ်စောင်စီတို့သည် ခရစ်တော်အားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေပါသည်။ ကျမ်း နှစ်စောင်လုံးကို စိတ်အားထက်သန်စွာ စူးစမ်းရှာဖွေသော သူသည် နက်ရှိုင်းသော အဓိပ္ပါယ်သစ်များကို အစဉ်မပြတ် တွေ့သိနေလိမ့်မည်။COLB 142.2

    ခရစ်တော်၌ ရှိသော သမ္မာတရား နှင့် ခရစ်တော်အားဖြင့် ရရှိသော သမ္မာတရားသည် အတိုင်းအတာ မရှိပါ။ ကျမ်းစာကို လေ့လာသူသည် နက်ရှိုင်းသော စမ်းရေတွင်းကြီး တစ်ခုတွင်းသို့ ကြည့်ငေးလေ နက်ရှိုင်း ကျယ်ဝန်းလေ ဖြစ်နေသကဲ့သို့ တွေ့မြင်ရလိမ့်မည်။ ကျွန်ုပ်တို့၏ အပြစ်များ ပြေစေရန် သားတော်ကို စွန့်တော်မူသော ဘုရားသခင်၏ မေတ္တာတော် နက်နက်ပုံကို ကျွန်ုပ်တို့၏ ယခု ဘဝ အသက်တာတွင် ကုန်စင်အောင် နားလည်နိုင်စွမ်း ရှိမည် မဟုတ်ပါ။ ဤ ကမ္ဘာမြေကြီးပေါ်တွင် ကျွန်ုပ်တို့၏ ရွေးနုတ်ရှင် ဆောင်ရွက်တော်မူခဲ့သည့် အမှုတော်အကြောင်းကို ယခု ပစ္စုပ္ပန် ကာလတွင် သာမက ထာဝရ ကာလပတ်လုံး ကျွန်ုပ်တို့၏ အမြင့်ဆုံးသော စိတ်ကူးဉာဏ်ဖြင့် စဉ်းစား၍ မကုန်နိုင်သော အကြောင်း တစ်ခု ဖြစ်ပါသည်။ လူသည် စိတ်ကူး ဉာဏ်စွမ်းအား ရှိသမျှနှင့် ကြိုးစားအားထုတ်၍ ဤနက်နာရာကို မှန်းဆ တိုင်းတာသော်လည်း သူ၏ ဉာဏ်မျက်စိသာလျှင် မှေးမှိန်၍ နွမ်းရိခြင်းသို့ ရောက်လိမ့်မည်။ လုံ့လဝီရိယ အကြီးဆုံးဖြင့် ရှာဖွေစူးစမ်းသူ၏ ရှေ့တွင် အကန့်အသတ် မရှိ၊ ကမ်းခြေမဲ့သော ပင်လယ်ပြင်ကိုသာ တွေ့မြင်ရလိမ့်မည်။COLB 142.3

    ခရစ်တော်၌ ရှိတော်မူသော သမ္မာတရားကို ကိုယ်တွေ့ ခံစားနိုင်မည် ဖြစ်သော်လည်း မည်သည့်အခါမျှ ကျိုးကြောင်းစုံလင်အောင် ရှင်းပြနိုင်မည် မဟုတ်ပါ။ ယင်း သမ္မာတရားတော်၏ မြင့်မြတ်ခြင်း၊ ကျယ်ပြန့်ခြင်း နှင့် နက်နဲခြင်းများသည် ကျွန်ုပ်တို့၏ အသိဉာဏ်ကို ကျော်လွန်ပါ သည်။ ကျွန်ုပ်တို့၏ စိတ်ကူးဉာဏ် ရှိသမျှနှင့် အစွမ်းကုန် အားထုတ် ဆင်ခြင်စဉ်းစားသည်တိုင်အောင် ပြော၍ မကုန်နိုင်သော မေတ္တာတော်၏ အပေါ်ယံ အရိပ်အမြွက်လောက်ကို ရေးရေးရိပ်ရိပ် မျှသာ သိမြင်ရပါလိမ့်မည်။ သို့သော် ယင်း မဟာမေတ္တာတော်သည် ကောင်းကင်နှင့်အမျှ မြင့်မြတ်တော်မူ သော်လည်း လူသားများ၏ စိတ်နှလုံးတွင် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ကို ပြန်လည် ဖေါ်ထုတ်ရန် မြေကြီးပေါ်သို့ နှိမ့်ချစွာ သက်ဆင်းတော်မူ၏။COLB 142.4

    သို့ရာတွင် ကိုယ်တော်၏ ကရုဏာတော်ကို ကျွန်ုပ်တို့ ခံယူနိုင်သည့် အတိုင်းအတာအထိ တွေ့ထိ သိနားလည်နိုင်ပါသည်။ ယင်း အချက်ကို စိတ်နှိမ့်ချသူများ နှင့် စိတ်နှလုံးကြေကွဲ၍ နောင်တ သံဝေဂရသူများအား ဖွင့်ပြတော်မူပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် အသက်ကို စွန့်တော်မူသည်တိုင်အောင် အနစ်နာခံတော်မူသည့် ကျေးဇူးတရားကို သိနားလည်သည့် အချိုးအစားအတိုင်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကရုဏာတော်ကို သဘောပေါက် သိနားလည်ကြပေလိမ့်မည်။ ကျွန်ုပ်တို့သည် စိတ်နှလုံး နှိမ့်ချစွာဖြင့် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို စူးစမ်းရှာဖွေ လေ့လာသည်နှင့်အမျှ ကောင်းမြတ်တော်မူသော ရွေးနုတ်ခြင်းဆိုင်ရာ ဒေသနာတော်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ မျက်စိပွင့်ကြလိမ့်မည်။ ကျွန်ုပ်တို့ ကြည့်မျှော်နေသည်နှင့်အမျှ ၎င်းသည် ပို၍ ထွန်းတောက်လာလိမ့်မည်၊ နားလည်လိုစိတ် ပြင်းပြလာသည်နှင့်အမျှ ပို၍ မြင့်မြတ် နက်နဲလာလိမ့်မည်။COLB 143.1

    ကျွန်ုပ်တို့၏ အသက်တာကို ခရစ်တော်၏ အသက်တာနှင့် ပူးပေါင်း ချည်နှောင်ထားရမည်။ ကိုယ်တော်သည် ကောင်းကင်မှ ကြွဆင်းလာတော်မူသည့် အသက်မုန့် ဖြစ်သောကြောင့် ကိုယ်တော်ထံမှ အသက်မုန့်ကို ရယူ၍ အစဉ်မပြတ် စားသုံးရမည်၊ ဆက်ဆံရမည်။ ကိုယ်တော်သည် အစဉ် လတ်ဆတ်နေသော အသက်စမ်းရေတွင်း ဖြစ်သောကြောင့် အမြဲတစေ ထုတ်ပေးနေသည့် ကြွယ်ဝပေါများသော ရတနာ အသက်စမ်းရေကို ယူငင် သောက်သုံးရမည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်အား အမြဲ တစေ ရှေးရှု၍ ကျေးဇူးတော် နှင့် ဂုဏ်တော်ကို ချီးမွမ်းလျက်နေကြပါက ကျွန်ုပ်တို့၏ ဝိညာဉ်ရေး အသက်တာသည် အမြဲတစေ သစ်လွင် စိုပြည်လျက် ရှိနေလိမ့်မည်။ ကျွန်ုပ်တို့ ပတ္ထာနာ ပြုရာတွင်လည်း မိတ်ဆွေချင်း ရင်းနှီးစွာ ဆွေးနွေးသကဲ့သို့ ဘုရားကိုယ်တော်ရှင်နှင့် ဆွေးနွေးကြလိမ့်မည်။ ကိုယ်တော်၏ နက်နဲရာများကို ကိုယ်တော်တိုင် ဖွင့်ပြတော်မူလိမ့်မည်။ ခရစ်တော်သည် ကျွန်ုပ်တို့နှင့် အတူ ရှိကြောင်း၊ ငြိမ်သက်သာယာစွာဖြင့် လည်းကောင်း၊ ဝမ်းမြောက်စွာဖြင့် လည်းကောင်း ကျွန်ုပ်တို့ မကြာခဏ အာရုံခံစားရကြလိမ့်မည်။ ကိုယ်တော်သည် ဧနောက်နှင့် အတူ စကားပြော ဆွေးနွေးတော်မူသကဲ့သို့ ကျွန်ုပ်တို့ထံသို့ ချဉ်းကပ်လာသောအခါ ကျွန်ုပ်တို့၏ စိတ်နှလုံးများ ယိုဖိတ်မတတ် မကြာခဏ ဖြစ်တတ်ကြပါသည်။ ခရစ်ယာန်၏ ကိုယ်တွေ့ ဗဟုသုတများ ဤကဲ့သို့ အမှန်တကယ် ဖြစ်လာသော အခါ သူ၏အသက်တာသည် ရိုးသားခြင်း၊ မာန်မာန မရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်နှိမ့်ချခြင်းတို့ဖြင့် ပြည့်စုံ၍ သူသည် ခရစ်တော်နှင့် အတူ ရှိကြောင်း၊ ခရစ်တော်၏ အကြောင်းကိုလည်း သင်ကြား နာယူပြီးသူ ဖြစ်ကြောင်း သူနှင့် ပေါင်းသင်း ဆက်ဆံသူများ သိကြပေလိမ့်မည်။COLB 143.2

    ခရစ်တော၏ တရားတော်သည် နိုးကြားထကြွစေတတ်ခြင်း၊ ကူးစက် ပျံ့နှံ့စေသည့် သဘောတရားရှိခြင်း၊ အသက်ရှင်စေတတ်ခြင်း၊ အမှု ဆောင်ရွက်လိုခြင်း၊ ဝိညာဉ်ရေး စွမ်းအား ထက်မြတ်ခြင်းတို့နှင့် ပြည့်စုံကြောင်း ထိုကဲ့သို့သော သူများတွင် ထင်ရှားတွေ့မြင်နိုင်ပါသည်။ ၎င်းအပြင် ထိုသူများ၌ လန်းဆန်း စိုပြည်ခြင်း၊ စွမ်းအား ပြည့်ဖြိုးခြင်း၊ ထာဝစဉ် နုပျိုသည့် ရွှင်လန်း ဝမ်းမြောက်ခြင်းများ ထင်ရှားပေါ်လွင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို လက်ခံရရှိထားသော စိတ်နှလုံးသည် နေပူ၍ ခြောက်တတ်သော ရေကန်ကဲ့သို့ မဟုတ်၊ ရေမလုံသော ရေလှောင်ကန်နှင့်လည်း မတူဘဲ ရရှိထားပြီးသော ရတနာများကို ပျောက်ဆုံးသွားစေလိမ့်မည် မဟုတ်ပါ။ မကုန်မခန်းနိုင်သော စမ်းရေတွင်းများက ရေအင်အား ပေးနေသည့် တောင်ပေါ်က စီးဆင်လာသော ရေစီးချောင်းနှင့် တူသည် ဖြစ်၍ အေးမြကြည်လင်သော စမ်းရေသည် ကျောက်တုံး တစ်ခုမှ တစ်ခုသို့ ခုန်ပေါက် စီးဆင်းလျက် ရှိရာ မောပန်း သူကို အမောြေပစေ၏၊ ရေငတ်သော သူကို အငတ်ပြေစေ၏၊ ဝန်လေး၍ ပင်ပန်းသော သူကို အင်အား ပြည့်ဖြိုးစေ၏။COLB 144.1

    ဤ ဗဟုသုတမျိုးသည် သမ္မာတရားဆိုင်ရာ ဓမ္မကထိကဆရာတိုင်း ခရစ်တော်၏ ကိုယ်စားလှယ်တော် ဖြစ်ရန် အမှန်လိုအပ်သည့် အရည်အချင်း ဖြစ်ပါသည်။ ခရစ်တော်၏ သြဝါဒ သဘောတရားကို ခံယူခြင်းအားဖြင့် သူ၏ ဆွေးနွေးချက်များ နှင့် ပတ္ထနာများသည် တည့်မတ်၍ စွမ်းအား ပြည့်ဝလိမ့်မည်။ ခရစ်တော်အတွက် သူ၏ သက်သေခံချက်များသည်လည်း သဘောတရား ကျဉ်းမြောင်း၍ သက်ဝင်လှုပ်ရှားမှု ကင်းမဲ့လိမ့်မည် မဟုတ်ပါ။ ဓမ္မဆရာသည်လည်း ပုံသေ ဟောပြောချက်များကို ထပ်တလဲလဲ ပြောဟောနေလိမ့်မည် မဟုတ်ပါ။ သူ၏ စိတ်ကူးဉာဏ်သည် သန့်ရှင်းသော ဝိညာဉ်တော်က စဉ်ဆက်မပြတ် အလင်းရောင်ပေးနေသည်ကို ခံယူနိုင်ပေလိမ့်မည်။COLB 145.1

    “ငါ၏ အသားကို စား၍ ငါ၏ အသွေးကိုလည်း သောက်သော သူသည် ထာဝရအသက်ကို ရ၏။ … အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူ၍ ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ ငါ့ကို စားသော သူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။ … ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ….ငါ ပြောသော စကားသည် ဝိညာဉ် ဖြစ်၏။ အသက်လည်း ဖြစ်၏။” ဟု ခရစ်တော် မိန့်တော်မူ၏။ ယော၊ ၆:၅၄-၆၃။COLB 145.2

    ကျွန်ုပ်တို့သည် ခရစ်တော်၏ အသွေး နှင့် အသားကို မှီဝဲသုံးဆောင်ကြသောအခါ ထဝရအသက်တာ၏ မူလအစကို အမှုတော် ဆောင်ရွက်ရာတွင် တွေ့မြင်ရကြလိမ့်မည်။ ထိုအခါ ဟောင်းနွမ်း၍ ထပ်တလဲလဲ ပြောဟောခဲ့သည့် စုဆောင်းထားသော တရားဟောချက်များကို အသုံးပြုကြတော့မည် မဟုတ်ပါ။ ၎င်းအပြင် စိတ်အား တက်ကြွစရာ မရှိ၊ ငြီးငွေ့ဖွယ် ဖြစ်သော တရား ဟောပြောခြင်းများကိုလည်း ရပ်စဲကြလိမ့်မည်။ သမ္မာတရားဟောင်းများကို ဟောပြောကြလိမ့်မည်။ သို့သော် ယင်း တရားကို မြင်ကွင်းသစ်ဖြင့် တွေ့မြင်ရလိမ့်မည်။ သမ္မာတရားကို အမြင်သစ်ဖြင့် မြင်၍ လူတိုင်း ရှင်းလင်းပြတ်သားစွာ နားလည် သဘောပေါက်နိုင်သည့် တန်ခိုးနှင့် ပြည့်စုံလိမ့်မည်။ ဓမ္မအမှုဆောင်ဌာနများတွင် ဤကဲ့သို့ တာဝန်ယူခွင့် ရရှိသော သူများသည် သန့်ရှင်းသော ဝိညာဉ်တော် ပြုပြင်ခြင်းကို ခံယူပါက အသစ်သော တန်ခိုး အင်အားနှင့် ပြည့်ဝသည်ကို သူတို့ ခံစားရလိမ့်မည်။ ထိုအခါ သူတို့၏ စိတ်နှလုံးတွင် ဘုရားသခင်၏ မေတ္တာတော် ကိန်းဝပ်တော်မူလိမ့်မည်။ သူတို့၏ သိမှတ်တတ်သော အရည်အချင်းများသည်လည်း သမ္မာတရား၏ တင့်တယ်ခြင်း နှင့် ဘုန်းအသရေ ကြီးမြင့်ခြင်းကို သိနားလည်ရန် ရှင်သန်လာကြလိမ့်မည်။COLB 145.3

    သစ္စာ ရှိသော အိမ်ရှင်ဆိုသည်မှာ ကလေးသူငယ် လူငယ်လူရွယ်များကို သင်ကြားပို့ချသည့် ဆရာတိုင်းအနေဖြင့် မည်သို့ ဖြစ်သင့်သည်ကို ပုံဆောင်ထားခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို သူ၏ ရတနာသိုက် ဖြစ်သည်ဟု မှတ်ယူထားပါက အသစ်သော တင့်တယ်ခြင်း နှင့် အသစ်သော သမ္မာတရားများကို အမြဲတစေ ထုတ်ယူ၍ သင်ကြားနိုင်ပေလိမ့်မည်။ ဆရာ ဖြစ်သူသည် ဆုတောင်းပတ္ထနာပြုခြင်းအားဖြင့် ဘုရားသခင်အား ကိုးစားပါက ခရစ်တော်၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်၍ ဘုရားသခင်သည် သူမှ တစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အများသော သူများ၏ စိတ်နှလုံးတွင် အမှုတော် ဆောင်ရွက်လိမ့်မည်။ သူသည် ဉာဏ်မျက်စိအားဖြင့် လည်းကောင်း၊ စိတ်နှလုံးအားဖြင့် လည်းကောင်း ချစ်ဖွယ် မျှော်လင့်ခြင်း၊ ရဲရင့်ခြင်း နှင့် ကျမ်းစာနှင့် လျော်ညီသော အတွေးအခေါ်များကို ဝိညာဉ်တော်အားဖြင့် လက်ခံ ရရှိသောကြောင့် သူ၏ သွန်သင်မှုကို ခံယူလျက် ရှိကြသော လူငယ်များအား ဆက်လက် ဝေငှ သွန်သင်နိုင်လိမ့်မည်။ COLB 146.1

    ကောင်းကင်မှ ငြိမ်သက်ခြင်း နှင့် ဝမ်းမြောက်ခြင်း စမ်းရေတို့သည် ဝိညာဉ်တော် မှုတ်သွင်းသည့် နှုတ်ကပါတ် တရားတော်များအားဖြင့် ဆရာ၏ စိတ်နှလုံးအတွင်းသို့ ဖွင့်ချသဖြင့် သူနှင့် ဆက်သွယ်သော သူအပေါင်းကို ကောင်းချီးပေးရန် အရှိန်အဟုန် ကြီးမားသော မြစ်ကြီး ဖြစ်လာလိမ့်မည်။ ထိုအခါ သမ္မာကျမ်းစာအုပ်သည်လည်း ကျောင်းသားအတွက် ငြီးငွေ့စရာ ဖြစ်တော့မည် မဟုတ်ပါ။ ပညာရှိသော ဆရာ၏ လက်အောက်တွင် နှုတ်ကပါတ် တရားတော်ကို လိုလား တောင့်တလာကြလိမ့်မည်၊ ထိုမျှမက ပို၍ ပို၍ လိုလား တောင့်တလာကြလိမ့်မည်။ ၎င်းသည် အသက်မုန့်ကဲ့သို့ ဖြစ်၍ မည်သည့်အခါမျှ ခေတ် နောက်ကျသွားသည် ဟူ၍ မရှိနိုင်။ ၎င်း၏ လတ်ဆတ်ခြင်း နှင့် တင့်တယ်ခြင်းသည် ကလေးများ နှင့် လူငယ်လူရွယ်တို့၏ စိတ်ကို ဆွဲဆောင်၍ စွဲလမ်းစေလိမ့်မည်။ ၎င်းသည် ကမ္ဘာမြေကြီးကို အလင်းရောင် နှင့် အပူဓါတ် ပေးနေသည့် နေရောင်ခြည်ကဲ့သို့ မည်သည့်အခါမျှ ကုန်ခန်းနိုင်သည် ဟူ၍မရှိနိုင်။COLB 146.2

    ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်သည် သန့်ရှင်း မြင့်မြတ်တော်မူ၍ ပညာကို ပေးနိုင်စွမ်းလည်း ရှိတော်မူ၏။ အလင်းတရားလည်း ဖြစ်တော်မူ၍ သစ်လွင်မွန်မြတ်သော အလင်းရောင်သည် စာမျက်နှာတိုင်းတွင် ထွန်းတောက်နေပါ၏။ နှုတ်ကပါတ် တရားတော်တွင် သမ္မာတရား ထင်ရှား၍ စကားလုံးများ နှင့် စကားစဉ်တို့သည် တောက်ပြောင်၍ ဘုရားသခင်၏ အသံတော်သည် စိတ်နှလုံးအတွင်း၌ စကားပြောနေသည့် အလား အခါအခွင့်နှင့် လျော်ကန်သင့်မြတ်ပါသည်။COLB 147.1

    သန့်ရှင်းသော ဝိညာဉ်တော်သည် လူငယ်များနှင့် စကားပြောခြင်းကို မြတ်နိုးတော်မူသည် ဖြစ်၍ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်၌ ရှိသော ဘဏ္ဍာ ရတနာများ နှင့် တင့်တယ် လှပခြင်းများကို သူတို့အား ဖွင့်ပြလိုတော်မူ၏။ ဘုရားသခင်၏ ဝိညာဉ်တော် တန်ခိုးသည် မြတ်တော်မူသော ဆရာကြီး ဖြစ်တော်မူသည့် ခရစ်တော်၏ ကတိတော်များကို စိတ်အာရုံတွင် စွဲလမ်းမှတ်မိစေလျက် အသက် ဝိညာဉ်ကို နိုးထစေပါသည်။ ၎င်းအပြင် ကျေးဇူးတရားကို သိနားလည်သော ဉာဏ်မျက်စိတွင် ဘုရားသခင်နှင့် ဆိုင်သော အရာများကို မှတ်မိ သတိရစေ၍ စုံစမ်းသွေးဆောင်ခြင်းများကို ရုတ်တရက် တွန်းလှန် ကာကွယ်နိုင်လိမ့်မည်။COLB 147.2

    ကျွန်ုပ်တို့၏ စိတ်ကူးဉာဏ်ဖြင့်ပင် မတွေးမမြင်နိုင်လောက်အောင် သမ္မာတရား စကားများ၏ အရေးကြီးပုံသည် တိုးပွားထွန်းကား၍ ကျယ်ပြန့်ခြင်း နှင့် ပြည့်စုံကုံလုံခြင်းသို့ ရောက်ရှိလိမ့်မည်။ လူ၏ စိတ်နေသဘော ထား နှင့် အကျင့်စာရိတ္တကို ပုံသဏ္ဌာန် ပြောင်းလဲအောင် ဆောင်ရွက်နိုင်ခြင်းမှာ နှုတ်ကပါတ် တရားတော်၏ လှပတင့်တယ်ခြင်း နှင့် ကြွယ်ဝခြင်းဆိုင်ရာ သြဇာ သက်ရောက်မှု ဖြစ်ပါသည်။ ကောင်းကင် မေတ္တာတော်၏ အလင်းရောင်သည် စိတ်နှလုံးကို သွန်သင် နှိုးဆော်တော်မူလိမ့်မည်။COLB 147.3

    သမ္မာကျမ်းစာတော်မြတ်၏ အကျိုးသက်ရောက်မှုသည် လေ့လာ သင်ကြားရင်း တိုးတက်လာပါသည်။ မည်သည့် ဘက်သို့ပင် ဖွင့်လှန်သည် ဖြစ်စေ သူသည် ဘုရားသခင်၏ အနန္တဉာဏ်တော် နှင့် မေတ္တာတော်ကို ထင်ရှားစွာ တွေ့မြင်ရလိမ့်မည်။ COLB 148.1

    ယုဒလူတို့၏ အသက်ရှင်မှုဆိုင်ရာ စားဝတ်နေရေးနှင့် ပတ်သက်၍ အရေးကြီးပုံများကို ပြည့်စုံကုံလုံအောင် နားမလည်သေးပါ။ သမ္မာတရား၏ ကျယ်ပြန့် နက်နဲခြင်းများကို သူတို့၏ ဝတ်ပြု ကိုးကွယ်ခြင်းဆိုင်ရာအထိမ်းအမှတ်များတွင် အရိပ်နိမိတ်ပြထားပါသည်။ ဧဝံဂလိ တရားတော်သည် ယင်း နက်နဲခြင်းများကို အနက်ဖွင့်ရန်အတွက် အညွှန်း ဖြစ်ပါသည်။ ရွေးနုတ်ခြင်း စီမံကိန်းဆိုင်ရာ အသိပညာဖြင့် ၎င်း၏ သမ္မာတရားများကို နားလည် သဘောပေါက်ရန်ဖွင့်ပြထားပါသည်။ ဤကဲ့သို့ အံ့သြဖွယ်ကောင်းသည့် အကြောင်းအရာများကို ကျွန်ုပ်တို့ နားလည်သည်ထက် များစွာ ပို၍ နားလည်နိုင်ရန်မှာ ကျွန်ုပ်တို့၏ အခွင့်အရေး ဖြစ်ပါသည်။ ဘုရားသခင်နှင့် ဆိုင်သော နက်နဲသော အကြောင်းများကို ကျွန်ုပ်တို့ နားလည်ထားရပါမည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို နှိမ့်ချကြေကွဲသော စိတ်နှလုံးဖြင့် လည်းကောင်း၊ ကိုယ်တော်သာလျှင် ပေးနိုင်တော်မူသည့် ပို၍ ရှည်လျား၊ကျယ်ပြန့်၊ နက်ရှိုင်းသော အသိပညာကို ရရှိရန်အတွက် ဆုတောင်းပတ္ထနာပြုခြင်းအားဖြင့် လည်းကောင်း စူးစမ်း ရှာဖွေသော သူတို့အတွက် ဖွင့်ပြထားသော သမ္မာတရားများကို ကောင်းကင်တမန်များ ဝင်ရောက်ကြည့်ရှု စစ်ဆေးရန် လိုလားကြပါသည်။COLB 148.2

    ဤ လောကကြီး၏ ရာဇဝင် ပြီးဆုံးချိန် နီးကပ်လာသည်နှင့်အမျှ နောက်ဆုံးသော ကာလနှင့် စပ်လျဉ်းသည့် အနာဂတ္တိ ကျမ်းစကားများကို ကျွန်ုပ်တို့ လေ့လာ သင်ကြားရန် အထူး လိုအပ်ပါသည်။ ဓမ္မသစ်ကျမ်း၏ နောက်ဆုံး ကျမ်းတွင် ကျွန်ုပ်တို့ သိနားလည်ထိုက်သည့် သမ္မာတရားများ အပြည့်အဝ ရှိပါသည်။ ဗျာဒိတ်ကျမ်းကို လေ့လာ သင်ကြားခြင်း မပြုရန် မည်သည့် အကြောင်းပြချက်များကို မဆို ဝမ်းမြောက် ဝမ်းသာစွာ ပေးကြရန် စာတန်သည် လူအများ၏ ဉာဏ်မျက်စိများကို ကွယ်စေ၏။ သို့သော် ခရစ်တော်သည် မိမိ၏ တမန်တော် ရှင်ယောဟန်အားဖြင့် နောက်ဆုံးသော အချိန်ကာလတွင် ဖြစ်ပျက်မည့် အကြောင်းအရာကို ထုတ်ဖေါ်ထားပါသည်။ ၎င်းအပြင် “ဤ အနာဂတ် ကျမ်းစကားကို ကြည့်ရှုဖတ်ရွတ် နားထောင်၍ ရေးထားသမျှတို့ကို စောင့်ရှောက်သော သူတို့သည် မင်္ဂလာ ရှိကြ၏။” ဟု ကိုယ်တော် မိန့်တော်မူ၏။ ဗျာ၊ ၁:၃။COLB 148.3

    “ထာဝရအသက်ဟူမူကား၊ မှန်သော ဘုရားသခင် တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကို လည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကို လည်းကောင်း သိကျွမ်းခြင်းတည်း” ဟု ခရစ်တော်၏ အမိန့်တော် ရှိပါသည်။ ယော၊ ၁၇:၃။ ထိုကြောင့် ကျွန်ုပ်တို့သည် ယင်း အသိပညာ၏ တန်ဖိုးကို အဘယ်ကြောင့် သဘောမပေါက်ကြပါသနည်း၊ အဘယ်ကြောင့် ဤ ဘုန်းကြီးသော သမ္မာတရားများသည် ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်း၌ ရဲရဲတောက်၍ မနေကြပါသနည်း၊ အဘယ်ကြောင့် ကျွန်ုပ်တို့၏ နှုတ်ခမ်းများ တုန်လှုပ်၍ နေကြပါသနည်း၊ အဘယ်ကြောင့် ကျွန်ုပ်တို့၏ တစ်ကိုယ်လုံးတွင် ပျံ့နှံ့၍ မနေကြပါသနည်း။COLB 149.1

    ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို ကျွန်ုပ်တို့အား ပေးတော်မူရာ၌ ကျွန်ုပ်တို့ ကယ်တင်ခြင်း ရရှိရေးအတွက် အမှန် လိုအပ်သော သမ္မာတရားများကိုပါ ပိုင်ဆိုင်ခွင့် ပေးတော်မူ၏။ ထောင်သောင်းမက များစွာသော သူတို့သည် ဤ အသက်စမ်းရေတွင်းများမှ အသက်ရေကို ဆွဲငင် ရယူခဲ့ကြပြီး ဖြစ်သော်လည်း လျော့နည်းသွားသည်ဟူ၍ မရှိပါ။ ထောင်သောင်းမက များစွာသော သူတို့သည် ဘုရားသခင်အား အမြဲတစေ မျှော်ရှု၍နေကြခြင်းဖြင့် ကိုယ်တော်ရှင်၏ ပုံသဏ္ဌာန်တော်ကဲ့သို့ ဖြစ်လာကြ၏။ သူတို့သည် ခရစ်တော်နှင့် အဘယ်သို့ စပ်ဆိုင်သည်ကို လည်းကောင်း၊ ခရစ်တော်သည် သူတို့နှင့် အဘယ်သို့ စပ်ဆိုင်သည်ကို လည်းကောင်း၊ ကိုယ်တော်ရှင်၏ ဂုဏ်အင်္ဂါတော် အကြောင်းကိုလည်း ကောင်း ပြောပြကြရင်း သူတို့၏ စိတ်နှလုံးများ ယိုဖိတ်ကြ၏။ သို့သော် ဤကဲ့သို့ ရှာဖွေရယူသော သူများကြောင့် မြင့်မြတ် သန့်ရှင်းတော်မူသော အကြောင်းအရာများ ကုန်ခန်းသွားသည် ဟူ၍ မရှိပါ။ ထောင်သောင်းမက များစွာသော သူတို့သည် ကယ်တင်ခြင်းဆိုင်ရာ နက်နဲမှုများကို ဆက်လက် ရှာဖွေကြပါလိမ့်ဦးမည်။ ခရစ်တော်၏ အသက်တာ အကြောင်းကို လည်းကောင်း၊ ကိုယ်တော်၏ သာသနာတော် အကြောင်းကို လည်းကောင်း များစွာ ဆင်ခြင်သုံးသပ်ပါက သမ္မာတရားကို သိနားလည်ဖို့ ကြိုးစားသည့် အဆင့်တိုင်းတွင် ပိုမို ထင်ရှားသော အလင်းရောက်ကို ရရှိလိမ့်မည်။ အသစ်တစ်ဖန် ရှာဖွေသည့်အခါတိုင်း ယခင် တွေ့ရှိ သိမြင်ပြီးသည်ထက် ပို၍ နက်ရှိုင်းသည့် စိတ်ဝင်စားဖွယ်ရာကို တွေ့သိရလိမ့်မည်။ ရှာဖွေစူးစမ်းရမည့် အကြောင်းအရာမှာမူကား ကုန်ခန်းနိုင်သည် ဟူ၍ မရှိပါ။ ခရစ်တော် လူ့ဇာတိအဖြစ်ကို ခံယူတော်မူခြင်း၊ အပြစ် ဖြေလွှတ်ရန်အတွက် ကိုယ်စား အသေခံတော်မူခြင်း နှင့် ကြားဖျန်ဖြေသူအဖြစ် ဆောင်ရွက်တော်မူခြင်း အကြောင်းများကို ကြိုစား၍ စူးစမ်းရှာဖွေ လေ့လာသူ၏ ဉာဏ်မျက်စိကို အချိန်ကာလ ကြာမြင့်သည်နှင့် အမျှ အလုပ်များနေစေပါလိမ့်မည်။ သို့ဖြစ်၍ မရေမတွက်နိုင်သော နှစ်ကာလ အတိုင်း အရှည်ဖြင့် တည်ရှိလာခဲ့သော ကောင်းကင်ဘုံသို့ မျှော်ကြည့်၍ “မှန်သော ကိုးကွယ်ခြင်း၏ နက်သော အရာသည် ကြီးစွာသော အရာ ဖြစ်သည်” ဟု ကြွေးကြော်လိမ့်မည်။COLB 149.2

    အကယ်၍ ကျွန်ုပ်တို့သည် အလင်းတရားကို လက်ခံရရှိပါက ကျွန်ုပ်တို့၏ အသိဉာဏ် ပွင့်လင်းသဖြင့် ဤ လောကတွင် သင်ယူရရှိနိုင်မည့် အရာများကို ထာဝရကာလတွင် သင်ကြားရကြပါ လိမ့်မည်။ ရွေးနုတ်ခြင်း အကြောင်းသည် ရွေးနုတ်ခြင်းကို ခံစားရပြီးသော သူတို့၏ စိတ်နှလုံး၊ ဉာဏ်မျက်စိ နှင့် လျှာများပေါ်တွင် ထာဝရ ကာလပတ်လုံး စဉ်းစားစရာ၊ ပြောဆိုစရာ၊ လှုပ်ရှားစရာ ဖြစ်၍ အလုပ်များနေကြလိမ့်မည်။ ခရစ်တော်သည် တပည့်တော်တို့အား ဖွင့်ပြရန် လိုလားခဲ့တော်မူ သော်လည်း သူတို့တွင် ယုံကြည်ခြင်း မလုံလောက်၍ မခံယူနိုင်သည့် သမ္မာတရားများကို ထိုအခါ သူတို့ နားလည်ကြလိမ့်မည်။ ခရစ်တော်၏ ဘုန်းတော် နှင့် စုံလင်မှု ဆိုင်ရာ အသစ်သော မြင်ကွင်းများသည် ကမ္ဘာ အဆက်ဆက် ထင်ရှားလိမ့်မည်။ မကုန်မဆုံးနိုင်သော ထာဝရ ကာလပတ်လုံး ကတိတည်တော်မူသော အိမ်ရှင်ကြီး ဖြစ်တော်မူသည့် ဘုရားသခင်သည် မိမိ၏ ဘဏ္ဍာ ရတနာ အသစ် အဟောင်းများကို ထုတ်ဖော်တော်မူလိမ့်မည်။COLB 150.1

    * * * * *

    Larger font
    Smaller font
    Copy
    Print
    Contents