Loading...
Larger font
Smaller font
Copy
Print
Contents
ခရစ်တော်၏သရုပ်ပြ ဩဝါဒများ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    သြဇာ သက်ရောက်မှု

    ခရစ်တော်၏ အသက်တာသည် အကျိုးသက်ရောက် ဖြစ်ပေါ်စေသည့် အရှိန်သြဇာ ဖြစ်တော်မူ၍ အဆုံးမရှိ အခါခပ်သိမ်း ကျယ်ပြန့်နေပါသည်။ ၎င်း အရှိန်သြဇာ အားဖြင့် ကိုယ်တော်သည် ဘုရားသခင် နှင့် လည်းကောင်း၊ လူသား မိသားစုကြီး တစ်ရပ်လုံးနှင့် လည်းကောင်း တစည်းတပေါင်းတည်း ဖြစ်တော်မူ၏။ လူသည် မိမိဘာသာ အသက်ရှင်ဖို့ မဖြစ်နိုင်အောင် ယင်း အကျိုးသက်ရောက်မှု အရှိန်ကို ဘုရားသခင်သည် ခရစ်တော်မှ တစ်ဆင့် သူ့အား ပေးအပ်ထားတော်မူ၏။ ကျွန်ုပ်တို့သည် လူသား အချင်းချင်း တစ်ဦး နှင့် တစ်ဦး ဆက်စပ်လျက် ဘုရားသခင်၌ တစေ့တလုံးတည်း ဖြစ်သောကြောင့် ကျွန်ုပ်တို့ အချင်းချင်း ကင်းကွာ၍ မနေနိုင်ကြပါ။ တစ်ဦးတစ်ယောက်၏ ကောင်းစားရေးသည် အခြား သူများကို အကျိုးသက်ရောက်မှု ရှိစေပါသည်။ အများ ကောင်းစားရေးအတွက် မိမိသည် အရေးပါ အရာရောက်သည်ဟု လူသည် သဘောပေါက်၍ လူအများ၏ ချမ်းသာ ပျော်ရွှင်မှု အဆင့်အတန်း မြင့်မားအောင် ရှာဖွေစူးစမ်းကြရန် ဘုရားသခင် စီမံတော်မူ၏။COLB 422.1

    အသက်ဝိညာဉ်တိုင်းကို သက်ဆိုင်ရာ ပတ်ဝန်းကျင်၏ အခြေအနေ တစ်မျိုးစီက ဝန်းရံလျက် ရှိပါသည်။ ပုံစံအားဖြင့် အသက်ပေးနိုင်သည့် အာနိသင် ရှိသော ယုံကြည်ခြင်း၊ ရဲရင့်ခြင်း နှင့် မျှော်လင့်ခြင်း၊ သင်းပျံ့ မွှေးကြိုင်သော မေတ္တာရနံ့နှင့် ပြည့်စုံခြင်း စသည့် ဝန်းကျင် အခြေအနေများ ဖြစ်နိုင်ပါသည်။ သို့မဟုတ်ပါက အလိုမကျ၍ စိတ်မသက်သာခြင်း၊ တစ်ကိုယ်ကောင်း စိတ်ထားခြင်း၊ သေစေတတ်သည့် ဒုစရိုက်အပြစ် ရောစပ်ထားသည့် ဖေါက်ပြန်ပျက်စီးခြင်းဆိုင်ရာ အဆိပ်အတောက် စသည်တို့နှင့် ပြည့်ဝသည့် အေးစက်ထိုင်းမှိုင်းသော ဝန်းကျင် အခြေအနေလည်း ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင် အခြေအနေ အားဖြင့် ကျွန်ုပ်တို့နှင့် ဆုံတွေ့သမျှသော သူတိုင်းသည် သိလျက်နှင့် ဖြစ်စေ၊ မသိ၍ပင် ဖြစ်စေ အကျိုးဆက် ရှိနေပါသည်။COLB 422.2

    ၎င်း တာဝန်ကို ကျွန်ုပ်တို့ လွှဲရှောင်၍ မရပါ။ ကျွန်ုပ်တို့၏ စကားလုံး အသုံးအနှုန်းများ၊ ကျွန်ုပ်တို့၏ အပြုအမူ နှင့် လှုပ်ရှားမှုများ၊ ကျွန်ုပ်တို့၏ ဝတ်စားဆင်ယင်ပုံများ၊ ကျွန်ုပ်တို့၏ နေပုံထိုင်နည်းများ၊ ကျွန်ုပ်တို့၏ ဟန်ပန်အမူအရာများ၊ စသည်တို့မှာ အကျိုးသက်ရောက် ဖြစ်ပေါ်စေသည့် အရှိန်သြဇာများ ဖြစ်ပါသည်။ ယင်း မြင်ကွင်းများအားဖြင့် ဖြစ်ပေါ်စေမည့် ကောင်းကျိုး ဆိုးပြစ်မှာ မခန့်မှန်းနိုင်လောက်အောင်ပင် ဖြစ်ပါသည်။ အလျင်စလို စိတ်အလိုကို လိုက်၍ ပြုသော ကိစ္စတိုင်းသည် တူညီသော အသီးကို ရိတ်သိမ်းရန် စိုက်ပျိုးလိုက်သည့် မျိုးစေ့ ဖြစ်ပါသည်။ ၎င်းသည် လူတို့တွင် ဖြစ်ပျက်တတ်သည့် ရှည်လျားလှစွာသော အကြောင်း မျိုးစုံ လမ်းတစ်လျှောက်လုံးတွင် ကွင်းဆက် တစ်ခု ဖြစ်၍ မည်သို့တိုင် ဆက်လက် ရှည်လျားဦးမည်ကို မသိမခန့်မှန်းနိုင်ပါ။ ကျွန်ုပ်တို့သည် ကိုယ်ကျင့်တရား တိုးတက်ဖွံ့ဖြိုးစေမည့် ပုံစံနမူနာကို ပြပါက သူတစ်ပါးအား ကောင်းမှု ပြုလုပ်ရန်အတွက် စွမ်းအား ဝေငှခြင်း ဖြစ်ပါသည်။ သူတို့ကလည်း ဆက်လက်၍ သူတစ်ပါးတို့အား အလားတူသော အကျိုးသက်ရောက်မှုကို တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့်ကမ်းကြပေလိမ့်မည်။ ထိုနည်းအားဖြင့် ကျွန်ုပ်တို့သည် သတိမမူဘဲ ကောင်းကျိုး သက်ရောက်စေသဖြင့် ထောင်သောင်းမက များစွာသော သူတို့သည် ကောင်းချီးမင်္ဂလာများစွာ ရရှိကြပေလိမ့်မည်။COLB 423.1

    ကျောက်ခဲကလေး တစ်လုံးကို ရေအိုင်ထဲသို့ ပစ်လိုက်သောအခါ စက်ဝိုင်းလှိုင်းကလေးများ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ပေါ်လာကြပါသည်။ ၎င်း လှိုင်းစက်ဝိုင်းကလေးများ ပို၍ များလာလေလေ လှိုင်းစက်ဝိုင်းမှာလည်း ပို၍ ကျယ်ဝန်းလာလေ ဖြစ်ရာ ကမ်းခြေသို့ ရောက်မှသာ ရပ်ဆိုင်းလိမ့်မည်။ ကျွန်ုပ်တို့၏ အကျိုးသက်ရောက်စေသည့် အရှိန်သြဇာသည်လည်း ယင်းအတိုင်းပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ မခန့်မမှန်းနိုင်လောက်အောင်၊ သို့မဟုတ် ကျွန်ုပ်တို့ မတားဆီးနိုင်လောက်အောင် သူတစ်ပါးအတွက် မင်္ဂလာ သို့မဟုတ် အမင်္ဂလာများ ဖြစ်စေပါလိမ့်မည်။COLB 423.2

    အကျင့်စာရိတ္တသည် စွမ်းအား ဖြစ်ပါသည်။ သစ္စာတရား တည်မြဲစွာဖြင့် လည်းကောင်း၊ ဘုရားတရား၌ မွေ့လျော်ခြင်းဖြင့် လည်းကောင်း၊ အနစ်နာခံခြင်းဖြင့် လည်းကောင်း ကျွန်ုပ်တို့သည် အသံတိတ် စံနမူနာကို ပြခြင်းအားဖြင့် ပင်လျှင် မငြင်းဆန် မတွန်းလှန်နိုင် လောက်အောင် သြဇာ သက်ရောက်ပါလိမ့်မည်။ ကျွန်ုပ်တို့ အကျင့်စာရိတ္တတွင် ခရစ်တော်၏ ဂုဏ်တော်ကို ပေါ်လွင် ထင်ရှားစေခြင်းဖြင့် အသက်ဝိညာဉ် ကယ်တင်ရေး အမှုတော်တွင် ကိုယ်တော်နှင့် အတူ ပူးပေါင်းဆောင်ရွက်ရာ ရောက်ပါသည်။ ကျွန်ုပ်တို့၏ အသက်တာတွင် ကိုယ်တော်၏ ဂုဏ်အင်္ဂါတော်ကို ဖေါ်ပြခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် အတူ လုပ်ဖေါ်ဆောင်ဖက်များ ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်တို့၏ သြဇာ သက်ရောက်မှု သို့မဟုတ် အကျိုးသက်ရောက် ဖြစ်ပေါ်စေသည့် အရှိန်အစော် ကျယ်ပြန့်လေ ကျွန်ုပ်တို့သည် ပို၍ ကောင်းမှု ပြုလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ အမှုတော်ထမ်း အမည်ခံ သူတို့သည် ခရစ်တော်၏ ပုံစံနမူနာကို လိုက်လျှောက်၍ တရားတော်၏ အခြေခံ သဘောတရားများကို သူတို့ နေ့စဉ် အသက်တာတွင် ကိုယ်တွေ့ လိုက်နာ ကျင့်သုံးပါက လည်းကောင်း၊ သူတတို့သည် ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ အစွမ်းသတ္တိ ရှိသမျှနှင့် ချစ်၍ သူတို့နှင့် စပ်ဆိုင်သူများကို သူတို့ ကိုယ်နှင့်အမျှ ချစ်ကြောင်း သူတို့ လုပ်ကိုင်ဆောင်ရွက်လှုပ်ရှားမှု မှန်သမျှက သက်သေ ပြနေကြပါက လည်းကောင်း၊ အသင်းတော်သည် ကမ္ဘာကြီးကို လှုပ်ရှားနိုင်သည့် စွမ်းအား ရှိပေလိမ့်မည်။COLB 424.1

    သြဇာသက်ရောက်မှုဆိုသည်မှာ ကောင်းကျိုးကို ဖြစ်စေနိုင်သကဲ့သို့ မကောင်းမှုကိုလည်း ဖြစ်စေနိုင်သည့် စွမ်းအားဖြစ်ကြောင်း မမေ့COLB 424.2

    မလျော့သင့်ပါ။ ကိုယ် အသက်ဝိညာဉ် ဆုံးရှုံးရသည် ဆိုသည်မှာ ထိတ်လန့်ဖွယ် ဖြစ်ပါသည်။ သို့သော် သူတစ်ပါးတို့၏ အသက်ဝိညာဉ်များကို ဆုံးရှုံးစေခြင်းက ပို၍ပင် ကြောက်လန့် တုန်လှုပ်ဖွယ် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သြဇာသက်ရောက်မှုသည် သေခြင်းတိုင်အောင် သေခြင်း၏ ရနံ့ ဖြစ်နေမည် ဆိုပါက အထူး ကြောက်မက်ဖွယ်ပင် ဖြစ်ပါသည်။ ဖြစ်လည်း ဖြစ်နိုင်ပါသည်။ ခရစ်တော် နှင့်အတူ စုသိမ်းသည်ဟု အမည်ခံသူအများသည် ကစဉ့်ကလျား ဖြစ်အောင် ကြဲဖြန့်နေသူများ ဖြစ်နေတတ် ပါသည်။ ထိုကြောင့် အသင်းတော် အားနည်းနေခြင်း ဖြစ်ပါသည်။ အများသူတို့သည် လွတ်လပ်စွာ ပြစ်တင် စွပ်စွဲခြင်း နှင့် ဝေဖန်ခြင်းများကို နှစ်သက်မြတ်နိုးကြ၏။ မယုံသင်္ကာ ဖြစ်သည့် အမူအရာ၊ မနာလိုသည့် အမူအရာ နှင့် စိတ်မကျေချမ်းသည့် အမူအရာကို ပြခြင်းဖြင့် သူတို့ကိုယ် သူတို့ စာတန်၏ လက်နက်များ ဖြစ်စေကြ၏။ သူတို့သည် မည်သည့် ကိစ္စကို ပြုလုပ်နေကြောင်း သူတို့ ကိုယ်တိုင် မသိမီ ရန်သူသည် သူတို့အားဖြင့် ကြံရွယ်ချက် ပြီးမြောက်၏။ မကောင်းမှု ပုံစံကို ပြလေပြီ။ မှောင်ရိပ် ဖုံးလွှမ်းလေပြီ။ စာတန်၏ မြားတို့သည် ပစ်မှတ်ကို ထိမှန်ကြလေပြီ။ ခရစ်တော်ကို လက်ခံမည့် အခြေအနေသို့ ရောက်ရှိနေသော သူများပင်လျှင် သူတို့ကြောင့် စိတ်နှောင့်နှေးခြင်း၊ မယုံသင်္ကာ ဖြစ်ခြင်းမှ အစပြု၍ လုံးလုံး မယုံကြည်သည့် အခြေသို့ ဆိုက်ရောက်ကြတော့၏။ ဤ အတောအတွင်း ခရစ်ယာန် အယူဝါဒကို မယုံကြည်သူများ ဖြစ်အောင် သူတို့ ဆောင်ရွက်လိုက်နိုင်သဖြင့် ယခုအခါ ပြစ်တင် ဝေဖန်ခြင်း၊ ဆုံးမခြင်း၊ အနူးအညွတ် တောင်းပန်ခြင်းများကို လုံးဝ နားမထောင်ဘဲ စိတ်နှလုံး ခိုင်မာနေသူများအား စာတန်၏ လုပ်သား အမှုထမ်းများသည် စိတ်ချမ်းမြေ့စွာနှင့် ကြည့်နေကြ၏။ ဤ သူများနှင့် နှိုင်းယှဉ်လျှင် သူတို့သည် ကောင်းမြတ်သော သူများ၊ ဖြောင့်မတ်သူများ ဖြစ်သည်ဟု သူတို့သည် ကောင်းမြတ်သော သူများဖြစ်သည်ဟု သူတို့ကိုယ် သူတို့ မြှောက်ပင့်နေကြ၏။ ယင်းသို့ အကျင့်စာရိတ္တ ပျက်စီးယိုယွင်းနေသူများသည် သူတို့၏ အထိန်းအကွပ် မရှိသော လျှာ၊ ပုန်ကန်တတ်သော စိတ်နှလုံးများကြောင့် ဖြစ်သည်ကို သူတို့ မသိ၊ သဘောမပေါက်ကြ။ သူတို့၏ ဆွဲဆောင်မှု အရှိန်သြဇာကြောင့် ဤ စုံစမ်းသွေးဆောင်ခြင်း ခံရသူအများ ဆုံးရှုံးရကြ၏။ ထိုကြောင့် ခရစ်ယာန် အမည်ခံသူတို့၏ သေးနုပ်သော အရာကို အလေးမထားသော သဘော၊ အတ္တကောင်းကျိုးကို လိုလားသော သဘော၊ စိုးရိမ်ကြောင့်ကြမှု မရှိ လျစ်လျူရှုသော သဘောများကြောင့် အများသော အသက်ဝိညာဉ်များသည် အသက်လမ်းမှ ဝေးသွားကြ၏။ ထိုကြောင့် သူတို့၏ ဆွဲဆောင်မှုအရ ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုအတွက် ဘုရားသခင်၏ တရားရုံးတော်တွင် ရင်ဆိုင်ရန် ကြောက်ရွံ့သူ အများ ရှိကြပေလိမ့်မည်။COLB 425.1

    ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် သာလျှင် ဤ ဆုကျေးဇူးတော်ကို မှန်ကန်စွာ အသုံးချနိုင်ပေလိမ့်မည်။ သူတစ်ပါးတို့အား ကောင်းရာသို့ ဆွဲဆောင်နိုင်လောက်သည့် ကိုယ်ပိုင်စွမ်းရည် ကျွန်ုပ်တို့တွင် ဘာမျှ မရှိပါ။ ကျွန်ုပ်တို့သည် ကိုယ်တိုင် ဘာမျှ မတတ်နိုင်ကြောင်း၊ ဘုရားသခင်၏ တန်ခိုးတော်ကို လိုအပ်ကြောင်း သဘောပေါက်နားလည်လျှင် ကျွန်ုပ်တို့သည် ကိုယ်ကိုကိုယ် အားကိုး အားထား ပြုကြလိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် တစ်နေ့၊ တစ်နာရီ၊ တစ်ခဏသော အချိန်အတွင်း မည်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လိမ့်မည်ဟု မသိနိုင် သောကြောင့် ကျွန်ုပ်တို့၏ လမ်းစဉ်များကို ကောင်းကင်ဘုံရှင် အဘဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်း မပြုဘဲ မည်သည့်အခါမျှ နေ့စဉ် အသက်တာကို အစ မပြုသင့်ပါ။ ကျွန်ုပ်တို့အား စောင့်ကြပ်ရန် ကိုယ်တော်သည် ကောင်းကင်တမန်များကို ခန့်ထားတော်မူသည် ဖြစ်၍ ကျွန်ုပ်တို့သည် သူတို့၏ အုပ်ချုပ်ကွပ်ကဲမှုကို ခံယူလိုက်နာပါက ဒုက္ခနှင့် ရင်ဆိုင်ရသောအခါတိုင်း သူတို့သည် ကျွန်ုပ်တို့၏ လက်ယာဘက်တွင် ရှိနေကြပါလိမ့်မည်။ ကျွန်ုပ်တို့သည် အမှတ်တမဲ့ မကောင်းမှုကို ဆွဲဆောင်မည့် အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ ကောင်းကင်တမန်တို့သည် ကျွန်ုပ်တို့၏ ဘေးမှ နေ၍ ပိုမို ကောင်းမွန်သော လမ်းစဉ်သို့ လိုက်ရန် အားပေးတိုက်တွန်းကြလိမ့်မည်။ ကျွန်ုပ်တို့၏ လှုပ်ရှားမှုများကို လည်း အကျိုးသက်ရောက်မှု ရှိစေလိမ့်မည်။ ထိုနည်းအားဖြင့် ကျွန်ုပ်တို့၏ ဆွဲဆောင်မှု၊ အကျိုး သက်ရောက် ဖြစ်ပေါ်စေသည့် အရှိန်သြဇာသည် အသံတိတ်၍ အမှတ်တမဲ့ ဖြစ် ကောင်း ဖြစ်ပေလိမ့်မည်။ သို့သော် ကြီးမားသော စွမ်းအားဖြင့် သူတစ်ပါးတို့အား ခရစ်တော်ထံသို့ လည်းကောင်း၊ ကောင်းကင်ရွှေပြည်တော်သို့ လည်းကောင်း ဆွဲဆောင်နိုင်ပေလိမ့်မည်။COLB 426.1

    Larger font
    Smaller font
    Copy
    Print
    Contents